စစ်မှုထမ်းဥပဒေအကြောင်းကို အခုချိန်မှ ထပြောရင် ဓာတ်ပြားဟောင်းကြီး ဖွင့်နေသလို၊ မိုးလွန်မှ ထွန်ချသလို ဖြစ်နေပါလိမ့်မယ်။ စစ်မှုထမ်းဥပဒေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပြဋ္ဌာန်းခဲ့တာ အခုဆို စစ်မှုထမ်းအပတ်စဉ်က ၂၈ ခုထိ ရောက်ရှိနေပါပြီ။ ဒါပေမဲ့ အခုချိန်ထိ ဘယ်သူကမှ မထောက်ပြသေးတဲ့ ဥပဒေနောက်ကွယ်က အကြောင်းတရားတခုကို ပြောပြချင်ပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ပြောဆိုကြတာ အမျိုးမျိုး ရှိပါတယ်။ ပထမအချက်က စစ်တပ်က စစ်ရှုံးနေလို့၊ လူအင်အားမလုံလောက်လို့ ပြဋ္ဌာန်းရတာလို့ ဆိုပါတယ်။ ဒုတိယအချက်က တိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ တချို့ကကျတော့လည်း ပြည်သူလူထုအပေါ် စစ်တပ်ရဲ့အမာခံတွေ ငွေညှစ်လို့ရအောင် ဖန်တီးပေးတယ်ဆိုတာမျိုး ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ နည်းဗျူဟာအဆင့် တုံ့ပြန်မှုကို မတွေ့ခဲ့ရပါဘူး။ တချို့ခပ်လွယ်လွယ်ပြောကြသလို “လာခေါ်ရင် လွတ်အောင်ပြေး” ဆိုတာကလည်း လက်တွေ့မကျသလို “ဟိုဘက်စစ်တပ်ထဲ မဝင်ချင်ရင် ဒီဘက်တပ်ဖွဲ့ထဲကို ဝင်ကြ” ဆိုတာကလည်း မြေပြင်အခြေအနေနဲ့ မကိုက်လှပါဘူး။ ဒီလိုနဲ့ စစ်တပ်ထဲ ရောက်သွားတဲ့ လူအင်အားကလည်း သိန်းဂဏန်းထက်ကို ပိုများနေပါပြီ။
တကယ်တော့ စစ်မှုထမ်းဥပဒေက မြန်မာစစ်တပ်အတွက် လူသစ်စုဆောင်းရုံသက်သက်မျှသာ မဟုတ်ပါဘူး။ စစ်တပ်ထဲကို လူငယ်တွေ ဆွဲသွင်းလိုက်တဲ့အတွက် မိသားစုတွေဟာ အလိုမတူသည်ဖြစ်စေ မတူသည်ဖြစ်စေ စစ်တပ်နဲ့ ချိတ်ဆက်သွားကြရပါတယ်။ ဒီအခါ စစ်တပ်နဲ့ သူဆွဲသွင်းတာကို ခံလိုက်ရသူတွေက ဘက်တူသူ (ingroup) သဘောဖြစ်သွားပြီး တော်လှန်ရေးဘက်က လူတွေက အပြင်လူ(outgroup) သဘော ဖြစ်သွားစေပါတယ်။ ဒီနေရာက အတွင်းလူ၊ အပြင်လူဆိုတာက သာမန်အမြင်သဘောထားကွဲလွဲရုံမျှမဟုတ်ဘဲ သူသေကိုယ်သေ တိုက်ခိုက်ရမယ့် စစ်မြေပြင်နဲ့ တိုက်ရိုက်ပတ်သက်နေတာပါ။
ဒီလို “ဘက်တူရပ်တည်မှု” သဘောတရားကို ကန့်ကွက်မယ့်သူတွေ အများကြီး ရှိနိုင်ပါတယ်။ သားသမီး စစ်တပ်ထဲကို ရောက်သွားရုံနဲ့ မိဘတွေက အာဏာရှင်ကို အလိုလိုထောက်ခံသွားရောလားလို့ ပြန်ငြင်းနိုင်ပါတယ်။ အဖြေက ဒီလောက် မရိုးရှင်းပါဘူး။ အဲဒီမိသားစုတွေက စစ်တပ်ကို လိုလိုလားလား ထောက်ခံမနေပေမဲ့ စစ်တပ်နဲ့ ဘက်တဘက်တည်းမှာ ရှိနေအောင် ဆွဲသွင်းလိုက်တာပါ။ စစ်မှုထမ်းပါသွားသူတွေရဲ့ မိဘတွေထဲမှာ စစ်တပ်ဟာ မတရားဘူးလို့ မြင်နေသူတွေ အများကြီး ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးက စစ်တပ်ထဲ ရောက်သွားတဲ့အချိန် ကိုယ့်သားသမီးရှိတဲ့နေရာမှာ တိုက်ပွဲတွေ မဖြစ်စေချင်တော့တာဟာ သဘာဝပါ။ တရားတာ၊ မတရားတာ အပထားလို့ ကိုယ့်သားသမီး အသက်ရှင်တာကိုပဲ လိုချင်ကြတာ မိဘတွေရဲ့စိတ်သဘောပါ။ ဒီစိတ်ခံစားမှုမျိုးက မိဘတွေမှာသာမက ဇနီး၊ သားသမီးတွေမှာလည်း အလားတူရှိကြမှာပါ။ အာဏာသိမ်းစစ်တပ်ထဲ ပါသွားတဲ့ ငါ့သား၊ ငါ့လင် သေသေရှင်ရှင် ဖြစ်ချင်ရာဖြစ်၊ ပစ်ထားလိုက်မယ်ဟဲ့လို့ အသည်းမာနိုင်တဲ့သူ အလွန်နည်းမှာပါ။
စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခါစမှာတော့ ဆန္ဒမပါဘဲနဲ့ စစ်ထဲလိုက်လာတဲ့သူတွေကို အကာအကွယ်ပေးမယ့် အစီအမံမျိုးတွေ ပြောဆိုခဲ့ကြဖူးတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုမြေပြင်တိုက်ပွဲတွေမှာတော့ ပြည်သူ့ဘက်ကို အလင်းဝင်လာနိုင်တဲ့သူတချို့ကလွဲလို့ တိုက်ပွဲတွေမှာ သူဦးသူပစ်၊ ကိုယ်ဦးကိုယ်ပစ် ဖြစ်နေကြပါပြီ။ စိတ်မပါဘဲ စစ်သားသစ်အတင်းစုဆောင်းခံရလို့ ပါလာတဲ့သူတွေကိုလည်း စစ်ကောင်စီစစ်သားအဖြစ် သတ်မှတ်ပြီး ရင်ဆိုင်နေရပါပြီ။ ဒီတော့ မူလစစ်သားတွေနဲ့ “ပစ”လို့ခေါ်တဲ့ စစ်မှုထမ်းသစ်တွေအကြား ဘယ်သူကမှ မခွဲခြားနိုင်တော့ပါဘူး။ အလွယ်ပြောရရင် ကျားနဲ့ဆင် လယ်ပြင်မှာတွေ့သလို စစ်မြေပြင်မှာ သူစိမ်းပြင်ပြင်မက ရန်သူတွေဖြစ်နေကြပါပြီ။ ဒီလိုအခြေအနေမှာ မိဘတွေ၊ ဇနီးသည်တွေရဲ့ ဘက်တူရပ်တည်မှုဆိုတဲ့ သဘောတရားက ပိုပြီးတောင်မှ အားကောင်းလာပါလိမ့်မယ်။
စစ်တပ်မှာ လူအင်အားလိုအပ်ချက်၊ တနည်း စစ်တပ်အသုံးအနှုန်းအရ အင်အားပြုန်းတီးမှုတွေဟာ ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းက ရှိနေသလို တိုက်ပွဲတွေဆက်လာတဲ့ တော်လှန်ရေးကာလမှာ ပိုမြင့်တက်လာနေပါတယ်။ စစ်မှုထမ်းဥပဒေက စစ်တပ်ရဲ့ လျော့နည်းသွားတဲ့ လူအင်အားကို ဖြည့်တင်းပေးနိုင်တယ်ဆိုပေမဲ့ စစ်အင်အားလိုအပ်မှု တခုတည်းကြောင့်သာ ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ တော်လှန်ရေး တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲမှာ တော်လှန်ရေးကို ပြည်သူတွေက မထောက်ခံစေတော့အောင် တဖက်လှည့်နဲ့ အကျပ်ကိုင်တာမျိုး ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို လက်နက်နဲ့ တိုက်ရိုက်ဖြိုခွင်းတာထက် ပိုသာလွန်ထိရောက်တဲ့နည်းလမ်းအဖြစ် ပြည်သူနဲ့ လှည့်တိုက်ပေးတာပဲ ဖြစ်ပါတယ်။
တနည်းဆိုရရင် မိသားစုအပေါ် ဘေးကင်းစေချင်တဲ့ သံယောဇဉ်ကို အရင်းတည်လို့ ပြည်သူတွေရဲ့ ရပ်တည်ချက်ကို စစ်အာဏာရှင်ဘက်ရောက်အောင် ဆွဲသွင်းလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာထောင်ချောက်တခု ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မှုထမ်းအဖြစ် ဆွဲသွင်းခံလိုက်ရသူတွေကို ‘ရန်သူ’ အဖြစ် သတ်မှတ်မယ့်အစား ‘သားကောင်တွေ’ အဖြစ် မြင်ကာ ကယ်တင်ဖို့၊ ခိုလှုံခွင့်တွေဖန်တီးထားနိုင်မှသာ စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာထောင်ချောက်ကို ချေဖျက်နိုင်မှာပါ။ ရှိရင်းစွဲ အစီအစဉ်တွေထက် ပိုထိရောက်မယ့်နည်းလမ်းတွေ ရှာဖွေနိုင်မှသာ ချေဖျက်နိုင်မှာပါ။ ဒါကြောင့် စစ်တပ်က လူမရှိတော့လို့ ပြည်သူ့စစ်တွေ ခေါ်သုံးနေရတာပါဆိုတဲ့ အမြင်ထက်ပိုတဲ့ ဒီလိုစိတ်ပိုင်းဆိုင်ရာ ထောင်ချောက်တွေရဲ့ အတိုင်းအဆနဲ့ အကျိုးဆက်ကို သိမြင်နိုင်ဖို့လိုပြီး တန်ပြန်ဖို့ နည်းလမ်းတွေကို သေသေချာချာ ရှာဖွေဖို့ လိုအပ်ပါတယ်။
