ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု

ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။
By  မောင်လွမ်းဝေ  | July 17, 2026

လျှပ်စစ်မီးပြတ်တောက်တဲ့ ပြဿနာကို အရင်းပြုပြီး မြစ်ဆုံစီမံကိန်းပြန်စဖို့ ကျယ်ကျယ်လောင်လောင် ပြောလာ၊ လုပ်လာတာတွေ တွေ့ရပါတယ်။ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ ဒစ်ပလိုမေစီအရေး စတဲ့ သုံးသပ်ချက်တွေ ခဏထားလို့ သာမန်ပြည်သူတယောက်အနေနဲ့ အခြေခံကျတဲ့မေးခွန်းတွေ မေးမိပါတယ်။

ပထမဦးဆုံးမေးခွန်းက ‘တရုတ်နိုင်ငံက မြန်မာပြည်ကထွက်မယ့် လျှပ်စစ်ကို အရေးတကြီး လိုအပ်နေတာလား’ ဆိုတဲ့ မေးခွန်းပါ။ ဖြေကြည့်ရင် ‘ရရင်လည်း ယူတာပေါ့’ ဆိုတာလောက်ပါပဲ။ ဒါတောင် အတော်ကို စဉ်းစားယူရဦးမယ့် သဘောကို မြင်နေရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အစိုးရကို ဒေသခံတွေနဲ့ အရင်ညှိပါလို့ မယုတ်မလွန် ပြောလိုက်ပုံရတယ်လို့ သုံးသပ်မိတယ်။ လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဆိုင်ရာဆိုင်ရာတွေ စည်းရုံးရေးဆင်းပြီး ကြိုးစားပမ်းစားလုပ်နေကြောင်း ပြသနေတာက သက်သေပါပဲ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒုတိယမေးခွန်းက ‘မြစ်ဆုံစီမံကိန်းပြီးသွားရင် မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးရမှာလား’ ဆိုတဲ့ မေးခွန်းပါ။ ကနဦး သဘောတူညီချက်က ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့ဖို့ အစီအစဉ်ဖြစ်တဲ့အတွက် အသစ်ညှိနှိုင်းချက်မှာလည်း လျှပ်စစ်ပမာဏ အများစုကို တင်ပို့မှာလို့ ကောက်ချက်ချနိုင်ပါတယ်။ လက်ရှိဖြေကြားချက်တွေအရ ပြည်တွင်းလိုအပ်ချက်ကို အရင်ဖြည့်ဆည်းပြီး ပိုလျှံတဲ့ပမာဏကိုပဲ တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်လည်း ရာခိုင်နှုန်းတော်တော်များများ တရုတ်ကို ပို့ရမှာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံက ထုတ်လုပ်မယ့် လျှပ်စစ်ကို ပြည်တွင်းမှာ ဖြန့်မယ်ဆိုရင် မဟာဓာတ်အားလိုင်းကို တိုးချဲ့မှု၊ ပြင်ဆင်အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့လိုပါမယ်။ မဟုတ်ရင် ထိထိရောက်ရောက် ဖြန့်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ရှိမှာ ဓာတ်အားပို့လွှတ်တာနဲ့ ဖြန့်တာတွေမှာ ဆုံးရှုံးနေရတာက ၃၀ ရာခိုင်နှုန်းဝန်းကျင်ရှိနေတဲ့ အခြေအနေပါ။ သွင်းကုန်တောင် ကန့်သတ်နေရတဲ့ အခြေအနေမှာ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ဆိုတာက မေးခွန်းထုတ်စရာပါပဲ။ ဒါက ဓာတ်အားလိုင်း အခြေအနေတခုပဲ ရှိပါသေးတယ်။ တခြားနည်းပညာနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ တိုးချဲ့မှု၊ ပြင်ဆင်အဆင့်မြှင့်တင်မှုတွေလည်း မလွဲမသွေ ရှိဦးမှာပါ။

တတိယမေးခွန်းက မြန််မာပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တခြားစီမံကိန်းက ထုတ်လုပ်မယ်၊ မြစ်ဆုံက ထွက်မယ့် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံကို တင်ပို့မယ်ဆိုရင် ပိုက်ဆံရပြီး တိုင်းပြည်တိုးတက်ဖို့ အထောက်အကူ ဖြစ်မှာလား ဆိုတဲ့မေးခွန်းပါ။ ဒါလည်း မျှော်လင့်လို့ မရတဲ့ အခြေအနေပါ။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးယူပြီး မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရမှာမို့ ချက်ချင်း လက်ငင်းတိုင်းပြည် ဝင်ငွေတိုးလာဖို့ မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှု နောက်ဆက်တွဲအဖြစ် စီးပွားရေးကို အကျိုးမပြုနိုင်တဲ့အပြင် မကျေတိုး ချေးသလို အကြွေးထောင်ချောက်ထဲတောင် ရောက်သွားနိုင်ခြေ ရှိပါတယ်။ ‘ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်သူတွေ’ အနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာအတွက် စိုးရိမ်သင့်ပါတယ်။

နောက်မေးခွန်းကတော့ နည်းပညာဆိုင်ရာ မေးခွန်းပါ။ မြစ်ဆုံဆည်တည်ဆောက်ရေးဟာ မြင့်မားတဲ့နည်းပညာ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ သိပ္ပံနည်းကျ ဘယ်လောက်ပဲ စမ်းသပ်မယ်၊ စစ်ဆေးမယ်ပြောပြော နှစ်တွေကြာလာရင် ဘာဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာကို မခန့်မှန်းနိုင်သေးပါဘူး။ မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။ နောင်လာမယ့်မျိုးဆက်အတွက် အန္တရာယ် ချန်ရစ်ထားခဲ့သလို ဖြစ်နေပါလိမ့်မယ်။ ငလျင်လှုပ်ရင်လည်း ကြောက်ရ၊ ရေကြီးရင်လည်း ထိတ်လန့်ရတဲ့ အခြေအနေဆီ ရောက်သွားပါလိမ့်မယ်။

နောက်ဆုံးမေးခွန်းအနေနဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်မှာလားလို့ မေးချင်ပါတယ်။ ဒါပေမဲ့ ဒီလိုမဖြစ်တဲ့အပြင် ရှိပြီးသား အက်ကွဲကြောင်းထဲ နောက်ထပ် သပ်လျှိုသွင်းသလို ဖြစ်လာနိုင်ပါတယ်။ မြစ်ဆုံဒေသဟာ ကချင်လူမျိုးတွေရဲ့ ဖြစ်တည်မှုပါ၊ သရုပ်သကန်ပါ။ ဖြစ်တည်မှုကို ပယ်ဖျက်သလို လုပ်တာက အချင်းချင်း ခွင့်မလွှတ်နိုင်လောက်တဲ့ ကြီးလေးတဲ့ပြစ်မှုတခုပါပဲ။ အလားတူပဲ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ဗမာလူမျိုးအခြေပြု နိုင်ငံတော်တွေဟာ ဒီမြစ်ကို မှီခိုပြီး တည်ဆောက်ခဲ့ကြတာ ကျနော်တို့အားလုံးအသိပါ။ နေ့စဉ်စားဝတ်နေရေးကနေ လူနေမှု၊ ယဉ်ကျေးမှု၊ နောက်ဆုံး ကျနော်တို့ရဲ့ ဖြစ်တည်မှု၊ နိုင်ငံရဲ့ သရုပ်သကန်တွေပါ ဒီဧရာဝတီမြစ်နဲ့ ဆက်စပ်ပြီး တည်ဆောက်ထားတာပါ။ ဒီဖြစ်တည်မှုတွေ မရှိတော့တဲ့အခါ ကျနော်တို့တတွေ မှေးမှိန်ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါတွေဟာ မြစ်ဆုံဆည်စီမံကိန်းကို လုပ်သင့်၊ မလုပ်သင့် တွက်ချက်တဲ့အခါ ကိန်းဂဏန်းတွေနဲ့ ဖော်ပြတွက်ချက်လို့ မရနိုင်တဲ့ အရာတွေပါပဲ။

ဒါကြောင့် ကျနော်တို့တတွေ ရေရှည်ကို မမျှော်တွေးကြရင် ကျနော်တို့ရဲ့ ပထဝီရော၊ သမိုင်းပါ အသစ်ရေးရမယ့် အခြေအနေကို ဆိုက်ရောက်သွားနိုင်ပါတယ်။ နောက်ပြီး ‘ဒါတို့ပြည်၊ ဒါတို့မြေ’သီချင်းဟာ သမိုင်းစာအုပ်တွေထဲမှာပဲ ကျန်ခဲ့ပါလိမ့်မယ်။ 

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles