လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအကြောင်း ပြောရရင် “ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်” ဆိုတဲ့ ဖတ်စာစာပိုဒ်လေးထဲက လှည်းဘီးနေရာမှာ ကားဘီးလို့ အစားထိုးဖတ်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်စီးကားတွေ၊ ကုန်တင်ကားတွေဟာ တောတောင်တွေထဲက ရွှံ့ဗွက်တွေထဲမှာ မောင်းနှင်ပြီး ကုန်ပို့နေရတာကို အခုအခါ ပိုပြီး မြင်လာရလို့ပါပဲ။ အဓိက အကြောင်းရင်းကတော့ နေပြည်တော်ရဲ့ သွင်းကုန်မူဝါဒတွေအပြင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက ပိတ်ထားတဲ့ ကားလမ်းမကြီးတွေကို ရှောင်ကွင်းပြီး ကုန်ပို့နိုင်ဖို့ ရွာတွေ၊ လယ်ကွင်းတွေကို အထပ်ထပ်ဖြတ်ကျော်ပြီး ပို့ဆောင်နေရလို့ ဖြစ်ပါတယ်။
ကုန်စည်ပို့ဆောင်ရေးနဲ့ ပတ်သက်လာရင် ပြည်ပကုန်စည်တွေ မပြောနဲ့၊ ပြည်တွင်းက ထွက်တဲ့ အသား၊ ငါးတွေကိုတောင် တမြို့နဲ့တမြို့ လွယ်လွယ်ကူကူ ပို့ခွင့်မရတော့ပါဘူး။ မန္တလေးကနေ မြစ်ကြီးနားကို ကားလမ်းမကြီးတွေ ပိတ်ထားပေမဲ့ ဘယ်လမ်းကနေ ကုန်တင်ပို့နေလဲလို့ မေးလာရင် ‘ကွင်းလမ်း’ ကနေ ပို့နေတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ကွင်းလမ်းဆိုတာ တခြားမဟုတ်ပါဘူး၊ လယ်ကွင်းတွေကို ဖြတ်ပြီး သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းသွားရတဲ့အတွက် ကွင်းလမ်းလို့ ခေါ်ကြတာပါ။ အဲဒီကွင်းလမ်းတွေမှာ ကိုယ့်ရှေ့က ကားတစီး နွံနစ်နေပြီဆိုရင် အဲဒီကား မရွေ့မချင်း နောက်ကားတွေပါ တန်းစီပြီး စောင့်နေကြရပါတယ်။ တခါက ကျနော့်အသိ ကားသမားတယောက် ရန်ကုန်ကနေ မြစ်ကြီးနားကိုသွားတာ တလလောက်တောင် ကြာသွားတယ်လို့ ပြောပြပါတယ်။ သူ့ပြောပြချက်အရ ကားလမ်းမကြီးတွေကနေ သွားရတာမဟုတ်ဘဲ တောတောင်တွေထဲကနေ သွားရတာ၊ ကားနစ်ရင် လယ်ထွန်စက်တွေနဲ့ ဆွဲရတာ၊ တိုက်ပွဲဖြစ်ရင် ရှေ့ဆက်မသွားရဘဲ ရပ်စောင့်နေရတာ စတဲ့ အခက်အခဲစုံကို ကြားခဲ့ရပါတယ်။ ဒါကြောင့်များ အခုချိန်မှာ ဆရာမြသန်းတင့်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သူ့ရဲ့ “အညတရ ရုပ်ပုံလွှာများ” စာအုပ်ထဲမှာ ဒီအခြေအနေတွေကို သေချာပေါက် ထည့်ရေးမိမှာပါပဲ။
ထိုင်းနယ်စပ် မြဝတီဘက်ကို ကြည့်မယ်ဆိုရင်လည်း အာရှလမ်းမကြီး ဖွင့်ထားပေမဲ့ ပြည်ပကုန်စည် သယ်ဆောင်သူတွေဟာ စစ်ဆေးရေးဂိတ်တွေကို ပေးရတဲ့ ဂိတ်ကြေးတွေကို ရှောင်ဖို့ ရွာတွေကိုဖြတ်ပြီး သွားနေကြရပါတယ်။ ဂိတ်ကြေးကလည်း အတော်လေးကို များတာကိုး။ တကယ်တော့ ဂိတ်ကြေးပေးရတာထက်စာရင် ရွှံ့နစ်လို့ ကားဆွဲရတဲ့ အခနဲ့ လမ်းပိတ်လို့ ကုန်ကျမယ့်စရိတ်က ပိုများတယ်ဆိုတာကို ကားသမားတွေ သိကြပါတယ်။ ဒါပေမဲ့ ဂိတ်ကြေးမပေးချင်တာထက် ဂိတ်တွေက မထင်ရင်မထင်သလို ပစ္စည်းတွေ သိမ်းပစ်မှာကို ကြောက်လို့ ကွင်းလမ်းတွေကနေပဲ သွားနေကြရတာပါ။ ဒီလို အခက်အခဲတွေ အများကြီးရှိနေပေမဲ့ ဒီကွင်းလမ်းတွေကနေမှ မသွားရင်လည်း ပြည်တွင်းမှာ ပြည်ပကုန်စည် ပြတ်လပ်တဲ့ဒဏ်ကို ပိုပြီး ခံစားကြရဖို့ပဲ ရှိပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ တိရစ္ဆာန်တွေတောင် သူတို့ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြရပါတယ်။ မကြာသေးခင်က မြစ်ကြီးနား ယာဉ်လိုင်းတခုက ဘတ်စ်ကားတစီး ရွှံ့နစ်ပြီး ရှေ့ဆက်သွားလို့မရတော့တဲ့အခါ အဲဒီရွာမှာရှိတဲ့ နွားလှည်းတွေကိုငှားပြီး တခြားမြို့တွေကို ကုန်ပစ္စည်းတွေ ဆက်ပို့ခဲ့ရတဲ့ ဖြစ်စဉ်မျိုးတောင် ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ကားတွေ ဗွက်နစ်တဲ့အခါ ထွန်စက်တွေအစား ဆင်တွေနဲ့ပါ ဆွဲကြတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာ တိရစ္ဆာန်တွေပါ ကျရာတာဝန်ကို ဝင်ထမ်းဆောင်နေရပြီလို့ ပြောရမှာပါ။
ဒီလောက် ခက်ခဲတဲ့လမ်းတွေကနေ မောင်းနေရလို့ ဂိတ်ကြေးတော့ မပေးရလောက်ဘူးလို့ ထင်ရင် နည်းနည်းတော့ လွဲသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ရွာတွေကို ဖြတ်တဲ့အခါ ရွာခံတွေကို လမ်းကြေးပေးရတာမျိုး ရှိတတ်လို့ပါ။ တစ်ခါတလေကျရင်လည်း အဲဒီဒေသခံ လက်နက်ကိုင်တွေကို ပေးရတာတွေ ရှိပါတယ်။ ဒါ့အပြင် ကွင်းလမ်းကို ပြင်ပေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွန်စက်သမားတွေကိုပါ ပေးရပါသေးတယ်။ ဒီလောက်ဆိုရင်တော့ ပြည်ပကုန်စည်တွေက မြို့ကြီးတွေမှာ ဘာလို့ ဈေးကြီးနေရတာလဲ၊ ပြည်တွင်းထုတ် စားသောက်ကုန်တွေကရော နယ်စပ်တွေမှာ ဘာလို့ ဈေးကြီးနေရတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် အခုအခြေအနေက “မြင်သာမြင် မကြင်ရ” ဆိုသလိုပဲ ကားလမ်းမကြီးတွေ အကောင်းပကတိ ရှိနေလျက်နဲ့ လယ်ကွင်းတွေ၊ တောတောင်တွေထဲမှာ ရွှံ့ဗွက်အပေခံပြီး ကားမောင်းရင်း ကုန်ပို့နေကြရဦးမှာပဲ ဖြစ်ပါတယ်။
