လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေအများစုရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ်မှာတော့ စတင်အကောင် အထည် ဖော်နေပြီဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ လူထုကြားထဲမှာလည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်နေပါတယ်။
တကယ်တော့ Starlink ဆိုတာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ တော်လှန်ရေး နယ်မြေတွေက ပြည်သူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ တခုတည်းသော အားကိုးရာပါ။ ဒီဆိုင်တွေကို ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင်တွေကလည်း ကိုယ်ပိုင်အရင်းအနှီးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ဖွင့်လှစ်ထားရတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဆိုတဲ့နေရာမှာ Starlink ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ နယ်ကျော်ကြေးဆောင်ရတာ၊ အကောင့်တွေ ပျက်ကုန်တာ၊ ID verification နဲ့ Location verification တွေကြောင့် ဒုက္ခရောက်ရတာ စတဲ့ အခက်အခဲမျိုးစုံ ရှိနေတာပါ။ ဒါ့အပြင် Starlink စက်တွေကို တနေကုန် မီးအားပေးဖို့အတွက် သုံးရတဲ့ Solar Inverter တွေ၊ Battery တွေနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း မသေးလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ “အခွန်” ဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်လိုအဓိပ္ပာယ်ကို ဆောင်သလဲဆိုတာ ကျွန်တော်တို့ သေချာစဉ်းစားဖို့ လိုလာပါတယ်။
နိုင်ငံရေး သဘောတရားအရတော့ အခွန်ဆိုတာ အလကားပေးလိုက်ရတဲ့ ငွေကြေးမဟုတ်ပါဘူး။ ပြည်သူက အခွန်ပေးဆောင်တဲ့အတွက် အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူအဖွဲ့အစည်းက ပြန်လည်ဖြည့် ဆည်းပေးရမယ့် တာဝန်တွေ ရှိပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု (လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး)၊ လူမှုဖူလုံရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်စတာတွေကို အစိုးရက အပြန်အလှန်အနေနဲ့ တာဝန်ယူပေးရတာ ဖြစ်ပါတယ်။ နောက်တခုက အခွန်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်း မညီမျှမှုတွေကို လျှော့ချပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဝင်ငွေများ သူတွေဆီက အခွန်ပိုကောက်ပြီး ဝင်ငွေနည်းသူတွေကို အများပြည်သူဝန်ဆောင်မှုတွေကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုစီးပွား တည်ငြိမ်မှုကို တည်ဆောက်ရတာပါ။
ပုံမှန်အခြေအနေမှာ ဥပမာပေးရရင် အခွန်ဆောင်ထားတဲ့အတွက် ပြည်သူတွေက အစိုးရပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ပြသခွင့်ရမယ်၊ သားသမီးတွေ ကျောင်းအခမဲ့တက်ခွင့်ရမယ်။ အဲ့ဒါအပြင် လျှပ်စစ်မီး၊ ရေ၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံတွေကို အစိုးရက ဖန်တီးပေးထားရတာ ဖြစ်ပါတယ်။
လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း လမ်းပိုင်းတွေမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်တာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကတော့ ဂိတ်တွေ မှိုလိုပေါက်နေလို့ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ သေချာကြပ်မတ်လိုက်တဲ့အတွက် လမ်းခရီးသွားလာရတာ အဆင်ပြေသွားပါတယ်။ လမ်းပိုင်းတွေမှာ အခွန်ကောက်တယ်ဆိုတာကလည်း အဲဒီလမ်းမှာ သွားလာနေကြတဲ့ အများပြည်သူကို (လေကြောင်းရန်ကလွဲရင်) မြေပြင်လုံခြုံရေး အာမခံချက် ပေးထားနိုင်လို့ပါ။ လမ်းတွေ၊ တံတားတွေကို ပျက်စီးရင် ပြန်ပြင်ပေးတယ်၊ မိုင်းရှင်းပေးတယ် စတဲ့ လူထုကို စောင့်ရှောက်မှု တစုံတရာ လုပ်ပေးထားလို့ ပြည်သူကလည်း လက်ခံပေးကြတာ ဖြစ်ပါတယ်။
ဒါဆိုရင် မေးစရာရှိလာတာက “Starlink ဆိုင်တွေအတွက်ကျကော အာဏာပိုင်တွေက ဘာတွေ ပြန်လုပ်ပေးမှာလဲ” ဆိုတာပါပဲ။ လက်ရှိကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေလိုအပ်ချက်ရှိတာ မှန်သလို၊ ပြည်သူတွေမှာလည်း စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးနဲ့ လူမှုဖူလုံရေးအခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေပဲ ရုန်းကန်ပြီး ဖြစ်သလို လုပ်ကိုင်စားသောက်နေကြရတဲ့ အချိန်ဖြစ်ပါတယ်။ ရှေ့ကာလမှာလည်း ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပြည်သူလူထုရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်။
ဒါကြောင့် အခုအချိန်မှာ (ဝိုင်ဖိုင်ဆိုင်တွေတင်မဟုတ်ဘဲ) ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။
စာကြွင်း။ ။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့မဟုတ်ဘဲ ပြည်သူကို လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ CSO, NGO အဖွဲ့အစည်းတွေက ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ ဆိုင်တွေကိုပါ အခွန်ကောက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ သို့သော် တကယ်လို့သာ အဲ့ဒီလို ကောက်ခံမယ်ဆိုရင် ငွေကြေးအခက်အခဲကြောင့် ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေ ရှေ့ဆက်မလည်ပတ်နိုင်တော့တဲ့အခါ ပထမဆုံး အခက်အခဲတွေ့မှာက မြေပြင်က ပြည်သူလူထု ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက် ထောက်ပြချင်ပါတယ်။
