“ ‘ငါမှန်-သူမှား’ အမြင်နဲ့ ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုတွေ” ဆိုတဲ့ ငရိန်းချမ်းရဲ့ ဆောင်းပါးကို “ ‘ငါမှန်-သူမှား’ အမြင်ကို ပြန်လည်သုံးသပ်ခြင်း – သမိုင်း၊ ဥပဒေနဲ့ လူသားချင်းစာနာမှု” ဆိုပြီး အဗ်ဒွလ်ဟာမွိုဒ်က တုံ့ပြန်ရေးသားပါတယ်။ အဗ်ဒွလ်ဟာမွိုဒ်ရဲ့ ဆောင်းပါးမှာ အာရက္ခဒေသက ဆယ်စုနှစ်ချီ ရှုပ်ထွေးလှတဲ့ ပကတိတရားတွေကို ထုတ်နုတ်ဖော်ပြထားတဲ့အပြင် သမိုင်းအချက်အလက်အချို့နဲ့ နိုင်ငံတကာတရားရုံးဖြစ်စဉ်တွေကို ကွက်ကွက်ကွင်းကွင်း ပြသထားပေမဲ့ မြေပြင်က ဒေသခံပြည်သူတချို့ရဲ့ အသံတွေနဲ့ သမိုင်းအထောက်အထားတွေကိုတော့ ချန်လှပ်ထားခဲ့ပုံ ရပါတယ်။
▪️သမိုင်းကြောင်းအရ တည်ရှိမှုနှင့် အာရက္ခသမိုင်း ပုံဖျက်ခံရခြင်း
သမိုင်းကြောင်းအရ တည်ရှိမှုလို့ ပြောကြတဲ့အခါ ရိုဟင်ဂျာဇာတ်လမ်းရေးသူတွေက ၁၇၉၉ ခုနှစ်က ပြုစုခဲ့တဲ့ ဒေါက်တာဖရန်စစ်ဘူခါနန်ရဲ့ မှတ်တမ်းကို အဓိက ကိုးကားပြီး ရိုဟင်ဂျာတွေဟာ ကိုလိုနီခေတ်မတိုင်မီကတည်းက ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဌာနေလူမျိုးစု ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သမိုင်းပညာရှင်တွေ ထောက်ပြကြတာကတော့ ဘူခါနန်ရဲ့ မှတ်တမ်းဆိုတာ စနစ်တကျ ကောက်ယူထားတဲ့ လူမျိုးစုဗေဒ (ethnographic) မှတ်တမ်းမဟုတ်ဘဲ ခရီးသွားရင်း ကြားသိရရုံ အပေါ်ယံ ရေးမှတ်ချက်သာ ဖြစ်ပါတယ်။ ပိုပြီးခိုင်မာတဲ့ ဗြိတိသျှကိုလိုနီအစိုးရရဲ့ တရားဝင် သန်းခေါင်စာရင်းမှတ်တမ်းတွေ (၁၈၇၂ မှ ၁၉၄၁ ခုနှစ်အထိ) ကို ပြန်လည်စိစစ်ရင် ‘ရိုဟင်ဂျာ’ ဆိုတဲ့ လူမျိုးအမည် လုံးဝမပါဝင်ဘဲ ‘စစ်တကောင်းသား’ (Chittagonian) ဒါမှမဟုတ် ‘မဟာမေဒင်’ ဆိုတဲ့ ရွှေ့ပြောင်းအခြေချလာသူတွေအဖြစ်ပဲ တရားဝင် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ လူသားချင်းစာနာမှုနဲ့ တဦးချင်းလွတ်လပ်ခွင့်အရ ကိုယ့်ကိုယ်ကိုယ် သီးသန့်အမည်တခု ခံယူခေါ်ဝေါ်လိုတာကို နားလည်ပေးနိုင်ပေမဲ့ အဲဒီအမှတ်အသားကို အခြေပြုပြီး ဝေသာလီနဲ့ မြောက်ဦးလို ဒေသခံတွေရဲ့ သမိုင်းဝင်နယ်မြေတွေနဲ့ ဌာနေသမိုင်းကြောင်းတွေကို ပုံဖျက်တာ၊ နိုင်ငံရေးအရ နယ်မြေခွဲဝေပိုင်ဆိုင်ခွင့်အထိ တောင်းဆိုလာတာကိုတော့ ဒေသခံလူထုအနေနဲ့ ဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ပါဘူး။
▪️မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုနှင့် မူဂျာဟစ်ခွဲထွက်ရေး လှုပ်ရှားမှု
မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ပတ်သက်ပြီး လွတ်လပ်ရေးရပြီးစ ဦးနုအစိုးရလက်ထက်မှာ လွှတ်တော်အမတ်တွေ ရှိခဲ့တာတွေ ဒါမှမဟုတ် မြန်မာ့အသံရေဒီယိုမှာ ထည့်သွင်းထုတ်လွှင့်ခဲ့တာတွေက စစ်မှန်တဲ့ ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုတာထက် အဲဒီခေတ်ကာလက အာရက္ခမြောက်ပိုင်း မောင်တောနဲ့ ဘူးသီးတောင်ဒေသကို ပါကစ္စတန်နိုင်ငံထဲ သွတ်သွင်းဖို့အထိ လက်နက်ကိုင်ပုန်ကန်ခဲ့တဲ့ ‘မူဂျာဟစ် ခွဲထွက်ရေးလှုပ်ရှားမှု’ ကို ထိန်းချုပ်ချင်တဲ့ ဝန်ကြီးချုပ် ဦးနုရဲ့ နိုင်ငံရေးအရ ယာယီအလျှော့ပေး စည်းရုံးမှုသာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲ ပေးခွင့်ရခဲ့တာကလည်း နိုင်ငံသားဖြစ်မှုမဟုတ်ဘဲ ‘ယာယီသက်သေခံလက်မှတ် (White Card)’ ကိုင်ဆောင်ထားသူတွေကို အဲဒီခေတ်အစိုးရတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့နဲ့ မဲရဖို့အတွက် ဖြတ်လမ်းနည်းနဲ့ နိုင်ငံရေးအရ အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။
▪️နိုင်ငံတကာ တရားရေးဖြစ်စဉ်များ၏ တဖက်သတ်ဆန်မှု
နိုင်ငံတကာ တရားရေးဖြစ်စဉ်တွေဖြစ်တဲ့ ဂမ်ဘီယာရဲ့ ICJ တွင် တရားစွဲဆိုမှုနဲ့ အာဂျင်တီးနားတရားရုံးရဲ့ Universal Jurisdiction (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) အရ ဖမ်းဝရမ်းထုတ်မှုတွေက ကြီးမားတဲ့ တရားရေးအောင်ပွဲလို့ ဆိုနိုင်ပေမဲ့ တရားလိုအုပ်စုရဲ့ အစီရင်ခံစာတွေကိုသာ အခြေခံထားပြီး မြေပြင်မှာရှိတဲ့ ဒေသခံ အာရက္ခတိုင်းရင်းသားတွေနဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ကမန်၊ ဟိန္ဒူ စတဲ့ လူနည်းစုတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ခံရမှုတွေနဲ့ ၂၀၁၇ ခုနှစ် ပဋိပက္ခကို အစပျိုးခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ စနစ်တကျ ဝင်ရောက်တိုက်ခိုက်မှုတွေကို ကွင်းကွင်းကွက်ကွက် ချန်လှပ်ထားခဲ့ကြပါတယ်။ မြေပြင်က လူမျိုးစုတွေအကြား တည်ရှိနေတဲ့ ရှုပ်ထွေးတဲ့ သမိုင်းအမာရွတ်တွေကို အမှန်တကယ် ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ ပဋိပက္ခကို ပိုနက်ရှိုင်းစေပြီး တဖက်သတ် ဆုံးဖြတ်ချက်တွေသာ ပေါ်ထွက်လာနိုင်တယ်လို့ ဒေသခံတွေက ရှုမြင်ကြပါတယ်။
▪️ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒုက္ခသည်စခန်းများအတွင်းက စိန်ခေါ်မှုများနှင့် အာရက္ခတပ်တော် (AA) ၏ အခန်းကဏ္ဍ
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်အရေးမှာလည်း လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ပြန်လည်လက်ခံရေးကိုသာ ဇောင်းပေးပြီး ပုံဖော်နေကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပွားနေတဲ့ တရားမဝင် လူမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေနဲ့ ARSA အပါအဝင် အစွန်းရောက်လက်နက်ကိုင်အုပ်စုတွေရဲ့ ခြိမ်းခြောက်စိုးမိုးမှုတွေကြောင့် ဒုက္ခသည်တွေ ပိုမိုကျပ်တည်းလာရတာ ဖြစ်ပါတယ်။ လက်ရှိ အာရက္ခဒေသရဲ့ မြေပြင်ပထဝီနိုင်ငံရေးနဲ့ အာဏာစိုးမိုးမှုမှာ အာရက္ခတပ်တော် (AA) ရဲ့ အခန်းကဏ္ဍကလည်း လျစ်လျူရှုလို့မရတဲ့ အဓိကသော့ချက် ဖြစ်ပြီး မွတ်စလင်တွေနေရပ်ပြန်ရေးမှာလည်း အာရက္ခတပ်တော်ကို ချန်လှပ်ထားလို့မရပါဘူး။ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခဒေသအတွင်းက မွတ်စလင်တွေအားလုံးကို နိုင်ငံသားအခွင့်အရေးနဲ့ အရပ်ဘက်အခွင့်အရေးတွေ အာမခံချက်ရှိရှိ ပေးအပ်သွားမယ်လို့ ကတိကဝတ်ပြု ပြောကြားထားပြီး ဖြစ်ပါတယ်။
▪️နိဂုံး
အားနည်းတဲ့ လူနည်းစုတခုက အမှတ်အသား တည်ဆောက်ခြင်းကို ‘ယဉ်ကျေးမှုလွှမ်းမိုးခြင်း (Rohingya-ization)’ လို့ မခေါ်ဆိုနိုင်ကြောင်း အဗ်ဒွလ်ဟာမွိုဒ်က ဆိုပေမဲ့ မိမိတို့ရဲ့ အမှတ်အသားနဲ့ အမည်နာမကို တောင်းဆိုတဲ့အခါ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းဝင်နယ်မြေ ရပိုင်ခွင့်တွေကိုပါ ကျော်လွန်ဝါးမျိုပြီး လူဦးရေအချိုးအစားအရ လွှမ်းမိုးဖို့ ကြိုးပမ်းတာကတော့ တရားမျှတတဲ့ ရပ်တည်မှု မဟုတ်တော့ဘဲ ဒေသခံတွေအပေါ် ယဉ်ကျေးမှုနဲ့ လူဦးရေအရ လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ ယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်လိုပါက တဖက်သတ် ဇာတ်ကြောင်းပုံဖော်မှုတွေကို ရပ်တန့်ပြီး အရှိတရားကိုလက်ခံနိုင်ဖို့လိုပါတယ်။ လက်ရှိ မြေပြင်မှာ အာဏာစိုးမိုးထားတဲ့ အာရက္ခတပ်တော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကာ အာရက္ခပြည်သစ်တည်ဆောက်ရင်း စနစ်ကျပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
