ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ဒေသတွင်းနေထိုင်သူအများစုကတော့ လက်ခံဖို့ ခက်ခဲနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်မှုထမ်းကာလဟာ နှစ်နှစ်တာ ဖြစ်ပေမဲ့ စစ်မှုထမ်းနေစဉ် ကျန်ခဲ့တဲ့ မိသားစုအတွက် စားဝတ်နေရေးအာမခံချက် မရှိတာဟာ လူထုအနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို လက်ခံဖို့ ခက်ခဲစေတဲ့ အဓိကအချက် ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဒဏ်တွေအကြား အစစအရာရာ ကျပ်တည်းနေတဲ့အချိန်မှာ အာရက္ခတပ်တော်က ချမှတ်လိုက်တဲ့ NDEP ဟာ အာရက္ခလူထုကို ပိုမိုအကျပ်ရိုက်စေတာကတော့ အမှန်ပါပဲ။
အာရက္ခတပ်တော်ရဲ့ လုပ်ဆောင်ချက်တချို့ကြောင့်လည်း လူထုအနေနဲ့ NDEP အပေါ် ကြောက်ရွံ့မှု ပိုတိုးလာစေခဲ့ပါတယ်။ အမှန်တော့ အာရက္ခတပ်တော်ဟာ NDEP ကို မပြဋ္ဌာန်းမီကတည်းက မိမိတို့ ထိန်းချုပ်ဒေသကနေ ပြည်မနဲ့ ပြည်ပကို ထွက်ခွာကြတဲ့ လူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ ခေါ်ယူပြီး စစ်မှုထမ်းစေခဲ့တာတွေ ရှိခဲ့တာပါ။ အခုလိုခေါ်ယူခံရသူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ခဲယဉ်းခဲ့ပြီး စစ်မှုထမ်းကာလအတိုင်း နှစ်နှစ်တာ စစ်မှုထမ်းရတာမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ခေါ်ယူခံရတာ ဖြစ်တာကြောင့် ဒီလိုဖြစ်စဉ်တွေဟာ လူထုအကြား မနှစ်မြို့မှုနဲ့ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ NDEP ကို တရားဝင်ပြဋ္ဌာန်းပြီး ရပ်ရွာအလိုက် စစ်မှုထမ်းခေါ်ယူမှုစနစ်ကို ကျင့်သုံးလာစဉ်မှာလည်း လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဘက်လိုက်မှုတွေကြောင့် NDEP ခေါ်ယူတဲ့ နည်းလမ်းကို လူထုဟာ မကျေမနပ် ဖြစ်ခဲ့ကြရပါသေးတယ်။ အာရက္ခတပ်တော်ဟာ စစ်သင်တန်းအတွက် ခေါ်ယူရာမှာ မဲစနစ်ကို အဓိကထားခေါ်ယူတာ ဖြစ်ပြီး မိမိဆန္ဒအလျောက် လိုက်ပါလိုသူတွေလည်း ဒေသတွင်း အထိုက်အလျောက် ရှိခဲ့တာကို တွေ့ရပါတယ်။
အခုလို မဲစနစ်နဲ့ စစ်သင်တန်းသား ခေါ်ယူတဲ့နည်းကို ကျင့်သုံးနေတုန်းမှာပဲ အာရက္ခတပ်တော်ဟာ စစ်မှုထမ်းပြဋ္ဌာန်းချက် မထုတ်မီကာလကလို ခရီးသွားလူငယ်၊ လူရွယ်တွေကို လမ်းခုလတ်ကနေ စုဆောင်းခေါ်ယူတာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲက ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ မကွေး-ရခိုင်နဲ့ အိန္ဒိယရခိုင်ကုန်စည်လမ်းကြောင်းတွေမှာ သွားလာနေသူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေထဲ ကုန်သည်အများအပြားပါဝင်ခဲ့ပြီး နစ်နာမှုတွေလည်း ရှိခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ NDEP အပေါ် လူထုရဲ့ကြောက်ရွံ့မှုကို ပိုတိုးစေခဲ့ပြီး လူထုကို ပိုအကျပ်ရိုက်စေခဲ့တဲ့ အခြေအနေလည်း ဖြစ်ခဲ့ပါတယ်။ အာရက္ခတပ်တော်အနေနဲ့ကတော့ ဖမ်းဆီးမှုအခြေအနေနဲ့ ပတ်သက်ပြီး NDEP အရ ပြည်နယ်ပြင်ပထွက်တဲ့သူတွေကို ဖမ်းဆီးတာလို့ ဆိုခဲ့ပေမဲ့ ပြည်နယ်ပြင်ပထွက်သူတွေရယ်လို့ သီးခြားခွဲပြီး ဖမ်းဆီးခဲ့တာ မဟုတ်တာကြောင့် ဖမ်းဆီးတဲ့အထဲ ကုန်သည်အများအပြား ပါဝင်ခဲ့တာပါ။
ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။… ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။
ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။ ကုန်စည်လမ်းကြောင်းတွေမှာ ဖမ်းဆီးတဲ့ဖြစ်စဉ်မျိုးတွေမှာဆိုရင် NDEP ဟာ အတော်ကို ရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။ ရခိုင်လူထုဟာ မိမိနေအိမ်ကနေ တရားဝင်ခေါ်ယူတဲ့ စစ်မှုထမ်းမှုကို လက်ခံပေမဲ့ လမ်းခုလတ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်မရတာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ စစ်မှုထမ်းကာလ သတ်မှတ်ချက်မရှိဘဲ စစ်ထဲဝင်ကြရတာ စတဲ့အခြေအနေတွေကိုတော့ ရှုတ်ချကြတာ တွေ့ရပါတယ်။
နောက်ပြီး အထက်က ပြောခဲ့သလို စစ်မှုထမ်းကာလအတွင်း မိသားစုစားဝတ်နေရေးအာမခံချက် မရှိတာဟာ NDEP ကို ရှောင်ရှားဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းကာလ ကျန်းမာရေးအခြေအနေတွေအတွက် အာမခံချက်၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်၊ တာဝန်ထမ်းဆောင်ရမယ့်နေရာ စတဲ့အရာတွေအတွက် လူထုရဲ့ သိရှိခွင့်နဲ့ ရပိုင်ခွင့်တွေ နည်းပါးခဲ့ပါတယ်။ စစ်မှုထမ်းပါသွားသူနဲ့ အဆက်အသွယ်မရတော့တာ၊ ကျန်းမာရေးမကောင်းပေမဲ့ အိမ်ပြန်ခွင့်မရတာ၊ ၄၅ ရက်တာ စစ်သင်တန်း တက်ရောက်ထားသူတွေကို တိုက်ပွဲဧရိယာတွေကို ပို့တာ စတာတွေကြောင့် NDEP ကို ရခိုင်လူထုအနေနဲ့ ကြောက်ရွံ့မှု ပိုစေခဲ့တာ ဖြစ်ပါတယ်။
ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တုန်းက ULA/AA က ဒိုင်းနက် (သက္ကမ) လူမျိုးတွေ အဓိကနေထိုင်တဲ့ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ စစ်မှုထမ်းစုဆောင်းရာကနေ ဒေသခံတွေနဲ့ ULA/AA တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ မြိုလူမျိုးတွေကို စစ်မှုထမ်းစုဆောင်းခဲ့တုန်းကလည်း အလားတူ တင်းမာမှုမျိုး ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ NDEP အပေါ် ရခိုင်လူထုနဲ့ ဒေသတွင်း လူမျိုးစုအစုံရဲ့ စိုးရိမ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး လိုအပ်တဲ့ ပြဋ္ဌာန်းချက်ဆိုင်ရာ ပြင်ဆင်မှု၊ လုပ်ဆောင်ပုံဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်မှသာ NDEP ကို လူထုက ပိုမိုလက်သင့်ခံလာနိုင်ဖွယ် ရှိပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ပြည်သူကို မျက်နှာမူပြီး ဘက်လိုက်မှုကင်းတဲ့ နည်းစနစ်တစ်ခုနဲ့ NDEP ကို ဝိုင်းဝန်းပြင်ဆင်နိုင်မှသာ လူထု လက်ခံတဲ့ NDEP ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
