ခေတ်ဆိုကြီးရဲ့ ပဋိပက္ခတွေနဲ့ ဆင်းရဲပင်ပန်းမှုတွေကို လိင်သားကောင်တွေက အခွင့်ကောင်းယူပြီး မိဘစောင့်ရှောက်မှုအောက်မှာ ရှိနေရမယ့် မသိနားမလည်သေးတဲ့ ကလေးငယ်တွေကို လိင်အမြတ်ထုတ်လာကြပါတယ်။ ရခိုင်ဒေသမှာ အခုတလော မကြာခဏဆိုသလို ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေဟာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းပါတယ်။ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေကို လိင်အမြတ်ထုတ်ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ တကျော့ပြန်စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စပြီး ရခိုင်တပြည်လုံးအတိုင်းအတာနဲ့ စစ်ပွဲနောက်ဆက်တွဲတွေကို ကြုံကြခံစားကြရပါတယ်။ ဒီနောက်ဆက်တွဲတွေထဲက တခုကတော့ သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်လာတာ ဖြစ်ပြီး တရားခံတွေဆီကနေ ပြည်သူတွေ လိုလားတဲ့ တရားမျှတမှု ရရှိအောင် မလုပ်နိုင်တဲ့အတွက် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လုံခြုံမှု ကင်းမဲ့စေခဲ့ပါတယ်။ အလုပ်အကိုင် ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ရိုက်ခတ်မှုတွေကြောင့် အိမ်ထောင်ဦးစီးဖြစ်သူရဲ့ တနေ့တာဝင်ငွေနဲ့ မလောက်ငှတဲ့ မိသားစုတွေ၊ ပြုစုစောင့်ရှောက်မှု ခံယူဖို့လိုတဲ့ ကလေးတွေရဲ့ မိခင်တွေဟာ စားဝတ်နေရေးအတွက် ရရာကြုံရာ အလုပ်တွေကို ရှာလုပ်ကြရပါတယ်။ ဒါ့အပြင် အသက်ဆယ်နှစ်ဝန်းကျင် မိန်းကလေးငယ်တွေပါ ပညာရေးကို ကျောခိုင်းပြီး ဝမ်းရေးအတွက် ရုန်းကန်နေကြရပါတယ်။
ဒီလိုဆင်းရဲဒဏ်ကြောင့် ရုန်းကန်ရတဲ့ကလေးငယ်တွေကို လိင်သားကောင်တွေဟာ အခွင့်ကောင်းအဖြစ် အသုံးချပြီး သက်ငယ်မုဒိမ်းမှုကို လွယ်လင့်တကူ ကျူးလွန်ကြပါတယ်။ ၂၀၂၆ ခုနှစ် မေလကုန်အထိ ငါးလအတွင်း ရခိုင်မှာ အဓမ္မပြုကျင့်မှုပေါင်း ခုနစ်မှုအထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အသက်မပြည့်သေးတဲ့ အသက်ရှစ်နှစ်အရွယ် ကလေးအများစု ဖြစ်ပြီး ငါးမှုအထိ ရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ ဒီထဲမှာ တရားခံ လွတ်မြောက်နေတဲ့ အမှုဟာလည်း နှစ်မှုထက်မနည်း ရှိနေပါတယ်။
၂၀၂၅-၂၀၂၆ ခုနှစ်ကာလတွေဟာ ရခိုင်ဒေသရဲ့ ထူထောင်ရေးကာလ ဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေနဲ့ သိမ်းပိုက်နယ်မြေတွေကို ဘယ်လိုဥပဒေပြု အုပ်ချုပ်နေသလဲ၊ လွတ်မြောက်နယ်မြေရဲ့ လွတ်လပ်မှုကို ဘယ်လိုထိန်းသလဲဆိုတာတွေကို မြင်ရတဲ့ နှစ်ကာလတွေ ဖြစ်ပါတယ်။ ULA ရဲ့ တရားရေးဌာနမှာ စိန်ခေါ်မှုတွေ ရှိနေတာနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာတို့က တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ အကန့်အသတ် ဖြစ်စေတဲ့အတွက် မတရားမှုကျူးလွန်သူတွေအဖို့ လက်မတွန့်ဘဲ ဆက်ကျူးလွန်ဖို့ အားဖြစ်စေပါတယ်။
တော်လှန်ရေးအစိုးရအဖြစ် ULA ဟာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အင်အားရှိသလောက် လုံးပန်းတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူတဲ့သူတွေဟာ ပေါ့ဆမှု၊ လစ်ဟာမှုနဲ့ ဟာကွက်တွေ များလွန်းနေတယ်လို့ ခံစားရပါတယ်။ အဆိုးရွားဆုံးကတော့ သက်ငယ်မုဒိမ်းမှုတွေကိုတောင် မကိုင်တွယ်နိုင်တာတွေ ခဏခဏ တွေ့နေရတယ်။ ပြည်သူတွေ အားမလိုအားမရ ဖြစ်ရတယ်။ အမျိုးသမီးတွေ လုံခြုံမှုအာမခံချက် မရှိသလို ခံစားကြရတယ်။
ရခိုင်ပြည်သူတွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မပြည့်စုံမှုတွေကို တော်လှန်ရေးကာလမို့ လိုအပ်နေသေးတာပါဆိုပြီး ခွင့်လွှတ်ကြတယ်။ ဒီလိုလျှော့ပေါ့နားလည်ပေးရာကနေ တာဝန်ရှိသူတွေက အရှိတရားကို ဖြေရှင်းဖို့ နှောင့်နှေးသွားကြတဲ့အတွက် တရားခံတွေ ပိုကျူးလွန်ဖို့ အခွင့်အလမ်းတွေ ရစေပါတယ်။ တဖက်မှာလည်း အသိပညာအားနည်းမှုကြောင့် ကျူးလွန်ခံရသူမိသားစုက ရှက်လို့၊ ကြောက်လို့ ဌာနဆိုင်ရာကို တိုင်းကြားမှုမလုပ်တော့ဘဲ ဖုံးဖိထားလိုက်တာဟာ သက်ငယ်မုဒိမ်းမှုတွေ ဒီထက်ပိုဖြစ်လာစေဖို့ အားပေးရာရောက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့က ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အမှုအတွက် တရားမျှတမှုရဖို့ Women Generation(WG)၊ Rakhine Women’s Initiative Organization (RWIO)၊ တခြား ရခိုင်ဒေသက အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၁ ခု ပူးပေါင်းပြီး တရားမျှတမှု ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာဆိုရင် ငါးလအတွင်း သက်ငယ်မုဒိမ်းမှု ငါးခုအထိ ရှိတာဟာ တော်တော်စိုးရိမ်စရာကောင်းပြီး အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ နှုတ်ဆိတ်မနေသင့်တဲ့ အခြေအနေလို့ မြင်ပါတယ်။ ဒါပေမဲ့ ဘယ်အမျိုးသမီးအဖွဲ့အစည်းကမှ တောင်းဆိုတာ ထုတ်ပြန်တာမျိုး မတွေ့ရတော့ပါဘူး။ အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ သက်ငယ်မုဒိမ်းမှုတွေဟာ တော်လှန်ရေးအစိုးရတွေရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်နေတာလည်း ဖြစ်ပါတယ်။
