တော်လှန်ရေးကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ အထူးသဖြင့် ထားဝယ်ခရိုင်လို နေရာမျိုးတွေမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ အရင်းအမြစ် အလွန်အမင်း နည်းပါးမှုကြောင့် ပြိုလဲလုနီးပါး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေကနေ မီးမောင်းထိုးပြနေတာကတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ မြေပြင်က ပြည်သူလူထုရဲ့ ချက်ချင်းလက်ငင်း အသက်ရှင်သန်ရေး လိုအပ်ချက်ဆိုတဲ့ အကန့်အသတ်နှစ်ခုအကြားက ညှိနှိုင်းရခက်တဲ့ ကွာဟချက်ကြီးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုအကြား ဦးစားပေးမှု မတူညီကြပါဘူး။ နိုင်ငံရေးသမားတွေအဖို့ တော်လှန်ရေးပန်းတိုင်တွေက ပိုဦးစားပေးစရာ ဖြစ်ပေမဲ့ ဒေသခံပြည်သူတွေအဖို့တော့ အသက်ရှင်သန်ရေးက နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီလို ဦးစားပေးမှု မတူညီတာရဲ့ အကျိုးဆက်အဖြစ် တော်လှန်ရေးရဲ့ ရေရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်လာနေပါတယ်။
ဒီလိုလက်နက်ကိုင်တော်လှန်ရေးကိုပဲ ဦးစားပေးရာကနေ ကျန်းမာရေးစနစ် ပြိုလဲလာတဲ့အတွက် အထင်ရှားဆုံး ဖြစ်လာတဲ့ သက်ရောက်မှုကတော့ ကုသမှုအရည်အသွေး ကျဆင်းသွားခြင်းပါပဲ။ ဆေးပညာဘွဲ့ရ ဆရာဝန်နဲ့ သူနာပြုတွေ လစ်ဟာသွားတဲ့အတွက် အရေးပေါ်လိုအပ်ချက်အရ အလျင်စလို လေ့ကျင့်ထားရတဲ့ စေတနာ့ဝန်ထမ်း ဆေးမှူးတွေကိုသာ အဓိက အားကိုးနေရပါတယ်။ ဒီလိုဆောင်ရွက်နေရတာကို တော်လှန်ရေးအတွက် အနစ်နာခံမှုတရပ်အနေနဲ့ ရှုမြင်နိုင်ပေမဲ့ လက်တွေ့မှာတော့ အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေ၊ ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေနဲ့ သားဖွားမီးယပ်ကိစ္စတွေမှာ လိုအပ်တဲ့ နက်နဲတဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့အတွက် ကုသမှုအမှားတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံလာရပါတယ်။ ပြည်သူ့ကျန်းမာရေးကဏ္ဍကို လက်ပူတိုက်လေ့ကျင့်ထားသူတွေရဲ့ လက်ထဲ အပ်လိုက်ရတာဟာ လူ့အသက်တွေနဲ့ အကြီးအကျယ် လောင်းကြေးထပ်နေရသလို ဖြစ်နေပါတယ်။
ဒီထက်ပိုဆိုးတဲ့ အခြေအနေကတော့ လေးနှစ်ကျော်ကြာတဲ့အထိ မွေးကင်းစကလေးငယ်တွေအတွက် ဘာကာကွယ်ဆေးမှ မရရှိတော့တာပါပဲ။ ဒါဟာ ဝက်သက်၊ ပိုလီယို၊ ဆုံဆို့နာ စတဲ့ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေ ပြန်လည်ဖြစ်ပွားလာစေပြီး ကလေးသူငယ် သေဆုံးမှုနဲ့ ဒုက္ခိတဖြစ်နှုန်းကို အကြီးအကျယ် မြင့်တက်လာစေမယ့် ‘အချိန်လွန်ဗုံး’ တလုံးလို ဖြစ်နေပါတယ်။ တော်လှန်ရေးဟာ နိုင်ငံရေးပန်းတိုင်တွေကို ရည်ရွယ်ပေမဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် ရေရှည်မှာ မျိုးဆက်တခုလုံးရဲ့ လူမှုအရင်းအနှီး (social capital) ကို ဆုံးရှုံးလိုက်ရမှာ သေချာသလောက်ပါပဲ။ ဒီနေ့မှာ နိုင်ငံရေးအောင်ပွဲတွေ ရနိုင်တယ် ဆိုဦးတော့၊ မနက်ဖြန်မှာ ကျန်းမာသန်စွမ်းမှု မရှိတဲ့ မျိုးဆက်သစ်တရပ်ကိုသာ ရင်ခွင်ပိုက်ရမယ်ဆိုရင် တော်လှန်ရေးရဲ့ အဓိပ္ပာယ်ဟာ ဘယ်လောက်အထိ ပြည့်စုံနိုင်ပါမလဲလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ဒီအခြေအနေတွေ အားလုံးက တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ငန်းစဉ်တွေမှာ ‘စစ်ရေးနဲ့ နိုင်ငံရေးကို ဦးစားပေးလွန်းနေခြင်း’ ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဆိုတဲ့ နိုင်ငံတော်အဆင့် အောင်ပွဲတွေအတွက် ရန်ပုံငွေနဲ့ အင်အားကို လက်နက်ကိုင်တိုက်ပွဲမှာ အဓိက သုံးစွဲနေရတာဟာ လက်တွေ့ကျပေမဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးသွားခဲ့ပါတယ်။ တိုက်ပွဲနယ်မြေအတွင်းက ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာကတော့ နိုင်ငံရေးသဘောတရားတွေ၊ ရေရှည်ရည်မှန်းချက်တွေထက် ချက်ချင်းလက်ငင်း အသက်ရှင်ရေးအတွက် စားဝတ်နေရေး၊ ဘေးကင်းလုံခြုံမှုနဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုသာ မဖြစ်မနေ လိုအပ်နေကြတာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးမဟာဗျူဟာနဲ့ မြေပြင်က ပြည်သူ့ဒုက္ခကြားက ကွာဟချက်ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖြစ်လာစေပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ နယ်မြေကို ထိန်းချုပ်ထားနိုင်ပေမဲ့ အဲဒီနယ်မြေထဲက ပြည်သူ့ကျန်းမာရေးလို အခြေခံလူမှုဝန်ဆောင်မှုတွေကို မစီမံနိုင်သေးဘူးဆိုရင် သူတို့ရဲ့ အာဏာကို လက်တွေ့ကျင့်သုံးနိုင်စွမ်း အားနည်းနေသေးကြောင်း ပြသနေသလို ဖြစ်စေပါလိမ့်မယ်။ ဒီနယ်မြေထိန်းချုပ်မှုဟာလည်း စစ်ရေးအရ ထိန်းချုပ်မှုသာသာ ဖြစ်ပြီး ထိထိရောက်ရောက် ထိန်းချုပ်စီမံနိုင်မှု (effective control) ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတယောက်ချင်းစီရဲ့ အခွင့်အရေးတွေ တင်းပြည့်ကျပ်ပြည့် ရရှိဖို့ ဖြစ်ပေမဲ့ ပြည်သူတွေ လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးလို အခြေခံ ဝန်ဆောင်မှုတွေဟာ ပြည့်ပြည့်စုံစုံ မဟုတ်ရင်တောင် ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကို အတိုင်းအတာတခုအထိ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကြာရှည်လစ်ဟင်းလာခဲ့ရင် နိုင်ငံရေးခေါင်းဆောင်မှုရဲ့ ထိရောက်မှုအတိုင်းအဆကိုပါ ကြီးကြီးမားမား မေးခွန်းထုတ်ရမယ့် အခြေအနေဆီ ဦးတည်သွားစေနိုင်ပါတယ်။
