ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကြားလူကိုရန်ဘက်ပြု၍ လူမှုအရင်းအနှီး ဆုံးရှုံးရခြင်း

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။
By  နေအောင်  | July 6, 2026

လူမှုအသိုင်းအဝိုင်းမှာ အင်အားအကြီးမားဆုံး ဖြစ်လေ့ရှိတဲ့ ကြားလူတွေအကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးချင်ပါတယ်။ ကြားနေသူတိုင်းဟာ ရန်သူမဟုတ်သလို တိတ်ဆိတ်နေသူတိုင်းဟာလည်း အကြမ်းဖက်မှုကို အားပေးနေသူတွေ မဟုတ်ဘူးဆိုတာကို ဦးစွာ ပြောလိုပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေမှာ ကြားလူတွေဟာ အနာဂတ်ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတဲ့ လူမှုအရင်းအနှီးတွေ ဖြစ်တယ်လို့ အခိုင်အမာ ဆိုချင်ပါတယ်။

ပဋိပက္ခတခု ဖြစ်ပွားတဲ့အခါ လူ့အဖွဲ့အစည်းဟာ အုပ်စုတွေအဖြစ် ကွဲပြားသွားတတ်ပါတယ်။ “မင်း ဘယ်ဘက်ကလဲ” ဆိုတဲ့ မေးခွန်းမျိုးဟာ အခြေအနေတိုင်းလိုလိုမှာ ပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီအခါမှာ တဖက်ဖက်ကို မရွေးချယ်ရသေးသူတွေ၊ အခြေအနေကို စောင့်ကြည့်နေသူတွေ၊ ဒါမှမဟုတ် မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေသူတွေ စသည်ဖြင့် အုပ်စုတွေ ကွဲသွားတတ်ပါတယ်။ ဒီလိုအချက်တွေကပဲ တဦးအပေါ်တဦး ယုံကြည်မှု မရှိနိုင်လောက်တဲ့ အခြေအနေတခုကို ရောက်ရှိသွားစေတာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သူ့ဘက်ကိုယ့်ဘက်ခွဲ၊ နည်းလမ်းပေါင်းစုံသုံးပြီး မိမိတို့ ထောက်ခံယုံကြည်ရာဘက်ကသာ အမှန်ဖြစ်ကြောင်း ထင်ရှားအောင် ပြနေကြတာမို့ တကယ့်အမှန်တရားဟာ မှေးမှိန်သွားတာ ဒါမှမဟုတ် လုံးဝဖော်ပြခြင်း မခံရတာ၊ ဖော်ပြဖို့ခက်တာစတဲ့ အခြေအနေမျိုးဆီ ဆိုက်ရောက်သွားတတ်ပါတယ်။ အထူးသတိထားမိတာကတော့ တဖက်ဖက်ကို မရွေးချယ်ရသေးသူတွေ၊ အခြေအနေကို စောင့်ကြည့်နေသူတွေရဲ့ အခန်းကဏ္ဍဟာ လုံးဝမရှိသလောက် ဖြစ်နေတာပါပဲ။ ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ အဘက်ဘက်က ဖိအားတွေကလည်း တိုးလာနေပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဘယ်ဘက်ကိုမှ မရပ်တည်ရသေးသူတွေ၊ တနည်းအားဖြင့် တွေဝေနေသူတွေဟာ သူတို့ရဲ့ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ဖို့ ပိုမိုခက်ခဲလာတတ်ပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒါပေမဲ့ ပဋိပက္ခသမိုင်းတွေမှာ အခိုင်အမာ ပြသနေတာကတော့ ပဋိပက္ခနဲ့ ကင်းအောင်နေဖို့ ကြိုးစားလေ့ရှိတဲ့ ကြားလူတွေဟာ ပြဿနာတွေရဲ့ အစိတ်အပိုင်းမဟုတ်ဘဲ ပုံမှန်အခြေအနေတခုကို ပြန်ရောက်ဖို့ ဖြေရှင်းရမယ့် လုပ်ငန်းစဉ်တိုင်းရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်တယ်ဆိုတာကို ပြဆိုနေပါတယ်။ ဒီနေရာမှာ အထူးသတိရသင့်တာကတော့ တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီပြယုဂ်တဦးဖြစ်တဲ့ နယ်ဆင်မင်ဒဲလားပါပဲ။ နယ်ဆင်မင်ဒဲလားကတော့ သူ့ရဲ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး အတွေးအခေါ်တွေမှာ ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း’ နဲ့ ‘လူအများကို အတူခေါ်ဆောင်ခြင်း’ ကို ပိုအလေးပေးခဲ့ပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဖို့ ဆိုတာ ထင်သလောက် မလွယ်ကူပေမဲ့ လူအများကို မိမိတို့နဲ့အတူ သက်လုံကောင်းကောင်း၊ ဇွဲစိတ်သန်သန်နဲ့ ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်နိုင်ခြင်းကတော့ မိမိတို့ အလိုရှိတဲ့ အောင်မြင်မှုကို အမြန်ရောက်အောင်သွားတဲ့နေရာမှာ အများကြီး အကျိုးရှိစေတယ်ဆိုတာ အခြေခံအားဖြင့် သိထားသင့်တဲ့အချက် ဖြစ်ပါတယ်။

လူတဦးနဲ့တဦးဟာ တူညီတဲ့ အတွေ့အကြုံ၊ အန္တရာယ်၊ သတင်းအချက်အလက်တွေအောက်မှာ အတူတကွ နေထိုင်နေကြတာ မဟုတ်ပါဘူး။ တချို့က ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်နေကြတယ်။ တချို့က ဘယ်သူ့ဘက်ကို ယုံကြည်ရမယ်ဆိုတာကို ဆုံးဖြတ်နေဆဲ ဖြစ်နိုင်တယ်။ တချို့ကတော့ ပဋိပက္ခအလွန်ကာလကို စဉ်းစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေတွေကို မတွေးဆဘဲ ကြားလူတွေအားလုံးကို ‘ရန်သူ’ ဒါမှမဟုတ် ‘အကြမ်းဖက်မှုကို အားပေးသူ’ လို့ သတ်မှတ်လိုက်တဲ့အခါ ကျနော်တို့ဟာ ကိုယ့်အတွက် မိတ်ဆွေဖြစ်လာနိုင်သူတွေကို ကိုယ့်အနား ရောက်မလာနိုင်အောင် တားဆီးလိုက်သလို ဖြစ်သွားစေပါတယ်။

ပဋိပက္ခတွေမှာ အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်တာဟာ မိမိတို့အပေါ် အမာခံ ထောက်ခံသူတွေချည်းသက်သက် မဟုတ်ပါဘူး။ မဆုံးဖြတ်ရသေးသူတွေ၊ ကြားနေသူတွေဟာ လူထုတရပ်လုံးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေတဲ့ အလယ်ဗဟိုအုပ်စုကြီး ဖြစ်ပါတယ်။ အဲဒီ အလယ်ဗဟိုအုပ်စုကြီးဟာ အောင်မြင်မှုကို သက်သေပြုပေးနိုင်တဲ့ အစုဖြစ်ပါတယ်။ အနာဂတ် လူမှုရေးသဘောတူညီချက်တွေ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလယ်ဗဟို အစုအဖွဲ့နဲ့ ကြားနေတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ တနည်းပြောရရင် ကြားလူတွေကို အပြစ်တင် စွပ်စွဲနေတာထက် သူတို့ကို နားလည်အောင် ကြိုးစားဖို့က ပိုအရေးကြီးပါတယ်။ သူတို့ကို ရန်သူအဖြစ် သတ်မှတ်တာထက် ကိုယ်နဲ့နီးစပ်လာအောင် ဖိတ်ခေါ်တာက ပိုအကျိုးရှိပါတယ်။ လူတဦးကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်နိုင်ဖို့က အဝေးကို တွန်းပို့လိုက်တာထက် ပိုမိုခက်ခဲတတ်ပါတယ်။ ဒါပေမဲ့လည်း တန်ဖိုးကတော့ အများကြီး ပိုရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။ ကြားလူတွေအနေနဲ့လည်း ပဋိပက္ခ ကြာရှည်မရှိဖို့နဲ့ ပြည်သူလူထုကို အချိန်မီ မျက်နှာမူကြဖို့ လိုအပ်ပါတယ်။ မာတင်လူသာကင်းရဲ့ သမိုင်းဝင် စကားတခွန်းကို တင်ပြချင်ပါတယ်။ “In the end, we will remember not the words of our enemies, but the silence of our friends.” မြန်မာပြန်ရရင် “အဆုံးသတ်မှာ ရန်သူတွေရဲ့ စကားတွေအစား မိတ်ဆွေတွေရဲ့ တိတ်ဆိတ်မှုကိုပဲ ကျနော်တို့ မှတ်မိနေကြလိမ့်မယ်” တဲ့။ ဒီနေရာမှာ အရေးကြီးတာက ကြားလူတွေအပေါ် နားလည်မှုထားဖို့ ပြောပေမဲ့လည်း တိတ်ဆိတ်မှုကို အမြဲတမ်း လက်ခံသင့်တယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။

အချုပ်အားဖြင့် ဆိုရရင် ကြားလူတွေကို ဆုံးရှုံးခြင်းဟာ လူမှုအရင်းအနှီးကို ဆုံးရှုံးခြင်းဖြစ်ပြီး အဲဒီအရင်းအနှီးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်၊ တရားမျှတမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတာပါပဲ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles