ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ရှမ်းမြောက်ချိန်ခွင်လျှာနှင့် နေပြည်တော်ခြေလှမ်း

ဦးမင်းအောင်လှိုင် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ TNLA နဲ့ MNDAA တို့ ပါဝင်စီးမျောမှာလားဆိုတာဟာ ဦးမင်းအောင်လှိုင်က ဒီတပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့ အာဏာစက်ကို ဘယ်လောက်အတိုင်းအတာအထိ တရားဝင်အသိအမှတ်ပြုနိုင်လဲ ဆိုတဲ့အပေါ်မှာ အဓိကမှီတည်နေသလို ဖြစ်နေပါပြီ။
By  ထက်ရှိန်လင်း  | June 19, 2026

စစ်တပ်ကို သမိုင်းတွင်လောက်အောင် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့ ရှမ်းမြောက်စစ်မျက်နှာမှာ အခုတော့ သေနတ်သံတွေ တိတ်သွားပါပြီ။ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ ဝတပ် (UWSA) က ရှမ်းမြောက်နယ်မြေတွေကို အဓိကစိုးမိုးထားပြီး ကချင်တပ် (KIA) က နမ့်ဖတ်ကာတကြောကို စိုးမိုးထားပါတယ်။ သေနတ်သံတွေ မရှိတော့တဲ့နောက်မှာတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်စီမံကိန်းတွေ ပြန်စဖို့ အစရှိတဲ့ နယ်မြေနဲ့ အကျိုးစီးပွား ခွဲဝေရေးအသံတွေ ပိုထွက်ပေါ်လာပါတယ်။ တဆက်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ နှစ်ဖက်အပစ်ရပ် (bilateral ceasefire) သဘောတူထားတဲ့တပ်တွေက မြန်မာစစ်တပ် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာရော ပါဝင်လာဦးမှာလားဆိုတဲ့ မေးခွန်းကို မေးကြည့်ဖို့ လိုအပ်လာပါတယ်။ ဦးမင်းအောင်လှိုင်ကလည်း သမ္မတရာထူး ယူပြီးကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်စဉ်ကို ဆက်အကောင်အထည်ဖော်မယ့်အကြောင်း သူ့မိန့်ခွန်းတွေမှာ သုံးခါထက်မနည်း ပြောခဲ့ပြီးပါပြီ။

စစ်ဆင်ရေး ၁၀၂၇ ကို ဦးဆောင်ခဲ့ပြီး အခုတော့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားပြီး ရှမ်းမြောက်မှာ အခြေစိုက်တဲ့ TNLA ရော MNDAA ရောဟာ NCA လို နိုင်ငံလုံးဆိုင်ရာအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် တခုခုမှာ အပြည့်အဝ ပါဝင်ခဲ့ဖူးတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ အရင်နဲ့ အခုကလည်း အခြေအနေတွေ မတူတော့ပါဘူး။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အာဏာသိမ်းမှုမတိုင်ခင် ဖုန်မိသားစု ဦးဆောင်ထားတဲ့ MNDAA ဟာ ကိုးကန့်နယ်ထဲမှာ တောင်ကုန်းတောင်တန်းအချို့မှာပဲ စစ်ရေးလှုပ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ NCA လက်မှတ်ရေးထိုးခဲ့ရင် သူ့ပြိုင်ဘက် ကိုးကန့်ပလ္လင်ပေါ်က ပယ်မိသားစုရဲ့ အုပ်စိုးမှုကို တရားဝင်အသိအမှတ်ပြုပေးရာရောက်ပြီး အင်အားနည်းတဲ့အဖွဲ့အဖြစ်နဲ့ စားပွဲဝိုင်းမှာ ဈေးဆစ်နိုင်စွမ်းလည်း ရှိမှာမဟုတ်ပါဘူး။ အခုတော့ ရန်သူ ပယ်မိသားစုလည်း စစ်ရှုံးတဲ့အပြင် အမြစ်ပြတ်သလောက် ဖြစ်ခဲ့ပါပြီ။ MNDAA ဟာ အရင်က ကိုးကန့်အထူးဒေသ-၁ ထက် ကျော်လွန်တဲ့ နယ်မြေတွေကို စိုးမိုးထားပါပြီ။ လားရှိုးမြို့နယ်ထဲက ကျေးရွာတွေအပြင် လားရှိုးမြို့အထွက် အီနိုင်းတံတားက စပြီး လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကိုလည်း ထိန်းချုပ်ထားပါပြီ။ ၂၀၂၄ ဧပြီလထဲ လားရှိုးမြို့ကို မြန််မာစစ်တပ်ဆီ ပြန်ပေးပြီး အပစ်ရပ်လိုက်ချိန်ကစလို့ MNDAA ဟာ တရုတ်နဲ့ ပတ်သက်ရင် အပြောင်းအလဲမများတဲ့၊ ယုံကြည်လို့ရတဲ့ (predictable and reliable) ဇာတ်ကောင်အဖြစ် သူ့ကိုယ်သူ ပုံဖော်ထားနိုင်ပါတယ်။

TNLA ဟာလည်း အာဏာသိမ်းမှု မတိုင်ခင်ကတော့ ထိန်းချုပ်နယ်မြေ ခိုင်ခိုင်မာမာ မရှိခဲ့ဘဲ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ ကျောက်မဲစတဲ့ ရှမ်းမြောက်တခွင်မှာ (တခါတရံ SSPP နဲ့အတူ) စစ်ရေးလှုပ်ရှားနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကသာ NCA လက်မှတ်ရေးထိုးခဲ့ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်နေတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အာဏာကို တရားဝင် အသိအမှတ်ပြုပေးရာရောက်ပြီး MNDAA လိုပဲ နိုင်ငံရေးဈေးဆစ်နိုင်စွမ်း အားနည်းနေခဲ့မှာပါ။ ခုတော့ TNLA ဟာ နောင်ချို၊ ကျောက်မဲစတဲ့ မြို့အချို့ကို မြန်မာစစ်တပ်နဲ့ အပစ်ရပ်စဉ်က လက်လွှတ်ခဲ့ရပြီး ကွတ်ခိုင်ကို MNDAA ဆီ ပေးခဲ့ရတယ်ဆိုပေမဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုလုံးကို ပြိုင်ဘက်မရှိ ထိန်းချုပ်ထားနိုင်ပါသေးတယ်။

ဒါ့အပြင် အတိတ်တုန်းက NCA ဖြစ်စဉ်ထဲ ဒီနှစ်ဖွဲ့ မပါဝင်ခဲ့တာကလည်း သူတို့ရဲ့ တွက်ချက်မှု သက်သက်ကြောင့်တင်မဟုတ်ဘဲ မြန်မာစစ်တပ်ကိုယ်တိုင်ကလည်း လက်မခံခဲ့လို့ပါ။ ညီနောင်မဟာမိတ်သုံးဖွဲ့က NCA မှာ ပါဝင်ဖို့ကြိုးစားခဲ့ပေမဲ့ “ထိန်းချုပ်နယ်မြေ၊ လူအင်အားနဲ့ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုထားတာမရှိဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က ဒီတပ်ဖွဲ့တွေကို ချန်လှပ်ခဲ့ပါတယ်။ အခုတော့ အဲဒီသုံးခုလုံး MNDAA နဲ့ TNLA ဆီမှာ ရှိနေပါပြီ။ ဒီအချက်တွေကို ကြည့်ရင် ဒီတပ်ဖွဲ့နှစ်ဖွဲ့ NCA ဖြစ်စဉ်ထဲပါဖို့ အတွက်အချက်မှာ ချိန်ခွင်လျှာပြောင်းလာပြီလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ လောလောဆယ် အပစ်ရပ်ထားလည်း ဒီတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြားထဲ မကျေလည်သေးတဲ့ အဓိကကိစ္စတွေ ကျန်နေပါသေးတယ်။ MNDAA ဟာ ကိုးကန့်ဒေသအပြင် သူ စိုးမိုးထားတဲ့ နယ်မြေအားလုံးကို အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်နေပါတယ်။ TNLA ကလည်း သူ့နယ်မြေမှာ တအာင်းပြည်ကောင်စီထူထောင်ပြီး အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။ ဒါပေမဲ့ ဒီနယ်မြေစိုးမိုးမှုတွေနဲ့ အာဏာစက်တွေကို မြန်မာစစ်တပ်နဲ့ ဒီတပ်ဖွဲ့တွေအကြား ဆွေးနွေးသဘောတူပြီး အပြန်အလှန် အသိအမှတ်ပြုထားတာမျိုး မရှိသေးပါဘူး။ ဒါတွေမရဘဲနဲ့တော့ ဦးမင်းအောင်လှိုင်အစိုးရက ကမကထ လုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်ရင် ဒီတပ်ဖွဲ့တွေအတွက် အကျိုးကျေးဇူးနည်းနိုင်ပါတယ်။ ဒီသဘောတူညီချက်တွေက စီးပွားရေးအရ အကျိုးအမြတ်ခွဲဝေရေးကိုလည်း သက်ရောက်ပါတယ်။ 

အတိတ်က NCA ဖြစ်စဉ်မှာတော့ NCA လက်မှတ်ထိုးတဲ့ အဆင့်မရောက်ခင် အစိုးရနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့တွေအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်တွေ အရင်ချုပ်ဆိုကြပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက ဒီအဆင့်တွေမှာ နယ်မြေနဲ့ အာဏာစက်ကိစ္စကို သဘောတူညီချက်ရအောင် MNDAA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းကောင်းညှိနှိုင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးမင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို အာဏာဖြန့်ကြက်တည်မြဲရေးအတွက် လက်နက် (instrumental tool) သက်သက်အနေနဲ့ မဟုတ်ဘဲ တသဝေမတိမ်းလိုက်နာရမယ့် ကျမ်းစာ (doctrine) တခုလိုမျိုး အသွေးအသားထဲကနေ ယုံနေတာဆိုရင်တော့ ဒီလိုသဘောတူညီချက်ရဖို့ ခက်ပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနယ်နိမိတ်ထဲက သူ့အကျိုးစီးပွားတွေရဲ့ လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ မြန်မာ့အရေးမှာ သူ့လက်တံ ဆန့်ထုတ်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုခုကို NLD အစိုးရလက်ထက်တုန်းက ထောက်ခံအားပေးခဲ့သလိုပဲ အခုလည်း ဆက်ထောက်ခံနေလိမ့်မယ်လို့ သုံးသပ်နိုင်ပါတယ်။

MNDAA ရော TNLA ရော ပါဝင်ပြီး NCA မထိုးထားတဲ့ လက်နက်ကိုင်တပ်တွေ စုဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ ကဏ္ဍလည်း ကျန်ပါသေးတယ်။ FPNCC ဟာ မဟာမိတ်စုဖွဲ့မှု ဆိုပေမဲ့ စစ်ရေးနဲ့ အကျိုးစီးပွားခွဲဝေရေး ကတိကဝတ်တွေ အချင်းချင်းအကြား မရှိကြပါဘူး။ ညီနောင်မဟာမိတ်သုံးဖွဲ့ စုဖွဲ့မှုမှာဆိုရင် MNDAA က ကွတ်ခိုင်ကို ဝင်မတိုက်ခင်အထိ သုံးဖွဲ့အတူ စစ်ရေးလှုပ်ရှားခဲ့ကြတာတွေ ရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်တလျှောက် အခွန်ဂိတ်တွေ ပေါင်းထိုင်ပြီး အကျိုးအမြတ်ခွဲဝေယူကြတာ ရှိခဲ့ပါတယ်။ FPNCC မှာတော့ တဖွဲ့ အတိုက်ခံရရင် FPNCC အဖွဲ့ဝင်အားလုံး ဝိုင်းတိုက်တဲ့ နမူနာမျိုး၊ အဲဒီလိုတိုက်ရမယ်ဆိုတဲ့ ကတိကဝတ်မျိုး မရှိပါဘူး။ တပ်ဖွဲ့ချင်းကတိကဝတ်ပြုတဲ့ စီးပွားရေးပေါင်းစည်းမှုလည်း မရှိပါဘူး။ FPNCC ဟာ NLD အစိုးရလက်ထက် ၂၁ ရာစုပင်လုံလို နိုင်ငံလုံးဆိုင်ရာအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မပါဝင်သူတွေရဲ့ နိုင်ငံရေးတန်ပြန်ရေးစုဖွဲ့မှုသာ ဖြစ်ပါတယ်။ အချိန်ကာလတခု အခြေအနေတခုမှာ ကြုံရတဲ့ ဘုံခြိမ်းခြောက်မှု (common threat) တခုကို တဖွဲ့ချင်း ရင်ဆိုင်ရင် ပိုအထိနာနိုင်လို့ ပူးပေါင်းရင်ဆိုင်ဖို့ စုဖွဲ့ထားတဲ့ မဟာမိတ်အစုအဖွဲ့ပါ။ ဒီဘုံခြိမ်းခြောက်မှုရဲ့ သဘောသဘာဝ ပြောင်းလဲလာရင် ဒီစုဖွဲ့မှုရဲ့ သဘောသဘာဝကလည်း ကိန်းသေအဖြစ် မကျန်ခဲ့နိုင်ပါဘူး။

အချုပ်ဆိုရရင်တော့ ရှမ်းမြောက်က MNDAA နဲ့ TNLA တို့အတွက် NCA ဖြစ်စဉ်မှာ ပါဝင်ဖို့ အတားအဆီးတွေဟာ ခုချိန်မှာ တစတစ ပိုပြီး မှိန်ဖျော့လာခဲ့ပါပြီ။ လူအင်အား၊ လက်နက်အင်အား စုဆောင်းမိလာပြီး သက်ဆိုင်ရာနယ်မြေတွေမှာ ပြိုင်ဘက်ကင်း ထိန်းချုပ်ထားနိုင်သလို မြန်မာစစ်တပ်နဲ့လည်း နှစ်ဖက်သဘောတူ အပစ်ရပ်ထားပြီးပါပြီ။ FPNCC အစုအဖွဲ့ဟာလည်း ရင်ဆိုင်ရမယ့် ဘုံခြိမ်းခြောက်မှု ပုံစံပြောင်းလာတာနဲ့အမျှ လိုက်ပါပြောင်းလဲနိုင်ခြေ ရှိနေပါတယ်။ NCA ကို အခြေခံတာပဲဖြစ်ဖြစ်၊ အခြားနည်းနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံလုံးဆိုင်ရာအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုခုကိုလည်း ရှမ်းမြောက်လက်နက်ကိုင်တွေအပေါ် ဩဇာညောင်းတဲ့ တရုတ်နိုင်ငံက ဆက်ထောက်ခံဖွယ် ရှိပါတယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ TNLA နဲ့ MNDAA တို့ ပါဝင်စီးမျောမှာလားဆိုတာဟာ ဦးမင်းအောင်လှိုင်က ဒီတပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့ အာဏာစက်ကို ဘယ်လောက်အတိုင်းအတာအထိ တရားဝင်အသိအမှတ်ပြုနိုင်လဲ ဆိုတဲ့အပေါ်မှာ အဓိကမှီတည်နေသလို ဖြစ်နေပါပြီ။ မကြာခင်မှာ ‘တိုင်းရင်းသားညီအစ်ကိုများက နိုင်ငံတော်အစိုးရ၏ စေတနာကို နားလည်သဘောပေါက် လက်ခံလာ’ ဆိုတာမျိုး မြန်မာ့အသံကနေ ကျနော်တို့ ကြားကောင်းကြားရနိုင်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles