ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

မှတ်ပင်အောက်တွင် ပြန်ဆုံမည်

တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။
By  မောရဇော်  | May 21, 2026

နေအရမ်းပူလို့ အပြင်မထွက်ဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။ ပုပ်သိုးနံစော်နေတဲ့ စနစ်အောက်မှာ အသက်ရှူကလည်း အရမ်းကျပ်လာတယ်။ သတင်းတွေကို ဝင်ဖတ်ကြည့်လိုက်ရင်တော့ ဗုံးတွေက မိုးရွာသလို ရွာနေကြ၊ အသက်တွေက ပန်းကြွေသလို ကြွေနေကြရရှာတယ်။ မြင်အပ်မမြင်အပ်၊ ကြားအပ်မကြားအပ်တာတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတော့ နဂိုသောကကို ဖုံးဖိဖို့ အနိဋ္ဌာရုံတွေကို အာရုံလွှဲလိုက်တာဟာ အကောင်းဆုံးပဲ မဟုတ်လား။ ဒါပေမဲ့ စစ်မက်ထူပြောတဲ့ ကမ္ဘာမှာ ကျနော်တို့ရဲ့ အာရုံကို ရှောင်လွှဲဖို့ ခက်လိုက်တာ။ အခုတော့ ငယ်ဘဝတုန်းက အိပ်မက်တွေ ဖြစ်တည်ခဲ့တဲ့ ကောင်းကင်ကိုတောင် မော့မကြည့်ရဲလောက်တဲ့ အထိပါပဲ။

ငယ်ငယ်တုန်းကတော့ ဒီလိုပူအိုက်တဲ့ နွေညနေတွေမှာ သပေါ့ဖျာကလေးကို အိမ်ရှေ့ကွင်းပြင်မှာခင်းပြီး ကောင်းကင်ကို ငေးကြည့်နေခဲ့ကြတယ်။ အဖေ၊ အစ်ကိုနဲ့ ကျနော်ပေါ့။ လသာတဲ့ ညတွေဆိုရင် ခုနစ်စဉ်ကြယ် အမြီးလှည့်တဲ့အကြောင်းတွေ ပြောကြတယ်။ ကြယ်ဆိုင်းထမ်းကြီးသုံးလုံး ညီညီညာညာ တောက်ပနေတယ်၊ အဲဒီအနားလေးမှာပဲ ကြယ်ဆိုင်းထမ်းငယ်သုံးလုံးကလည်း မှိန်ဖျော့ဖျော့ စီတန်းနေတယ်လို့ အဖေက ပြောပြတယ်။ ဒီဆိုင်းထမ်းကြယ်နှစ်ခုမှာ အကြီးက ဖခင်ဖြစ်ပြီးတော့ အငယ်က သားလို့လည်း ဆိုတယ်။ သူတို့သားအဖနှစ်ယောက်ဟာ စပါးကောက်လှိုင်းတွေကို ထမ်းသယ်နေကြတာလို့လည်း ဆိုပြန်တယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

လပေါ်က ဆန်ဖွတ်နေတဲ့ အရိပ်ဟာ အမေနဲ့ သားငယ်လို့ ဆိုတယ်။ အဖေ့ရဲ့ ကောင်းကင်ဒဿနတွေဟာ ရွှေလမှာ ယုန်ဝပ်တဲ့အကြောင်း မဟုတ်ဘူး။ ဆိုလိုချင်တာက အဖေနဲ့ အစ်ကိုက စပါးကောက်လှိုင်းတွေ သယ်ကြတဲ့ ကြယ်ဆိုင်းထမ်းကြီးနဲ့ ကြယ်ဆိုင်းထမ်းငယ်။ စပါးတွေကို ဆုံထဲထည့်ပြီး ဆန်ဖြစ်အောင် ထောင်းတာက အမေ။ ကျနော်ကတော့ အမေ ဆန်ဖွပ်တဲ့အနားမှာ ထိုင်ရင်း ကြက်နှင်၊ ဘဲနှင်ပေါ့။

တခါတရံမှာတော့ နဂါးငွေ့တန်းကြီးအကြောင်းတွေကိုပါ ပြောပြသေးတယ်။ ကောင်းကင်ပေါ်မှာ နဂါးတကောင်လို တွန့်လိမ်နေတဲ့ အလင်းတန်းမှုန်မှုန်တခု ရှိတယ်။ ဒါကို နဂါးလို့ခေါ်ပြီးတော့ နဂါးအမြီး၊ ဦးခေါင်းတွေကို ရှင်းပြတယ်။ နဂါးပါးစပ်ကြီးက ဘယ်ဘက်ကို လှည့်နေရင် အိုးသစ်၊ အိမ်သစ်တွေ မတက်ရဘူး။ လူတွေ ထိခိုက်တတ်တယ်လို့ ဆိုတယ်။ တခါ ဓူဝံကြယ်ရဲ့ လမ်းပြမှုကြောင့် လမ်းမှန်ရောက်ခဲ့တဲ့ တောပျော်မုဆိုးတွေရဲ့ အကြောင်းကိုပါ မငြီးတမ်း နားထောင်ခဲ့ရတယ်။ အဖေ့စကြဝဠာသီအိုရီ ပြီးဆုံးချိန်မှာ ကျနော်က အဖေ့လက်ပေါ်မှာ အိပ်ပျော်သွားခဲ့ပါပြီ။

အခုလို ပူအိုက်တဲ့အချိန်တွေမှာ မြေတတင်းပေါ် သပေါ့ဖျာခင်းပြီး လေတဖြူးဖြူးနဲ့ အပူရှောင်ခဲ့ရတဲ့ ငယ်ဘဝက ကောင်းကင်ကြီးဟာ ငြိမ်းချမ်းနွေးထွေးခဲ့ပါတယ်။ အခုတော့ ကောင်းကင်ကြီးကို အသုံးချပြီး လူသတ်မှုကို ကျုးလွန်နေလိုက်ကြတာ နေ့စဉ်နဲ့အမျှပါပဲ။ ကြယ်ကို ကြယ်မှန်း သိခွင့်မရခဲ့တဲ့ ကလေးငယ်တွေဟာ ကောင်းကင်ကြီးကိုများ အပြစ်ဆိုလေကြမလား ကျနော် မသိ။ ဒါပေမဲ့ သူတို့ ဘာကြောင့် သေဆုံးသွားခဲ့ကြရတယ်ဆိုတာကို သိစေချင်လိုက်တာ။

ကျနော်တို့သားအဖတွေ သပေါ့ဖျာပေါ် ပက်လက်လှန်ပြီး ကောင်းကင်အကြောင်း၊ ကြယ်အကြောင်းတွေကို ပြောနေကြရင် အမေက ကုပ်ကုပ်ကလေးထိုင်ပြီး နားထောင်နေတတ်တယ်။ ဆေးပေါ့လိပ် ဖွာရင်း စကားဆိုက်ကျတဲ့အခါ အမေက ဝင်ပြောတတ်တယ်။ အမေပြောတဲ့အထဲ ‘မေ့ပင်’နဲ့ ‘မှတ်ပင်’ကို ကျနော် ကောင်းကောင်းမှတ်မိပါသေးတယ်။

လူတွေ သေဆုံးသွားကြရင် ဝိညာဉ်ဟာ မေ့ပင်နဲ့ မှတ်ပင်ဆိုတဲ့ အပင်နှစ်ပင်အောက်ကို အရင်ဆုံး ဖြတ်လျှောက်ကြရတယ်လို့ ဆိုတယ်။ ဒီသစ်ပင်နှစ်ပင်မှာ အရင်ဆုံး ဖြတ်ကြရတာကတော့ မေ့ပင်ပါ။ မေ့ပင်အောက်မှာ အလွန်ငြိမ့်ညောင်းတဲ့ တူရိယာတွေ၊ ချိုသာတဲ့ အသံတွေနဲ့ တီးမှုတ်ကခုန်လေ့ရှိကြတယ်။ ရေတံခွန်တွေ၊ ကျေးငှက်တွေ၊ ဥယျာဉ်ကြီးတွေရှိတယ်။ နောက်ပြီးတော့ စားစရာတွေကလည်း အလွယ်တကူရတယ်။ ဗိုက်ဆာရင် ဝင်စားရုံ၊ ရေဆာရင် ခပ်သောက်ရုံ။ ဒီလိုမျိုး ပြည့်စုံသာယာဖွယ်ကောင်းတဲ့အပင်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သေဆုံးသွားတဲ့ ဝိညာဉ်ဟာ မေ့ပင်အောက်ကို ရောက်ပြီဆိုရင် ကိုယ်လာတဲ့ အတိတ်ဘဝတွေကို မေ့သွားတတ်ကြတယ်လို့ ဆိုပါတယ်။

နောက်တပင်က မှတ်ပင်။ မေ့ပင်ကို ကျော်ဖြတ်သွားနိုင်ပြီဆိုရင် မှတ်ပင်အောက်ကို ဖြတ်ရတယ်။ မှတ်ပင်ဟာ မေ့ပင်လိုမျိုး မဟုတ်ဘဲ တကယ့်ကိုယ့်ဇာတိမြေလို၊ အိမ်လို၊ အမေ၊ အဖေနဲ့ မိသားစုဝင်တွေကို သတိရစေတဲ့ ရုပ်ပုံမျိုးတွေကို မြင်လာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မှတ်ပင်အောက်ကို ရောက်ရင် လူတွေက ကိုယ်လာခဲ့တဲ့ ဘဝဟောင်းတွေကို သတိရကြပြီးတော့ ဘဝသစ်တခုမှာ ဝင်စားတဲ့အခါမှာလည်း အဖြစ်မှန်တွေကို ပြောနိုင်ကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မှတ်ပင်အောက်ကို ရောက်ဖို့အတွက် မေ့ပင်ကို ဖြတ်ရတာဟာ မလွယ်ကူဘူး။ လူတသိန်းမှာ တယောက်လောက်ပဲ မေ့ပင်ကို ကျော်ပြီး မှတ်ပင်ကို ရောက်နိုင်တယ်လို့ ဆိုတယ်။

အမေက ဆက်ပြောသေးတယ်။ အခု မပြောကောင်းမဆိုကောင်း ငါသေသွားလို့ ရှိရင် မှတ်ပင်အောက်ကို ရောက်အောင်သွားမှာ။ မေ့ပင်အောက်က အသံတွေ၊ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို ကျော်ဖို့အတွက် နားနဲ့ မျက်စိကို ပိတ်ပြီး မှတ်ပင်အောက်ကို ရောက်တဲ့အထိ သွားမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် မင်းတို့ကို စိတ်မချလို့ပေါ့။ အမေ့အသံဟာ ရှိုက်ငင် တိမ်ဝင်သွားခဲ့တယ်။

အမေအသက် ၄၀ ကျော်မှာ ကျနော့်ကို မွေးခဲ့တယ်။ အခုတော့ အမေဟာ အသက် ၈၀ ကျော်ခဲ့ပြီ။ အိုခြင်းဝေဒနာတွေနဲ့ အထီးကျန်ဝေဒနာတွေဟာ အမေ့ဆီကို တစတစ ချဉ်းကပ်လာနေကြပြီ။ အခုတလော အမေက ကျနော့်ဆီ မကြာမကြာ ဖုန်းဆက်တယ်။ ရိုးမတဖက်က အမေအိုဟာ ကျနော့်မျက်နှာကို မြင်ချင်လွန်းလို့ အင်တာနက်ဖိုး ငွေ ၅,၀၀၀ ကျပ် ပေးရတယ်။ နောက်ပြီးတော့ ကျနော့်ကို မှာတယ်။ မင်းလာလို့မရဘူးလား၊ ငါသေရင် ဘယ်သူမှ ငါ့အနားရှိကြမှာ မဟုတ်ဘူးလို့ ရှိုက်ငင်သံတွေနဲ့ ပြောရှာတယ်။

စစ်ပွဲကြီးတွေထဲမှာ အထီးကျန်စွာနဲ့ အသက်ရှင်သန်ခဲ့တဲ့ အမေဟာ အခုလည်း အထီးကျန်စွာနဲ့ပဲ ကျနော့်ကို အိမ်ပြန်လာဖို့ ခေါ်နေတာပါ။ ရိုးမကိုကျော်ဖို့ သိန်းနှစ်ဆယ်၊ အစိတ်ဆိုတာဟာ လက်ရှိကျနော့်ဘဝမှာ ဘယ်လိုမှ မတတ်နိုင်တဲ့အရာ။ ဒါကြောင့် အမေ ဖုန်းဆက်ခေါ်တိုင်း သီတင်းကျွတ်အလွန်၊ သင်္ကြန်အလွန်ဆိုပြီး မုသားကို မျက်ရည်တွေနဲ့ ကျနော် ဆိုခဲ့ရဖူးပါတယ်။

တကယ်တော့ ကျနော် သိပ်လာချင်တာပေါ့ အမေ။ ဒုက္ခတွေနဲ့ အာရက္ခပြည်ကြီးထဲမှာ အမေနဲ့အတူ ဒုက္ခတွေ ခံနေလိုက်ချင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်ရှင်သန်ရတာကလည်း အလွန်ခက်ပါတယ်။ စာလေး၊ ပေလေး မတောက်တခေါက်ရေးပြီး ဝမ်းရေးကို ဖြတ်သန်းရတဲ့ ကျနော်ဟာ အမေ့ဆီပြန်လာဖို့ လိုအပ်တဲ့ငွေကို အခုထိ စုဆောင်းမရသေးပါဘူး။ တခါတရံ ညလုံးပေါက် မအိပ်ဘဲရေးတဲ့ စာမူတွေကို အယ်ဒီတာတွေ မကြိုက်လို့ရှိရင် ကျနော့်မှာ စာမူခလေး မရရှာပါဘူး။ တခါတရံမှာ ရေးလိုက်တဲ့စာမူတွေကို ပြန်ပြင်ပါဆိုလို့ သုံးလေးကြိမ်အထိ ပြန်ပြန်ရေးရပါတယ်။ တခါတရံမှာတော့ သတင်းမီဒီယာတွေကလည်း အကုန်လုံးခက်ခဲနေကြတဲ့အတွက် စာမူခလေးတွေ မပေးနိုင်ကြရှာပါဘူး။ ဘဝတူတွေမို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ကျနော် ရေးနေဆဲပါ အမေ။

တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။

အခုတော့ အရင်လို အမေ့ကို ကျနော် မညာချင်တော့ပါဘူး။ ကျနော် ပြန်လာခဲ့ပါ့မယ် အမေ။ ဘယ်တော့လဲဆိုတဲ့ ကတိကိုတော့ ကျနော် မပေးနိုင်သေးပါဘူး။ တကယ်လို့ ဒီစပ်ကြားထဲ ကျနော် ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။

ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။ ပြီးတော့လေ အမေ၊ စစ်အတွင်းမှာ ကောင်းကင်ကြီး ပြာတဲ့အကြောင်း၊ ကြယ်တွေနဲ့ စကြဝဠာပုံပြင်တွေအကြောင်းကို သိမသွားခဲ့တဲ့ ကလေးတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ကြရတဲ့ ပြည်သူတွေဟာ သူတို့ ဘာကြောင့် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာလေးတွေကို သိသွားကြအောင် မှတ်ပင်ကို အရောက်လာကြဖို့ တိုက်တွန်းကြမယ်။ ကံကောင်းရင်တော့ အဖေလည်း မှတ်ပင်အောက်က စောင့်နေပါလိမ့်မယ်။

အသက်ကို ဖက်ရွက်နဲ့ ထုပ်ပိုးထားရတဲ့ စစ်ပွဲအတွင်းမှာ ကတိကို လွယ်လွယ်မပေးရဲတော့ပါဘူး အမေ။ ကောင်းကင်ကို မော့မကြည့်ရဲတော့သလို သတင်းဆိုးတွေကိုလည်း မကြားလိုတော့ပါ။ ကျနော် ပေးနိုင်တဲ့ တခုတည်းသော ကတိကတော့ ရောက်အောင် ပြန်ခဲ့ပါ့မယ် ဆိုတာပါပဲ အမေ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles