ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့မှာ ‘ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့’ (World Environment Day) ကျရောက်ခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ ‘Inspired by Nature. For Climate. For Our Future.’ ဖြစ်ပါတယ်။ အနာဂတ်နဲ့ ဥတုရာသီအတွက် သဘာဝတရားကို ရှေ့တန်းတင်ကြစို့လို့ မြန်မာပြန်နိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ‘A Global Call For Climate Action’ ကို အခြေခံပြီး ‘ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့’ လို့ သုံးထားပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကို ကြည့်ရင် အရေးကြီးတဲ့ အပိုင်းသုံးပိုင်းကို တွေ့ရမှာပါ။
သဘာဝတရားကို ရှေ့တန်းတင်ခြင်း (Inspired by Nature) ဆိုတာကတော့ ရာသီဥတုပြောင်းလဲမှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းပညာတွေချည်းပဲ အားကိုးလို့မရဘဲ တောတောင်ရေမြေ သဘာဝတရားရဲ့ စွမ်းအားကို ရှေ့တန်းတင် အဖြေရှာရမယ်ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ သဘာဝအခြေခံနည်းလမ်းများ (Nature-based Solutions – NbS) ဆိုတာပါ။ သစ်တောတွေ ပြန်လည်ပျိုးထောင်တာ၊ ရေဝေရေလဲဒေသတွေကို ထိန်းသိမ်းတာတွေဟာ ရာသီဥတုအကျပ်အတည်းကို လျှော့ချဖို့ အထိရောက်ဆုံးနဲ့ အရေးတကြီး လိုအပ်နေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေရဲ့ အနာဂတ် (For Our Future) ဆိုတဲ့အပိုင်းကတော့ ရာသီဥတုပြောင်းလဲမှုဟာ အနာဂတ်အရေး မဟုတ်တော့ဘဲ ကျနော်တို့နဲ့ နောက်မျိုးဆက်တွေအတွက် မျက်မှောက်ခေတ် ‘အရေးပေါ် အခြေအနေ’ (Climate Emergency) ဖြစ်နေပြီဆိုတာကို သတိပေးချင်တာ ဖြစ်ပါတယ်။
တကယ်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးဆိုတဲ့ ခေတ်ပေါ်အယူအဆတွေဟာ မြန်မာ့ဓလေ့စရိုက်တွေနဲ့ လုံးဝမစိမ်းခဲ့ပါဘူး။ ကျနော်တို့ ငယ်စဉ်ကတည်းက အိမ်တိုင်းမှာ လက်တွေ့ကျင့်သုံးခဲ့ကြတာပါ။ ရေနွေးဓာတ်ဘူးခွံတွေ မလွှင့်ပစ်ဘဲ အတွင်းက ဓာတ်သားကို လဲပြီး ပြန်သုံးကြတာ၊ မီးခြစ်တွေကို ဂတ်စ်ပြန်ဖြည့်၊ ကျောက်လဲပြီး ပြင်သုံးကြတာ၊ ဖိနပ်သဲကြိုး လဲသုံးတာ၊ အရိုးကျိုးသွားတဲ့ ထီးတွေကို ထီးပြင်သမားဆီပို့ပြီး သက်တမ်းတိုးကြတာတွေဟာ ပြယုဂ်တွေပါပဲ။ ဒီလိုပဲ သက်တမ်းရင့် သစ်ပင်ကြီးတွေကို ‘သင်္ကန်းပတ်’ ပေးပြီး ကာကွယ်တာ၊ ကျေးရွာပိုင်နတ်စင်တော၊ ဘိုးဘွားပိုင်တောတွေ သတ်မှတ်ပြီး သစ်ပင်မခုတ်ရ ဓလေ့တွေနဲ့ ထိန်းသိမ်းခဲ့ကြတာဟာ ဒေသအလိုက် ဌာနေတိုင်းရင်းသားတွေရဲ့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ‘သဘာဝထိန်းသိမ်းရေးဓလေ့’ တွေ ဖြစ်ပါတယ်။ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ သဘာဝကို မပျက်စီးစေဘဲ မြေဆီလွှာ ပြန်ပြည့်ဝအောင် မြေလှပ်ထားတဲ့ စနစ်တွေကနေ သဘာဝနဲ့ ဘယ်လိုယှဉ်တွဲနေထိုင်ရမလဲ ဆိုတာကို ဘိုးဘွားတွေက သင်ကြားပေးခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပြီး ကျနော်တို့လူမျိုးစုတွေရဲ့ မတူကွဲပြားတဲ့ ဇာတိသရုပ်သကန်တွေကို ဒီတောတောင်ရေမြေတွေနဲ့ပဲ ချည်နှောင်တည်ဆောက်ထားကြတာပါ။ ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ ဖြစ်တည်မှု သရုပ်သကန် ဖြစ်ပါတယ်။ ထင်ရှူးပင်တွေနဲ့ ချယ်ရီပန်းတွေဟာ ရှမ်းကုန်းပြင်မြင့်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ တောင်ဇလပ်ပန်းတွေဟာ ချင်းတောင်တန်းရဲ့မာန်ကို ဖော်ဆောင်နေသလို ကချင်ပြည်နယ်ရဲ့ နှင်းဖုံးတောင်တန်းတွေဟာလည်း အေးချမ်းခြင်းရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်။ ဒီတောတောင်ရေမြေတွေ မရှိတော့ရင် ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လူမျိုးစုသရုပ်သကန်တွေပါ အလိုလို ပျောက်ကွယ်သွားရမှာ ဖြစ်ပါတယ်။ တကယ်တော့ လူမျိုးမပျောက်ချင်ရင် တောတောင်ရေမြေကိုလည်း ထိန်းသိမ်းရမယ်လို့ ဆိုရမလားပဲ။
ဒါပေမဲ့ လက်ရှိမှာ ကျနော်တို့နိုင်ငံရဲ့ တောတောင်ရေမြေတွေဟာ အဆိုးဝါးဆုံး ခြိမ်းခြောက်ဖျက်ဆီးတာကို ခံနေရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်းမှာ မြန်မာ့ပတ်ဝန်းကျင်ဟာ ဒဏ်ရာဗရပွနဲ့ သွေးချင်းချင်းနီလို့ နေပါတယ်။ သစ်တောဟက်တာပေါင်းများစွာဟာ အထိန်းအကွပ်မဲ့ တရားမဝင် ခုတ်လှဲခံနေရပါတယ်။ အလားတူပဲ မြစ်တွေ၊ ချောင်းတွေမှာ ရွှေကျင်၊ သတ္တုတူးဖော်တဲ့အတွက် မြစ်ကြောင်းတွေဟာ ကောလာပြီး ရေထုညစ်ညမ်းမှုက အမြင့်ဆုံးကို ရောက်ရှိလာပါတယ်။ ရှားပါးဒြပ်စင်တွေ တူးဖော်တဲ့နောက်ဆက်တွဲအဖြစ် သဘာဝပတ်ဝန်းကျင် တစစီပျက်စီးပြီး သောက်သုံးရေပါ အဆိပ်သင့်တဲ့အထိ ဖြစ်နေပါတယ်။ အခြားတဖက်မှာ မိုးခေါင်ရေကြီးတဲ့ဒဏ်ခံရတာ၊ အပူလှိုင်းဒဏ်ခံရတာ၊ ရေရှားပါးမှု ကြုံရတာက နှစ်စဉ်လိုလိုပါပဲ။
ဒီအခြေအနေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းကို ပြောကြဖို့ လိုအပ်သလို အယူအဆနှစ်ခုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။ ပထမတချက်က ကျနော်တို့ဟာ သဘာဝတရားကို အနိုင်ယူစိုးမိုးရမယ့် ‘အရှင်သခင်’တွေ မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်က သဘာဝတရားရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သဘာဝတရားရှိမှ ကျနော်တို့လည်း ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပြီး သဘာဝနဲ့ လူသားဟာ အပြန်အလှန် အမှီသဟဲပြုနေကြတာကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ဖို့ လိုပါတယ်။ ဒါကတော့ တကမ္ဘာလုံး တိုက်တွန်းကြတဲ့ အယူအဆပါ။ ဒုတိယအချက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ သစ်ပင်စိုက်ရုံ၊ ပလတ်စတစ်ကောက်ရုံတင် မဟုတ်ပါဘူး။ နိုင်ငံရေးစနစ်၊ စီမံအုပ်ချုပ်မှုစနစ် မကောင်းရင် သစ်ပင်စိုက်၊ အမှိုက်ကောက်တာက ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာပါ။ ဘယ်လောက်ပဲ သယံဇာတ ပေါကြွယ်ဝပါစေ ‘သယံဇာတကျိန်စာ’၊ ‘သယံဇာတကပ်ဘေး’ ကြုံရတာများပါတယ်။ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးထိန်းသိမ်းဖို့ ကျနော်တို့ကို သင်ကြားပေးခဲ့ပေမဲ့ နိုင်ငံရေးမှာ ပတ်ဝန်းကျင်အကြောင်း ထည့်ပြောကြဖို့ မသင်ခဲ့ရပါဘူး။ ဒါကြောင့် ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကစပြီး ကျနော်တို့ရဲ့ တောတောင်ရေမြေတွေအတွက်၊ မျိုးဆက်သစ်တွေအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စဉ်းစားတွက်ချက်တဲ့အခါ နိုင်ငံရေးကို ပြန်ခေါ်လာဖို့လိုကြောင်း ပြောလိုပါတယ်။
