ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာ

အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။
By  ရိပ်ဝေ  | May 27, 2026

‘သွေးသစ္စာ’ (အရေးကြီးပြီ) ဆိုတဲ့ သမိုင်းဝင် တော်လှန်ရေးသီချင်းကို စစ်ကောင်စီပိုင် မြဝတီရုပ်သံလိုင်းကနေ ‘စစ်သားသွေးနီ ရှေ့သို့ချီ’ ဆိုပြီး စာသားတွေ အတင်းညှပ်၊ အသံအရည်အသွေးကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ တမင်နိမ့်သွားအောင်လုပ်ပြီး ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ဓာတ်ပြားဟောင်းသီချင်းရယ်လို့ မကြာသေးမီရက်ပိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အများသိကြတဲ့ ဒီသီချင်းကို ၁၉၈၉ ခုနှစ်မှာ (ကို)ထူးအိမ်သင် တောခိုစဉ် (ABSDF စခန်းတခုမှာ) ကိုယ်တိုင် ရေးသားခဲ့တာဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ (ကို)မွန်းအောင်က ဘန်ကောက်မှာ အသံသွင်း၊ ၁၉၉၂ ခုနှစ်မှာ မြန်မာပြည်ထဲ လျှို့ဝှက်ဖြန့်ခဲ့တာလို့ အဆိုတော် (ကို)မွန်းအောင်ကိုယ်တိုင်ကလည်း အခိုင်အမာ ပြောခဲ့ပါတယ်။ ဒီလို လုပ်ရပ်ဟာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကလည်း ဒီသီချင်းကိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က သူတို့ရဲ့ဝါဒဖြန့်ချိရေးသီချင်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ခေတ်မှာ အသံ (audio) နည်းပညာအကြောင်း နည်းနည်းပါးပါး နားလည်သူပဲဖြစ်ဖြစ်၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူပဲဖြစ်ဖြစ် ဒါဟာ ‘သွေးသစ္စာ’ သီချင်းကို စစ်တပ်က ပုံမှားရိုက်ကူးချပြီး သမိုင်းအလိမ်အညာတခု ဖန်တီးနေတာဖြစ်ကြောင်း ချက်ချင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားဖို့လိုအပ်တဲ့ အန္တရာယ်ကြီးတခု ရှိနေပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေးတွေဟာ စဉ်းစားနိုင်စွမ်းရှိသူတွေကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာပါပဲ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။

အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဦးနေဝင်းခေတ်က စလို့ စစ်အာဏာရှင်အဆက်ဆက်ဟာ သမိုင်းအစစ်အမှန်တွေကို ဖျောက်ဖျက်ပြီး သူတို့စိတ်ကြိုက် သမိုင်းအတုတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေထဲအထိ ထည့်သွင်းတဲ့နည်းနဲ့ လူထုကို မှိုင်းတိုက်ခဲ့ကြပါတယ်။

၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ ဖွဲ့တာ၊ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတာတွေကို “နိုင်ငံရေးသမားတွေ ညံ့ဖျင်းလို့ တိုင်းပြည်ကွဲအက်တော့မယ့်ဘေးကနေ တပ်မတော်ကပဲ ကယ်တင်ခဲ့ရတာ” ဆိုပြီး သမိုင်းစာအုပ်တွေထဲမှာ ဆယ်စုနှစ်ချီ ရိုက်သွင်းခဲ့ပါတယ်။ တကယ်တမ်း စစ်တပ်ကြောင့် တိုင်းပြည်ခမျာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝအထိ ရောက်ခဲ့ရတာကိုတော့ ဖုံးကွယ်ထားခဲ့ကြပါတယ်။

အခုလည်း ဒီလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့က စစ်တပ်ဟာ သီချင်းကို ခိုးထားမှန်းလည်း သိနေ၊ ရယ်လည်း ရယ်နေကြပေမဲ့ နောက်အနှစ် နှစ်ဆယ်၊ သုံးဆယ်မှာ ပေါ်လာမယ့် မျိုးဆက်သစ်တွေဟာ သူတို့မျက်စိနဲ့ ခဏခဏ မြင်နေရ၊ ရုပ်သံလိုင်းတွေမှာ ခဏခဏ ကြားနေရတဲ့အရာကိုပဲ အမှန်တရားလို့ ထင်မှတ်သွားကြပါလိမ့်မယ်။ အခုလို ပြည်သူတွေ ဖန်တီးထားတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အနုပညာကို စစ်တပ်က အတင်းအဓမ္မ ခိုးယူနေရခြင်းဟာ သူတို့မှာ လူထုကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ပိုင် soft power (အနုနည်းနဲ့ စည်းရုံးနိုင်တဲ့ အာဏာ) မရှိတော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ခြေအထိ ပြိုလဲနေပြီဆိုတာကို ပြသနေပါတယ်။

ဒါကြောင့်မို့လို့ ကျနော်တို့ဘက်က အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ လက်နက်ကိုင်တော်လှန်ရေး (hard power) တင်မကဘဲ အနုပညာ၊ စာပေ၊ သမိုင်းအထောက်အထားနဲ့ ယဉ်ကျေးမှုဆိုင်ရာ တော်လှန်ရေး (soft power) မှာလည်း အားကောင်းမောင်းသန် ရှိနေဖို့ အထူးလိုအပ်ပါတယ်။ အာဏာရှင်တွေရဲ့ သမိုင်းလိမ်လည်မှုတွေကို အနိုင်ယူဖို့ဆိုရင် ကျနော်တို့ဘက်က ပိုမိုအားကောင်းပြီး ပိုမိုစစ်မှန်တဲ့ အနုပညာဖန်တီးမှုအသစ်တွေနဲ့ လူထုကြားထဲ၊ မျိုးဆက်သစ်တွေကြားထဲမှာ အမြဲတမ်း ရှင်သန်လွှမ်းမိုးနေအောင် လုပ်ဆောင်ရပါမယ်။

နိဂုံးချုပ်ရရင် (ကို)မွန်းအောင်ပြောသလို အတုအယောင် ဓာတ်ပြားတွေနဲ့ သမိုင်းကို လိမ်ညာဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။ ဒါပေမဲ့ အတုက အစစ်ကို မကျော်နိုင်ဖို့ဆိုရင် အစစ်ကို ကိုင်စွဲထားတဲ့ ကျနော်တို့တတွေက ငြိမ်မနေဘဲ အမှန်တရားကို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမှသာ အာဏာရှင်တွေရဲ့ ရေရှည်ဝါဒမှိုင်း ထောင်ချောက်ထဲကနေ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles