ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Critique

အမျိုးသမီးများအကြား စုံလင်ကွဲပြားစွာ စုစည်းညီညွတ်ရေး

အမျိုးသမီးတွေ အတူတကွ ပေါင်းစည်းဆောင်ရွက်ကြရေး ဆိုတဲ့နေရာမှာ အမျိုးသမီးတွေအားလုံး တပုံစံတည်း ဖြစ်နေဖို့၊ အယူအဆတူဖို့၊ ဘုံနိုင်ငံရေးရည်ရွယ်ချက်တခုတည်း ရှိဖို့ မလိုအပ်လှပါဘူး။ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ၊ ကိုယ်ခန္ဓာဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာအရ သီးခြားရပ်တည်ချက်တခု ရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုအပေါ်မှာပဲ အခြေတည်နေတာ ဖြစ်ပါတယ်။
By  မေဦးမူတြော်  | September 28, 2026

[ယခုဆောင်းပါးမှာ မေဦးမူတြော် ပေးပို့လာသော “Women Coming Together as Women – A Case for Solidarity Without Sameness” ဆောင်းပါးကို အနှစ်ချုပ်ကာ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

တည်ရှိမှုဆိုင်ရာနိုင်ငံရေး (Politics of presence) ဆိုင်ရာ အဆိုတွေ၊ အယူအဆတွေဟာ အမျိုးသမီးတွေ ဆင်နွှဲနေရတဲ့ နိုင်ငံရေးရာမှာ ပါဝင်နိုင်ရေးကြိုးပမ်းမှုအတွက် သိပ်ကို ဆက်စပ်မှုရှိပါတယ်။ နိုင်ငံရေးအင်စတီကျူးရှင်းတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ အကြောင်းကတော့ နိုင်ငံရေးအရ ကိုယ်စားပြုမှုဆိုတာ ဘယ်သူက ဘယ်သူ့အတွက် ပြောပေးနေသလဲဆိုတာ တခုပဲမဟုတ်ဘဲ ဘယ်သူတွေ ပါဝင်နေသလဲ၊ ဘယ်သူ့ရဲ့ အတွေ့အကြုံတွေကို ပိုမြင်ရသလဲနဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေရဲ့ အကျိုးစီးပွားတွေက သက်ရောက်မှုရှိသလဲ ဆိုတာတွေပါ ပါဝင်လို့ပါ။ တချိန်တည်းမှာပဲ အမျိုးသမီးတွေဟာ နိုင်ငံရေးအရ ထပ်တူညီတဲ့ အုပ်စုတခုဖြစ်တယ်လို့ ယူဆတာ၊ ဒါမှမဟုတ် အမျိုးသမီးတွေပါဝင်လာရုံနဲ့ အမျိုးသမီးတိုင်းအတွက် သာလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်စေတယ်လို့ ယူဆတာတွေနဲ့ ပတ်သက်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ တကယ်တော့ အမျိုးသမီးတွေမှာ မတူညီတဲ့ သရုပ်သကန်တွေ၊ အတွေ့အကြုံတွေ၊ အကျိုးစီးပွားတွေနဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ရှိကြပါတယ်။

ဒီလိုကွဲပြားခြားနားမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အမျိုးသမီးတွေ အတူတကွ ပေါင်းစည်းဆောင်ရွက်ကြရေး ဆိုတဲ့နေရာမှာ အမျိုးသမီးတွေအားလုံး တပုံစံတည်း ဖြစ်နေဖို့၊ အယူအဆတူဖို့၊ ဘုံနိုင်ငံရေးရည်ရွယ်ချက်တခုတည်း ရှိဖို့ မလိုအပ်လှပါဘူး။ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ၊ ကိုယ်ခန္ဓာဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာအရ သီးခြားရပ်တည်ချက်တခု ရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုအပေါ်မှာပဲ အခြေတည်နေတာ ဖြစ်ပါတယ်။ ဒီလိုတူညီတဲ့အချက်တွေဟာ အမျိုးသမီးတွေကြား တဦးနဲ့တဦး သဘောထားကွဲလွဲနေကြရင်တောင် စုစည်းညီညွတ်စေမယ့် အခြေခံ အကြောင်းအရင်းတွေ ဖြစ်လာပါတယ်။

၁။ စုစည်းညီညွတ်မှုအတွက် အလုံးစုံထပ်တူကျရန် မလိုအပ်ပါ

“အမျိုးသမီးအားလုံးအတွက် တခုတည်းသော အကျိုးစီးပွား” ဆိုတာမရှိပါဘူး။ အမျိုးသမီးတွေဟာ လူမျိုးစု၊ လူတန်းစား၊ အသက်အရွယ်၊ ဒေသ၊ သန်စွမ်းမှု၊ နိုင်ငံရေးဆိုင်ရာဆက်စပ်ပတ်သက်မှုနဲ့ အခြားအခြေအနေများစွာအပေါ် မူတည်ပြီး ကြုံတွေ့ခံစားရတဲ့ အာဏာနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ မတူညီကြပါဘူး။ ကရင်အမျိုးသမီး၊ ရှမ်းအမျိုးသမီး၊ ဗမာအမျိုးသမီး၊ လူငယ်အမျိုးသမီး၊ သက်ကြီးပိုင်းအမျိုးသမီးတွေမှာ တယောက်နဲ့တယောက် မတူညီတဲ့ နိုင်ငံရေးဦးစားပေးမှုတွေ ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဒီကွဲပြားမှုတွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးအရ အဓိပ္ပာယ်မဲ့မသွားစေပါဘူး။ သမိုင်းကြောင်းအရ အမျိုးသမီးတွေကို လက်အောက်ခံအုပ်စုအဖြစ် ဆက်ဆံခဲ့တဲ့ လူမှုရေးအဆောက်အအုံနဲ့ နိုင်ငံရေးအဆောက်အအုံထဲမှာ ရှိနေကြတယ်ဆိုတာကို အတူတူ အသိအမှတ်ပြုကြရင်း အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနိုင်ကြပါတယ်။ Philips (1998) ကိုယ်တိုင်က အမျိုးသမီးတွေရဲ့ နိုင်ငံရေးအကျိုးစီးပွား ကွဲပြားစုံလင်မှုနဲ့ အမျိုးသမီးတွေရဲ့ ဘုံရပ်တည်ချက် အရေးပါမှုတို့ကို ခွဲခြားထောက်ပြထားပါတယ်။ ဂျန်ဒါပါဝင်မှု သတ်မှတ်ချက်က သီးခြားနိုင်ငံရေးရလဒ်ကို အာမမခံပေးနိုင်ပေမဲ့ အတွေ့အကြုံတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို နိုင်ငံရေးဆုံးဖြတ်ချက်ချရာဆီ ယူဆောင်လာဖို့အတွက် အထောက်အပံ့ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးအရေး မျှော်ရည်ကြရာမှာ အမျိုးသမီးတွေအကြား အလုံးစုံ ထပ်တူကျနေဖို့မဟုတ်ဘဲ ကွဲပြားစွာနဲ့ စုစည်းညီညွတ်ကြဖို့သာ ဖြစ်သင့်ပါတယ်။

၂။ အမျိုးသမီးများသည် နိုင်ငံရေးအတွေ့အကြုံများသာမက အသွေးအသားနှင့် တည်ဆောက်ထားသော အရှိတရားများကိုပါ မျှဝေခံစားကြရသည်

ဂျန်ဒါဆိုင်ရာ နိုင်ငံရေးအငြင်းအခုံတွေမှာ မပျောက်ပျက်သွားသင့်တဲ့ နောက်ထပ် ဒိုင်မင်းရှင်းတခုရှိပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူသားတွေဆိုတာပါပဲ။

ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာ၊ မီးဖွားပြီးစ ပြန်လည်အားယူရတာ၊ ဓမ္မတာလာတာ၊ မိခင်အဖြစ် နို့ချိုတိုက်ကျွေးရတာ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ သွေးဆုံးတာတွေဟာ အမျိုးသမီးခန္ဓာကိုယ်နဲ့ ဆက်စပ်နေတဲ့ အရှိတရားပါပဲ။ အမျိုးသမီးတိုင်းကတော့ အဲဒီအရာတွေအကုန်လုံးကို မကြုံတွေ့ရပါဘူး။ ကြုံတွေ့ရတယ်ဆိုရင်လည်း ကြုံတွေ့ရမှုပုံစံတွေက ကွဲပြားပါတယ်။ ဒါပေမဲ့လည်း ဒီလက်တွေ့အရှိတရားတွေကို နိုင်ငံရေးသရုပ်သကန်အဖြစ် လျှော့ချလိုက်လို့မရသလို ဆွေးနွေးပြောဆိုစရာ သက်သက်အနေနဲ့ပဲလည်း သဘောထားလိုက်လို့ မရပါဘူး။ ဒီအရာတွေရဲ့ အကျိုးဆက်ကို ဘယ်သူတွေ ခံစားရမလဲ၊ ဘယ်သူက အစောင့်အရှောက်နဲ့ အကာအကွယ်ရမလဲ၊ ဘယ်သူ့ကျန်းမာရေးကို ဦးစားပေးမလဲ၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အမျိုးသမီးတွေအနေနဲ့ ရနိုင်မရနိုင်ဆိုတာကို ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းက ဆုံးဖြတ်တာကြောင့် ဒီကိစ္စတွေဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်တာက ဇီဝဗဒဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ အမျိုးသမီးတယောက် ဘေးကင်းတဲ့ မိခင်ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်မရနိုင်ဆိုတာကတော့ နိုင်ငံရေးဖြစ်ပါတယ်။ မီးဖွားတာက ဇီဝဗေဒဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ မီးဖွားတဲ့မိခင် အသက်ရှင်ကျန်ရစ်၊ မကျန်ရစ််ဆိုတာက ကျန်းမာရေးစနစ်၊ လူမှုအခြေအနေ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မီးဖွားပြီးစ ပြန်လည်အားယူ ထူထောင်ရေးက​ ဇီဝဗေဒဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးကို ကူညီစောင့်ရှောက်မှုတွေ ပေးသလား၊ ဒါမှမဟုတ်  သူတယောက်တည်း ရင်ဆိုင်ဖြေရှင်းနေရလား ဆိုတာကတော့ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာမေးခွန်းပဲ ဖြစ်ပါတယ်။

မျိုးဆက်ပွားတာက လူသားဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ မျိုးဆက်ပွားဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဘယ်သူက ထိန်းချုပ်ခွင့်ရသလဲဆိုတာကတော့ နိုင်ငံရေး ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တယ်လို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးအင်စတီကျူးရှင်းတွေမှာ ကိုယ်စားပြုတာ တခုတည်းနဲ့တင် ကန့်သတ်လို့ မရပါဘူး။ အမျိုးသမီးတွေရဲ့ ရုပ်ဝတ္ထုဆိုင်ရာ အခြေအနေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

၃။ အကြမ်းဖက်မှုနှင့် ပဋိပက္ခအတွင်း ယင်းသို့ကွဲပြားခြားနားမှုများ သာ၍ပင် အရေးပါလာသည်

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အမျိုးသမီးတွေရဲ့ ခန္ဓာနဲ့ ဘဝဟာ ပဋိပက္ခရဲ့ သက်ရောက်မှုကို (အထူးသဖြင့် ဂျန်ဒါပိုင်းဆိုင်ရာအရ) ခံစားနေရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မျိုးဆက်ပွားကျန်းမာရေး လိုအပ်ချက်၊ နေရပ်စွန့်ခွာနေရစဉ်အတွင်း ကိုယ်ဝန်ဆောင်မီးဖွားမှု၊ မိခင်ကျန်းမာရေး စောင့်ရှောက်ရေး လစ်ဟင်းမှု၊ ပြုစုစောင့်ရှောက်ရေးတာဝန်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အခင်းအကျင်းတွေမှာ မလုံခြုံမှုတွေက အမျိုးသမီးတွေ အကာအကွယ်ရရေးဟာ သူတို့ရဲ့ခန္ဓာနဲ့ ဘဝ အရှိတရားတွေကနေ ဆွဲထုတ်ခွဲခြားလို့မရဘူးဆိုတာကို မီးမောင်းထိုးပြနေတာပါပဲ။

ဒီအရာက အမျိုးသမီးတွေ စုစည်းလှုပ်ရှားကြဖို့ရာ အပိုဆောင်း အကြောင်းပြချက်တခုပဲဖြစ်ပါတယ်။ ဒီအခြင်းအရာတွေကို ခံစားကြုံတွေ့ဖူးတဲ့သူတွေအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရေးအတွက် လိုအပ်တဲ့အခြေအနေတွေကို ကာကွယ်ဖို့ နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ရည် ရှိရမှာပဲဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေသာလျှင် ဒီအခြင်းအရာတွေကို နားလည်နိုင်တယ် ဒါမှမဟုတ် စည်းရုံးပြောဆိုနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသားတွေနဲ့ အင်စတီကျူးရှင်းတွေမှာလည်း အရေးကြီးတဲ့ တာဝန်တွေရှိပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်ပူပန်မှုတွေဟာ နိုင်ငံရေးဦးစားပေး ဖြစ်သင့် မဖြစ်သင့်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အမျိုးသမီးတွေက အခြားလူအပေါ် မှီခိုနေစရာမလိုသင့်ပါဘူး။

၄။ အမျိုးသမီးများ၏ စုစည်းမှုသည်ပင်လျှင် နိုင်ငံရေးအရ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတခု ဖြစ်သည်

နိုင်ငံရေးဆုံးဖြတ်ချက်တွေဟာ အမျိုးသမီးဖြစ်မှုကို အခြေတည်ပြီး အမျိုးသမီးတွေအပေါ် သီးခြားနည်းလမ်းတွေနဲ့ သက်ရောက်မှုရှိတယ်ဆိုရင် အဲဒီအရှိတရားတွေကို မြင်သာအောင် ပြုလုပ်ဖို့ အမျိုးသမီးတွေမှာ စုပေါင်းနိုင်ငံရေးစွမ်းဆောင်ရည် ရှိဖို့လိုအပ်ပါတယ်။ ဒါက အမျိုးသမီးတွေအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ကျောခိုင်းလိုက်ဖို့၊ ဒါမှမဟုတ် သီးခြားနိုင်ငံရေးကမ္ဘာတခုကို ဖန်တီးဖို့ ပြောချင်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ အပြုခံဖြစ်သူ၊ သားကောင်၊ ကူညီထောက်ပံ့ရသူ၊ ဟန်ပြ ကိုယ်စားပြုတွေအနေနဲ့မဟုတ်ဘဲ နိုင်ငံရေးလှုပ်ရှားသူတွေအဖြစ် အဲဒီနိုင်ငံရေးကြိုးပမ်းမှုတိုက်ပွဲတွေထဲကို ပါဝင်လာဖို့ အဆိုပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အတူစုစည်းညီညွတ်ဖို့အတွက် အရာရာကို သဘောတူနေစရာမလိုဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာ၊ နိုင်ငံရေးပါဝင်မှုနဲ့ ခေါင်းဆောင်မှုပိုင်းတွေကို အစားထိုးဖျောက်ဖျက်ပစ်လိုက်လို့ရတဲ့ အရာတွေမဖြစ်အောင် စုစည်းမှုတော့ ရှိရပါမယ်။

၅။ စုစည်းညီညွတ်မှုသည် စုံလင်ကွဲပြားမှုကို ဖယ်ရှားဖို့ မဟုတ်ဘဲ ကာကွယ်ပေးရန်သာ ဖြစ်သင့်သည်

အမျိုးသမီးတွေ အတူတကွ ပေါင်းစည်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ပိုင် သရုပ်သကန်တွေနဲ့ နိုင်ငံရေး ထည့်ဝင်လုပ်ဆောင်မှုတွေကို စွန့်လွှတ်ဖို့ မလိုအပ်သင့်ပါဘူး။ အမျိုးသမီးတယောက်က အခြားအမျိုးသမီးတွေနဲ့ စုစည်းလိုက်တဲ့အခါ ကရင်၊ ရှမ်း၊ ဗမာ၊ အလုပ်သမားလူတန်းစား၊ ကျေးလက်နေသူ၊ မြို့ပြနေသူ၊ အသက်အရွယ်ကြီးခြင်း၊ ငယ်ခြင်း၊ မသန်စွမ်း၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေးအရကွဲပြားမှုစတဲ့ ကိုယ်ပိုင်သရုပ်သကန်တွေဟာ ပျက်ပြယ်သွားတာမဟုတ်ပါဘူး။ စုစည်းညီညွတ်ခြင်းရဲ့ ရည်ရွယ်ချက်က အဲဒီကွဲပြားမှုတွေကို ဖျောက်ဖျက်ပစ်လိုက်ဖို့မဟုတ်ပါဘူး။ ကွဲပြားမှုတွေက စုပေါင်းကိုယ်ပိုင်ဖန်တီးနိုင်စွမ်းကို အဟန့်အတားမဖြစ်စေဘဲ စုပေါင်းလှုပ်ရှားမှုထဲ အဲဒီကွဲပြားမှုတွေကို ဆောင်ယူလာနိုင်တဲ့ နိုင်ငံရေးနယ်ပယ်တခု ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ဒီသဘောအရ ကျမတို့က အလုံးစုံထပ်တူကျနေလို့ စုစည်းကြတာမဟုတ်ပါဘူး။ အမျိုးသမီးတွေအဖြစ် ကျမတို့အပေါ် သက်ရောက်မှုရှိတဲ့ ကျမတို့ရဲ့ မတူညီတဲ့ ရုပ်ဝတ္ထုဆိုင်ရာ၊ ကိုယ်ခန္ဓာဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အရှိတရားတွေရှိနေလို့ စုစည်းကြတာပဲ ဖြစ်ပါတယ်။

၆။ နိဂုံး

အမျိုးသမီးတွေ စုပေါင်းလှုပ်ရှားကြရေး နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်တွေပြုတဲ့အခါ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားက တခုတည်းရှိတယ်ဆိုတဲ့ အပြောကိုသော်လည်းကောင်း၊ ဂျန်ဒါရှုထောင့် တခုတည်းကနေပဲ နိုင်ငံရေးသရုပ်သကန်ကို ဆုံးဖြတ်တယ်ဆိုတဲ့ ယူဆချက်ပေါ်မှာသော်လည်းကောင်း အခြေမခံသင့်ပါဘူး။ အမျိုးသမီးတွေက ကွဲပြားကြပေမဲ့ အဲဒီကွဲပြားမှုတွေဟာ အမျိုးသမီးဖြစ်ခြင်းရဲ့ အရေးပါမှုကို ပျောက်ကွယ်မသွားစေဘူးဆိုတာကသာလျှင် ပိုပြီးအဓိပ္ပာယ်ရှိတဲ့အဆို ဖြစ်မှာပါ။ အမျိုးသမီးတွေဟာ နိုင်ငံရေးအတွေးအခေါ်ချင်း ထပ်တူမကျဘဲနဲ့ နိုင်ငံရေးနယ်ပယ်တခုကို မျှဝေနိုင်ကြပါတယ်။ တယောက်ကိုတယောက် စွန့်ပစ်မသွားဘဲ သဘောထားကွဲလွဲနိုင်ကြပါတယ်။ ဘေးကင်းမှု၊ ဂုဏ်သိက္ခာ၊ ကျန်းမာရေး၊ နိုင်ငံရေးပါဝင်မှုနဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း စတာတွေရဲ့ ဘုံအနိမ့်ဆုံးအခြေအနေကို ကာကွယ်ရင်းနဲ့ စုံလင်ကွဲပြားတဲ့ အတွေ့အကြုံတွေကို အသိအမှတ်ပြုနိုင်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အကူးအပြောင်းအတွက် ဒါဟာ အခုအချိန်မှာ အရေးကြီးပါတယ်။ အရေးတော်ပုံကာလမှာ ဖန်တီးခဲ့တဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ နောက်ဆက်တွဲပေါ်ပေါက်လာမယ့် နိုင်ငံရေးအစီအစဉ်ကို ပုံဖော်ပါလိမ့်မယ်။ အမျိုးသမီးတွေ စုပေါင်းမလှုပ်ရှားဘဲ ဒီမိုကရေစီရတဲ့အထိပဲ စောင့်ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးအစီအစဉ်ကို ပုံဖော်ပေးမယ့် နိုင်ငံရေးပါဝါမရှိတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် အလုံးစုံထပ်တူကျမှုကို အခြေခံမူအဖြစ် မမှတ်ယူဘဲ စုစည်းညီညွတ်မှုကို အခြေခံရမှာ ဖြစ်ပါတယ်။ ဘေးဖယ်ထုတ်မှုအစား ကိုယ်ပိုင်ဖန်တီးဆုံးဖြတ်နိုင်စွမ်းကို အခြေတည်ရပါမယ်။ အမျိုးသမီးတွေရဲ့ တခုတည်းသော အကျိုးစီးပွားဆိုတာထက် အမျိုးသမီးဘဝတွေရဲ့ များမြောင်လှတဲ့ အရှိတရားတွေကို ပြောပြကာကွယ်နိုင်ဖို့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ဦးတည်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံအကျဆုံးအရာကတော့ အမျိုးသမီးတွေအနေနဲ့ ကွဲပြားတဲ့ အမျိုးသမီးတွေဖြစ်တည်မှုနဲ့ အတူတကွရပ်တည်မှုဆိုတဲ့ နှစ်ခုထဲကနေ တခုကို ရွေးချယ်ဖို့ မလိုအပ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ နှစ်ခုလုံးကို အတူတူ လုပ်ဆောင်နိုင်ပါတယ်။

ရည်ညွှန်း – Phillips, A. (1998). Quotas for Women. In The Politics of Presence (pp. 57–84). Oxford University Press.

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles