ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်အာဏာစက်အောက်က မြို့ပြလူငယ်ရောင်းဝယ်ရေး

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စစ်မှုထမ်းကိစ္စကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောထားပါတယ်။ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့​ကြီးပြကြီးတွေမှာ အပတ်စဉ်တခုတိုင်းအတွက် စစ်မှုထမ်းသတ်မှတ်အရေအတွက် ပြည့်မီအောင် ပေးရတဲ့အခြေအနေကတဖြည်းဖြည်းနဲ့ လူငယ်အမျိုးသားတွေအပေါ် သက်ရောက်မှု ကြီးလာပါတယ်။ သေဘေးနဲ့ ကြုံရနိုင်တဲ့အန္တရာယ်က လူငယ်တွေရဲ့လက်တကမ်းမှာ ရှိနေသလို ခံစားနေကြရပါတယ်။
By  ကျော်ဇ  | September 11, 2026

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပိုကြီးထွားလာတဲ့ ပြည်တွင်းစစ်ပဋိပက္ခဟာ အချိန်ကြာလာတာနဲ့အမျှ စစ်သားအင်အားဟာ မရှိမဖြစ် လိုအပ်လာပါတယ်။ စစ်တပ်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေကရော သူတို့ ထိန်းချုပ်ထားနိုင်တဲ့၊ အာဏာစက်ရှိတဲ့ ​ဒေသတွေက လူသားအရင်းအမြစ်​တွေကို စစ်သည်အင်အားဖြည့်တင်းဖို့ အလွယ်တကူပဲ အသုံးချလာကြပါတယ်။ MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်၊ KIA ကချင်လွတ်လပ်ရေးတပ်မတော်၊ AA အာရက္ခတပ်တော်တို့ဟာ မဖြစ်မနေ စစ်မှုထမ်းရမယ့် ကြေညာချက်တွေ ထုတ်ပြန်ပြီး လူငယ်တွေကို ပစ်မှတ်ထားကာ စစ်သား စုဆောင်းကြပါတယ်။ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မဖြစ်မနေ စစ်မှုထမ်းရမယ့် အမိန့်ထုတ်ပြန်ဖို့ ရှိတယ်ဆိုပြီး သတင်းထွက်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ​​အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ခုခံစစ်ကြောင့် အင်အားအတော်လေး ပြုန်းတီးခဲ့ပါတယ်။ ဒါကြောင့် ပြည်သူစစ်မှုထမ်းဥပဒေကို အတည်ပြုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို စစ်မှုထမ်းခိုင်းပါတော့တယ်။ ဒီအခြေအနေကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့ကြီးတွေက လူငယ်တော်တော်များများဟာ ပြ​ည်ပကို ရရာနည်းလမ်းနဲ့ ထွက်ခွာကြရပါတယ်။ စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းကို စတင်လာတာ အပတ်စဉ် ၂၇ အထိ ရှိသွားပါပြီ။ အပတ်စဉ်တခုကို လူငါးထောင် သတ်မှတ်ထားပါတယ်။ ဒါက တနိုင်ငံလုံးအတိုင်းအတာလို့ ဆိုပေမဲ့ စစ်တပ်လက်လွှတ်ထားရတဲ့ နေရာတွေအတွက်ပါ မြို့ကြီးပြကြီးတွေက ပေးရတဲ့သဘော ရှိလာပါတယ်။

စစ်မှုထမ်း သတ်မှတ်အသက်အရွယ် အကျုံးဝင်သူရှိတဲ့ အိမ်ထောင်စုတွေဟာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တအိမ်ထောင်ဘယ်လောက်ဆိုပြီး လစဉ်ငွေပေးရပါတယ်။ အဲဒီငွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လူအစားထိုးဝယ်ပြီး ဖြေရှင်းပါတယ်။ ဒါပေမဲ့ နှစ်နှစ်ကျော်လာတဲ့အခါ အဲဒီနည်းလမ်းနဲ့ လူအစားထိုးဝယ်ဖို့က ခက်ခဲလာပါတယ်။ ဒါကြောင့် စစ်မှုထမ်းအတွက် လူရှာဖွေ ဖမ်းဆီးတာကို အလုပ်တခုလို လုပ်လာသူတွေ ရှိလာပါတယ်။ မနက်စောစောနဲ့ ညပိုင်း လူပြတ်တဲ့နေရာတွေမှာ အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူငယ်တွေကို အတင်းဝင်ရောက်ဖမ်းဆီးပြီး ကားပေါ်ဆွဲတင်ပါတယ်။ ရုန်းကန်ရင် ထိုးကြိတ်ပါတယ်။ အဲ့ဒီလူငယ်တွေကို စစ်တပ်ဆီ ပို့လိုက်တာပါ။ လူငယ်တယောက်ရဲ့ ပေါက်စျေးက သိန်းဆယ်ချီပါတယ်။ အဲဒီလူငယ်တွေကို ဘယ်မြို့နယ် ဘယ်ရပ်ကွက်အတွက်ဆိုပြီး အစားထိုးလိုက်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းရှောင်ရှားနိုင်အောင် ရပ်ကွက်ထဲမှာ ပိုက်ဆံပေးထားသူတယောက်ဟာ မလုံခြုံတော့ပါဘူး။ လမ်းမတွေပေါ်မှာ ဘယ်ကမှန်းမသိတဲ့ လူတွေရဲ့ ခေါ်ဆောင်ခြင်းခံရပြီး ရောင်းစားခံရနိုင်ပါတယ်။

အခုတလောမှာတော့ ရန်ကုန် မန္တလေးနဲ့ မုံရွာလို မြို့ကြီးတွေမှာ လူငယ်တွေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ​​ဘောလုံးကလပ်တွေက ဘောလုံးသမားတွေပါ ပျောက်သွားလို့ အသင်းတွေ ကြေညာချက် ထုတ်ရတဲ့အထိပါပဲ။ ဒီလိုအခြေအနေ​တွေကြောင့် ညဘက်တွေမှာ လူသွားလူလာကျဲနေတဲ့ ရန်ကုန်ဟာ ပိုပြီး လူသူရှင်း​လာပါတယ်။ ညရှစ်နာရီဝန်းကျင်ဆို လမ်းမကြီးတွေမှာ လူငယ်လူရွယ် လူလတ်ပိုင်းတွေ အသွားအလာ ရှင်းသွားပါတယ်။ လူငယ်တွေဟာ အဲဒီအတွက်ကို အတော်စိုးရိမ်နေပြီး မလုံခြုံသလို ခံစားနေရတယ်လို့ ပြောကြပါတယ်။

မန္တလေးမှာကတော့ နယ်တွေကနေ မြို့ပေါ်ကို အလုပ်လာဆင်းတဲ့ အခြေခံလူတန်းစားတွေကို ပစ်မှတ်ထားပြီး စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ပါတယ်။ အဲဒီနည်းလမ်းနဲ့ အဆင်မပြေတော့တဲ့အခါ ဧည့်စာရင်းဝင်စစ်ပြီး အကြောင်းအမျိုးမျိုးပြ ခေါ်ဆောင်တာကို ခံရပါတယ်။ ဒါကြောင့် ဧည့်စာရင်း စစ်မယ်ဆိုတာကြားတာနဲ့ ရှောင်တိမ်းနေရသူတွေ ရှိလာပါတယ်။ မန္တလေးမြို့မှာ လူတိုင်းနီးပါး ညရှစ်နာ​ရီမတိုင်ခင်ရောက်အောင် အိမ်ပြန်ကြရတယ်လို့ လူငယ်တချို့က ပြောပြပါတယ်။ စစ်မှုထမ်းအတွက် သတ်မှတ်ဦးရေ ပြည့်မီအောင်ပေးဖို့ ခက်လာတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မိဘတွေကို မဖြစ်မနေ မဲလာနှိုက်ကြဖို့ ဆောင်ရွက်လာပြန်ပါတယ်။

မုံရွာမှာကတော့ နေ့ခင်းကြောင်တောင် လမ်းပေါ်မှာတွေ့ရင်ကို လူငယ်ရော လူလတ်ပိုင်းပါမချန် ဖမ်းဆီးခေါ်ဆောင်ပါတယ်။ လမ်းမတွေပေါ်မှာ အသွားအလာ မရှိတော့တဲ့အခါ ရပ်ကွက်တွေထဲ ဝင်ဖမ်းပါတယ်။ ကိုယ့်အိမ်ဝိုင်းထဲမှာ ထိုင်နေတာတွေ့ရင်ကို အကြောင်းရှာပြီး ခေါ်ဆောင်သွားတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် မုံရွာမြို့ပေါ်မှာ အမျိုးသားအများစု အပြင်ထွက်သွားလာတာ မလုပ်တော့ပါဘူး။ လမ်းမတွေပေါ်မှာ သက်ကြီးပိုင်းယောက်ျားတွေနဲ့ အမျိုးသမီးတွေပဲ သွားလာတာမျိုး ရှိပါတော့တယ်။ အခြေခံပညာကျောင်းသား ယောက်ျားလေးတွေလောက်ပဲ ကျောင်းသွား ကျောင်းပြန် တွေ့ရတတ်ပါတယ်။

စစ်မှုထမ်းရတဲ့ လူငယ်တွေဟာ သင်တန်းကာလပြီးတာနဲ့ ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံရပါတယ်။ တကယ်တော့ ကိုယ်နေထိုင်ရာဒေသမှာပဲ လုံခြုံရေးတာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ ရှေ့တန်းစစ်မျက်နှာကို ရောက်သွားသူအများစုမှာ သေဆုံးသူက ပိုများပါတယ်။ အခုဆို စစ်မှုထမ်းသက်တမ်းနှစ်နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ရသူတချို့ ရှိနေပေမဲ့ အပတ်စဉ်တခုမှာ ဘယ်နှယောက်လောက် အိမ်ပြန်နိုင်တယ်ဆိုတာကို စစ်တပ်က အတိအကျ ထုတ်ပြောတာ မရှိသေးပါဘူး​။ သမ္မတတာဝန်ကို ယူထားတဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စစ်မှုထမ်းကိစ္စကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောထားပါတယ်။ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့​ကြီးပြကြီးတွေမှာ အပတ်စဉ်တခုတိုင်းအတွက် စစ်မှုထမ်းသတ်မှတ်အရေအတွက် ပြည့်မီအောင် ပေးရတဲ့အခြေအနေက တဖြည်းဖြည်းနဲ့ လူငယ်အမျိုးသားတွေအပေါ် သက်ရောက်မှု ကြီးလာပါတယ်။ သေဘေးနဲ့ ကြုံရနိုင်တဲ့ အန္တရာယ်က လူငယ်တွေရဲ့ လက်တကမ်းမှာ ရှိနေသလို ခံစားနေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေနဲ့အတူ အမြဲတမ်းလိုအပ်နေမယ့် စစ်အင်အားက ရေရှည်မှာ လူငယ်အမျိုးသားတွေတင်မကပဲ လူလတ်ပိုင်းအမျိုးသားတွေကိုပါ တဖြည်းဖြည်း ခြိမ်းခြောက်မှု ရှိလာမယ့် အန္တရာယ်တခုလို့ ဆိုရမှာပါ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles