“လူတွေဟာ နယ်မြေနဲ့ အရင်းအမြစ်တွေကြောင့်ထက် သူတို့စိတ်ကူးထဲက ပုံပြင်တွေကြောင့် တိုက်ခိုက်ကြတာ” လို့ သမိုင်းပညာရှင် ယူဗဲ ဟာရာရီ (Yuval Harari) က ပြောဖူးပါတယ်။ ဒါကို ရာနှုန်းပြည့် လက်မခံပေမဲ့ စုရုံးတိုက်ခိုက်နိုင်ဖို့အတွက် ပုံပြင်ဇာတ်ကြောင်းတွေက အရေးကြီးတယ်လို့တော့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေ လူထုကို ပြောပြနေတဲ့ ‘နိုင်ငံရေးပုံပြင်’ တွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးချင်ပါတယ်။ တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို ခဏဘေးချိတ်ပြီး သူတို့အနေနဲ့ လူထုဆီ ဘယ်လိုသတင်းစကားတွေ ပါးနေလဲ၊ ဘာတွေက ရှေ့နောက်မညီ ဖြစ်နေလဲဆိုတာကို အုပ်စုကြီး သုံးစုခွဲပြီး ကြည့်ကြရအောင်ပါ။
ပထမအုပ်စုကတော့ တော်လှန်ရေးဟာ မြန်မြန်ဆန်ဆန် အောင်ပွဲခံတော့မှာမို့ တောင့်ခံထားကြဖို့ လူထုကို တိုက်တွန်းတဲ့အုပ်စုပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အဖွဲ့မျိုးပေါ့။ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ D-Day ခေါ်တာကနေစပြီး “သိပ်မကြာခင် နိုင်တော့မယ်” ဆိုတဲ့ သတင်းစကားကို ဆောင်ပုဒ်အမျိုးမျိုးနဲ့ နှစ်စဉ်မပြတ် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ လူထုဆီက အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှု (commitment) ကို တောင်းဆိုချင်လို့ပါ။ စစ်တပ်ယန္တရားကို ငြင်းဆန်ဖို့နဲ့ တိုက်ပွဲဒဏ်တွေကို မငြိုမငြင် ခံစားဖို့ ‘အချိန်တို’ ဆိုတဲ့ မက်လုံးကို ပေးတာပါ။ သူတို့အတွက် တော်လှန်ရေးဟာ ရေငုပ်ပြိုင်ပွဲလိုပါပဲ။ ရေအောက်ကြမ်းပြင်အထိ ငုပ်ဆင်းရတာဖြစ်တဲ့အတွက် အသက်ရှူအောင့်ပြီး တောင့်ခံထားနိုင်သူက အနိုင်ရမယ်ဆိုတဲ့ စဉ်းစားမှုမျိုးပါ။ ဒီအုပ်စုရဲ့ ပုံပြင်ကတော့ ‘မြန်မြန်ဆန်ဆန် အမြစ်လှန်ပြောင်းလဲရေး (rapid and radical change)’ ဖြစ်ပေမဲ့ အချိန်တိုအတွင်း အပြတ်အသတ် မနိုင်ခဲ့တဲ့အတွက် ဒီပုံပြင်ကတော့ မှေးမှိန်လာနေပါပြီ။
ဒုတိယအုပ်စုကတော့ တော်လှန်ရေးဟာ ကြာရှည်နိုင်ကြောင်းနဲ့ လူထုကို မျှော်လင့်ချက်အမှားတွေ မပေးသင့်ကြောင်း ပြောတဲ့အုပ်စုပါ။ SRA မှာ ပါဝင်တဲ့ တပ်ဖွဲ့တွေက ဥပမာပါပဲ။ သူတို့က ပထမအုပ်စုရဲ့ ဇာတ်ကြောင်းကို တန်ပြန်ပေမဲ့ လူထုဆီက မြှုပ်နှံမှုတောင်းတာချင်းတော့ အတူတူပါပဲ။ ပထမအုပ်စုလို မနိုင်မချင်း အသက်ရှူအောင့်ထားရမယ်ဆိုတာမျိုး လူထုဆီကနေ မတောင်းဆိုပေမဲ့ တိုက်ပွဲရဲ့ အပျက်အစီး ထိခိုက်မှုတွေကို တစုံတရာနားလည်ဖို့၊ ထောက်ကူဝန်းရံပြီး စစ်တပ်ရဲ့ ယန္တရားတွေနဲ့ ဝေးဝေးနေဖို့ဆိုတဲ့ မြှုပ်နှံမှုတွေကို တောင်းခံပါတယ်။ စစ်တပ်ဟာ အထင်မသေးသင့်တဲ့ ခိုင်မာတဲ့ အင်စတီကျူးရှင်းဖြစ်လို့ ဖြိုချဖို့ အချိန်ယူရမယ်၊ တပ်တည်ဆောက်ရေးဟာ စနစ်ကျရမယ်လို့ သူတို့က ဆိုပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ရပ်ဆိုင်းသွားပြီး နယ်မြေအချို့ ပြန်ဆုံးရှုံးရချိန်မှာ ဒီဇာတ်ကြောင်းက ပိုအားကောင်းလာပါတယ်။ သူတို့ရဲ့ ပုံပြင်ကတော့ ‘တဆင့်ချင်း အမြစ်လှန်ပြောင်းလဲရေး (incremental and radical change)’ ပါပဲ။
တတိယအုပ်စုကတော့ နိုင်ငံရေးနည်းလမ်းနဲ့ စိတ်ရှည်ရှည်ပြောင်းလဲမယ်ဆိုတဲ့ ပြည်တွင်းနိုင်ငံရေးသမားတွေပါ။ ဥပမာ- ပြည်သူ့ပါတီလို၊ ငွေဆောင်အုပ်စုလို အဖွဲ့မျိုးပေါ့။ သူတို့ရဲ့ နိုင်ငံရေးပုံပြင်ကတော့ လက်ရှိအခြေအနေ ဆိုးဝါးတာကို လက်ခံပေမဲ့ သွေးထွက်သံယိုနည်းတဲ့ စိတ်ရှည်ရှည် လုပ်ဆောင်ရမယ့် နိုင်ငံရေးနည်းလမ်းကို ရွေးမယ်ဆိုတာပါပဲ။ လူထုဆီကနေ အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှုမျိုး မတောင်းဘဲ နိုင်ငံရေးခေါင်းဆောင် (political elite) တွေအကြားက အပေးအယူနဲ့ စစ်ဘောင်ကို ချုံ့ဖို့ ကြိုးစားပါတယ်။ ငါးကင်ကနေ အသားတွေ တစတစ ဖဲ့စားသလို လမ်းစဉ်မျိုးပါ။ သူတို့ရဲ့ ပုံပြင်ကတော့ “ဖြည်းဖြည်းအိအိ အသွင်ပြောင်းရေး (progressive and gradual change)” ပါပဲ။
ဒီဇာတ်ကြောင်း သုံးမျိုးလုံးက ပြဿနာကို ဆန်းစစ်တာချင်း၊ အဖြေအတွက် လမ်းစဉ်ကို ချပြပြီး လူတွေလိုက်ပါလာဖို့ သူ့နည်းသူ့ဟန် စည်းရုံးတာချင်း တူပါတယ်။ ပထမနဲ့ ဒုတိယအုပ်စုကတော့ လူထုကို တစုံတရာ မြှုပ်နှံမှုတောင်းတာချင်း တူပါတယ်။ ဒါပေမဲ့ ဒုတိယအုပ်စုက အချိန်အကန့်အသတ်ကို ထည့်မပြောဘဲ စနစ်တကျနဲ့ အမြစ်လှန်ဖို့ပဲ အသားပေးပါတယ်။ တခါ ဒုတိယနဲ့ တတိယအုပ်စုရဲ့ တူညီချက်က အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မပြောတာပါပဲ။ ဒါပေမဲ့ တတိယအုပ်စုကတော့ “လူထုနာမှာစိုးလို့ ဖြည်းဖြည်းချင်းသွားတာပါ” ဆိုတဲ့ မက်လုံးကို ပေးပါတယ်။
ဒီမှာ မေးစရာရှိလာတာက ဒုတိယအုပ်စုရဲ့ ဇာတ်ကြောင်းထဲက ကွက်လပ်ပါပဲ။ “အချိန်ကြာမှာချင်း အတူတူ၊ သွေးထွက်သံယိုနည်းတဲ့ တတိယလမ်းစဉ်ကို မရွေးဘဲ ဘာလို့ ဒုတိယအုပ်စုရဲ့ စစ်ရေးလမ်းစဉ်ကို လူထုက ဆက်လိုက်ရမှာလဲ” ဆိုတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်း မဖြေနိုင်သေးပါဘူး။ လက်တွေ့မှာလည်း ဒုတိယအုပ်စုက အချိန်ယူနေတုန်းမှာ စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။
တဖက်မှာလည်း လူထုရဲ့ တောင့်ခံနိုင်ခြေအနားသတ်မျဉ်း (threshold) ကို ဒီညီမျှခြင်းထဲမှာ ထည့်တွက်ဖို့လိုပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာမှာ လူထုဟာ နိုင်ငံရေးမြှုပ်နှံမှုနဲ့ နေ့စဉ်ရှင်သန်ရပ်တည်ရေးအကြား ရွေးချယ်နေရပါတယ်။ ဒါကြောင့် လူထုဆီကနေ အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှုကို တောင်းဆိုဖို့ တဖြည်းဖြည်း ပိုခက်ခဲလာပါတယ်။ တော်လှန်ရေးအတွက် လူထုက ထောက်ပံ့လှူဒါန်းနိုင်မှု ကျလာသလို ကတုတ်ကျင်းထဲ ဆင်းတိုက်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အိမ်မှာကျန်ခဲ့တဲ့ မိဘတွေတောင် အခုတော့ မီတာခ ဆောင်နေကြရပါတယ်။ ဒါကြောင့် ဦးတည်နေတဲ့ ဖြစ်နိုင်ခြေကို အချက်အလက်တွေအရ ကြည့်ရရင် ဒုတိယအုပ်စုရဲ့ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ တော်လှန်ရေးဇာတ်ကြောင်းထဲက ကွက်လပ်ကို အမြန်ဖြည့်နိုင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
ပထမအုပ်စုရဲ့ မျှော်လင့်ချက်အမှားပေးမှုတွေကို တုံ့ပြန်ချင်ရုံနဲ့ ကြာမယ်၊ အချိန်ယူရမယ်၊ တောင့်ခံပေးပါဦးဆိုတာမျိုးက မလုံလောက်တော့ပါဘူး။ အချိန်အကန့်အသတ်ကို မပြောနိုင်တာချင်း အတူတူ ကိုယ့်လမ်းစဉ်က အခြားလမ်းစဉ်တွေထက် ဘာလို့ ပိုသေချာလဲ၊ ဘာလို့ ပိုရွေးချယ်ဖို့သင့်လဲဆိုတာ လူထုအကြားမှာ ဖြန့်ဖြူးစည်းရုံးဖို့ လိုအပ်လာပါပြီ။ မဟုတ်ရင် လူထုကိုသာမက ကိုယ့်တပ်ထဲက ရဲဘော်တွေကိုပါ စိတ်ဓာတ်အား (morale)အရ တွေဝေစေပါလိမ့်မယ်။ အချိန်ကို မသိရတာချင်းအတူတူ ဘာကြောင့် စစ်ပွဲကို လိုအပ်သလဲ၊ ‘အချိန်’ မေးခွန်းအတွက်ကရော ခုလို ဝါးတားတား ဆက်လုပ်ထားလို့ရလားလို့ မေးလာရင် အဖြေရှိရပါမယ်။ ဘယ်လိုအဖြေမျိုးကို ဘယ်အချိန်မှာ ဘယ်ပလက်ဖောင်းကနေ လူထုဆီ ဖြန့်ဝေမလဲဆိုတာကတော့ ဒုတိယအုပ်စု ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်အဖြေရှာရမယ့် မဟာဗျူဟာပုစ္ဆာ ဖြစ်ပါလိမ့်မယ်။
