လက်ရှိမှာ စစ်တပ်က အကောင်အထည်ပြန်ဖော်ဖို့ ဇာတ်လမ်း စလာတဲ့ မြစ်ဆုံရေကာတာစီမံကိန်းဟာဆိုရင် ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ စတင်ခဲ့ပေမဲ့ လူထုရဲ့ တခဲနက် ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ရတဲ့ စီမံကိန်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီမြစ်ဆုံအရေးဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရော လူထုကပါ အာဏာရှင်လက်က လွတ်မြောက်ရေးဆိုတဲ့ အချက်ကိုသာ အလေးပေးလာကြပြီး မြစ်ဆုံအရေးကို လျစ်လျူရှုရင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ်ကနေ တိတ်ဆိတ်နေရသူတွေ ဖြစ်လာသလို တချို့တွေကတော့ ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေ ဖြစ်လာကြပါတယ်။
တဆက်တည်းမှာပဲ “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်” ဆိုသလို မြစ်ကြောတလျှောက် စက်ကြီးစက်ငယ်အသွယ်သွယ်နဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်လာကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဟာ ဒီဧရာဝတီမြစ်အထက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကို စစ်ရှောင်ဘဝ ရောက်စေခဲ့ပါတယ်။ ဒီအခြေအနေမှာ အမြတ်ထွက်သွားသူတွေကတော့ ကပ်ဆိုက်တုန်းမှာ စီးပွားရှာရ ပိုကောင်းတယ်ဆိုတဲ့ စီးပွားရေးသမားတွေပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ အကျိုးအမြတ် ခွဲယူနေတဲ့သူတွေကတော့ စစ်တပ်နဲ့ တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတာတွေထဲက တခုကို ညွှန်ပြရမယ်ဆိုရင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအောက်မှာ ပေါ်ပေါ်ထင်ထင် ရွှေတူးနေကြတာပဲ ဖြစ်ပါတယ်။
မြစ်ဆုံအရေးကို ကန့်ကွက်သူတွေ အာရုံမစိုက်ကြတဲ့အချိန်မှာ စစ်တပ်ကတော့ လူထုစည်းရုံးရေးတွေနဲ့ တခြားသော မဟာဗျူဟာမြောက်စီမံကိန်းတွေကို အစဉ်တစိုက် ပြုလုပ်နေပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လာရင် လျှပ်စစ်မီး မလုံလောက်မှုကို စစ်တပ်က အကြောင်းပြတတ်ပါတယ်။ ဒီအချက်ကို အထောက်အပံ့ဖြစ်စေဖို့နဲ့ မြစ်ဆုံစီမံကိန်း ပြန်စရေး မြို့ပြနေလူထုရဲ့ ထောက်ခံမှု ရရှိဖို့အတွက် လျှပ်စစ်မီးကိုလည်း ပိုပြီးလျှော့ပေးတာတွေ လုပ်ပါတယ်။ ၄ နာရီခြားစီ မီးပေးနေရာကနေ ၈ နာရီခြား၊ ၁၂ နာရီခြားနဲ့ တချို့နေရာတွေမှာ ၂၄ နာရီခြား ပေးတာမျိုးတွေ လုပ်တာအပြင် တချို့ရပ်ကွက်နဲ့ လမ်းတွေမှာ မီးကြေးပေးပြီး ၂၄ နာရီ မီးပေးတဲ့ လာဘ်စားမှုတွေလည်း ရှိနေပါတယ်။ မြို့ပြမှာ နေထိုင်သူတဦးဖြစ်တဲ့ စက်ချုပ်သူတဦးက “ဒီလောက် မီးတွေ ပြတ်နေတာ ဘယ်လိုလုပ်ပြီး အပ်ထည်တွေ ပြီးအောင်ချုပ်လို့ရမှာလဲ၊ အပ်ထည်တွေပြီးဖို့ မီးစက်နှိုးတော့ ဓာတ်ဆီစျေးက ကြီးတော့ ရတဲ့လက်ခနဲ့ မကာမိတော့ဘူး” ဆိုပြီး ငြီးငြူပါတယ်။ စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံ အခိုင်အမာရဖို့အတွက် ပြောင်းလဲပြင်ဆင်ထားတယ်ဆိုတဲ့ စစ်တပ်နဲ့ တရုတ်အကြားက အကျိုးအမြတ်ခွဲဝေမှုတွေကိုပါ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဝေဝေဝါးဝါး ပြောပြပြီး ဒေသတွင်း စီးပွားရေးသမား၊ ပြည်သူ့စစ်တွေသာမက တက္ကသိုလ်ကျောင်းသားလူငယ်တွေကိုပါ စည်းရုံးရေးနဲ့ အစည်းအဝေးတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။
ယခင်က ဒေသတွင်းတက်ကြွလှုပ်ရှားခဲ့သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေဟာလည်း ဒီကာလမှာ အသံမထွက်နိုင်ကြသလို တချိန်က ကန့်ကွက်ခဲ့သူတချို့ကပါ စစ်တပ်ရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်လာကြပါတယ်။ နှစ်ဖက်မကတဲ့ အဘက်ဘက်ကို ကြောက်နေကြရလို့လည်း ပါသလို တခါက ကန့်ကွက်ခဲ့ဖူးတဲ့ ဦးခက်ထိန်နန်တို့ ဒေါ်ဒွဲဘူတို့ဆိုရင် စစ်တပ်အတွက် အကျိုးပြုပေးသူတွေ ဖြစ်လာပါတယ်။ လက်ရှိ ကိုယ်တတ်နိုင်သလောက် လုပ်ဆောင်နေသူတဦးကတော့ “အခုလက်ရှိမှာ ဒီအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့သူတွေက အဝေးမှာ ရှိနေကြတယ်။ လုံခြုံရေးအဆင်ပြေတဲ့သူတွေမှပဲ ဆန္ဒထုတ်ဖော်နိုင်ကြတာလေ။ ကျနော်တို့လည်း ဘာမှမလုပ်နိုင်ဘူး။ လူထုကိုလည်း အသိပညာပေးလုပ်ငန်းတွေ မလုပ်နိုင်ဘူး။ မလုပ်နိုင်အောင်လည်း စောင့်ကြည့်နေကြတာလေ။ ဒါ့အပြင် ပြည်သူတွေကလည်း လက်ရှိမှာ လျှပ်စစ်မီးမလုံလောက်မှုဒဏ်ကို အလူးအလဲ ခံနေရတာဆိုတော့ ဘယ်ချိန်ထိတောင့်ခံထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ” လို့ သက်ပြင်းရှည်ကြီးချပြီး ပြောရှာပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူတွေ တောင့်ခံခြင်း၊ မခံနိုင်ခြင်းကို အသာထား။ စစ်တပ်က စီမံကိန်းကို အကောင်ထည်ဖော်မှာက သေချာနေပေမဲ့ အများစုကတော့ ကိုယ်စီရဲ့ ရပ်တည်ချက်တွေကို မြိုသိပ်လို့သာ နေကြရပါတယ်။ တော်လှန်အင်အားစုဘက်ကလည်း ဘာသံမှ ထင်ထင်ရှားရှား မထွက်သလို KIA ပြောရေးဆိုခွင့်ရှိသူတွေကလည်း လူထုသဘောထားနဲ့ ထပ်တူကျကြောင်းသာ ဝေဝေဝါးဝါး မှိန်မှိန်ဖျော့ဖျော့ ပြောလေ့ ရှိကြပါတယ်။ ဒါဟာ သမိုင်းတရားခံ ဖြစ်မယ့်အနေအထားကနေ လွတ်ရုံသက်သက်သာ ဖြစ်ပြီး တဖက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ကြီးကြီးမားမား မထိခိုက်စေဖို့ကိုလည်း သတိထားနေရပုံ ပေါ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း KIO/KIA နဲ့ မသက်ဆိုင်တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) ကသာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း စာလေးတစောင် ထုတ်ပြန်ထားတာ တွေ့မြင်ရပါတယ်။ တဖက်မှာလည်း စစ်တပ်ဟာ ပြည်နယ်အတွင်းအဓိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဖြစ်တဲ့ ဘူးဂါးလျှပ်စစ်ဌာနနဲ့ပါ ပူးပေါင်းပြီး လျှပ်စစ်မီးဖူလုံစွာရရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုစည်းရုံးမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။
လက်ရှိမှာဆိုရင် မေခ၊ မလိခ မြစ်နှစ်စင်း ပေါင်းစည်းရာဖြစ်တဲ့ မြစ်ဆုံနဲ့ မြစ်ဧရာဟာ လောဘသားကောင်တွေဆီမှာ ကြိုးစင်တင်ခံရမယ့်နေ့ကို အသက်ဖွဖွရှူရင်း ခေါင်းရှောင်နေသူတွေနဲ့ မူဝါဒဦးစားပေးစာရင်းက ထုတ်ပယ်ထားတဲ့သူတွေကို ညှိုးငယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေသလို ကယ်တင်ချင်လျက်နဲ့ အခွင့်အာဏာ မရှိတဲ့သူတွေကိုကျပြန်တော့ သူ အဆင်ပြေပါသေးတယ်၊ အားတင်းထားတယ်ဆိုတဲ့ မျက်လုံးတွေနဲ့ ဝေ့ကြည့်နေလေရဲ့။
