စက်တင်ဘာလ ၁၃ ရက်နေ့က နယူးဒေလီမြို့မှ ၁၈ ကြိမ်မြောက် BRICS ထိပ်သီးဆွေးနွေးပွဲကို ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) နိုင်ငံတွေရဲ့ အသံကို ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်လာစေဖို့ “Greater BRICS (ပိုမိုလွှမ်းခြုံနိုင်တဲ့ BRICS)” ဆိုတဲ့ အယူအဆကို တွန်းတွန်းတိုက်တိုက် ပြောဆိုခဲ့ပါတယ်1။ တကယ်တော့ ကမ္ဘာ့လူဦးရေရဲ့ ၄၉ ဒသမ ၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ GDP ရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အုပ်စုကြီးဖြစ်တဲ့ BRICS ထဲမှာ ဝင်ရောက်ဖို့ နိုင်ငံပေါင်း ၃၀ ကျော်က ကြိုးပမ်းနေကြပါတယ်2။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် မတည်ငြိမ်မှုတွေ အပြင်းအထန် ကြုံနေရပေမဲ့ ဘက်စုံ စီးပွားရေးတိုးတက်ဖို့အတွက် BRICS က ပေးမယ့် အခွင့်အလမ်းတွေကို အသုံးချချင်နေတာမို့ BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတာက ယုတ္တိတန်နေပါတယ်။ “ကျနော်တို့ BRICS မှာ ပါဝင်ဖို့ စိတ်ဝင်စားပါတယ်။ BRICS နဲ့ ပူးပေါင်းဆောင်ရွက်မှုကတဆင့် နည်းပညာကဏ္ဍအတွက် ဘဏ္ဍာရေး ရင်းမြစ်သစ်တွေ ရဖို့ ရည်ရွယ်ထားပါတယ်” လို့ ၂၀၂၅ ခုနှစ်တုန်းက ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပခဲ့တဲ့ (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ အဲဒီတုန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောခဲ့ဖူးပါတယ်3။ ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဩဂုတ်လထဲမှာ သွားခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ကလည်း နေပြည်တော်ရဲ့ BRICS အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအတွက် အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ရုရှား-အာဆီယံ ဆက်ဆံရေး တိုးတက်လာအောင် မြန်မာက ကူညီပေးတဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကျေးဇူးတင်စကား ပြောကြားခဲ့တာရဲ့ နောက်မှာ အပြန်အလှန် အကျိုးပြုဖို့ ရည်ရွယ်တဲ့ (transactional) သဘောသဘာဝမျိုး ပါဝင်နေပါတယ်4။
တကယ်တော့ နေပြည်တော်က စစ်အုပ်စုဟာ BRICS အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ရုရှားက ထောက်ခံဖို့အတွက် တောက်လျှောက် တိုက်တွန်းနေခဲ့တာပါ။ ဒီလို အဖွဲ့ဝင်ဖြစ်သွားခဲ့ရင် ဖဲကြဉ်ခံထားရပြီး ကာလရှည် ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပျက်စီးနေတဲ့ စီးပွားရေးကို တည်ငြိမ်အောင်လုပ်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့တွေ ရလာနိုင်မှာမို့ပါ။ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေ ကြီးစိုးတဲ့ အဖွဲ့အစည်းတွေရဲ့ စက်ဝန်းအပြင်ဘက်မှာ ရှိတဲ့ BRICS ကနေ ပေးစွမ်းနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေကို အသည်းအသန် ဆုပ်ကိုင်ချင်နေတာပါ။ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် BRICS မီဒီယာထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း၊ အခု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အကယ်၍ အဖွဲ့ဝင်အဖြစ် ချက်ချင်း မရနိုင်ဘူးဆိုရင်တောင် လေ့လာသူ (Observer) အဖြစ် ပါဝင်ခွင့်ရဖို့ ဆန္ဒရှိကြောင်းကိုပါ ထုတ်ပြောခဲ့တာကို ကြည့်ရင် ဘယ်လောက်ထိ BRICS မှာ ပါဝင်ချင်နေတယ်ဆိုတာကို မြင်နိုင်ပါတယ်5။ တချိန်တည်းမှာပဲ အရှေ့တောင်အာရှရဲ့ ပြဿနာအများဆုံး နိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို ထောက်ကန်ပေးဖို့အတွက် ၂၀၂၄ ခုနှစ်မှာ မိတ်ဖက်နိုင်ငံအဖြစ် BRICS ထဲ ဝင်ရောက်ခဲ့ပြီး ရုရှားရဲ့ မဟာမိတ်လည်းဖြစ် အိမ်နီးချင်းလည်းဖြစ်တဲ့ ဘီလာရုစ်ကလည်း မြန်မာရဲ့ BRICS အဖွဲ့ဝင်ဖြစ်ရေး အိပ်မက် အကောင်အထည်ပေါ်လာအောင် တဖက်တလမ်းကနေ ကူညီပေးနေပါတယ်6။
၁၈ ကြိမ်မြောက် BRICS ထိပ်သီးဆွေးနွေးပွဲရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အိန္ဒိယကလည်း ကမ္ဘာ့အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ အားလုံးပါဝင်နိုင်ရေးရဲ့ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် BRICS အဖွဲ့ဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ထူးခြားတဲ့ အသံတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ခဲ့ပါတယ်။ ကွဲပြားတဲ့ အမြင်ရှိတဲ့ အဖွဲ့ဝင်တွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဘုံသဘောတူညီချက်ကို အခြေခံတဲ့ ချဉ်းကပ်မှုနဲ့ သွားမယ်လို့လည်း ဆိုထားပါတယ်။ “ဒီကနေ့မှာ BRICS ဟာ အရွယ်ရောက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ BRICS ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ သီးသန့် အမှတ်လက္ခဏာတခု တည်ဆောက်ပြနိုင်ခဲ့ပါတယ်။ တဦးရဲ့ အမြင်ကို တဦးက လေးစားပြီး ဘုံသဘောတူညီချက်နဲ့ ရှေ့ဆက်သွားကြပါတယ်။ ဘယ်သူ့ကိုမှ ဆန့်ကျင် တွန်းကန်ခြင်းမပြုဘဲ အားလုံးကို လက်တွဲခေါ်သွားမယ့် ချဉ်းကပ်မှုမျိုးနဲ့ ရှေ့ဆက်ဖို့ ကြိုးစားနေပါတယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ဒီနှစ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်7။
ဒီလိုအခြေအနေမျိုးမှာ BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းရာမှာ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ သဘောတူညီချက် ရဖို့ကိုလည်း မျှော်လင့်နေပါတယ်။ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်နေတဲ့ နေပြည်တော်ဟာ နိုင်ငံတကာ မျက်နှာစာတွေမှာ အကာအကွယ်ရဖို့နဲ့ စီးပွားရေး ဆက်လည်ပတ်နိုင်ဖို့ တရုတ်ရဲ့ သံတမန်ရေး ဩဇာအာဏာကိုပဲ အကြီးအကျယ် မှီခိုနေရတာပါ။ ဒီတော့ မြန်မာ BRICS အဖွဲ့ဝင်ဖြစ်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယဟာ အကျပ်အတည်း တွေ့လာရပြီး မြွေမသေ တုတ်မကျိုးမယ့် အဖြေတခု ရှာတွေ့ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား BRICS ရဲ့ ဆွဲဆောင်မှုနဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေပေမဲ့ BRICS နဲ့ ပတ်သက်တဲ့ နယူးဒေလီရဲ့ မျှော်မှန်းချက်ကတော့ မဟာဗျူဟာမြောက် ဗဟုဝါဒ (strategic pluralism) ဆိုတဲ့အပေါ်မှာပဲ လည်ပတ်နေတာပါ။ ဆိုလိုတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကို နားလည်ပေးနိုင်တဲ့ အထောက်အကူပြု ကမ္ဘာ့အစီအမံတခုကို အပြိုင် တည်ဆောက်ဖို့ဖြစ်ပြီး အနောက်နိုင်ငံတွေကို တိုက်ရိုက် ဆန့်ကျင်ဖို့တော့ မဟုတ်ပါဘူး။
အိန္ဒိယ မူဝါဒရေးဆွဲသူတွေကတော့ BRICS ဟာ အိန္ဒိယကို အထီးကျန်ဖြစ်စေပြီး အင်ဒို-ပစိဖိတ် မိတ်ဖက်တွေကိုပါ ထိခိုက်လာစေမယ့် အင်အားကြီး အစုအဖွဲ့ကြီးတခု ဖြစ်လာမှာကို အတွင်းကျိတ် စိုးရိမ်နေကြပါတယ်။ တရုတ်နဲ့ ကျန်တဲ့ BRICS အဖွဲ့ဝင်တွေကြားက အင်အား ကွာဟချက်ဟာ ကာလတို၊ ကာလလတ်အတွင်းမှာ ကျော်ဖြတ်ဖို့ မရနိုင်လောက်အောင် ကြီးမားလွန်းနေတာက ငြင်းမရတဲ့ အမှန်တရားပဲလို့ သူတို့က ဆိုကြပါတယ်။ ဒါပေမဲ့ တကယ့်အရှိတရားကတော့ မြန်မာနိုင်ငံ ပါဝင်လာမှာကို ဆန့်ကျင်လိုက်ရင် နေပြည်တော်ကို တရုတ်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ ပတ်လမ်းထဲ ပိုပြီး တွန်းပို့လိုက်သလို ဖြစ်သွားမှာပါပဲ။ ဒါဟာ အိန္ဒိယအတွက်တော့ ကပ်ဆိုးတခု ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နယူးဒေလီက ရင်းနှီးမြှုပ်နှံထားပြီးဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် စီမံကိန်းကြီးတွေအတွက် စစ်အုပ်စုအပြင် နိုင်ငံရဲ့ အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက် နယ်စပ်တလျှောက်က နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ပါ တည်ငြိမ်တဲ့ ဆက်ဆံရေး ရှိဖို့ လိုအပ်နေလို့ပါပဲ။ မြန်မာနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်ရေးကို အိန္ဒိယက တရားဝင် ထောက်ခံလိုက်တာဟာ နိုင်ငံတကာမှာ တရားဝင် အသိအမှတ်ပြုမှု မရရှိတဲ့ အစိုးရတရပ်ကို တရားဝင်ဖြစ်အောင် လုပ်ပေးရာ ရောက်သွားမယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါ့အပြင် ပျက်စီးလွယ်ပြီး မတည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ BRICS လက်ရှိ ရင်ဆိုင်နေရတဲ့ ပထဝီနိုင်ငံရေး ပွတ်တိုက်မှုတွေကို ပိုဆိုးသွားစေနိုင်ပြီး အဖွဲ့ကြီးရဲ့ ရေရှည်တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါပေမဲ့ တခြားတဖက်က ကြည့်ရင်တော့ BRICS ထဲ ဝင်ခွင့်ရမယ်ဆိုရင် ငွေကြေးအထောက်အပံ့ လမ်းကြောင်းသစ်နဲ့ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ မူဘောင်တွေ ရှိတဲ့ ဗဟုဝင်ရိုး (multipolar) ဂေဟစနစ်အသစ်တခုဆီ ဝင်ရောက်ခွင့်ရသွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ် မှီခိုနေရမှုတွေ လျော့ကျသွားစေမှာပါ။ သမိုင်းကြောင်းအရ ကြည့်ရင်လည်း ဘယ်လို နိုင်ငံခြားဖိအားပေးမှု၊ ဝင်ရောက်စွက်ဖက်မှုကိုမဆို မနှစ်မြို့တတ်တာက မြန်မာ့ဘက်မလိုက်ရေး မူဝါဒရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီအချက်က BRICS ရဲ့ အခြေခံစဉ်းစားချက်တွေဖြစ်တဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနဲ့ ဝင်ရောက်မစွက်ဖက်ရေး အယူအဆတွေနဲ့ ကိုက်ညီနေပြီး တနိုင်ငံကို တနိုင်ငံက ဝင်ရောက်မစွက်ဖက်တဲ့ ဗဟုဝင်ရိုး ပုံစံဆီကို ဦးလှည့်လာစေခဲ့တာ ဖြစ်ပါတယ်။
[BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့က ၂၀၀၆ ခုနှစ်တွင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နောင်တွင် တောင်အာဖရိက နိုင်ငံလည်း ပါဝင်လာခဲ့သည်။ ယင်းနိုင်ငံငါးခု၏ အမည်များကို အဖျားဆွတ်စုပေါင်းကာ BRICS ဟု ခေါ်ခြင်း ဖြစ်သည်။ ယခုအခါ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။]
[သီမာသင်ဂုပ္တသည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော “BRICS – The Dilemma Over Myanmar’s Inclusion” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]
ကိုးကားချက်များ
- https://www.forth.news/stories/Cf44tX1CG91yetUeEJfNr ↩︎
- https://www.pib.gov.in/PressNoteDetails.aspx?id=159946&NoteId=159946&ModuleId=3®=48&lang=2 ↩︎
- https://tvbrics.com/en/news/myanmar-interested-in-joining-brics/ ↩︎
- http://en.kremlin.ru/events/president/transcripts/80557 ↩︎
- https://tass.com/world/1843357/amp ↩︎
- https://www.belarus.by/en/government/events/fm-belarus-will-support-myanmars-engagement-with-international-organizations_i_0000199140.html ↩︎
- https://www.pib.gov.in/PressReleasePage.aspx?PRID=2309468®=48&lang ↩︎
