ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

မလုံခြုံခြင်း၊ စောင့်ဆိုင်းရခြင်းနှင့် အညာအမျိုးသမီးတို့၏ စစ်ဒဏ်ရာ

အမျိုးသမီးတို့သည် ပုခက်လွှဲသောလက်များဖြင့် မျက်ရည်များကို သုတ်ကြရသည်။ စားစရာများစွာ ချက်ပြုတ်ရသည်။ အိမ်အလုပ်များ လုပ်ကြရသည်။ ထို့နောက် မလုံခြုံခြင်း၊ စောင့်ဆိုင်းခြင်းတို့ကို့ ပွေ့ပိုက်ကာ တိတ်ဆိတ်စွာပင် ရှင်သန်နေကြရပြန်သည်။ အမျိုးသမီးတို့သည် အဖိနှိပ်ခံနှင့် အသုံးပြုခံဘဝများဖြင့် ကာလရှည်စစ်ပွဲကြီး၏ ဝဲဂယက်အတွင်း၌ တရွတ်တိုက် မျောပါနေကြရရှာသည်။
By  နွေဦးမြိုင်  | September 15, 2026

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြီးဖြစ်ပြီးနောက် အညာဒေသရှိ အမျိုးသမီးအများစု၏ ဘဝသည်  ယခင်နှင့်မတူ တမူ ပြောင်းလဲလာခဲ့သည်။ မလုံခြုံခြင်းနှင့် စောင့်ဆိုင်းရခြင်း ဟူသော စိတ်ပိုင်းဆိုင်ရာ လေးလံဖိစီးမှုများကို နေ့စဉ်နှင့်အမျှ အပြင်းအထန် ရင်ဆိုင်နေကြရသည်။

စစ်အာဏာသိမ်းမှုမတိုင်မီ ကာလများဆီကမူ အညာဒေသတွင် စစ်မက်များ ဖြစ်ပွားခြင်း မရှိသကဲ့သို့ စစ်နှင့်နှီးနွှယ်ဆက်စပ်သော စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရမှုများလည်း မရှိခဲ့ပါ။ ဗုံးကြဲခံရ၍ အသက်ပျောက်သည်ဟူ၍  အညာတွင် မရှိ။ စစ်၏နောက်ဆက်တွဲအဖြစ် နေအိမ်မီးရှို့ခံရသည်ဟုလည်း မရှိဖူး။ အုပ်စုဖွဲ့၍ မုဒိမ်းကျင့်ခံရခြင်း၊ လက်နက်ပြ၍ အနိုင်ကျင့်ခံရခြင်းနှင့် အမြင်မတူလျှင် ရန်သူဟု သဘောထားကာ သတ်ဖြတ်ခံရခြင်းတို့လည်း မရှိခဲ့ပေ။

အာဏာသိမ်းပြီး ငါးနှစ်‌ကျော်၊ ခြောက်နှစ်အရောက်တွင်မူ အခြေအနေတို့သည် မျှော်မှန်း၍ မရနိုင်လောက်အောင် ရှုပ်ထွေးသွားပါသည်။ အမှားအယွင်းအတိမ်းအစောင်းမခံဘဲ အကဲဆတ်လှပါသည်။

▪️မလုံခြုံခြင်း

တရားဥပဒေစိုးမိုးမှုများ ကင်းပျောက်သွားသောကြောင့် အညာဒေသရှိ အမျိုးသမီးများအဖို့မှာ ကြိုးတန်းလမ်းလျှောက်ရသော အခြေအနေသို့ ဦးတည်သွားပါသည်။ စစ်အုပ်စုထံတွင် မတရားဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ နေရပ်စွန့်ခွာ၍ ကာလရှည် စစ်ဘေးရှောင်ရခြင်းနှင့် အဆိုပါအမျိုးသမီးတို့၏ မိဘ၊ လင်သား၊ သားသမီးများနှင့် မောင်ဘွားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဆေးကုသမှု မရဘဲ သားဖွားရခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခံရခြင်းတို့ကို အချိန်မရွေး ကြုံတွေ့နိုင်သော အခြေသို့ ဆိုက်လာရပါသည်။ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ အသက်မပြည့်သေးခင်  အတင်းထိမ်းမြားလက်ထပ်ခံရခြင်း၊ အခွင့်အာဏာသုံး၍ လိင်အမြတ်ထုတ်ခြင်းနှင့် ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရခြင်းများကိုလည်း အမျိုးသမီးတို့ ကြုံတွေ့ကြရပါသည်။ ထိုအဖြစ်ဆိုးများကို တချို့အမျိုးသမီးများက တကြိမ်တခါခန့်သာ ကြုံဖူးကြရသော်လည်း တချို့ကမူ လေးငါးကြိမ်ထက်မက ကြုံဖူးကြရသည်လည်း ရှိပါသည်။

ပုခက်လွှဲသော အမျိုးသမီးများ၏ လူသားဘဝ ပျက်သုဉ်း၊ အညွန့်ကျိုးအောင် ပြုလုပ်ခြင်းသည် လူသားမျိုးနွယ် ပျက်သုဉ်းအောင် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

▪️စောင့်ဆိုင်းခြင်း

ရှေ့တန်းက သေနတ်သံတချက် ကြားရချိန်၊ အရေးပေါ်ဖုန်းတချက် ဝင်လာချိန်တို့တွင် အမျိုးသမီးတို့အဖို့ ကမ္ဘာကြီးတခုလုံး ပြိုကျမတတ် ရင်တလှပ်လှပ် ခံစားကြရသည်။ အကယ်၍ သူတို့ မကြားလိုသော ကြောက်ရွံ့ဖွယ် သတင်းဆိုးတခု တကယ်ပင်  ရောက်လာခဲ့လျှင်လည်း သူတို့အဖို့ ငိုကြွေးခွင့်မှအပ ဘာမျှ မတတ်နိုင်ကြရှာပေ။ ဟစ်အော် ငိုကြွေး ဝမ်းနည်းလျက်ပင် ကျန်ရစ်ခဲ့သော ဘဝကြီးတခုလုံးကို တယောက်တည်း ထမ်းပိုးကာ လင်မဲ့၊ သားမဲ့၊ အစ်ကိုမဲ့၊ မောင်မဲ့များအဖြစ် ဘဝကို ဖြတ်သန်းကြရပေသည်။

ထောင်ကျသွားသော လင်သားများ ဘယ်တော့များမှ လွတ်လာမည်နည်း။ PDF ထဲ ဝင်သွားသည့်သား အသက်ရှင်လျက် ပြန်လာနိုင်မည်လား။ လေယာဉ်ဗုံးကြဲ၍ ခင်ပွန်း သေသွားသည့် မိန်းမအဖို့ ကလေးငယ်တပြုံဖြင့် ဘဝအလယ်တွင် မည်သည်ကို စောင့်ဆိုင်းကာ မည်သို့ အသက်ရှင်နိုင်မည်နည်း။ စစ်ကောင်စီ၏ သတ်ဖြတ်မှုများအကြား လင်ဆုံး၊ သားဆုံး၊ မိသားစုဆုံးကာ စိတ်နောက်သွားရသည့် အမျိုးသမီးများဘဝကို မည်သည့်အရာများဖြင့် ကုစားနိုင်မည်နည်း။

စစ်သည် စစ်ဖြစ်ရာဒေသက လူသားအားလုံးကို တိုက်ချဝါးမျိုသွားသည်။ စိတ်ဒဏ်ရာများဖြင့် ရင်ဆိုင်ဖြတ်ကျော်ကြရသည်။ အမျိုးသမီးတို့သည်  ပုခက်လွှဲသော လက်များဖြင့် မျက်ရည်များကို သုတ်ကြရသည်။ စားစရာများစွာ ချက်ပြုတ်ရသည်။ အိမ်အလုပ်များ လုပ်ကြရသည်။ ထို့နောက် မလုံခြုံခြင်း၊ စောင့်ဆိုင်းခြင်းတို့ကို့ ပွေ့ပိုက်ကာ တိတ်ဆိတ်စွာပင်  ရှင်သန်နေကြရပြန်သည်။ အမျိုးသမီးတို့သည် အဖိနှိပ်ခံနှင့် အသုံးပြုခံ ဘဝများဖြင့် ကာလရှည်စစ်ပွဲကြီး၏ ဝဲဂယက်အတွင်းသို့ တရွတ်တိုက် မျောပါနေကြရရှာသည်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles