ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Rebuttal

‘ငါမှန်-သူမှား’ အမြင်ကို ပြန်လည်သုံးသပ်ခြင်း – သမိုင်း၊ ဥပဒေနှင့် လူသားချင်းစာနာမှု

ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှစ်ဖက်စလုံးရဲ့ နာကျင်ခံစားရမှုတွေကို အပြည့်အဝ အသိအမှတ်ပြုပြီး အာဏာမညီမျှမှုကို ဖြေရှင်းဖို့ပါပဲ။ ‘ငါမှန်-သူမှား’ ဆိုတဲ့ အမြင်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးခြင်းပါပဲ။ ... တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့မှသာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
By  အဗ်ဒွလ်ဟာမွိုဒ်  | July 14, 2026

ငရိန်းချမ်း ရေးသားထားတဲ့ ‘ငါမှန်-သူမှား’ အမြင်နဲ့ ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုများ ဆိုတဲ့ ဆောင်းပါးက ရိုဟင်ဂျာအရေးကို ဆွေးနွေးရာမှာ အရေးကြီးတဲ့ မေးခွန်းတွေ အများကြီးကို ထုတ်ပြထားပါတယ်။ စာရေးသူ ငရိန်းချမ်းအနေနဲ့ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာကို အသိအမှတ်ပြုပေမဲ့ လက်ရှိ ဇာတ်ကြောင်းပုံဖော်နေမှုတွေက တဖက်သတ်ဆန် ကျဉ်းမြောင်းလွန်းနေပြီး ရခိုင်ဒေသရဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းကို လျစ်လျူရှုထားတယ်လို့ ထောက်ပြထားပါတယ်။ ဒီတုံ့ပြန်ဆောင်းပါးမှာတော့ စာရေးသူ ငရိန်းချမ်းရဲ့ တချို့သော အမြင်တွေကို လေးလေးစားစားနဲ့ သဘောမတူကြောင်း ပြောချင်ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ နိုင်ငံတကာ ဥပဒေရေးရာ ဖြစ်စဉ်တွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို အခြေခံပြီး အကြောင်းအချက်ငါးချက်နဲ့ ပြန်လည်သုံးသပ်ပြချင်ပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

၁။ သမိုင်းကြောင်းအရ တည်ရှိမှု

စာရေးသူက ရိုဟင်ဂျာဆိုတဲ့ အမှတ်အသားလက္ခဏာဟာ “ဖန်တီးယူထားတာ ဖြစ်တယ်” လို့ မြင်ပေမဲ့ သမိုင်းအထောက်အထားတွေအရတော့ ရိုဟင်ဂျာတွေဟာ ရခိုင်ဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတာပါ။ သမိုင်းမှတ်တမ်းတွေအရ ရိုဟင်ဂျာတွေဟာ အာရပ်ကုန်သည်တွေ၊ ပါရှန်းတွေ၊ မဂိုလ်တွေနဲ့ ဒေသခံတွေ ရောနှောပေါင်းစပ်သွားတဲ့ လူမျိုးစုတခုအဖြစ် ရခိုင်ဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်။ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးဟာ ရခိုင်ဒေသကို နောက်တမျိုးခေါ်ဝေါ်တဲ့ ‘Roang/Rohang’ ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကြောင့် လူဦးရေ တိုးလာခဲ့တာ မှန်ပေမဲ့ ရိုဟင်ဂျာတွေဟာ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက အဲဒီဒေသမှာ အခြေချ နေထိုင်ခဲ့ကြတာပါ။ စာရေးသူက “သမိုင်းအချက်အလက် မခိုင်လုံဘူး” လို့ စွပ်စွဲပေမဲ့ ရိုဟင်ဂျာတွေရဲ့ သမိုင်းကြောင်းအရ တည်ရှိမှုကို ပညာရှင်အများအပြားက အသိအမှတ်ပြုထားပြီးသား ဖြစ်ပါတယ်။

၂။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှု

စာရေးသူက ရိုဟင်ဂျာတွေကို ခိုးဝင်လာသူတွေလို့ သွယ်ဝိုက်ပြီး ပြောထားပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ အစောပိုင်းကာလတွေမှာ ရိုဟင်ဂျာတွေဟာ နိုင်ငံရေးမှာ သိသိသာသာ ပါဝင်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ဦးနုအစိုးရလက်ထက်မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ပြီး လွှတ်တော်ထဲမှာတောင် ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ရိုဟင်ဂျာတွေကို ခန့်အပ်ခဲ့ပါတယ်။ ဥပမာပြောရရင် မူဟာမက် အဗ္ဗဒူ ဂျာဖာ (Mohammed Abdul Gaffar) ဆိုရင် ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်မှာလည်း လွှတ်တော်အမတ်အဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ရိုဟင်ဂျာမျိုးနွယ်ဖွား ဖာဇယ် အဟ်မဒ် (Fazal Ahmed) အပါအဝင် လွှတ်တော်အမတ်လေးဦး ရွေးကောက်ခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ တဖြည်းဖြည်း ကန့်သတ်ခံလာရပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲ ရိုဟင်ဂျာတွေကို မထည့်သွင်းတော့တဲ့အတွက် နိုင်ငံသားအဖြစ်ကနေ ဖဲကြဉ်ခံလိုက်ရပါတယ်။ ဒီဥပဒေကြောင့်ပဲ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့သူတွေ ဖြစ်သွားခဲ့ရတာပါ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ‘ယာယီသက်သေခံလက်မှတ် (white card)’ ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ ငါးသိန်းလောက် ဆန္ဒမဲပေးခွင့် ရခဲ့ပေမဲ့ မဘသအဖွဲ့နဲ့ ရခိုင်လူမျိုးရေးလှုပ်ရှားသူတချို့ရဲ့ ဆန္ဒပြကန့်ကွက်မှုကြောင့် အဲဒီအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခံခဲ့ရပါတယ်။

၃။ နိုင်ငံတကာ တရားရေးဆိုင်ရာ ဖြစ်စဉ်များ

စာရေးသူက ရိုဟင်ဂျာအရေးကို ‘ဇာတ်ကြောင်း’ သက်သက်လောက်ပဲ မြင်ပေမဲ့ အောက်က နိုင်ငံတကာ တရားရေးဖြစ်စဉ်တွေကို ကြည့်ရင် ဒီပြဿနာရဲ့ တကယ့်သဘောသဘာဝကို မြင်နိုင်ပါတယ်။

ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုမှု – ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး ICJ (အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံး) မှာ တရားစွဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး မြန်မာနိုင်ငံအနေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာတော့ ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားအောင် ကာကွယ်ဖို့နဲ့ သက်သေအထောက်အထားတွေ ထိန်းသိမ်းထားဖို့ အရေးပေါ်အမိန့် ချမှတ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ဒီနှစ်ထဲမှာပဲ စီရင်ချက်ချဖို့ ရှိနေပါတယ်။ ဒါဟာ ‘ဇာတ်ကြောင်း’ သက်သက်မဟုတ်ဘဲ တကယ့် နိုင်ငံတကာ ဥပဒေဆိုင်ရာ ဖြစ်စဉ်တခုပါ။

အာဂျင်တီးနားနိုင်ငံရဲ့ Universal Jurisdiction နဲ့ ဖမ်းဝရမ်းထုတ်မှု – ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အာဂျင်တီးနား တရားရုံးတခုက စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးနဲ့ အရပ်သားအစိုးရ ခေါင်းဆောင် နှစ်ဦး (စုစုပေါင်း ၂၅ ဦး) ကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး Universal Jurisdiction (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) နဲ့ ပထမဆုံးအကြိမ် ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ အာဂျင်တီးနားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက Universal Jurisdiction ကို ခွင့်ပြုထားတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှုလို ရာဇဝတ်မှုမျိုးကို ဘယ်နေရာမှာပဲ ကျူးလွန်ကျူးလွန် တရားစွဲဆိုခွင့် ရှိနေတာ ဖြစ်ပါတယ်။

၄။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်ဘဝ

စာရေးသူက အနာဂတ် ဇာတ်ကြောင်းတွေအကြောင်း ဆွေးနွေးထားပေမဲ့ လက်ရှိ ကြုံနေရတဲ့ ဒုက္ခသည်အရေးကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁.၂ သန်းလောက်ဟာ ကိုးနှစ်နီးပါးလောက် နေထိုင်နေကြရပါတယ်။ ၂၀၁၇ ခုနှစ် အကျပ်အတည်းနောက်ပိုင်း ထွက်ပြေးလာသူတွေအပြင် ၂၀၂၄ ခုနှစ်ကစလို့ နောက်ထပ် ရိုဟင်ဂျာ တသိန်းခွဲလောက် ထပ်ရောက်လာခဲ့ပါသေးတယ်။

နေရပ်ပြန်လည်နေရာချထားရေး အလားအလာကလည်း မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေသလို၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်မပြုတဲ့အတွက် နေရပ်ပြန်ရေးက မရေမရာ ဖြစ်နေပါတယ်။ ဒုက္ခသည်စခန်းတွေရဲ့ ကျဉ်းမြောင်းကျပ်တည်းတဲ့ နေထိုင်မှုအခြေအနေတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိတ်ပင်ခံရမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ်ကို စွန့်ပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးနေကြရပါတယ်။ ၂၀၂၅ ခုနှစ်ဟာဆိုရင် ရိုဟင်ဂျာတွေ ပင်လယ်ကူးရင်း သေဆုံးမှုအများဆုံး နှစ်တွေထဲက တနှစ်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ‘ဇာတ်ကြောင်း’ ဖန်တီးနေတာ မဟုတ်ဘဲ တကယ့် လူသားချင်းစာနာမှု အကျပ်အတည်းကြီးပါ။

၅။ “ရိုဟင်ဂျာပြုခြင်း” နှင့် ယဉ်ကျေးမှုလွှမ်းမိုးမှုအပေါ် ဝေဖန်ချက်

စာရေးသူက ‘ရိုဟင်ဂျာပြုခြင်း (Rohingya-ization)’ ဟာ တခြားယဉ်ကျေးမှုတွေကို ဖဲကြဉ်ပစ်တယ်၊ လွှမ်းမိုးပစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အားနည်းတဲ့ လူနည်းစုတခုက သူတို့ရဲ့ အမှတ်အသားကို ပြန်တည်ဆောက်ဖို့ ကြိုးစားတာကို “ယဉ်ကျေးမှုလွှမ်းမိုးတာ (cultural hegemony)” လို့ မခေါ်နိုင်ပါဘူး။ ပြောင်းပြန်ပြောရရင် ရိုဟင်ဂျာတွေကို ‘ဘင်္ဂလီ’ လို့ ခေါ်ဆိုတာ၊ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်တာတွေကသာ ပိုပြီး အားကောင်းတဲ့ ယဉ်ကျေးမှုလွှမ်းမိုးမှု လုပ်ရပ်တွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ခံယူတာဟာ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ နောက်ဆက်တွဲအဖြစ် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရပ်တည်မှုတခု သက်သက်သာ ဖြစ်ပါတယ်။

နိဂုံး

ငရိန်းချမ်းရဲ့ ဆောင်းပါးက အရေးကြီးတဲ့ မေးခွန်းတွေ ထုတ်ပြထားတာ မှန်ပေမဲ့ သူ့ရဲ့ ဝေဖန်ချက်တွေဟာ ရိုဟင်ဂျာတွေရဲ့ သမိုင်းကြောင်းအရ တည်ရှိခဲ့မှု၊ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခဲ့မှု၊ နိုင်ငံတကာ တရားရေးဖြစ်စဉ်တွေနဲ့ လက်ရှိကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို လျစ်လျူရှုထားပါတယ်။ ရိုဟင်ဂျာအရေးဟာ ‘ဇာတ်ကြောင်း’ သက်သက်မဟုတ်ဘဲ သမိုင်း၊ ဥပဒေနဲ့ လူသားချင်းစာနာမှုတွေ ရောယှက်နေတဲ့ အင်မတန် ရှုပ်ထွေးတဲ့ ပြဿနာတရပ်ပါ။

ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နှစ်ဖက်စလုံးရဲ့ နာကျင်ခံစားရမှုတွေကို အပြည့်အဝ အသိအမှတ်ပြုပြီး အာဏာမညီမျှမှုကို ဖြေရှင်းဖို့ပါပဲ။ ‘ငါမှန်-သူမှား’ ဆိုတဲ့ အမြင်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးခြင်းပါပဲ။ ICJ မှာ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှု၊ အာဂျင်တီးနားရဲ့ Universal Jurisdiction ဖမ်းဝရမ်းနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် အကျပ်အတည်းတွေဟာ ဒီပြဿနာရဲ့ တကယ့်သဘောသဘာဝကို ထင်ဟပ်ပြနေပါတယ်။ တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့မှသာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles