ULA/AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ၊ ၁၀ မိနစ်မှာ စစ်အုပ်စုရဲ့ လေတပ်က ပေါင် ၅၀၀ ဗုံးတလုံး၊ ၁၂ နာရီ ၁၅ မိနစ်မှာ ပေါင် ၅၀၀ ဗုံးတလုံး စုစုပေါင်း နှစ်လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ တလုံးက အိန္ဒိယစျေးကို ကျပြီး နောက်တလုံးက ကစ္ဆပနဒီတံတားပေါ်ကို ကျသွားပါတယ်။ ဗုံးကြဲပြီးနောက် ထွက်ကြည့်တဲ့အချိန်မှာ မြင်ရတာကတော့ မီးခိုးငွေ့တွေ တငွေ့ငွေ့ထွက်နေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ကြားရတဲ့ အသံကတော့ ဆူညံပြေးလွှားငိုကြွေးသံတွေပဲ ဖြစ်ပါတယ်။ စိုးရိမ်စိတ်နဲ့ အသင့်စောင့်နေတဲ့ လူတွေဟာ လမ်းပေါ်ကို ထွက်ပြီး ဗုံးကျရာအရပ်ကနေ ပြေးလာတဲ့ လူတွေကို အလုအယက် သတင်းမေးကြပါတော့တယ်။ ပြေးလာသူတွေ ပြောတဲ့စကားက “ကျောက်တော်မြို့၊ အိန္ဒိယဈေးကို ဗုံးထိမှန်တာတဲ့’’ ဆိုတာပါပဲ။ အိန္ဒိယစျေးကနေ အပြန်ခရီးစောသွားတဲ့ ဈေးသည်တွေ၊ အသက်ရှုဖို့ မေ့နေလောက်အောင် ပြေးလာကြတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေရဲ့ နှုတ်ကနေ ထပ်ကြားရတဲ့ အသံကတော့ “ငါတို့ကတော့ အိမ်က မိသားစုနဲ့ တွေ့ဖို့ကံ ပါလာပါသေးတယ်” ဆိုတဲ့ အနက်အဓိပ္ပာယ်တမျိုးတည်းကို အသွင်ကွဲမျိုးစုံနဲ့ ထွက်လာကြတဲ့ အသံတွေပါပဲ။ သူတို့ဟာ ဒီအသံတွေကို မထုတ်လွှတ်နိုင်မီ ငိုယိုသံတွေ၊ အော်ဟစ်ကြေကွဲသံတွေနဲ့အတူ ပြေးလာကြတာပါ။
အိန္ဒိယဈေးဟာ လက်ရှိမှာ စားသောက်ကုန်ပစ္စည်း၊ အသီးအရွက်၊ အဝတ်အထည်တွေ၊ ဖိနပ်တွေ စတဲ့ လူအသုံးအဆောင်ပစ္စည်းတွေကို လက်လီ၊ လက်ကားအနေနဲ့ ရခိုင်တပြည်လုံးကို ဖြန့်ဖြူးရောင်းချနေတဲ့ စျေးကြီးတခု ဖြစ်ပါတယ်။ ဈေးရောင်းတဲ့သူတွေထဲမှာ စစ်ရှောင်လာတဲ့ ပြည်သူတွေ၊ ဒေသခံတွေ၊ အလုပ်မရှိတဲ့ အတူတူ ကုန်ပစ္စည်းရောင်းတော့မယ်ဆိုပြီး တခြားမြို့ကနေ ရွှေ့ပြောင်းလာပြီး ရောင်းချစားသောက်နေကြသူတွေ ဖြစ်ကြပါတယ်။ အဲအထဲမှာမှ လက်လုပ်လက်စား စစ်ရှောင်တွေဟာ တနေ့လုပ်မှ တနေ့စားရသူတွေ ဖြစ်ပါတယ်။ တခြားမြို့ကလာတဲ့ ကုန်သည်၊ ဈေးသည်တွေနဲ့အတူ ခရီးသွားဖို့ပြင်ဆင်နေတဲ့ ယာဉ်အမျိုးမျိုးတွေ၊ ဈေးတွင်းကို ရောက်နေတဲ့ ကလေးသူငယ်တွေ၊ လစေ့နေ့စေ့ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေစတဲ့ လူမျိုးစုံပါဝင်တဲ့ ပြည်သူတွေဟာ ဗုံးအကျမှာ သေသူသေ၊ ဒဏ်ရာရသူရနဲ့ ထိခိုက်ပျက်စီးကြရပါတယ်။ ချွေးနည်းစာနဲ့ သိုမှီးထားတဲ့ ကုန်ပစ္စည်းတွေ၊ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေဟာလည်း အကုန်လုံး မီးထဲပါသွားပြီး တခဏအတွင်းမှာ ပြာအဖြစ် ပြောင်းလဲသွားရပါတယ်။
စစ်အုပ်စုရဲ့ လေတပ်ကနေ ဈေးကို ပေါင် ၅၀၀ ဗုံးနဲ့ လာကြဲတဲ့အချိန်မှာ ဈေးရောင်းနေတဲ့သူတွေ၊ ဈေးဝယ်နေတဲ့သူတွေအဖို့ လေယာဉ်ကို တုံ့ပြန်စရာဆိုလို့ စားစရာတွေပဲ ရှိနေခဲ့ပါတယ်။ ကျောက်တော်အိန္ဒိယဈေး ဗုံးကြဲသွားတာကို တခြားမြို့တွေကပါ သိသွားတော့ အသိမိတ်ဆွေတွေက ဆက်သွယ်လာကြတယ်။ “ငါတို့မှာ မရီးတယောက် စျေးဝယ်သွားတာ အဆက်အသွယ်မရသေးဘူး၊ ဒီနေ့ ဘုတ်မထွက်တော့ အိန္ဒိယဈေးနားမှာ တည်းခိုနေတယ်။ ဘယ်လို ဆက်သွယ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေ တရစပ် ထွက်ပေါ်လာကြတယ်။ Online ပေါ် တက်ကြည့်လိုက်ပြန်တော့လည်း “ဘယ်မြို့နယ်ကပါ အဆက်အသွယ်မရသေးလို့ပါ” ဆိုပြီး ပုံနဲ့တကွ အကူအညီတောင်းနေတာတွေလည်း အများကြီး ရှိကြပါတယ်။ အခုအခြေအနေက ဘယ်မြို့ဘယ်နယ်ကမှန်း ခွဲခြားမရနိုင်၊ နာမည်မဖော်နိုင်တဲ့ အလောင်းတွေ၊ မီးထဲမှာပါသွားတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။
အိန္ဒိယစျေးအပြင် ကစ္ဆပနဒီတံတားဦးနားမှာ ကျတဲ့ ဗုံးကြောင့် မနှစ်မြို့စရာကောင်းလှအောင် လမ်းသွားလမ်းလာတွေ တံတားမှာ သေဆုံးနေတာတွေကို မြင်ရတယ်။ အဆိုးဆုံးအခြေအနေထဲကဆိုရင် ကိုယ်ဝန်ကိုးလ ရှိပြီဖြစ်တဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ဟာ ရုပ်ခန္ဓာတခုလုံး မီးလောင်ကျွမ်းနေတုန်းမှာပဲ ဗိုက်ထဲက ကလေးလေး ထွက်ကျလာပြီး အဲ့ကလေးလေးကိုလည်း ဗုံးက မီးလောင်တိုက်သွင်းလိုက်ပါတယ်။ နောက်ဖြစ်စဉ်တခုဆိုရင် ဖိနပ်ရောင်းနေတဲ့ မိသားစု သုံးဦးမှာ ကလေးက ဖာလူဒါစားချင်လို့ အမေကိုပူဆာတော့ အမေဖြစ်သူက သားလေးကို “ကျန်ခဲ့လိုက် အမေ သွားဝယ်ပေးမယ်” ဆိုပြီးတော့ ထွက်သွားနေချိန်မှာပဲ ကျန်ရစ်ခဲ့တဲ့ သားလေးနဲ့ အမျိုးသားဖြစ်သူဟာ မီးလောင်တိုက်သွင်းခံလိုက်ရပါတယ်။ မပဋာ မြေမှာလူးတဲ့အဖြစ်ကို ပုံပြင်ထဲမှာပဲ ကြားဖူးတာ အခုတော့ မြေပြင်မှာ ကြားရမြင်ရတာ အိပ်မက်ဆိုးတခုလို ဖြစ်နေပါတယ်။ တခြားပုံစံအမျိုးမျိုးနဲ့ သေဆုံးသွားကြတဲ့သူတွေလည်း အများကြီးပါဝင်နေပါသေးတယ်။
လက်ရှိမှာ ULA /AA ရဲ့ ထုတ်ပြန်ချက်အရတော့ သေဆုံးသူ ၅၀ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၂ ဦး လို့ တွေ့ရှိရပါတယ်။ သေဆုံးသူတချို့ကိုပဲ အမည်နဲ့ ဇာတိတွေကို ဖော်နိုင်ပြီး တချို့ကတော့ မည်သူမည်ဝါရယ်လို့ ဖော်မရလောက်အောင် ထိခိုက်ပျက်စီးသွားကြပါတယ်။ ဒါဟာ စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့က ပြည်သူတွေ ခံစားကြရတဲ့ ငရဲခန်းအတွေ့အကြုံတွေ ဖြစ်ပါတယ်၊၊ စစ်ကို စစ်နဲ့တူအောင်မတိုက်တဲ့ စစ်အုပ်စုဟာ မြေပြင်မှာ AA ကို စစ်ရေးအသာစီးမရနိုင်တိုင်း ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ အညာဒေသနဲ့ တခြားပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာလည်း ပြည်သူတွေကို အလားတူ သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။
ရှမ်းမြောက်မှာဆိုရင် စစ်ရေးအသာစီးမရနိုင်တဲ့အချိန်တွေ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဖိအားပေးလိုတဲ့အချိန်တွေမှာ ဒေသခံပြည်သူတွေ ထိခိုက်ပျက်စီးမှုများအောင် အရပ်သားပစ်မှတ်တွေကို အဓိကတိုက်ခိုက်ပြီး ပြည်သူတချို့က တော်လှန်ရေးအဖွဲ့အစည်းတွေကို အပစ်ရပ်ဖို့ ဖိအားပေးလာအောင် လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရခိုင်မှာတော့ ဒီလိုဖြစ်လာမယ် မထင်ပါဘူး။ နာကြည်းချက်တွေသာ ထပ်တိုးလာနိုင်ပါတယ်။ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ၂၀၁၈ ခုနှစ် မြောက်ဦးအရေးအခင်းအပြီး ULA/AA မှာ ရခိုင်ပြည်သူတွေ ပိုမိုပါဝင်လာကြတာကလည်း နမူနာတခုပါ။ ကျောက်တော်ဖြစ်စဉ်အပါအဝင် အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်ကျူးလွန်သူတွေ၊ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို မနှေးမကြာ တုံ့ပြန်သွားမယ်ဆိုတဲ့ ULA/AA ရဲ့ ကြေညာချက်ကလည်း ဒီအချက်ကို အတည်ပြုပေးနေပါတယ်။
