ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကြံ့ခိုင်ရေးပါတီကို ပြန်ထိန်းချုပ်လိုက်သည့် လူဟောင်းကြီးများ

ကြံ့ခိုင်ရေးအသင်းဘဝကတည်းက ပါခဲ့တဲ့ စီနီယာကြီးတွေက ပါတီညီလာခံကို ရောက်လာပြီး ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွေကို ဝင်ရောက်ထိန်းသိမ်းလိုက်ပါတယ်။ ညီလာခံအပြီးမှာ ဦးမင်းအောင်လှိုင်နဲ့ သူ့လူတွေ ထိပ်ပိုင်းနေရာ တနေရာမှ မရလိုက်ဘဲ ပြီးဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးညီလာခံတွေဆိုတာ ဘယ်တော့မှ ရိုးရိုးရှင်းရှင်းနဲ့ ပြီးဆုံးသွားလေ့မရှိပါဘူး။
By  အဂ္ဂ  | September 22, 2026

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ညီလာခံမှာ အားပြိုင်မှုတွေ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ဘယ်လိုပဲပြောပြော တကယ့်အခြေအနေက အဲဒီလောက်တော့ မရိုးရှင်းပါဘူး။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကြီးကြီးမားမား မတွေ့ရပေမယ့် ထူးခြားချက်တချို့ကို မြင်ရပါတယ်။

ညီလာခံကနေ ရွေးလိုက်တဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် ငါးဦးထဲမှာ ဦးမင်းအောင်လှိုင်ရဲ့လူ ဒါမှမဟုတ် တပ်ကနေ စေလွှတ်လိုက်တဲ့သူ တဦးမှ ပါမလာတာ ဒါပထမဆုံးအကြိမ်ပါ။ ၂၀၂၂ ခုနှစ် ပါတီညီလာခံတုန်းကဆို အာဏာသိမ်းစစ်ကောင်စီအစိုးရက စေလွှတ်လိုက်တဲ့ လဝကဝန်ကြီး ဦးခင်ရီ ဥက္ကဋ္ဌ ဖြစ်ခဲ့သလို ဒုတိယဗိုလ်ချုပ်ကြီးရာထူးကနေ အငြိမ်းစားယူပြီး ရောက်လာတဲ့ ဦးမျိုးဇော်သိမ်းက ဒုတိယ ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် ပါတီညီလာခံမှာတော့ အဲဒီလိုပုံစံမျိုး ပြန်မတွေ့ရတော့ပါဘူး။ ဒုတိယဥက္ကဋ္ဌ နှစ်နေရာ လစ်လပ်နေတာတောင် လူသစ်ဝင်လာခွင့် မပြုခဲ့ပါဘူး။ ဦးမင်းအောင်လှိုင်က အစိုးရစဖွဲ့ကတည်းက ကြံ့ခိုင်ရေး ဒုတိယဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ဦးမြတ်ဟိန်းနဲ့ ဦးမျိုးဇော်သိမ်းကို ရာထူးတွေပေးပြီး ဒုတိယဥက္ကဋ္ဌ နှစ်နေရာစာအတွက် လမ်းရှင်းထားခဲ့တာပါ။ ဦးမြတ်ဟိန်းကိုပေးတဲ့ အာကာသသိပ္ပံကော်မရှင်ဥက္ကဋ္ဌရာထူးနဲ့ ဦးမျိုးဇော်သိမ်းကိုပေးတဲ့ သမဝါယမဝန်ကြီးနေရာတွေဟာ အာဏာရပါတီတခုရဲ့ ဒုတိယဥက္ကဋ္ဌနေရာနဲ့ယှဉ်ရင် ဘယ်လိုမှ မနှိုင်းသာအောင် ကွာခြားလွန်းနေပါတယ်။

ဆိုတော့ ဦးမင်းအောင်လှိုင်ရဲ့ လက်ရင်းတပည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးအတွက် ဒုတိယဥက္ကဋ္ဌ တနေရာရဖို့က သေချာသလောက် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ပါတီညီလာခံအပြီးမှာ တွက်ကိန်းတွေ အကုန်လွဲသွားပါတယ်။ ဦးမင်းအောင်လှိုင်ပေးတဲ့ ရာထူးတခုယူထားလို့ ပါတီလုပ်ငန်းတွေ ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့တဲ့ ဦးမြတ်ဟိန်းက သူ့နေရာကို ဖယ်မပေးခဲ့ပါဘူး။ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း ဦးမြင့်ဆွေနဲ့ စစ်တက္ကသိုလ်အပတ်စဉ်တူတဲ့ ကြံ့ခိုင်ရေး ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း အနားယူသွားပေမဲ့ သူ့နေရာမှာ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက အစားဝင်လာပါတယ်။ ဦးမျိုးဇော်သိမ်းနေရာကို ထပ်မခန့်တော့ဘဲ အရင်က ဒုတိယဥက္ကဋ္ဌ သုံးနေရာရှိခဲ့ရာကနေ အခုဆို နှစ်ဦးပဲ ထားပါတော့တယ်။

ညီလာခံတုန်းက ရှေ့ဆုံးတန်းမှာ ထိုင်ခဲ့ရတဲ့ ဦးအောင်လင်းဒွေးက ညီလာခံလည်းပြီးရော ပါတီရဲ့ ထိပ်သီးခေါင်းဆောင် ၄၀ စာရင်းထဲမှာတောင် မပါလာတော့ပါဘူး။ ရွေးကောက်ပွဲရာသီနီးမှ ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးကနေ အငြိမ်းစားယူပြီး ရောက်လာတဲ့ ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့ဆိုလည်း ပါတီဗဟိုအလုပ်အမှုဆောင်နေရာလောက်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ရှားပစ်ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ သူတို့ရဲ့ပါတီကို ပါတီပုံစံပေါက်အောင် ပြန်ပြီးတည်ဆောက်နေတယ်လို့ ထင်စရာရှိပါတယ်။

ပါတီထဲရောက်လာရင် ဗိုလ်ချုပ်ကြီးလည်း အောက်ခြေကနေပဲ စပြိုင်ရမယ်ဆိုတဲ့ မူဝါဒမျိုးကို ဒီတကြိမ်မှာ အသက်သွင်းချင်ပုံရပါတယ်။ ဦးမင်းအောင်လှိုင်လည်း ပါတီဝင်ဖြစ်တယ်လို့ ညီလာခံအပြီးမှာ ကြေညာခဲ့ပြီး ပါတီတွင်းရာထူးအဆင့်အတန်းကိုတော့ ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်တပ်ပါတီကတော့ စစ်တပ်ပါတီပါပဲ။ ပါတီဥက္ကဋ္ဌသစ်ရဲ့ အောင်ပွဲခံမိန့်ခွန်းကို နားထောင်ကြည့်ရင် ပါတီတည်ဆောက်ရေး အခြေခံမူတွေထဲမှာ ဒီမိုကရေစီကို တတိယနေရာမှာပဲ ထားခဲ့ပါတယ်။ ပါတီတွင်းမှာ စည်းကမ်း၊ အဖွဲ့အစည်းစိတ်ဓာတ်၊ အများဆန္ဒနဲ့ဆောင်ရွက်တာ၊ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတာတွေကို အခြေခံရမယ်လို့ ဦးခင်ရီက ပြောသွားပါတယ်။

“ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို တိုက်ရိုက်မသုံးဘဲ “အများဆန္ဒနဲ့ ဆောင်ရွက်ခြင်း” ဆိုပြီး မြန်မာမှုပြု သုံးနှုန်းသွားတာလည်း တွေ့ရပါတယ်။ တကယ်တမ်း ပါတီတွင်း ခေါင်းဆောင်ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တယ်ဆိုတာက အောက်ခြေအဆင့်လောက်မှာပဲ သုံးတာပါ။ ထိပ်ပိုင်းခေါင်းဆောင် ရွေးချယ်မှုတွေကတော့ ဘယ်တုန်းကမှ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ် ပထမအကြိမ်ပါတီ ညီလာခံတုန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥက္ကဋ္ဌဖြစ်လာခဲ့ပေမဲ့ နောက်ဆုံးတော့ သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ညီလာခံတွေမှာ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးအဖွဲ့တွေ ရွေးချယ်တဲ့အခါမှာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သိန်းစိန်တို့ရဲ့ အရိပ်အာဝါသကနေ ဘယ်တုန်းကမှ မကင်းခဲ့ပါဘူး။

၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တခေတ်ကို ထူထောင်နေပါတယ်။ ရွေးကောက်ပွဲအပြီးမှာ အာဏာရပါတီခေါင်းဆောင် ဦးခင်ရီ သမ္မတ မဖြစ်လာခဲ့ဘဲ ဦးမင်းအောင်လှိုင်က သမ္မတနေရာကနေ ဗိုလ်ဝင်ခံခဲ့ပါတယ်။ အခု ပါတီညီလာခံမှာတော့ ဦးမင်းအောင်လှိုင်ကို သူ့စိတ်ကြိုက် ခြယ်လှယ်လို့မရအောင် ပါတီလူဟောင်းကြီးတွေက လွှတ်မထားတော့တာကို ပထမဆုံးအကြိမ် မြင်လိုက်ရပါတယ်။ ကြံ့ခိုင်ရေးအသင်းဘဝကတည်းက ပါခဲ့တဲ့ စီနီယာကြီးတွေက ပါတီညီလာခံကို ရောက်လာပြီး ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွေကို ဝင်ရောက်ထိန်းသိမ်းလိုက်ပါတယ်။ ညီလာခံအပြီးမှာ ဦးမင်းအောင်လှိုင်နဲ့ သူ့လူတွေ ထိပ်ပိုင်းနေရာ တနေရာမှ မရလိုက်ဘဲ ပြီးဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးညီလာခံတွေဆိုတာ ဘယ်တော့မှ ရိုးရိုးရှင်းရှင်းနဲ့ ပြီးဆုံးသွားလေ့မရှိပါဘူး။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles