အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ ဆက်သွယ်ရေးအတွက် စတားလင့်ကို အဓိက မှီခိုနေရတဲ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ဟာ လက်ရှိမှာဆိုရင် အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို နည်းမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီထဲက အခက်အခဲဆုံး ပြဿနာတခုကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ပြဿနာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာဆိုရင် ကားလမ်းတွေ ပြန်ပွင့်နေပြီလို့ဆိုပေမဲ့ မထင်ရင် မထင်သလို လမ်းပိတ်တာနဲ့ ကြုံမိရင် နှစ်ပတ်ထပ်မနည်း ကြန့်ကြာသွားတတ်ပါတယ်။ ကုန်းလမ်းလမ်းပန်းဆက်သွယ်ရေးဟာ အရေးပေါ်သွားလာဖို့ မလိုသူတွေနဲ့ မတတ်သာတဲ့အဆုံး ကံကိုရင်းပြီး ရရာလမ်းကြောင်းက သွားမှရမယ်ဆိုတဲ့သူတွေအတွက်သာ ဖြစ်နေပါတော့တယ်။ ဒီလိုဘေးကျပ်နံကျပ်အခြေအနေမှာ လေကြောင်းလိုင်းကို ပိုပြီးအားကိုးနေထိုင်လာရပါတယ်။ ဒါပေမဲ့ လေကြောင်းလိုင်းကလည်း လူထုဘက်ကသာ တဖက်သတ်မှီခိုနေရပေမဲ့ အားကိုးမရလှပါဘူး။ ရေနစ်သူ ဝါးကူထိုး ဆိုသလိုမျိုး ကောက်ရိုးလေး တမျှင်ရရ၊ ဆွဲနေရတဲ့ ပြည်သူတွေဟာ လေယာဉ်လက်မှတ်စျေး အဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ဒါ့အပြင် မှောင်ခိုစျေးကွက် ကျယ်ပြန့်လာမှုနဲ့ လေယာဉ်လက်မှတ် လိမ်လည်မှုတွေကလည်း တနေ့တခြား တိုးလို့သာ လာပါတော့တယ်။
လေယာဉ်လက်မှတ်လေး တစောင်ရဖို့ နှစ်လ သုံးလ ကြိုတင် ဝယ်ယူရတာတွေအပြင် အခုလတ်တလောမှာ အဲသံလွင်လေကြောင်း (Air Thanlwin) က ထုတ်လိုက်တဲ့ မူအသစ်ကြောင့် မြစ်ကြီးနားနေ လူထုအကြားမှာ အပူပေါ် အပူပေါင်း သောင်းခြောက်ထောင် ဆင့်နေပါတော့တယ်။ ခရီးသွားမယ့်သူ ကိုယ်တိုင်လာဝယ်ယူရမယ့်အကြောင်း၊ ခရီးသွားသူရဲ့ ကိုယ်ပိုင် KPay နဲ့သာ လက်မှတ် ဝယ်ယူနိုင်မယ် ဆိုတဲ့အချက်တွေက ပြည်သူလူထုအတွက် ပိုလို့သာ အခက်တွေ့စရာ ဖြစ်နေပါတော့တယ်။ ဒီလို အခက်တွေ ပိုလာသလို လေယာဉ်လက်မှတ်ခတွေ အဆမတန် စျေးတက်နေပေမဲ့လည်း ပြေးဆွဲတဲ့ လေယာဉ်အစီးရေကို တိုးမြှင့်ပြေးဆွဲခြင်း မရှိသလို ပြုပြင်ထိန်းသိမ်းစစ်ဆေးမှုတွေလည်း အားနည်းလာပါတယ်။ ဒီအတွက်ကြောင့် လိုက်ပါစီးနင်းသူတွေဟာ ရွာက နွားလှည်း စီးရသလို ဖြစ်လာပြီး ခရီးစဉ်ချောမွေ့ဖို့အတွက် ရှိသမျှဘုရားကိုသာ အပ်နှံထားရပါတော့တယ်။
ဒါပေမဲ့ တခြားတဖက်မှာတော့ elite အလွှာလူတန်းစားလို့ ဆိုရမယ့် ဥစ္စာနဲ့ အာဏာရှိသူတွေကတော့ ဒီအခက်အခဲတွေကနေ ကင်းလွတ်ခွင့်ရနေပါတယ်။ လေယာဉ်လက်မှတ်ရဖို့ ဘယ်လောက်ခက်ခဲပါစေ သူတို့လိုရာခရီးစဉ်ကို အချိန်မဆွဲဘဲ လေယာဉ်ပေါ် ကောက်ကာငင်ကာ ဆွဲတက်သွားနိုင်ကြပါတယ်။ ငွေကြေးအပြင် အာဏာရ စစ်တပ်အသိုင်းအဝိုင်းက အကောင်ကြီးကြီးတွေနဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ ဆက်ဆံရေးအခြေအနေတရပ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူတို့ဟာ ပုဂ္ဂလိက လေကြောင်းလိုင်းတွေကို ပြည်သူလူထုနဲ့အပြိုင် တိုးဝှေ့ပြီး လိုက်ပါစီးနင်းကြတာမျိုး မဟုတ်ဘဲ စစ်တပ်ပိုင်လေယာဉ်တွေနဲ့ ခရီးဆက်နေကြလို့ပဲ ဖြစ်ပါတယ်။
တဖက်မှာ သာမန်လူထုတွေ၊ ငွေရှိပေမဲ့ အာဏာမရှိတဲ့ လူတွေအဖို့ကတော့ အရေးပေါ်အခြေအနေ ရောက်နေရင်တောင် ဘာမှမတတ်နိုင်ကြပါဘူး။ နာရေးကိစ္စဆိုရင်တောင် မြေချမီဖို့ မပြောနဲ့၊ ရက်လည်ပင် မီအောင် မသွားနိုင်မလာနိုင်၊ သေမယ့်ကိစ္စဆိုလျှင် သေလိုက်ရုံ။ ကံကိုသာ ပုံအပ်ရင်း အသက်ဆက်နေကြရပါတယ်။ တဖက်မှာတော့ ငွေနဲ့အာဏာရှိတဲ့ လူတန်းစားတွေအဖို့တော့ ခက်လှပါချည်ရဲ့လို့ ဆိုနေရင်တောင် ဆင်ပိန်ကျွဲလောက်ဆိုသလို သူတို့အခက်အခဲက မဆိုစလောက်သာ။ ဒါ့အပြင် အခြေအနေတွေ ပိုမိုဆိုးရွားအောင် ပြည်သူလူထုအခက် ငါတို့အချက်ဆိုတဲ့ လူတန်းစားတွေလည်း ရှိနေပါသေးတယ်။
အခု မြစ်ကြီးနားမြို့အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် အာဏာရော ငွေပါရှိတဲ့ လူတန်းစားအလွှာကလွဲလို့ ကျန်တဲ့ အလွှာအသီးသီးဟာဆိုရင် လေကြောင်းဆက်သွယ်ရေးနဲ့ ပတ်သက်လာရင် သူမနာကိုယ်မသာ အခက်အခဲတွေကို ကြုံတွေ့နေရပါတော့တယ်။
