၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂငယ်ကွေ့ပြန်ကွေ့သွားတဲ့ တိုင်းပြည်ရဲ့ အခြေအနေကြောင့် ပြည်တွင်းနေ လူငယ်လူရွယ်များစွာ ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းစီးပွားရေး ထိခိုက်ပြီး ငွေကြေးတန်ဖိုးကျ၊ ကုန်စျေးနှုန်းတွေ တက်ပြီး မိသားစုတွေ အခက်အခဲ ဖြစ်လာကြတဲ့အခါမှာတော့ သူတို့ တန်ဖိုးထားရတဲ့ သားသမီးလေးတွေကို နိုင်ငံခြားသွားခိုင်းပြီး ပိုက်ဆံရှာဖို့ အခြေအနေ ဖြစ်လာပါတယ်။
၂၀၂၄ ခုနှစ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့အခါမှာတော့ နိုင်ငံခြားမှာ အောက်ကျနောက်ကျနဲ့ အလုပ်လုပ်ရမှာကို မကြည့်ရက်လို့ သားသမီးတွေကို နိုင်ငံခြား မပို့ခဲ့တဲ့ မိဘတွေကအစ နိုင်ငံခြားကို မျက်လုံးစုံမှိတ်ပို့ရတော့တဲ့ အခြေအနေ ဆိုက်ရောက်ကုန်ပါတော့တယ်။ အကျိုးဆက်ကတော့ အရင်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နယ်စပ်ဘက်တွေမှာပဲရှိတဲ့ လူငယ်ရှားပါးတဲ့ကိစ္စက အခုဆို ရန်ကုန်လို မြို့ကြီးတွေမှာတောင် သိသိသာသာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်ပကို ထွက်ခွာလာကြတဲ့ မြန်မာလူငယ်တွေဟာ ရရာအလုပ်ကို လုပ်ကိုင်ပြီး အဆင်ပြေအောင် နေထိုင်ကြရပါတယ်။ ရောက်ရာနိုင်ငံက နိုင်ငံသားတွေ မလုပ်နိုင်တဲ့၊ မလုပ်ချင်တဲ့ Three D အလုပ်တွေကို လုပ်ကြရတယ်။ Dirty (ညစ်ပေ)၊ Dangerous (အန္တရာယ်များ) နဲ့ no Dignity (ဂုဏ်မဲ့) ဆိုတဲ့အလုပ်တွေကို လုပ်ကိုင်ကြရတယ်။ ပညာနဲ့လုပ်ကိုင်ဖို့ အခွင့်အရေးရခဲ့တဲ့သူတွေမှာလည်း သူတို့ရဲ့ဌာနေပြည်သူနဲ့ယှဉ်လိုက်ရင် တဆင့်နိမ့်နေပြီး လူတန်းစေ့ရုံလောက်ပဲ လုပ်ကိုင်ခွင့်ရကြပါတယ်။
စာရေးသူအနေနဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားထဲ ကိုယ်တိုင်နေထိုင်အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ အောက်ခြေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ပိုပြီးသိမြင်ခံစား၊ လက်တွေ့ထိတွေ့ခွင့် ရခဲ့ပါတယ်။ တချို့အလုပ်သမားတွေဆိုရင် တနေ့ လုပ်ခလစာ ဘတ်သုံးရာ ရတယ်ဆိုရင် ဘတ်တရာကို အိမ်စရိတ်၊ နောက်ဘတ်တရာကို ရေမီးဖိုးဖယ်ရတယ်။ ကျန်တဲ့ထဲက ဘတ်ငါးဆယ်လောက်က မြန်မာပြည်က မိသားစုကို ပို့ဖို့ဖြစ်စေ၊ စာရွက်စာတမ်းလိုအပ်ချက်ကို ဖြေရှင်းဖို့အတွက်ဖြစ်စေ (ပွဲစားကြေး) စုရတယ်။ နောက်ဆုံး ဘတ်ငါးဆယ်လောက်ပဲ သူတို့အတွက် တနေ့တာအသုံးစရိတ် ရပါတယ်။ တချို့ရက်တွေ နေ့စားအလုပ် မရှိရင် အတော်ခက်ခဲကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ တရက် ဘတ်သုံးရာလောက် အခြေခံလစာ ရဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာတော့ သူတို့တွေ ကြိတ်မှိတ်သည်းခံပြီး လုပ်ကြရတယ်။ ပတ်စပို့သက်တမ်းတိုး၊ ဟိုစာရွက်သည်စာရွက်ဖိုးဆိုရင် သူတို့ရဲ့ စုဆောင်းငွေလေးတွေ ကုန်တော့တာပါပဲ။ ထိုင်းကနေ စာရေးသူ နောက်ဆုံးထွက်လာတဲ့အချိန်အထိ ပွဲစားနဲ့ ပတ်စပို့သက်တမ်းတိုးမယ်ဆိုရင် အနည်းဆုံး ဘတ်ခြောက်ထောင်ကနေ စပါတယ် (ပွဲစားနဲ့တိုးမှပဲ အဆင်ပြေချောမွေ့ပါတယ်)။ ဒီအထဲမှာ ၂၀၂၄ ခုနှစ်က အသစ်ထွက်လာတဲ့ အခွန်ကြေး၊ ပတ်စပို့စာအုပ်ဖိုးနဲ့ အခြားစာရွက်စာတမ်းကြေးတွေ မပါသေးဘူး။ ခရီးစရိတ်ပါအပါဆိုရင် အနည်းဆုံးတော့ ဘတ်တသောင်းလောက် သူတို့မှာ ကုန်ကျစရိတ် ရှိပါတယ်။ ဒါတွေက စာရေးသူ နီးစပ်ခဲ့တဲ့ ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကြောင်းပဲ ရှိပါသေးတယ်။ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့သူတွေမှာလည်း သူတို့ရဲ့ အခက်အခဲနဲ့ သူတို့ ရှိကြမှာ အမှန်ပါပဲ။
မြန်မာနိုင်ငံသားဆိုတာ တခြားတနေရာမှာ အခြေချဖို့ ခဲခဲယဉ်းယဉ်း စဉ်းစားတတ်တဲ့ နိုင်ငံသားပါ။ မတတ်သာလို့ တခြားပြည်ပနိုင်ငံတခုခုကို ထွက်သွားခဲ့ရရင်လည်း တချိန်မှာ ပြန်လာပြီး ကိုယ့်မွေးရပ်မြေမှာပဲ ခေါင်းချဖို့ တွေးတတ်ကြတဲ့ နိုင်ငံသားပါ။ ဒါကြောင့်လည်း အချိန်ရရင်ရသလို၊ အခွင့်အရေးရှိရင်ရှိသလို ကိုယ့်နိုင်ငံကို ခဏဖြစ်ဖြစ် ပြန်ဖို့ကြိုးစားကြတဲ့သူတွေပါ။ လက်ရှိတိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့သူတွေကို အပြည့်အ၀ မကြိုက်သော်လည်း ကိုယ့်မိသားစုဆီ ခဏပြန်နိုင်ဖို့အတွက် အခွန်ဆောင်ဆိုလည်း ဆောင်ကြတာပါပဲ။ ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေ ပြောဖူးတာ ရှိပါတယ်။ “ဆရာရယ် စစ်အုပ်စုကို မကြိုက်ပေမဲ့လည်း ကိုယ့်မိသားစုဆီ ပြန်နိုင်ဖို့ အခွန်ပေးရမယ်ဆိုရင်လည်း ပေးရမှာပေါ့။ မိသားစုနဲ့ အကြာကြီးခွဲနေရပြီးတော့မှ ခဏတွေ့ရမှာလေ တန်ပါတယ်။ ဒါပေမဲ့ အခွန်ပေးရတာနဲ့တန်အောင် စိတ်ချမ်းသာမှုတော့ ရချင်တယ်။ ကျနော်တို့၊ ကျမတို့ သူများနိုင်ငံမှာ အခက်အခဲဖြစ်ရင် ကိုယ့်နိုင်ငံသံရုံးက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီတာမျိုး လိုချင်တယ်။ အခုက အဲဒီလိုအခြေအနေ မရှိဘဲ ကိုယ့်ပိုက်ဆံကို အလကားပေးလိုက်ရသလို ဖြစ်နေတာတော့ ဒီခေတ်ကြီးမှာ တကယ့်ကို စိတ်ထဲ အဆင်မပြေဘူး” ဆိုပြီး ကျနော့်ရဲ့ သုတေသနအတွက် မေးမြန်းမှုမှာ သူတို့ ဖြေပေးခဲ့ဖူးတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေထဲက တယောက်ဖြစ်တဲ့ မိမိအတွက်လည်း ခံစားချက်က ထပ်တူကျပါတယ်။
Bloomberg က ဖော်ပြတဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွေကနေတဆင့် ပြည်တွင်းကို မဖြစ်မနေ ပြန်ပို့ရမယ်ဆိုတဲ့ ညွှန်ကြားချက် ထုတ်ပြီးနောက်ပိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြည်တွင်းကို ပြန်ပို့တဲ့ငွေဟာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို ပြည်ပကနေ စီးဝင်ငွေစုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းရှိတယ်လို့လည်း မှတ်သားရပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့ တရားဝင်ငွေလဲနှုန်းနဲ့ပဲ တွက်ချက်ထားတာဖြစ်ပါတယ်။ ဒီလိုဆိုရင် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာယူပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ဝက်လောက်အထိ နိုင်ငံခြားအရန်ငွေ နည်းပါးသွားခဲ့တဲ့ စစ်အုပ်စုအနေနဲ့ အများကြီး အသက်ရှူချောင်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုကယ်တင်ပေးခဲ့တဲ့ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို (ကိုယ့်နိုင်ငံကို ပြန်ချင်စိတ်ကုန်တဲ့အထိဖြစ်အောင်၊ တည်ဆဲအစိုးရကို ပိုမုန်းအောင်) ပြည်တွင်းက မိမိတို့ရဲ့ မိသားစုတွေဆီ ပြန်တဲ့အခါမှာ ဘာလို့များ တင်းကျပ်မှုတွေကို လုပ်နေရသလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူကြည်ဖြူလို့ ခွင့်ယူပြီး ပြန်လာတဲ့သူတွေကို ဘာလို့များ ပြန်လာရတာလဲဆိုပြီး လေဆိပ်မှာတင် အကြောင်းအမျိုးမျိုးပြ စိတ်ဒုက္ခပေးတဲ့ အခြေအနေမျိုးတွေ ဖန်တီးနေရတာပါလဲဆိုတာ အတော်တွေးစရာ ဖြစ်ပါတယ်။ ခွင့်မပြည့်သေးဘဲပြန်တာ၊ ခွင့်ကျော်ပြီးမှ ပြန်တာတွေက အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာပဲ ရှင်းရမယ့် ပြသနာတွေပါ။ ဒီထက်ပိုပြီး အံ့ဩမိတာက အလုပ်ရှင်ကို ဖုန်းဆက်ပြီး မေးတဲ့အထိ မြန်မာအလုပ်သမားဝန်ကြီးဌာနက စွက်ဖက်တာက အတော့်ကို ရယ်စရာကောင်းတယ်လို့ ပြောရမှာပါပဲ။ အောက်ခြေစက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့ မြန်မာအလုပ်သမားတယောက်အဖြစ် မှန်ကန်မှုရှိ၊ မရှိကို ဘယ်စက်ရုံပိုင်ရှင်ကမှ ဖုန်းလက်ခံဖြေကြားမှာ မဟုတ်ပါဘူး။ မန်နေဂျာအဆင့်တောင် ဖြေမယ်ဆိုတာ အတော်ခဲယဉ်းတဲ့ အခြေအနေပါ။ တဖက်က ဘယ်သူမှန်းမသိတဲ့သူကို အလုပ်သမားရဲ့ အချက်အလက်တွေပေးဖို့ဆိုတာ အတော့်ကို မဖြစ်နိုင်တဲ့ အခြေအနေပါ။ ပိုဆိုးတာက ကျားဖြန့်နဲ့ကျော်ကြားနေတဲ့နိုင်ငံရဲ့ သံရုံးအရာရှိက သာမန်အလုပ်သမားတယောက်ရဲ့ အချက်အလက်အတွက် ဖုန်းဆက်ပါတယ်လို့ ပြောတာဟာ ဖုန်းကိုင်ဖြေဆိုမယ့် နိုင်ငံခြားသားတယောက်အတွက် အတော့်ကို သံသယဖြစ်စရာကောင်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
လက်ရှိတိုင်းပြည်အာဏာကို ယူထားတဲ့သူတွေကို လူထုက မချစ်မနှစ်သက်ကြတဲ့ အနေအထားမှာ အထက်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ မူဝါဒတွေဟာ အမုန်းတရား ပိုများလာအောင် တမင်အငြိုးနဲ့လုပ်နေသလားတောင် ထင်မြင်မိပါတယ်။ တဖက် စင်ပြိုင်အစိုးရဖွဲ့ထားတဲ့ဖက်ကလည်း ထိထိရောက်ရောက် ဘာမှကူညီလုပ်ကိုင်မပေးနိုင်တဲ့အခါမှာ ကြားထဲက မတတ်သာလို့ ပြည်ပမှာ ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြရတဲ့ ပြည်သူတွေခမျာ ကြားထဲက မြေစာပင် ဖြစ်ရတာပါပဲ။ လေဆိပ်ဆိုက်အရောက်မှာ ဌာနပေါင်းစုံက ဝန်ထမ်းပေါင်းစုံရဲ့ ပုံစံမျိုးစုံနဲ့ လာဘ်ပေးလာဘ်ယူပဲပြောပြော၊ ပေါ်တင်တောင်းတာပဲပြောပြော၊ မူဝါဒအရ တောင်းရပါတယ်ပဲပြောပြော၊ အထူးလမ်းကြောင်းနဲ့ ဖန်တီးပြီး ဆားဗစ်ပေးလို့ရပါတယ်ပဲပြောပြော သူတို့မှာလည်း ယနေ့ခေတ် ကုန်စျေးနှုန်းအနေအထားနဲ့ သူတို့ရတဲ့လစာကြောင့် သူတို့အခက်အခဲနဲ့သူတို့ ရှိမှာပဲ။ နည်းနည်းလုပ်ကြည့်ရာကနေ မျိုးမျိုးမြတ်မြတ် ရလာတဲ့အခါ ကုန်စျေးနှုန်းပျက်ခေတ်ဆိုးကြီးထဲမှာ ရသလောက်ရှာထားတာလည်း မမှားဘူးဆိုတဲ့ အတွေးတွေနဲ့ တွန်းလုပ်နေကြတာလည်း ဖြစ်နိုင်တာပါပဲ။
လာဘ်ပေးလာဘ်ယူမှုရဲ့ ငွေကြေးစီးဆင်းမှုကလည်း အပြောခံအဆိုခံ ပိုက်ဆံတောင်းရတဲ့ အောက်ခြေဝန်ထမ်းမှာပဲ ပြီးဆုံးသွားပုံတော့ မပေါက်ပါဘူး။ တရားဝင်ယူနီဖောင်းဝတ်နဲ့ ကျားဖြန့်နည်းတမျိုးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ နောက်ဆုံးတော့ အားလုံးက မုန့်လုံးကို စက္ကူကပ်နေတဲ့ မူဝါဒတွေနဲ့ ဗျူရိုကရက်စနစ်ရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာပါပဲ။ တချိန်မှာတော့ အပြောမဟုတ်ဘဲ လက်တွေ့အထိ ပြည်သူတွေအတွက် စဉ်းစားတဲ့ မူဝါဒတွေ နှစ်ဖက်စလုံးမှာ ရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တည်ဆဲအစိုးရအဖြစ် ဘယ်သူပဲအုပ်ချုပ်နေပါစေ ပြည်တွင်းမှာ စားဝတ်နေရေးအဆင်ပြေစေမယ့် မူဝါဒတွေ ရှိနေခဲ့ရင် မြန်မာပြည် မပြန်ကြနဲ့လို့ တားရင်တောင် ရမယ် မထင်ပါဘူး။ ပြည်ပက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအကုန် ပြန်လာကြမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံသားဆိုတာ စိတ်ဆိုးတုန်းသာ ခဏ စိတ်ကွက်တတ်ပေမဲ့ အချိန်တန်ရင် ကိုယ့်နိုင်ငံပဲ ကိုယ်ပြန်ခေါင်းချချင်တဲ့ လူမျိုးမို့လို့ပါပဲ။
