လက်ရှိကြုံတွေ့နေရတဲ့ စက်သုံးဆီအကျပ်အတည်းက ဣရိယာပုတ် ပြောင်းလဲမှုနဲ့အတူ ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းပြည်ပမှာ တရားဝင်ရေးကနေ မျက်နှာရချင်နေတဲ့ စစ်အစိုးရအတွက် ထိုးနှက်ချက်တခုပါပဲ။ တိုင်းပြည်ကို အုပ်ချုပ်နိုင်ကြောင်း စစ်ကော်မရှင်က ပြချင်လေလေ ပြည်သူကတော့ မျက်ဖြူဆိုက်လေလေလို့ ဆိုရမလားပါပဲ။ ငယ်ငယ်က ဖတ်ဖူးတဲ့ တွတ်ပီဇာတ်လမ်းထဲကလို ‘ပစ်ရင် မရှောင်နဲ့၊ ရှောင်ရင် မလွတ်ဘူး’ ဆိုတဲ့ ပုံစံမျိုးပါပဲ။
ဘယ်အကျပ်အတည်းပဲဖြစ်ဖြစ် ဘာမှမလုပ်ရင်တောင် ပိုကောင်းမယ့်ကိန်း။ ဝင်ထိန်းလိုက်မှ ပိုဆိုးသွားတဲ့ဘက်ကို ဦးတည်နေသလိုပါပဲ။ သေတာတောင် မီးသင်္ဂြိုဟ် မလုပ်နိုင်တဲ့ ခေတ်၊ ပိုက်ဆံရှိရင်တောင် မိတ်ကပ်မလိမ်းနိုင်တဲ့ ခေတ် ရောက်လို့နေပြီ။ ဒါက ဘာကိုပြနေသလဲဆိုရင် စစ်တပ်ရဲ့ အုပ်ချုပ်နိုင်စွမ်း မရှိခြင်းကိုဘဲ ပြနေတာပါ။ တကယ်တော့ စစ်တပ်က စီမံနေတဲ့ ဣရိယာပုတ် အပြောင်းအလဲဟာ ‘The Dawn of a New State’ မြန်မာ့မျက်နှာစာသစ် မဟုတ်ဘဲ ‘The Down of the State’ သရောကြီးခိုင်းချိန်ပဲ ဖြစ်နေပါတယ်။ တနည်း ‘The beginning of the incompetence government’ အကျပ်အတည်းကို ဖြေရှင်းဖို့ အရည်အချင်း မရှိတဲ့ အစိုးရတရပ် နိဒါန်းပျိုးချိန်လို့ ဆိုရမလိုပါပဲ။ ဒီတခေါက်မှ မဟုတ်။ အရည်အချင်းမရှိပုံကို ပြပါဆိုရင် အဝေးဆုံးအကြောင်းတရားက ကိုဗစ်ကပ်ဆိုးပဲ။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေ အများကြီးပဲ။ အနီးဆုံးကတော့ အခုအခါ တနှစ်ပြည့်သွားပြီဖြစ်တဲ့ ငလျင်ကြီးပဲ။ ကျနော်တို့ အားလုံးအတွက် နာကျင်စရာ အိပ်မက်ဆိုးပဲ။ ရက်မလည်လိုက်ရတဲ့သူတွေ ဘယ်လောက်ရှိခဲ့မလဲ ကျနော်တို့ မသိသေး။
အခု စက်သုံးဆီအရေးကို ကြည့်။ တလတောင်မပြည့်သေးပေမဲ့ ကြေညာချက် ဘယ်နှခါ ပြောင်းပြီးပြီလဲ။ စုံ-မရက် မောင်းရမယ်လုပ်လိုက်၊ ပြည်သူက အထိတ်တလန့်ဖြစ်တော့ ရက် ၄၀ စာ သိုလှောင်ထားတာရှိတယ်၊ ဝယ်ထားတဲ့ ဆီတင်သင်္ဘောတွေ လာနေပြီ ထပြောလိုက်။ စုံ-မက ငြိမ်မယ်ရှိသေး၊ စုံ-မရက်ပဲ ဝယ်လို့ရမယ်ပြော။ နောက်မကြာပါဘူး၊ QR Code နဲ့ ရောင်းမယ်လုပ်ပြန်တယ်။ အခုတော့ ယာဉ်စက်စွမ်းအားကြည့်ပြီး ဝယ်လို့ရတဲ့ ပမာဏ သတ်မှတ်မယ် ပြောတယ်။ တဆက်တည်းမှာပဲ ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကနေ လုပ်ဖို့ တိုက်တွန်းပြန်တယ်။ ဘယ်လျှပ်စစ်မီးနဲ့ ဘယ်ကအင်တာနက်နဲ့ အိမ်ကနေ ဘယ်လိုလုပ်မလဲတော့ မသိ။ မူဝါဒချမှတ်၊ အကောင်အထည်ဖော်နေပုံက Stock Exchange စျေးကွက်မှာ စျေးကစားနေသလိုပဲ။ အရပ်စကားနဲ့ ငှားသုံးရရင် ‘ခုတမျိုး၊ တော်ကြာတမျိုး၊ ရှေ့တင်တမျိုး၊ ကွယ်ရာတမျိုး’ ဆိုရမယ်။ ကျနော့်အထင် ဦးမင်းအောင်လှိုင်က သူကိုယ်တိုင်ပိတ်ထားတဲ့ ဖေ့စ်ဘွတ် ခိုးသုံးနေလား မသိ။ စက်သုံးဆီပြေလည်ရေး တခုခု လုပ်လိုက်၊ လူထုက အဆင်မပြေလို့ လိုင်းပေါ်ဆဲတော့ ပြည်သူ့မျက်နှာရချင်ဇောနဲ့ ‘စက်မှုဝန်ကြီးခေါ်ဆူပြီး ဒါလေးပြောင်းလုပ်လိုက်’ ပြော။ ထပ်အဆဲခံ၊ ထပ်ပြောင်း။ လုံးလည်ချာလည် လိုက်နေတဲ့ပုံပဲ။ ရယ်စရာကောင်းပေမဲ့ ပုဂ္ဂိုလ်ရေးအာဏာရှင်လက်ထက်မှာ ဒါတွေ မြင်ရဆဲ၊ မြင်ရလတ္တံ့ပေါ့။ သေချာမဆန်းစစ်၊ ပညာရှင်ကို လူရာမသွင်း။ ဒါတွေက သိပ်တော့ အဆန်းမဟုတ်။ ဆန်းတာကတော့ မင်းတိုင်ပင် ဖြစ်ချင်တဲ့ အကြံပေးဆိုသူတွေပဲ။ ဘယ်လောက်လွဲလဲဆို မျက်နှာသစ်လား ဘာလားပွဲမှာ အကြံပေးဆိုသူတယောက်က တရုတ်နဲ့ အိန္ဒိယကြားမှာမို့ လယ်ယာစိုက်ပျိုးရေးကို အဓိကထားပြီး စီးပွားရေးလုပ်ဖို့ ဆိုတယ်။ ဒီတိုင်းပြည်တွေရဲ့ စျေးကွက်လိုအပ်ချက်ကို တင်ပို့နိုင်ရင် တိုင်းပြည်စီးပွားရေး ကောင်းမယ်ဘာညာပေါ့။ ဘယ်က တိုင်းနဲ့ပြည်နယ်တွေမှာ ဘယ်သူတွေနဲ့ ဘယ်လိုစိုက်ပျိုးမယ် မပြောတတ်။ စုံ-မ လုပ်တော့ လယ်ယာသုံး စက်ဆီအတွက် ဘယ်နေ့ ဘယ်လို ဝယ်ရမှန်း မသိတာကိုဘဲ ကြည့်လေ။ နောက်ပြီး ဒီအတွက် အလုပ်လုပ်မယ့်သူတွေအားလုံးကလည်း စစ်မှုထမ်းနောက်ဆက်တွဲကြောင့် ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ။ သူတို့ မှန်မှန်ပြန်ပို့လို့ ထမင်းဝနေတဲ့တိုင်းပြည်ကတော့ အလုပ်သမားကတ်၊ ပါ့စ်စပို့ကိစ္စတွေ အကြောင်းပြ ကျပ်နေတာက ရှိသေး။
အိမ်က ညီမစကား ငှားသုံးရရင် ‘ဥတုဘေးနဲ့ စစ်ခေါင်းဆောင်ဘေးကြောင့် ဒီနှစ်လယ်စိုက်နိုင်မယ် မထင်ဘူး’တဲ့။ ‘ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ’ စတဲ့ ရန်သူမျိုးငါးပါးစာရင်းဝင်တောင် ဗိုလ်ချုပ်မှူးကြီးက ဖြစ်နေပြီ။ တဖက်မှာ ပြည်သူအပေါ် မေတ္တာ၊ စေတနာထားပြီး ချေးပါ သေးပေါက်ကအစ သူ့ကို တင်ပြပြီး အဆုံးအဖြတ် ခံယူဖို့ မှာကြားထားပုံရတယ်။ တဖက်ကလည်း အမျက်တော်ရှမှာ စိုးရိမ်လို့ အချက်အလက်တွေ မိတ်ကပ်ရိုက်ပြီး တင်ပြတော့ မူဝါဒချမှတ် အကောင်အထည်ဖော်တာတွေ ဘယ်လောက်ဆိုးရွားနေမလဲ စဉ်းစားသာကြည့်။ ဓာတ်ပြားဟောင်း၊ သီချင်းဟောင်းတွေ ပြန်ခေတ်စားသလိုပဲ ‘စိုက်ပျိုးရေးကို အခြေခံ၍’ မူဝါဒကို ဦးသန်းရွှေခေတ်ကတည်းက ပြောလာတာ အစိုးရတခါပြောင်းတိုင်း ရှေ့ဆုံးကခံနေရတာ လယ်သမားတွေချည်း။
တကယ်တော့ အကျပ်အတည်းတွေကြားမှာ မူဝါဒတွေ ချမှတ်တဲ့အခါ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး အရင်းအမြစ်ကတော့ လူထုအနေနဲ့ သက်ဆိုင်ရာ အုပ်စိုးသူအပေါ် ဘယ်လောက်ယုံကြည်သလဲ (Trust) ဆိုတာပါပဲ။ အထူးသဖြင့် လူထုကို အသိပညာနဲ့ သတင်းအချက်အလက် အဓိက ပေးနေတဲ့ မူဝါဒဆိုင်ရာပစ္စည်းတွေ (information-based policy tool) သုံးတဲ့အခါ ပေးတဲ့အချက်အလက်အတိုင်း လူထုရဲ့ လိုက်နာလိုစိတ်ကို တွန်းအားပေးဖို့ ယုံကြည်မှုက အဓိကကျပါတယ်။ ဒါမှမဟုတ်ရင် မူဝါဒက ကျရှုံးတာ၊ မကျရှုံးရင်တောင် မူဝါဒ အောင်မြင်ဖို့အတွက် လူအင်အား၊ ငွေအင်အားသုံးပြီး အတင်းအကျပ် အကောင်အထည် ဖော်ရတာတွေ ကြုံရတော့တာပါပဲ။ လူထုလက်သင့်ခံမှု (legitimacy) မရှိတဲ့အခါ အာဏာသုံး အတင်းအကျပ် ဖော်ဆောင်တာကလည်း တင်းပြည့်ကျပ်ပြည့် မအောင်မြင်နိုင်ပါဘူး။ ‘တကမ္ဘာလုံး ကြုံနေရလို့ မြန်မာလည်း ခံရတာ မဆန်း’ဆိုတဲ့ အကြောင်းပြချက်က အပြည့်အဝ မမှန်ပါဘူး။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလိုပါပဲ။ နောက်ပြီး ဒါဟာ စက်သုံးဆီ ဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ နည်းနာ (technical) ကိစ္စပါ။ လူထုယုံကြည်မှုနဲ့ လက်သင့်ခံမှုရှိရင် စက်သုံးဆီ ဘယ်လိုရအောင်လုပ်မလဲဆိုတာ ‘အရည်အချင်း ပြည်ဝတဲ့ အစိုးတရပ်’ အတွက် လွယ်ပါတယ်။ အနည်းဆုံးတော့ လူထုက အစိုးရကြေညာချက်ကို လိုက်နာပြီး ‘အစိုးရနဲ့အတူ’ ဒုက္ခကို ကျော်ဖြတ်ပါလိမ့်မယ်။
