ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ

ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။
By  ဟိတေ  | June 3, 2026

အညာရာသီဥတုက မိုးဦးဆိုပေတဲ့ တအားကို ပူပြင်းလှပါတယ်။ ဒါပေမဲ့ အညာမြေက မိဘတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ရင်ထဲက အပူလှိုင်းကတော့ ရာသီဥတုထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေလိမ့်မယ် ထင်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မကြာသေးခင်က ပြန့်လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ရဲ့ ပညာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဖတ်လိုက်ရတော့ သက်ပြင်းချရင်း ညည်းတွားမိပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာတဲ့အထိ မြန်မာ့ပညာရေးလောကဟာ စစ်မြေပြင်တခုလို ဖြစ်နေတုန်းပါပဲ။ အညာက စာသင်ခန်းတွေရဲ့ အခြေအနေကို ကြည့်ရင် စစ်တပ်က လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာတွေ၊ နောက်တဖက်ကလည်း စည်းကမ်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖိအားတွေကြားထဲမှာ ကလေးတွေရဲ့ အနာဂတ်ဟာ ကျပ်ညပ်နေတာကို တွေ့ရမှာပါ။

ပထမဆုံးအနေနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားရမယ့် မူဝါဒတခု ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ “ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေးတရပ်ဖြစ်တယ်၊ အတားအဆီးမရှိသင့်ပါ” ဆိုတဲ့ အချက်ပါပဲ။ ပညာသင်ယူပိုင်ခွင့်ဆိုတာ လူသားတယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေးဖြစ်ပြီး ဘယ်လိုနိုင်ငံရေး၊ စစ်ရေးအကျိုးအမြတ်အတွက်မှ ပေါင်နှံလို့မရ၊ ပိတ်ပင်လို့မရတဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ အညာဒေသမှာ ကလေးတွေ စာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးနေရတာကို ဖြစ်စေတဲ့ အဓိက တရားခံကတော့ စစ်တပ်ရဲ့ ရက်စက်လွန်းတဲ့ ထိုးစစ်တွေပါပဲ။ စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးတာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကလေးတွေခမျာ စာသင်ခုံမှာ အေးအေးလူလူ မထိုင်ရဘဲ မိဘတွေနဲ့အတူ တောထဲတောင်ထဲ ပြေးလွှားပုန်းအောင်းနေရတာ ဒီနေ့အထိပါပဲ။ မြေအောက်ကျောင်းတွေပါ ဆောက်ပြီး စာသင်နေတဲ့အဖြစ်ပါ။ စစ်တပ်က လုပ်နေတဲ့ ဒီလိုထိုးစစ်တွေဟာ ကလေးတွေ စာသင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ပိတ်ဆို့ဖျက်ဆီးပစ်နေတာပါပဲ။

ဒါပေမဲ့ ဒီလို စစ်ဘေးဒဏ်တွေကြားထဲကမှ ကလေးတွေကို စာသင်စေချင်တဲ့ မိဘတွေရဲ့ စိုးရိမ်စိတ်ကို နောက်ထပ် အကျပ်ရိုက်စေတာကတော့ တော်လှန်ရေးဘက်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ ထုတ်ပြန်လိုက်တဲ့ အမိန့်တွေပါပဲ။ “စစ်ကောင်စီကျောင်းတက်တဲ့ ကလေးတွေကို ရွာထဲ ပေးမဝင်ဘူး”၊ “ကျောင်းအပ်ဖို့ ကူညီတဲ့သူတွေကို အရေးယူမယ်” ဆိုတဲ့ အမိန့်တွေက စစ်တပ်ရဲ့ထိုးစစ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ ပညာသင်ခွင့်ကို နောက်ထပ်နည်းလမ်းတခုနဲ့ ပိတ်ဆို့လိုက်ပြန်ပါတယ်။ စစ်တပ်ရဲ့ သေနတ်ဒဏ်ကို ကြောက်လို့ ပြေးနေရတဲ့ ကလေးတွေဟာ အခုတော့ ကိုယ့်လူထုအသိုက်အဝန်းရဲ့ အမိန့်ဒဏ်ကိုပါ ထပ်ပြီး ခံနေရတဲ့ သဘောပါ။

ဒီနေရာမှာ ကျနော်တို့ အလေးအနက် ဆင်ခြင်သုံးသပ်ရမယ့်အချက်က CDM (Civil Disobedience Movement) ရဲ့ သဘောသဘာဝနဲ့ အခုနောက်ပိုင်းဖြစ်လာတဲ့ လူမှုရေးပြဿနာတွေပါပဲ။ စစ်အာဏာသိမ်းစက CDM ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် တုံ့ပြန်ခဲ့ကြတဲ့ မဟာဗျူဟာမြောက် သပိတ်မှောက်လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို အခြေအနေအလျောက် ပညာသားပါပါ နှုတ်ခမ်းမသပ်နိုင်ခဲ့ကြတဲ့အခါ ကြီးမားတဲ့ လူမှုရေးဒဏ်ရာတွေအဖြစ် ပြောင်းလာပါတော့တယ်။ CDM ကို လှုပ်ရှားမှုအရွေ့တခုအနေနဲ့ နှုတ်ခမ်းမသပ်နိုင်ဘဲ သရုပ်လက္ခဏာ (identity) အသွင်ပြောင်းလာတဲ့အခါ ပဋိပက္ခက ပိုဆိုးသွားပါတော့တယ်။

“ငါတို့က CDM” ၊ “သူတို့က Non-CDM” ဆိုပြီး လူ့အသိုက်အဝန်းအတွင်းမှာ မျဉ်းပြိုင်ကြီးတွေ သားလိုက်ကြပါတယ်။ ဒီ identity ပဋိပက္ခဟာ အညာမြေက စာသင်ခန်းတွေအထိပါ ကူးစက်လာပြီး ကလေးငယ်တွေရဲ့ ပညာရေးကို အမုန်းတရားတွေ၊ ခြိမ်းခြောက်မှုတွေကြားထဲ ညပ်စေခဲ့ပါပြီ။ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စာသင်ရခက်ခဲနေတဲ့ ကလေးတွေကို စာနာမှုမပြဘဲ ကလေးတယောက် ကျောင်းတက်ခြင်း၊ မတက်ခြင်းကို နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိ၊ မရှိ တိုင်းတာတဲ့ ကိရိယာလို သတ်မှတ်နေတာဟာ တော်လှန်ရေးအနှစ်သာရကိုပါ ပျက်စီးစေပါတယ်။

ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​



ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။ ပညာသင်ကြားခွင့်ဟာ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရှိရပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေတွေ၊ အမိန့်အာဏာတွေနဲ့ စစ်မက်ပဋိပက္ခတွေကြားထဲမှာ ရုန်းကန်ရှင်သန်နေရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကိုယ့်နိုင်ငံရေးလိုဘအတွက် အပေါင်ခံပစ္စည်းအဖြစ် အသုံးမချဖို့ ဘက်အသီးသီး၊ အဖွဲ့အသီးသီးက သတိပြုရပါလိမ့်မယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles