[ယခုဆောင်းပါးမှာ မေဦးမူတြော် ပေးပို့လာသော “Democracy Before the State” ဆောင်းပါးကို အနှစ်ချုပ်ကာ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]
ကျမအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်လုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်လာခဲ့တဲ့ သက်တမ်းတလျှောက်မှာ အတွေ့ရအများဆုံးပုံစံကတော့ နိုင်ငံရေးပဋိပက္ခဖြေရှင်းမှုတွေဟာ နိုင်ငံရေးသဘောတူညီချက် ရရှိမှုကနေတဆင့် အသွင်ကူးပြောင်းရေးအစီအစဉ်၊ ဖွဲ့စည်းပုံရေးဆွဲရေး၊ ဒီမိုကရေစီ အုပ်ချုပ်ရေး စသဖြင့် အစဉ်အလိုက် တဖြောင့်တည်း သွားရတယ်ဆိုတဲ့ ပုံသေကားကျ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အယူအဆမျိုးတွေပါ။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ အဲဒီတဖြောင့်တည်းသွားတဲ့ နိုင်ငံရေးပဋိပက္ခဖြေရှင်းမှုက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံလို ပဋိပက္ခကြာရှည်နေတဲ့ နိုင်ငံမှာ အဲဒီလိုအစဉ်အတိုင်း မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာတွေက ပြန့်ကျဲနေပြီး တခုတည်းသော ဗဟိုချက် မရှိတဲ့အပြင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း အပြီးသတ်နိုင်ငံရေးအဖြေရရှိတဲ့အချိန်အထိ ထိုင်စောင့်နေလို့မရပါဘူး။ ဒီအခြေအနေမှာ မေးခွန်းတခုထုတ်မိတာကတော့ နိုင်ငံတော်သဏ္ဌာန် မပေါ်မီကတည်းက ဒီမိုကရေစီနည်းကျ နိုင်ငံရေးအစီအမံတခု ထွက်ပေါ်လာနိုင်သလားဆိုတာပါပဲ။ နိုင်ငံတော်သဏ္ဌာန် မပေါ်မီဆိုတာက နိုင်ငံရေးအစီအမံကင်းမဲ့နေတာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမပေါ်မီ အခင်းအကျင်းမှာကတည်းက သက်ဆိုင်ရာအစုအဖွဲ့တွေက အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီးဖြစ်တဲ့ အနေအထားကို ဆိုလိုချင်တာပါ။
ဒီမေးခွန်းကို ဖြေဖို့ဆိုရင် အင်စတီကျူးရှင်းဆိုင်ရာ တည်ဆောက်ပုံတွေကိုသာမကဘဲ အစုအဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ဘယ်လိုနားလည်သဘောပေါက်လဲဆိုတာကိုပါ လေ့လာဖို့လိုပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုတာတွေဟာ ဗဟုဝါဒ၊ တန်းတူညီမျှမှုနဲ့ တာဝန်ခံမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးဇာတ်ကောင်တွေအကြားမှာ တူညီတဲ့ ဘုံကတိကဝတ်ရှိနေပါပြီလို့ အာမမခံနိုင်ပါဘူး။ အာဏာရှင်ကို ဆန့်ကျင်ရုံလေးနဲ့ ဒီမိုကရေစီကျတယ်လို့ ပြောလို့မရပါဘူး။ ဆုံးဖြတ်ချက်တခု ချတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကြောင့် သက်ရောက်မှုရှိမယ့်သူတွေ ကိုယ်တိုင် ပါဝင်ခွင့်ရတာ၊ အာဏာပိုင်တွေကို မေးခွန်းထုတ် စိန်ခေါ်နိုင်တာနဲ့ ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းနိုင်တာတွေရှိမှသာ တကယ့်ဒီမိုကရေစီကျတဲ့ လုပ်ရပ် ဖြစ်မှာပါ။
▪️အသွင်ကူးပြောင်းရေးကာလ အာဏာပိုင်ဆိုင်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံဖော်ခြင်း
ဒီမိုကရေစီအသွင်ကူးပြောင်းရေး သီအိုရီအများစုကတော့ တည်ငြိမ်မှုရှိပြီးသား နိုင်ငံတွေမှာ အခြေခံ စဉ်းစားထားတာ များပါတယ်။ အဲဒီသီအိုရီတွေထဲမှာတော့ အချိန်နဲ့အမျှ ဒီမိုကရေစီဆန်အောင် တည်ဆောက်ရတယ်ဆိုတဲ့ လာရီဒိုင်းမွန်း (Larry Diamond) ရဲ့ သီအိုရီက ကျမအမြင်နဲ့ အကိုက်ညီဆုံးပါပဲ။ ပဋိပက္ခဖြစ်ပြီး ပြိုကွဲနေတဲ့ အခင်းအကျင်းမျိုးမှာ နိုင်ငံတော်အာဏာ ကိုယ်တိုင်က မတည်မငြိမ် ဖြစ်နေတာပါ။ ဒါကြောင့်မို့လို့ အသွင်ကူးပြောင်းရေးကာလမှာ ဆုံးဖြတ်လိုက်တဲ့ ယာယီ ဆုံးဖြတ်ချက်တွေဟာ ယာယီရေတိုသဘောမဆန်ဘဲ အနာဂတ်နိုင်ငံရေးအခင်းအကျင်းကိုပါ အမြဲတမ်း ပုံဖော်ပေးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗီဗီယံဟ (Vivien Hart) ထောက်ပြသလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုံဖော်တယ်ဆိုတာ တရားဝင် မရေးဆွဲမီ ကတည်းက အမှတ်သညာ၊ အသိအမှတ်ပြုမှု၊ ပါဝင်မှုနဲ့ အာဏာကျင့်သုံးမှုဆိုင်ရာ မေးခွန်းတွေကို အဖြေရှာနေတဲ့ အစဉ်မပြတ် ညှိနှိုင်းမှုတခု ဖြစ်ပါတယ်။ အလားတူပဲ အန်ဒရူးအရာတို (Andrew Arato) ရဲ့ အယူအဆအတိုင်း ယာယီအာဏာပိုင်တွေကို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းအရ ကန့်သတ် ထိန်းကျောင်းထားဖို့ လိုပါတယ်။ အဓိကအားဖြင့် လက်တွေ့ ဆောင်ရွက်နိုင်စွမ်း (အထူးသဖြင့် စစ်ရေးအင်အား) နဲ့ နိုင်ငံရေးအရ တရားဝင်မှုကို မရောထွေးဖို့ လိုပါတယ်။ ဒါမှလည်း လက်နက်အာဏာက အနာဂတ် နိုင်ငံရေးကို စိုးမိုးသွားတာမျိုး မဖြစ်မှာပါ။
▪️ကိုယ်စားပြုမှုနှင့် စုပေါင်းအမှတ်သညာဆိုင်ရာ ရှုပ်ထွေးမှုများ
တရားဝင် ရွေးကောက်ပွဲတွေ မရှိသေးတဲ့ ဖွဲ့စည်းပုံ မပေါ်မီ ကာလမှာ တိုင်းရင်းသား၊ နယ်မြေ၊ အရပ်ဘက်နဲ့ ဂျန်ဒါဆိုင်ရာ စုဖွဲ့မှုတွေဟာ တခုနဲ့တခု ထပ်နေနိုင်တဲ့အတွက် ကိုယ်စားပြုမှုက တော်တော်လေး ရှုပ်ထွေးပါတယ်။ စစ်မှန်တဲ့ ကိုယ်စားပြုမှုဆိုတာ တရားဝင်မှု ပုံစံတမျိုးမျိုးကို အသာစီး ပေးတာမျိုးမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်မျိုး ပေးတာ ဖြစ်ပါတယ်။ ဥပမာ အမျိုးသမီးတွေကို လူလုံးပြရုံ၊ လူဦးရေတိုးရုံ ပါဝင်ခွင့် ပေးတာမျိုး မဟုတ်ဘဲ သီးခြားနိုင်ငံရေးအသံ ရှိစေတာလိုမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် စုပေါင်းအခွင့်အရေး တောင်းဆိုချက်တွေရဲ့ နောက်ကွယ်မှာလည်း အာဏာအလွှာ ခွဲခြားထားမှုတွေ ရှိနေနိုင်ပါတယ်။ စည်းလုံးမှုကို ပုံစံတူအောင် အတင်းအကျပ် လိုက်နာခိုင်းမှုနဲ့ ရောထွေးလိုက်ရင် အာဏာရှင်စနစ်ကိုပဲ ပြန်မွေးထုတ်မိသွားနိုင်ပါတယ်။ အစုအဖွဲ့အတွင်းက သဘောထားကွဲလွဲမှုတွေကို ခြိမ်းခြောက်မှုအဖြစ် မမြင်တာကလည်း တည်ဆောက်ဆဲ ဒီမိုကရေစီရဲ့ လက္ခဏာတရပ် ဖြစ်နိုင်ပါတယ်။
▪️ဒီမိုကရေစီပေါ်ထွန်းလာရေးဆိုင်ရာ မူဘောင်အင်စတီကျူးရှင်းများ
အင်စတီကျူးရှင်းတွေကနေတဆင့် ဒီမိုကရေစီစံနှုန်းတွေ အလိုအလျောက် တန်းပြီး ပေါ်ပေါက်မလာနိုင်ပေမဲ့ တိုင်ပင်ဆွေးနွေးမှု၊ တာဝန်ခံမှုနဲ့ အာဏာခွဲဝေမှုတွေကို အင်စတီကျူးရှင်းထဲမှာ မဖြစ်မနေ လုပ်ဆောင်ရတာကြောင့် ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေနဲ့ နေသားကျလာစေပါတယ်။ ကွဲပြားပြန့်ကျဲနေတဲ့ အခင်းအကျင်းမျိုးမှာ အင်စတီကျူးရှင်းတွေဟာ စုပေါင်းအခွင့်အရေးတွေနဲ့ အင်စတီကျူးရှင်းအတွင်း မတူကွဲပြားမှုတွေ၊ တဦးချင်းစီရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တို့အကြား အလွှာအသီးသီးမှာ မျှခြေရောက်အောင် တည်ဆောက်နိုင်ဖို့လိုပါတယ်။ သက်ဆိုင်ရာ အင်စတီကျူးရှင်းထဲက လူတဦးချင်းစီအနေနဲ့ သဘောထားကွဲလွဲခွင့် ရှိရမယ့်အပြင် အဲဒီလို ကွဲလွဲလို့ဆိုပြီး ဖဲကြဉ်ခံရတာ၊ ဘေးဖယ်ခံရတာ၊ နိုင်ငံရေးအရ သစ္စာဖောက်တယ်လို့ စွပ်စွဲခံရတာမျိုးတွေ မရှိစေဖို့ကိုလည်း သေချာပေါက် အာမခံနိုင်ရပါမယ်။
နိုင်ငံတော် ထူထောင်တာနဲ့ ဒီမိုကရေစီ ဖော်ဆောင်တာဟာ တခုပြီးမှတခု ဖြစ်တာမဟုတ်ဘဲ တပြိုင်နက်တည်း ဖြစ်ပေါ်နေတာပါ။ အာဏာပိုင်ဆိုင်မှု၊ ကိုယ်စားပြုမှုနဲ့ အာဏာအကန့်အသတ်တွေအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေအကြိုကာလမှာ ဆုံးဖြတ်ချက်ချထားတာတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ အုတ်မြစ် ဖြစ်လာမှာပါ။ ဒီမိုကရေစီဆိုတာ နိုင်ငံတော်ကို တည်ဆောက်နေဆဲကာလမှာတင် နိုင်ငံရေးဇာတ်ကောင်တွေအကြားက ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြသလဲ ဆိုတာကနေ စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
▪️စိမ့်ဝင်တည်ဆောက်ပြီး ဖြစ်သင့်သော ဒီမိုကရေစီအမူအကျင့်များ
တဖက်မှာလည်း မူဘောင်တွေ၊ ဖွဲ့စည်းပုံတွေ ပုံမပေါ်ခင် အတူတူ စုပေါင်းလုပ်ကိုင်ကြကတည်းက ဒီမိုကရေစီ အမူအကျင့်တွေကို ပျိုးထောင်ကျင့်သုံးပေးဖို့လိုပါတယ်။ အားလုံး တန်းတူညီမျှရှိတဲ့ နိုင်ငံရေးဆိုင်ရာဆက်ဆံရေးတွေကို တက်တက်ကြွကြွ တည်ဆောက်ဖို့ လိုပါတယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ အချင်းချင်း တိုင်ပင်ဆွေးနွေးဖို့၊ အာဏာကို ခွဲဝေကျင့်သုံးဖို့နဲ့ ဆုံးဖြတ်ချက်တွေကို လွယ်လင့်တကူ ပြန်လည်မေးခွန်းထုတ်နိုင်မယ့် ယန္တရားတွေ ဖန်တီးပေးဖို့စတဲ့ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ လူတဦးတယောက်တည်းက ဖြစ်စေ၊ တစုတသင်းတည်းက ဖြစ်စေ အာဏာကို အကန့်အသတ်မရှိ သုံးစွဲတာမျိုး မဖြစ်အောင် စုပေါင်းတားဆီးနိုင်မှာပါ။
ဒီနေရာမှာ အရေးအကြီးဆုံးကတော့ တရားဝင် နိုင်ငံတော်ကြီး ပေါ်ပေါက်လာမှ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အပြီးသတ် ရေးဆွဲပြီးမှ ဒီမိုကရေစီအမူအကျင့်တွေကို လုပ်ဆောင်ကျင့်ကြံမယ်ဆိုပြီး စောင့်ဆိုင်းနေလို့ မရပါဘူး။ အခုလို အကူးအပြောင်းကာလမှာကတည်းက ဒီအမူအကျင့်တွေကို စနစ်ထဲမှာ စိမ့်ဝင်သွားအောင် ထည့်သွင်းတည်ဆောက်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီ အမူအကျင့်တွေနဲ့ အသားကျနေမှာ ဖြစ်ပါတယ်။
ကိုးကားချက်
Arato, A. (2009). Redeeming the still redeemable: Post Sovereign Constitution Making. International Journal of Politics, Culture, and Society, 22(4), 427–443.
Diamond, L. (1999). Developing democracy: Toward consolidation. Johns Hopkins University Press.
Hart, V. (2001). Constitution-making and the transformation of conflict. Peace & Change, 26(2), 153–176. https://doi.org/10.1111/0149-0508.00185
