ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

နယ်စပ်ဒေသပြည်သူများကြားက အိန္ဒိယ-မြန်မာ ဆက်ဆံရေး

မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ချင်းလူမျိုးတွေနဲ့ အိန္ဒိယဘက်ခြမ်းကနေ လက်ခံကြိုဆိုပေးကြတဲ့ မီဇိုမိသားစုတွေအတွက်တော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးဆိုတာ နယူးဒေလီအစိုးရရဲ့ ချဉ်းကပ်မှုသက်သက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရတော့ပါဘူး။ နှစ်ကာလရှည်ကြာ တည်ရှိခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ဆွေမျိုးရင်းချာ ဆက်ဆံရေးတွေက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို သက်ရောက်မှု ရှိလာနေပါတယ်။
By  အိုဖီလီယာယုံလင်ဘမ်  | June 15, 2026

[အိုဖီလီယာ ယုံလင်ဘမ်သည် နယူးဒေလီမြို့တွင် အခြေစိုက်ကာ တရုတ်နိုင်ငံရေးနှင့် ပထဝီဝင်နိုင်ငံရေးတို့ကို အဓိကထား လေ့လာနေသော တရုတ်နှင့်အာရှအရေးသုတေသနအဖွဲ့တွင် သုတေသီအဖြစ် လုပ်ကိုင်လျက်ရှိသည်။ ယခုဆောင်းပါးမှာ Ophelia Yumlembam ပေးပို့လာသော “Rethinking India-Myanmar Relations Through the Borderlands” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ်က ရွာငယ်လေးတရွာမှာ ဒေသခံတွေဟာ သူတို့အတွက် သူစိမ်းမဆန်လှတဲ့ လူတွေကို ခိုလှုံခွင့်ပေးထားကြပါတယ်။ မတူညီတဲ့ နိုင်ငံတွေမှာ ရှိနေကြပေမဲ့ ဒေသခံတွေနဲ့ ခိုလှုံလာသူတွေဟာ ဘာသာစကားအရ ဆင်တူကြသလို ဘာသာတရားအရလည်း တူညီကြတဲ့အတွက် အချင်းချင်း ဆွေမျိုးရင်းချာတွေလို သဘောထားကြပါတယ်။ မြန်မာဘက်ခြမ်းမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းဟာ ဝေဝါးစပြုလာခဲ့ပါတယ်။ ဒါဟာ သံတမန်ရေးရာအရ မဟုတ်ဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ စည်းလုံးညီညွတ်မှုတွေကနေတဆင့် ဖြစ်ပေါ်လာတာပါ။ မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ချင်းလူမျိုးတွေနဲ့ အိန္ဒိယဘက်ခြမ်းကနေ လက်ခံကြိုဆိုပေးကြတဲ့ မီဇိုမိသားစုတွေအတွက်တော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးဆိုတာ နယူးဒေလီအစိုးရရဲ့ ချဉ်းကပ်မှုသက်သက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရတော့ပါဘူး။ နှစ်ကာလရှည်ကြာ တည်ရှိခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ဆွေမျိုးရင်းချာ ဆက်ဆံရေးတွေက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို သက်ရောက်မှု ရှိလာနေပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

နယ်စပ်တလျှောက်က ဒီမျက်တွေ့လက်တွေ့အနေအထားဟာ အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် တရားဝင်ချဉ်းကပ်ပုံနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နယူးဒေလီအစိုးရဟာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ၊ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေအပြင် မြန်မာနိုင်ငံအတွင်း ကြီးထွားလာနေတဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးတို့အတွက် မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရာမှာ သတိကြီးကြီးထား ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့  ကွဲပြားခြားနားတဲ့ ဆက်ဆံရေးတရပ်က ထွက်ပေါ်နေပြီး နယ်စပ်နေ လူ့အသိုက်အဝန်းတွေနဲ့ အပြန်အလှန် အမှီသဟဲပြုနေရတဲ့ ဒေသတွင်း စီးပွားရေးတွေက ပုံဖော်ပေးနေပါတယ်။

ဒီလိုအခင်းအကျင်းတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ အထင်ရှားဆုံး တွေ့မြင်နိုင်ပါတယ်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ကန့်သတ်ဖို့နဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားထားပေမဲ့ ပြည်နယ်အစိုးရကတော့ ချင်းပြည်နယ်ကနေ ထွက်ခွာလာရသူတွေအပါအဝင် နေရပ်စွန့်ခွာလာရသူ ထောင်ပေါင်းများစွာကို လက်ခံကြိုဆိုပြီး ခိုလှုံခွင့် ပေးထားခဲ့ပါတယ်။ ချင်း-ကူကီး-မီဇို (Chin-Kuki-Mizo) ဘာသာစကားရင်းမြစ်တူ လူအုပ်စုအဖြစ် ခံယူထားကြတဲ့ မီဇိုရမ်ပြည်နယ်က မီဇိုလူမျိုးတွေနဲ့ ချင်းပြည်နယ်က ချင်းလူမျိုးတွေအကြားက နက်ရှိုင်းတဲ့ လူမျိုးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နှီးနွှယ်မှုတွေကြောင့် ဒီလို တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူ အရေအတွက်ဟာ ၃၂,၀၀၀ ကျော်ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ခန့်မှန်းထားကြပေမဲ့ မြေပြင်မှာ ဒီထက် ပိုများနိုင်ပါတယ်။ အရင်းအမြစ်ပိုင်းမှာ အကန့်အသတ်ရှိပေမဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ခရစ်ယာန်အသင်းတော်တွေကတော့  စစ်ရှောင်ပြည်သူတွေအတွက် စားရေရိက္ခာ၊ နေရာထိုင်ခင်းနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို အဓိက ထောက်ပံ့ပေးနေကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်အုပ်စုရဲ့ လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်အတွင်းမှာ စစ်မက်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာချိန်ကစလို့ မြန်မာနိုင်ငံ ရိခေါ်ဒါရ်မြို့ရဲ့ တဖက်ကမ်း မီဇိုရမ်ပြည်နယ်ထဲက ဇိုခေါ်ထာရ် (Zokhawthar) လို မြို့တွေမှာ မြန်မာနိုင်ငံသားတွေ ဝင်ထွက်သွားလာကြတာ စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကနေ ဝေးရာကို ပြေးလာတဲ့ စစ်ရှောင်မိသားစုအများအပြားဟာ လောင်တလိုင် (Lawngtlai) နဲ့  ဇိုခေါ်ထာရ်စတဲ့ နယ်စပ်က ခရိုင်မြို့တွေမှာ အခြေချနေထိုင်လာကြပါတယ်။ မီဇိုရမ်ပြည်နယ်အတွက်ကတော့ ခိုလှုံခွင့်ပေးတာနဲ့ ကူညီထောက်ပံ့ပေးတာဟာ လူသားချင်းစာနာမှုအကူအညီ သက်သက်မဟုတ်ဘဲ သမိုင်းကြောင်းနဲ့ အမှတ်လက္ခဏာဆိုင်ရာ ဆက်နွှယ်မှုတွေအရ ဆွေမျိုးနီးစပ်သူတွေအပေါ် လုပ်ပေးထိုက် လုပ်ပေးသင့်တဲ့ တာဝန်ဝတ္တရားအဖြစ် ရှုမြင်ထားကြပါတယ်။

ဒီတုံ့ပြန်ချက်မှာ သိမ်မွေ့တဲ့ နိုင်ငံရေးဆိုင်ရာ အရေးပါမှုတွေလည်း ပါဝင်နေပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဒုက္ခသည်တွေကို ဇီဝအချက်အလက် (biometric) မှတ်ပုံတင်တာမျိုးလို ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အချို့ကို မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ရွေးချယ်လိုက်နာခဲ့ပေမဲ့ ဒေသတွင်း ဦးစားပေးစရာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ဖို့ ဆန္ဒရှိကြောင်းလည်း ပြသခဲ့ပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ ဗဟိုအစိုးရက အဆိုပြုတဲ့အခါ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာလ်ဒူဟိုးမား (Lalduhoma) က လူသိရှင်ကြား ကန့်ကွက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေကို ပျက်စီးစေလိမ့်မယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါဟာ တရားဝင် သံတမန်ဆက်ဆံရေးအနေနဲ့ အလွယ်တကူ အစားထိုးလို့မရနိုင်တဲ့ ပုံစံမျိုးနဲ့ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေကို လူမျိုးရေး အမှတ်လက္ခဏာနဲ့ ဘုံသမိုင်းကြောင်းအရ ဆက်နွှယ်မှုတွေက ပုံဖော်ပေးနိုင်ပုံကို ပြသနေပါတယ်။ အကျိုးဆက်အနေနဲ့ အိန္ဒိယရဲ့ မြန်မာမူဝါဒကို သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ဒေသတွင်း​ဇာတ်ကောင်တွေက ဒေသအလိုက် ညှိယူကြတာရှိသလို တခါတရံ ပြောင်းလဲလိုက်တာမျိုးလည်း ရှိပါတယ်။ အနည်းဆုံးတော့ မီဇိုရမ်ပြည်နယ်အတွင်းမှာ ဒီလိုမျိုး ဖြစ်နေတာပါ။ 

ယဉ်ကျေးမှုအရ ဆက်နွှယ်နေတာတွေအပြင် မီဇိုရမ်နဲ့ မဏိပူရလို ပြည်နယ်တွေမှာဆိုရင် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာဘက်ခြမ်းနဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေကြပြီး သတ်မှတ်ထားတဲ့ ကုန်သွယ်ရေးဂိတ်တွေကတဆင့် တင်ပို့လာတဲ့ ကုန်စည်တွေကို နှစ်ပေါင်းများစွာ မှီခိုအားထားခဲ့ကြရပါတယ်။ အသေးစား ကုန်သည်တွေ၊ ကုန်စည်ပို့ဆောင်သူတွေနဲ့ ဒေသခံ မိသားစုတွေဟာ ဒီကုန်သွယ်ရေးဂိတ်တွေကနေ ဆယ်စုနှစ်များစွာ ကူးချည်သန်းချည် သွားလာခဲ့ကြပြီး အလွတ်သဘောနဲ့ တရားဝင်တပိုင်း ကုန်သွယ်မှုတွေကို အခြေခံကာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပါတယ်။ ဒီလို အပြန်အလှန် မှီခိုနေရမှုဟာ အဆိုပါပြည်နယ်တွေရဲ့ နေ့စဉ်ဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ မဏိပူရပြည်နယ်မှာဆိုရင် မင်္ဂလာဆောင်လို အခမ်းအနားပွဲကြီးတွေ ရှိတဲ့အခါမျိုးမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ မိုရေး-နမ့်ဖာလုံ ကုန်သွယ်ရေးဂိတ်ကို ကျမတို့မိသားစုအပါအဝင် တခြားမိသားစုတွေ မကြာခဏ သွားရောက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။ အိန္ဒိယဘက်ခြမ်းက ဈေးတွေမှာ မြန်မာဘက်ကလာတဲ့ ကျွန်းသစ်၊ လက်မှုပရိဘောဂ၊ ပလတ်စတစ်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အသင့်ဝတ် အထည်အလိပ်တွေ ပြည့်နှက်နေပြီး ဈေးနှုန်းသက်သာတာရော ရင်းနှီးမှုရှိတာကြောင့်ပါ လူကြိုက်များ တန်ဖိုးထားကြပါတယ်။ ရွှေနန်းတော်မြန်မာမုန့်၊ ဆန်းဒေးကော်ဖီမစ်၊ မီကိုနို့မှုန့်တွေကနေ ငါးသေတ္တာဘူး၊ ငါးခြောက်နဲ့ ဂျိုကာဘီစကွတ်စတဲ့ နေ့စဉ်စားသောက်ကုန်တွေဟာ ဒီပြည်နယ်တွေအဖို့ နိုင်ငံရပ်ခြားသွင်းကုန်သဖွယ် ဝေးကွာနေတာမျိုး မဟုတ်ဘဲ အခြေခံစားသောက်ကုန်တွေလိုမျိုး နီးစပ်မှု ရှိကြပါတယ်။ အခုအချိန်ထိကို အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ မြန်မာမုန့်တွေနဲ့ ကုန်ပစ္စည်းတွေအတွက် သီးသန့် ဈေးနေရာတွေ ရှိနေဆဲပါ။ ဒါကြောင့် ပဋိပက္ခတွေ၊ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် နယ်စပ်တလျှောက်မှာ အနှောင့်အယှက် တစုံတရာ ဖြစ်ပေါ်လာရင် ကုန်သွယ်ရေးအတွက်သာမက နေ့စဉ်ဘဝအတွက်ပါ လက်ငင်းအကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။ ဒေသခံပြည်သူတွေအတွက်တော့ ဒါတွေဟာ ပထဝီနိုင်ငံရေးအရွေ့တွေလို တိုက်ရိုက်မဆက်စပ်တဲ့ စိတ်ကူးထင်မြင်ချက်တွေ မဟုတ်ဘဲ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

တရားဝင်မူဝါဒနဲ့ မြေပြင်လက်တွေ့အခြေအနေတွေအကြား တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဒီလိုအရွေ့တွေက အိန္ဒိယနိုင်ငံအတွက်တော့ ရှုပ်ထွေးတဲ့ အခင်းအကျင်းတခုကို ဖန်တီးပေးနေပါတယ်။ နယူးဒေလီက ဗဟိုအစိုးရဟာ မြန်မာစစ်တပ်နဲ့ ဆက်ပြီး ဆက်ဆံနေသလို တဖက်မှာလည်း နယ်စပ်က အခင်းအကျင်းတွေကိုလည်း ပိုပြီးအာရုံစိုက်လာနေပါတယ်။ ဒီလို နှစ်ဖက်စလုံးနဲ့ ဆက်ဆံနေရတဲ့ အနေအထားဟာ အိန္ဒိယအတွက် ပိုကျယ်ပြန့်တဲ့ စိန်ခေါ်မှု ဖြစ်တဲ့ အမြဲမပြတ် ပြောင်းလဲနေတဲ့ မြန်မာ့အခြေအနေကို ထင်ဟပ်နေပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကနေ ထွက်ပေါ်လာတဲ့အရာဟာ အကျပ်အတည်းတခု သက်သက်သာ မဟုတ်ပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးတွေဟာ သံခင်းတမန်ခင်း မူတွေဘောင်တွေကို ကျော်လွန်ပြီး အဆင့်ပြောင်းလဲနိုင်တဲ့ ဖြစ်စဉ်ကိုလည်း ပြညွှန်းနေပါတယ်။ ပြောရရင် မသေချာမရေရာတဲ့ ကာလတွေအတွင်းမှာ ဒေသတွင်းဆက်ဆံရေးတွေ ဘယ်လို ထိန်းထားသလဲ ဆိုတဲ့ မေးခွန်းအပေါ်ကိုလည်း ဒီနယ်စပ်အခင်းအကျင်းတွေကနေ အရေးပါတဲ့အဖြေတွေ ပေးနေပါတယ်။ အိန္ဒိယအတွက်ကတော့ ဒေသတွင်း မြေပြင်အရှိတရားတွေကို စဉ်ဆက်မပြတ် သတိထားမိနိုင်မယ့် ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်မှုမျိုး ရှိဖို့ လိုအပ်ကြောင်း မီးမှောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။ နယ်စပ်နေ လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ မြေပြင်က ပြောင်းလဲနေတဲ့ အခြေအနေတွေကို အသိအမှတ်ပြုခြင်းက အိန္ဒိယရဲ့ ဆက်ဆံရေးကို တုံ့ပြန်မှုအားကောင်းပြီး အမြော်အမြင်ရှိတဲ့ ဆက်ဆံရေးဖြစ်အောင် သေချာစေဖို့ ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲနေချိန်မှာ ဖြစ်ပါတယ်။ ဒီဆက်နွှယ်မှုတွေကို ဘယ်လောက်အတိုင်းအတာအထိ အသိအမှတ်ပြုပြီး အနာဂတ် မူဝါဒမူဘောင်တွေထဲ ထည့်သွင်းစဉ်းစားမလဲဆိုတဲ့အချက်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံဖော်ရာမှာ အလွန်အရေးပါလာပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းက နယ်စပ်ပြည်နယ်တွေဟာ လက်ရှိအချိန်မှာ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်လို့ပါပဲ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles