ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မည်သို့ချည်မှ မြဲမည်နည်း

ပြည်မအတိုက်အခံတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပါဝင်မှုအတိမ်အနက်ကို အမှန်၊ အမှား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်ရှုထောင့်တွေထက် အကျိုးစီးပွားချင်း ဘယ်လောက် တွဲချည်ထားနိုင်မလဲဆိုတာအပေါ် မူတည်ပြီး မှန်းဆသင့်တယ်လို့ ဆိုချင်ပါတယ်။
By  ထက်ရှိန်လင်း  | May 15, 2026

TNLA အပစ်ရပ်လိုက်တော့ မိုးကုတ်၊ မိုးမိတ်မြို့တွေ ပြန်ပေးရပါတယ်။ အတူတိုက်ခဲ့တဲ့ ပြည်မက တော်လှန်ရေးတပ်တွေကတော့ ဆုတ်မပေးဘူး၊ ခံတိုက်မယ် ဆိုခဲ့ပါတယ်။ ကျနော်ကြားခဲ့ဖူးတဲ့ မေးခွန်းတခုကို အဲဒီတုန်းက ပြန်သတိရလာမိပါတယ်။ ကျနော့်ရှေ့မှာ လူတယောက်က အခြားတယောက်ကို မေးခဲ့တာပါ။ “ပြည်မက PDF တွေ တော်လှန်ရေးသမားတွေသာ မရှိရင် အာရက္ခတပ်တော်က ခုလောက်ထိ အောင်မြင်မှု ရပါ့မလား” ဆိုတဲ့ မေးခွန်းပါ။  TNLA ကလည်း စစ်ဆင်ရေး ၁၀၂၇ ကာလတွေတုန်းက သိမ်းပိုက်လိုက်နိုင်တဲ့ နယ်မြေတွေကို ပြည်မတော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။ MNDAA နဲ့ လားရှိုးကိစ္စမှာလည်း ဒီလိုပါပဲ။ ဒါဆို ခြုံကြည့်လိုက်ရင် ပြည်မက တော်လှန်ရေးတပ်တွေသာ မရှိခဲ့ရင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အခုလောက်အထိ နယ်မြေနဲ့ အောင်ပွဲတွေ ရနေနိုင်မလားဆိုတဲ့ မေခွန်းထွက်လာပါတယ်။ လက်ရှိမှာ တနိုင်ငံလုံးရဲ့ နယ်မြေ ၃၈ ရာခိုင်နှုန်းလောက်ကို စစ်တပ်က လုံးဝလက်လွှတ်ထားရတဲ့ အနေအထားပါ။

ဒါပေမဲ့ ဒီမေးခွန်းကို ဖြေဖို့က သိပ်ပြီး စိတ်ကူးခန့်မှန်းချက်ဆန်လွန်း (speculative) ပါတယ်။ ဟစ်တလာသာ အောင်မြင်တဲ့ ပန်းချီဆရာ ဖြစ်ခဲ့ရင် ဒုတိယကမ္ဘာစစ်က ဖြစ်ဦးမှာလား ဆိုတာကို ဖြေရသလိုပါပဲ။ လူပုဂ္ဂိုလ်အဆင့်မှာ ကြည့်ရင်တော့ ဟစ်တလာဟာ ဆိုးရွားလွန်းလို့၊ ရက်စက်လွန်းလို့သာ သူ့ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာစစ်ဖြစ်ရတာ၊ သူသာ အာဏာမရလာရင် ဖြစ်ချင်မှ ဖြစ်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

အဆောက်အအုံရှုထောင့် (structuralist point of view) ကနေ တစုံလုံး ခြုံကြည့်ရရင်တော့ အဲဒီတုန်းက အရင်းရှင်နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ လက်နက်ပြိုင်ဆိုင်မှု၊ ဗာဆိုင်းစာချုပ်ကြောင့် အရှက်ခွဲခံရတယ်လို့ ခံစားရတဲ့ ဂျာမန်တွေရဲ့ ခံစားရမှု စတဲ့အချက်တွေကြောင့် ဟစ်တလာ မွေးမလာလည်း တနည်းမဟုတ် တနည်း စစ်က ဖြစ်မှာပဲလို့လည်း ခန့်မှန်းနိုင်ပါတယ်။ အပေါ်က မေးခွန်းအတွက်လည်း အဲဒီလိုပါပဲ။ ဒါကြောင့် အဲဒီအစား “တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ၂၀၂၁ ခုနှစ် နောက်ပိုင်းရလာတဲ့ နယ်မြေနဲ့ အောင်မြင်မှုတွေက ပြည်မက တော်လှန်ရေးတပ်တွေကြောင့်လား” လို့ ပြန်လှည့်ကြည့်ရင် အဖြေရှာရတာ ပိုရေရာပါလိမ့်မယ်။

တစိတ်တပိုင်းအားဖြင့် ဟုတ်ပါတယ်လို့ ဖြေချင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြည်မက ဒီမိုကရေစီအင်အားစုတွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခွင့်သာခဲ့ရပါတယ်။ ရန်မီးနှစ်ဖက် မညှပ်ချင်တဲ့ စစ်တပ်ကလည်း မျက်နှာသာပေးသလို (ဥပမာ – အာဏာသိမ်းပြီးစမှာပဲ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ခဲ့တာမျိုး) ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲဆိုပြီး ပူးပေါင်းတိုက်ခိုက်ချင်တဲ့ ပြည်မအတိုက်အခံတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မျက်နှာချိုခဲ့ရပါတယ်။ စစ်တပ် အထိနာပြီး အလျှော့ပေးလာရေးမှာ ပြည်မအတိုက်အခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အကျိုးစီးပွားဆုံချက် ကျယ်ပြန့်လာပါတယ်။ ဒါကို ဗျူဟာမြောက် အသုံးချနိုင်မှုနဲ့ ကိုယ့်တပ်ရဲ့ ပင်ကိုတိုက်ခိုက်စွမ်းရည်တို့ကို ပေါင်းစပ်နိုင်တဲ့ တပ်တွေဟာ နယ်မြေနဲ့ အောင်ပွဲတွေ ကျယ်ပြန့်လာပါတယ်။ ဥပမာ – ညီနောင်မဟာမိတ်သုံးဖွဲ့ပါ။ အကွက်ရွှေ့နှေးပြီး ဗျူဟာမကြွယ်သူတွေကတော့ ဒုံရင်းကျန်ခဲ့ပါတယ်။ ဥပမာ RCSS ဟာ အာဏာသိမ်းခါစက သူ့နယ်ထဲ ခိုဝင်လာတဲ့ ပြည်မတော်လှန်ရေးသမားအချို့ကို စစ်သင်တန်းတွေ ပေးပြီး ထောက်ပံ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှမ်းမြောက်က သူ့နယ်မြေတွေ TNLA နဲ့ SSPP ဆီမှာ ဆုံးရှုံးလိုက်ရတာရယ်၊ ကျန်သေးတဲ့ ရှမ်းတောင်က နယ်မြေတွေကလည်း အစဉ်အလာပြိုင်ဘက် ဝတပ်နဲ့ စစ်တပ်အကြား ညပ်နေတာရယ်ကြောင့် စစ်ကောင်စီကို မတိုက်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် အခုထိ ဒုံရင်းအတိုင်းပဲ ကျန်နေပါတယ်။ တချို့ဆို အရင်းမကျန်တဲ့အပြင် ရှုံးပါတယ်။ မွန်ပြည်သစ်ပါတီဟာ စစ်မတိုက်ဖို့ ရွေးခဲ့လို့ တိုက်ချင်သူတွေ ခွဲထွက်ပြီး နှစ်ခြမ်းကွဲသွားတာမျိုးပါ။ ဆိုလိုတာက ပြည်မအတိုက်အခံတွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးလိုက်ချိန်မှာ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခွင့်သာခဲ့တာချင်း အတူတူပါပဲ။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကိုယ့်ရှိရင်းစွဲ အရင်းအမြစ်တွေနဲ့ ပေါင်းစပ်ပြီး အချိန်ကိုက် ဗျူဟာမြောက် အသုံးချနိုင်သူသာ အမြတ်ထွက်တာပါ။

ဒါဆို နောက်ဆက်တွဲမေးခွန်းတခု ပေါ်လာပါတယ်။ နယ်မြေတွေ ကျယ်ပြန့်လာတာဟာ နွေဦးတော်လှန်ရေးကြောင့်လည်း ပါတယ်ဆိုရင် ဒီလိုရလဒ်ထွက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက် ကတိကဝတ်ပြုသင့်လဲ ဆိုတာပါ။ တပ်နဲ့ နှစ်ဖက်အပစ်ရပ်ပြီး ပြည်မတော်လှန်ရေးသမားတွေကို ထားခဲ့သင့်သလားပေါ့။ သင့်တယ် မသင့်ဘူးရယ်လို့ ကိုယ်ကျင့်ရှုထောင့်တခုတည်းက ကြည့်ရင်တော့ ဒီတပ်တွေအနေနဲ့ နွေဦးတော်လှန်ရေးကို ကတိကဝတ်ပြုဖို့ ကိုယ်ကျင့်တာဝန် (moral obligation) ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီအချက်တချက်တည်းကြောင့်နဲ့တော့ ဒီတပ်တွေရဲ့ နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက်တွေကို လွှမ်းမိုး သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ပေါင်းစည်းစဉ်ကလည်း အကျိုးစီးပွားဆုံချက်ကျလို့ ပေါင်းစည်းခဲ့တာမို့ ဆုံချက်မကျတော့ရင် ခွဲခွာဖို့ ဆုံးဖြတ်ချင် ဆုံးဖြတ်မှာပါပဲ။ ခဏရပ်ရအောင် ဘောလုံးပွဲမဟုတ်ဘူးလို့ လူသိရှင်ကြားပြောခဲ့လည်း တရုတ်ဖိအား၊ ဖြတ်ငါးဖြတ်နဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုလို ဖိအား၊ ညှပ်အားတွေ ကြုံရတဲ့အခါ အပစ်ရပ်ပြီး မြို့တွေ ပြန်ပေးလိုက်ရတာမျိုးပါ။

အကျိုးစီးပွားရှုထောင့်က မဟုတ်ဘဲ ကိုယ်ကျင့်ရှုထောင့်တခုတည်းကနေ ကြည့်ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအတွက် နွေဦးတော်လှန်ရေးမှာ ကတိကဝတ်အပြည့် ထည့်ဝင်ဖို့ တန်ပြန်ငြင်းချက်တွေလည်း ရှိနိုင်ပါတယ်။ “ဟိုအရင် မင်းတို့တည့်နေတုန်းကတော့ ငါတို့ကို ပေါင်းပြီး ဗုံးကြဲတာပဲမလား” ဆိုတဲ့ ကိုယ်ကျင့်ရှုထောင့်မျိုးပါ။ အကျိုးစီးပွားဆုံချက်ရှိတယ်လို့ ယူဆရင် အရင်က ခပ်ခွာခွာနေခဲ့ပြီးမှ ပိုနီးကပ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ၂၀၂၃ ခုနှစ် ဇွန်လမှာ KNDF ရဲ့ စစ်ရေးချုပ်က “တချိန်က ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်အဖြစ်ကို ပြန်ရဖို့ တိုက်ခိုက်ရဦးမှာမို့ နေပြည်တော်ကို ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်ဘူး” လို့ မီဒီယာမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း ရှမ်းမြောက်မှာ အပစ်ရပ်လိုက်ပြီးနောက် ရှမ်းတောင်နဲ့ ကရင်နီမှာ စစ်ကော်မရှင်တပ်တွေ ပိုစုပြုံလာတဲ့အခါ KNDF ဟာ နွေဦးတော်လှန်ရေးကို ကတိကဝတ်ပြုတဲ့  SRA တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အလားတူပဲ အကျိုးစီးပွားဆုံချက် မရှိတော့ဘူးလို့ ယူဆတဲ့အခါ အရင်က နီးစပ်ခဲ့ပေမဲ့ ခွာထွက်သွားနိုင်ပါတယ်။ ABSDF တည်ထောင်စဉ်က KIO/KIA က အင်နဲ့ အားနဲ့ ကူညီခဲ့ပေမဲ့ စစ်တပ်နဲ့ အပစ်ရပ်လိုက်တော့ ABSDF တပ်စခန်းတွေကို သူ့နယ်မြေထဲက ထွက်ခွာဖို့ ပြောခဲ့သလိုပါပဲ။ ဒါကြောင့် ပြည်မအတိုက်အခံတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပါဝင်မှုအတိမ်အနက်ကို အမှန်၊ အမှား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်ရှုထောင့်တွေထက် အကျိုးစီးပွားချင်း ဘယ်လောက် တွဲချည်ထားနိုင်မလဲဆိုတာအပေါ် မူတည်ပြီး မှန်းဆသင့်တယ်လို့ ဆိုချင်ပါတယ်။

အချုပ်ဆိုရရင် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကို ပြည်မအတိုက်အခံတွေ ရွေးချယ်ခဲ့တဲ့အတွက် ဒီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ အကျိုးစီးပွားဆုံချက် ကျယ်ပြန့်လာပါတယ်။ ဒါကို ရှိရင်းစွဲအရင်းအမြစ်နဲ့ ပေါင်းစပ်ပြီး ချိန်သားကိုက် ဗျူဟာမြောက် သုံးနိုင်တဲ့ တပ်တွေ၊ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာပါတယ်။ အပြန်အလှန်အနေနဲ့ နွေဦးတော်လှန်ရေးထဲက တပ်တွေက စစ်သင်တန်း၊ တိုက်ပွဲအတွေ့အကြုံ၊ လက်နက်နဲ့ အခြေချ လှုပ်ရှားနယ်မြေတချို့ ပြန်ရပါတယ်။ ဒါပေမဲ့ ပြည်မတော်လှန်ရေးသမားတွေအတွက်တော့ ကတုတ်တကျင်းထဲ အတူဆင်းတိုက်ဖူးရုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ နွေဦး တော်လှန်ရေးအပေါ် ထည့်ဝင်မှုကို တရားသေ မှတ်ယူလို့မရနိုင်ပါဘူး။ ‘သင့်တယ်၊ မသင့်ဘူး’ ဆိုတဲ့ ကိုယ်ကျင့်ရှုထောင့်နဲ့ တွက်ချက်နေရင် ငြင်းစရာတွေ များပြီး ရလဒ်ကို မလွှမ်းမိုးနိုင်ပါဘူး။ အကျိုးစီးပွားဆုံချက်ကို ချဲ့ထွင်ရေးနဲ့ တာရှည်ထိန်းသိမ်းနိုင်ရေးကသာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အရင်းအမြစ်တွေ နွေဦးတော်လှန်ရေးထဲ ဘယ်လောက်စီးဆင်းနေဦးမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေ ဖြစ်နိုင်ပါတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles