ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စည်ကားနေသော မြို့ပျက်ကြီး

မြစ်ကြီးနားမြို့ဟာ လက်တွေ့မှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး ငွေများသူနဲ့ လက်နက်ရှိတဲ့သူတွေ ကြီးစိုးတဲ့မြို့ ဖြစ်နေပါတယ်။ တခါက သူငယ်ချင်းကို “မြစ်ကြီးနားက အခု ဘယ်သူစိုးမိုးနေတာလဲ” ဆိုပြီး စနောက်မိတော့ “ဟိုနေ့ကတော့ မြို့လယ်ခေါင်မှာ ပြည်သူ့စစ်အရာရှိတဦးကို KIA က လာဖမ်းသွားတယ်၊ ဟိုနေ့ကတော့ ဟိုဘက်ရပ်ကွက်မှာ PDF တပ်သားဆိုတဲ့သူကို စစ်တပ်က လာဖမ်းသွားတယ်” ဆိုပြီး ပြန်ဖြေလေရဲ့။
By  လစ်ဇီ  | May 6, 2026

မြန်မာနိုင်ငံမြောက်ဘက်ပိုင်းမှာ ရှိပြီး ပြည်တွင်းစစ်မီးတွေနဲ့ အသားကျနေပြီး ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မေခမြစ်နဲ့ မလိခမြစ် ပေါင်းဆုံစီးဆင်းတဲ့ မြစ်ဆုံတည်ရှိရာ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားဟာ ဝိုင်ဖိုင်၊ အင်တာနက်တွေ သုံးနှစ်ကြာ ဖြတ်တောက်ခံထားရလို့ စတားလင့်တွေနဲ့ လည်ပတ်နေရတဲ့ ပုံမှန်မြို့လေးတမြို့လို ဖြစ်နေပါပြီ။

ဒါ့အပြင် စစ်ရေးအရှိန်အဟုန် အနိမ့်အမြင့်ကြားမှာ ပြည်မကုန်စည်စီးဆင်းမှုနဲ့ နယ်စပ်ကုန်စည်စီးဆင်းမှုဟာလည်း အရင်ကလို မလည်ပတ်နိုင်တော့ပါဘူး။ အခြေခံလူသုံးကုန်ကစလို့ ဆေးဝါးစျေးနှုန်းတွေအဆုံး ခေါင်ခိုက်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း ကုန်းလမ်းကြောင်းဟာ ရှေးကလူကြီးတွေ ပြောခဲ့ဖူးတဲ့ စက်တပ်ယာဉ်တွေ မပေါ်ခင်ကလို တလကိုးသီတင်း ကြာလို့နေပါတယ်။ ကုန်းလမ်းကြောင်း ကြန့်ကြာမှုအပြင် အမည်မသိအုပ်စုတွေရဲ့ စစ်သားစုဆောင်းမှုကိုလည်း ခံနေရပါသေးတယ်။ ကုန်းလမ်းကြောင်းအစား လေကြောင်းလမ်းကို အားကိုးပြန်တော့ စရိတ်စကတွေက ပြည်ပလေကြောင်း ခရီးစဉ်တွေထက် ပိုများတဲ့ပမာဏကို ပေးဆောင်ရပြီး ကြိုတင်ဝယ်ယူမှုတွေ ပြုလုပ်ရတဲ့အတွက် အရေးပေါ်အခြေအနေ ကြုံတွေ့ရတဲ့အခါ ငွေသာမရှိရင် အသက်သေဖို့သာ ရှိပါတယ်။ အခုလိုအခြေအနေတွေကြားက အားထားနေရတဲ့လေကြောင်းလိုင်းဟာဆိုရင်လည်း အခုဆို လက်သည်မပေါ်တဲ့ စစ်ရေးတိုက်ခိုက်ခံရမှုကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၄ရက်နေ့အထိ ပိတ်သွားခဲ့ပါသေးတယ်။ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ အခုချိန်မှာဆိုရင် လေယာဉ်လက်မှတ်စျေးတွေက ခေါင်ခိုက်နေပြီး လက်မှတ်တစောင် သိန်းနှစ်ဆယ်ကျော်အထိ ပေါက်နေသလို ဝယ်ယူရခက်တဲ့ ပြဿနာတွေကိုလည်း ကြုံနေရပါတယ်။ တဖက်မှာလည်း မြစ်ဆုံစီမံကိန်းအကြောင်းပြပြီး မီးပြတ်မှုတွေနဲ့ ဆီစျေးမြင့်တက်မှုပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဆီစျေးမြင့်တက်မှုကို အံတုဖို့ လျှပ်စစ်ဆိုင်ကယ်တွေကို ဝယ်ကြပေမဲ့ ဆိုင်ကယ် ရောင်းတဲ့သူတွေသာ စျေးမြင့်မြင့်နဲ့ အမြတ်စွန်းထွက်သွားကြပြီး သုံးစွဲသူတွေကတော့ မီးမလာတဲ့အတွက် အခက်ကြုံနေရဆဲဖြစ်ပါတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒါပေမဲ့ အခုလိုကြုံတွေ့နေရတဲ့အခက်အခဲတွေကြားထဲမှာ စည်ကားနေတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြို့စွန်တွေမှာသာမက မြို့လယ်ခေါင်အထိ ရောက်ရှိလာတဲ့ လောင်းကစားဝိုင်းတွေ၊ ခေတ်ပေါ်မူးယစ်ဆေးမျိုးစုံရနိုင်တဲ့ KTV တွေ၊ လမ်းထောင့်တိုင်းလိုလိုမှာ မူးယစ်ဆေးအရောင်းအဝယ် ပြုလုပ်နေသူတွေနဲ့ ဆေးထိုးအပ်တန်းလန်းသုံးစွဲနေသူတွေ ဖြစ်ပါတယ်။ အသိတယောက်ရဲ့ ပြောဆိုချက်အရတော့ “အစ်မရယ် ဟက်ပီးဝါးတားတို့၊ ကေတို့လို မူးယစ်ဆေးနဲ့ ဝိတွေက အခုမြစ်ကြီးနားမှာရှိတဲ့ KTV တိုင်းမှာ ရတယ်၊ အလွယ်လေးပဲ၊ ပြီးတော့ တခါတလေ စိတ်အပန်းဖြေရင်း ကိုယ်လွတ်လက်လွတ် ဖြစ်သွားတဲ့သူတွေ ရှိသလို တခါတလေလေး အစမ်းဆိုပြီး သုံးကြည့်ရင်း စွဲသွားတဲ့သူတွေတောင် ရှိတယ်၊ ဒါက ပုံမှန်အရာတွေပါပဲ” လို့ပြောပါတယ်။ အကျပ်အတည်းတွေကြားမှာ အခုလို လောင်းကစားဝိုင်းနဲ့ စိတ်ကို ယစ်မူးစေတဲ့အရာတွေ မှိုလိုပေါက်လာတာနဲ့အမျှ အဲဒါတွေကို အလွယ်တကူသုံးစွဲနိုင်တဲ့ မျှခြေတခုရဖို့ လူတွေကလည်း အလွယ်ရတဲ့နည်းလမ်းတွေကို လိုက်သလို ဒုစရိုက်မှုနဲ့ တရားမဝင်မှုတွေဟာ တရားဝင်စီးပွားရေးဖြစ်လာပြီး ရာဇဝတ်မှုတွေကို ထမင်းစားရေသောက်ဆိုသလို ကျူးလွန်လာကြပါတယ်။

သတင်းစီးဆင်းမှု ကန့်သတ်ခံထားရတာတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ လျော့နည်းလာတာတွေကြောင့် သတင်းအခင်းအကျင်းတွေက အချိန်နဲ့ တပြေးညီ စီးဆင်းမှုမရှိပေမဲ့လည်း မြစ်ကြီးနားမြို့မှာ ပစ္စည်းလုယက်မှုတွေ၊ လူသတ်မှုတွေကို တပတ်မှာ အနည်းဆုံး တမှုစီလောက် ကြုံနေရသလို လမ်းသွားရင်း ဆွဲကြိုးလုခံရတာ၊ မနက်စောစော ကျူရှင်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို ဓားထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုတာ၊ အိမ်ရှေ့မှာလမ်းလျှောက်နေတဲ့သူကို ဖုန်းလုသွားတာ၊ ဝတ်ထားတဲ့ပစ္စည်းကို လုတာနဲ့ အိမ်ကို ဓားပြတိုက်တဲ့အမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေပါတယ်။ နေ့ခင်းကြောင်တောင် လူစည်ကားနေတဲ့အချိန်မှာ ခိုးမှုတွေ ဖြစ်တာ၊ ခိုးနေစဉ်လူမိသွားလို့ မရည်ရွယ်ဘဲ ရန်မူရင်း လူသတ်မှုတွေဖြစ်တာအထိ ဆိုးဝါးလာပါတယ်။ ဒါ့အပြင် အရောင်းအဝယ်ကိစ္စနဲ့ ငွေအပေးအယူကိစ္စမှာလည်း မကျေနပ်တဲ့သူကို လက်နက်အားကိုးပြီး အနိုင်ကျင့်မှုတွေ (ငွေပြန်မပေးချင်လို့ သတ်ပစ်တဲ့ ကိစ္စရပ်တွေ၊ အချင်းချင်းစကားများပြီး သေနတ်နဲ့ပစ်သတ်တဲ့အမှု) ဟာလည်း တနေ့တခြား တိုးလာပြီး မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ ပိုမိုကြီးစိုးလို့ လာနေပါတယ်။ 

မြစ်ကြီးနားမြို့ဟာ လက်တွေ့မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ငွေများသူနဲ့ လက်နက်ရှိတဲ့သူတွေ ကြီးစိုးတဲ့မြို့ ဖြစ်နေပါတယ်။ တခါက သူငယ်ချင်းကို “မြစ်ကြီးနားက အခု ဘယ်သူစိုးမိုးနေတာလဲ” ဆိုပြီး စနောက်မိတော့ “ဟိုနေ့ကတော့ မြို့လယ်ခေါင်မှာ ပြည်သူ့စစ်အရာရှိတဦးကို KIA က လာဖမ်းသွားတယ်၊ ဟိုနေ့ကတော့ ဟိုဘက်ရပ်ကွက်မှာ PDF တပ်သားဆိုတဲ့သူကို စစ်တပ်က လာဖမ်းသွားတယ်” ဆိုပြီး ပြန်ဖြေလေရဲ့။ တကယ်တမ်း လက်ရှိအခြေအနေမှာ မြစ်ကြီးနားမြို့ကြီးဟာ အပြင်ကသူတွေရဲ့ အမြင်မှာ အေးချမ်းနေတဲ့မြို့ကြီးအဖြစ် မြင်ရမှာ ဖြစ်ပေမဲ့ အတွင်းမှာတော့ ဒုစရိုက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သက်ဆိုင်ရာ အာဏာရှိသူအသီးသီးကလည်း သူတို့အကျိုးကိစ္စတွေကိုသာ ဆောင်ရွက်နေတဲ့အတွက် စည်ကားနေတဲ့ မြို့ပျက်ကြီးသာ ဖြစ်နေပါတော့တယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles