မြန်မာလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာ ထပ်ပြီး ကျယ်ကျယ်လောင်လောင် အသံထွက်လာတာကတော့ ရန်ကုန်မြို့က ကြိုပွိုင့်ကွန်ဒိုပြဿနာပါ။ အဲဒီကိစ္စမှာ ငွေကြေးနစ်ဝင်သူများစွာ ရှိနေပါတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က The Central နဲ့ တရုတ်သံရုံးနားက The Park အထပ်မြင့်အဆောက်အအုံ စီမံကိန်းတွေမှာ ကြိုပွိုင့်နဲ့ အခန်းတွေ ရောင်းထားပြီး ကုမ္ပဏီဘက်က သတ်မှတ်ချိန် ကျော်လွန်နေတာတောင် အခန်းမအပ်နိုင်တာပါ။ တိုတိုပြောရရင် မြေပြင်မှာ ဆောက်လုပ်ရေး လုပ်တာတောင် မရှိပါဘူး။ အဲဒီနေရာတွေမှာ ၂၀၁၉ ခုနှစ်ကတည်းက ဝယ်ထားပြီး အခုထိ အခန်းမရသေးသူတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာတောင် ဆောက်ပြီးလို့ လူနေထိုင်ခွင့်ကျထားတဲ့ အဆောက်အအုံတွေကို ဗန်းပြပြီး ကုမ္ပဏီဘက်ကနေ ပြည်သူတွေကို ဖုန်းဆက်ပြီး အခုအချိန်ထိ အခန်းတွေ နေ့စဉ် ရောင်းချနေပါတယ်။ ဒါကြောင့် ဝယ်ယူထားသူတွေက လုပ်ငန်းတောင် မစရသေးတဲ့ သူတို့အခန်းတွေအတွက် ဖြေရှင်းချက်ပေးဖို့ သွားမေးရာက လူသိရှင်ကြား ဖြစ်လာတာပါ။
The Central နဲ့ The Park က အခန်းတခန်းရဲ့ အနည်းဆုံးတန်ကြေးက ကျပ်ငွေ သိန်းတသောင်း လေးထောင်ဝန်းကျင်ကနေ စပါတယ်။ တာဝန်ယူဆောက်လုပ်တဲ့ ကုမ္ပဏီက ဟောင်ကောင်အခြေစိုက် Marga Land Development ကုမ္ပဏီလို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ အခန်းတွေ အပ်နှံနိုင်ရေးအတွက် ဆောင်ရွက်နေတယ်ဆိုပြီး စက်တင်ဘာ ၂၅ မှာ စာထုတ်ပြန်ခဲ့ပေမဲ့ ဘယ်တော့ အပြီးအပ်နှံမယ်ဆိုတာမျိုး မပါပါဘူး။ ဝယ်ယူထားသူတွေ သွားရောက်မေးမြန်းတဲ့အခါမှာလည်း တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ရတာမျိုး မရှိခဲ့ပါဘူး။
အခန်းတွေ သတ်မှတ်ချိန် လက်ဝယ်မရတဲ့အပေါ် ဝယ်ယူသူအချို့က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ကို တိုင်ကြားထားပါတယ်။ အခန်းတွေ အချိန်မီမအပ်နိုင်တာ ဘာကြောင့်လဲဆိုတာကို The Central အရောင်းပြခန်းမှာ ဝယ်ယူသူတွေ သွားရောက်မေးမြန်းတဲ့ ရုပ်သံဖိုင်တွေ ထွက်လာပြီးနောက် တိုင်ကြားထားသူအချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်မေးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ The Central က အရောင်းဝန်ထမ်းတွေကိုပါ ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။ တဆက်တည်းမှာပဲ The Central အရောင်းပြခန်းကိုပါ ချိတ်ပိတ်လိုက်သလို Marga Landmark Development ကုမ္ပဏီဘက်က ရုံးဖွင့်ရက်တွေမှာ အလုပ်ချိန်လျှော့သွားမှာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နှစ်ပတ် ပိတ်ထားမယ်လို့ ကြေညာပါတယ်။ The Central က အခန်းရောင်းချတဲ့ စာချုပ်ထဲမှာ ဝယ်ယူသူတွေနဲ့ တရားရင်ဆိုင်ရတဲ့အခြေအနေ ဖြစ်လာရင် စင်ကာပူနိုင်ငံရဲ့ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေနဲ့ ဆောင်ရွက်မယ်ဆိုတာ ပါဝင်တယ်လို့ သိရှိတဲ့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် တရားမမှုနဲ့ ရှင်းမယ်ဆိုရင်တောင် ဒီအချက်ကြောင့် စင်ကာပူနိုင်ငံအထိ သွားရောက်ဖြေရှင်းရမယ့်သဘော ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ဝယ်ယူထားသူတွေ စိုးရိမ်နေကြတဲ့ နောက်ထပ်နေရာတခုက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က Emerald Bay ကွန်ဒိုစီမံကိန်းနေရာပါ။ ဒီစီမံကိန်းကိုလည်း နိုင်ငံခြားကုမ္ပဏီတခုကပဲ တာဝန်ယူ တည်ဆောက်ပါတယ်။ အဲဒီမှာလည်း ဆောက်လုပ်ပြီး အဆောက်အအုံနှစ်ခုကို ပြသပြီး အခန်းတွေ ရောင်းချတာပါ။ အရောင်းပြပွဲကာလမှာ တာဝါ ၃ ဆောက်မယ့် မြေနေရာကိို Pile တူးစက်တွေ မြေရှင်းစက်တွေနဲ့ လုပ်ငန်းဆောင်ရွက်နေတာ ပြထားပေမဲ့ နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။ ဆောက်လုပ်ခွင့် ကျပြီးဖြစ်ကြောင်း ပြောပြီး ရောင်းထားပေမဲ့ လုပ်ငန်းမစသေးလို့ အခန်းဝယ်ထားသူတွေ စည်ပင်မှာ သွားစုံစမ်းမှပဲ တာဝါ ၃ အတွက် ဆောက်လုပ်ခွင့်ပါမစ် မကျသေးဘူးဆိုတာကို သိရပါတော့တယ်။ ဒါကြောင့် ဝယ်ထားသူတွေအဖို့ ငွေဆက်သွင်းဖို့ကို ချိန်ဆလာရပါတော့တယ်။ တကယ်တော့ အဆောက်အအုံဆောက်လုပ်တာ ၃၀ ရာခိုင်နှုန်းပြီးမှ စုပေါင်းပိုင်အဆောက်အအုံ အခန်းတွေကို ကြိုတင်ရောင်းချခွင့်ရှိတယ်လို့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အခန်းတွေ ကြိုရောင်းထားတာဟာ ဥပဒေနဲ့ ကိုက်ညီမနေပါဘူး။
The Central နဲ့ Emerald Bay က ကြိုပွိုင့်အခန်းတွေကို ရောင်းချရာမှာ ကုမ္ပဏီဘက်က အင်္ဂလိပ်ဘာသာနဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ ရှေ့နေလို ဥပဒေပညာရှင်တွေ မပါဝင်ပါဘူး။ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားကုမ္ပဏီဆိုပြီး အထင်ကြီး အယုံလွယ်မိကြတာ ဖြစ်ပါတယ်။ ဆောက်လုပ်ပြီးတိုက်ကို ပြထားတာနဲ့ ခမ်းနားတဲ့ အရောင်းပြခန်းကို ယုံမိရာကနေ ကျရှုံးကုန်ကြတာပါ။ အခုပြဿနာဖြစ်နေတဲ့ ကြိုပွိုင့်ဝယ်ယူမှုမှာ တူညီတဲ့အချက်တခု ရှိနေပြန်ပါတယ်။ အဲဒါကတော့ ဝယ်ယူတဲ့အခါ အခန်းတန်ဖိုး ကိုးဆယ်ရာခိုင်နှုန်း ပေးသွင်းထားရတာပါ။ အခန်းလက်ဝယ်ရမှ ကျန်ငွေသွင်းရမှာပါ။ ကိုးဆယ်ရာခိုင်နှုန်းကို အရစ်ကျလည်း ပေးသွင်းနိုင်ပါတယ်။ အခုလို ဆောက်လုပ်ရေး မစသေးလို့ ငွေသွင်းတာ ရပ်မယ်ဆိုရင်လည်း ရပ်မရတဲ့ အခြေအနေ ရှိနေပြန်ပါတယ်။ အဲဒါကတော့ ငွေဆက်မသွင်းဘဲ သတ်မှတ်ကာလကျော်သွားရင် အခန်းကို ကုမ္ပဏီဘက်က တခြားသူကို လက်လွှဲရောင်းချမယ်ဆိုတဲ့ အချက် စာချုပ်ထဲမှာ ပါနေတာပါ။ ဒီအချက်က ရှေ့တိုးရခက် နောက်ဆုတ်ရခက်ပါပဲ။ ဒါက မြန်မာနိုင်ငံရဲ့ အားသာချက် အားနည်းချက်ကို အချိန်ယူလေ့လာပြီး စနစ်တကျ ဆောင်ရွက်နေတာဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ တချို့ကတော့ ဒီဖြစ်ရပ်ကို Condo Scam (ကွန်ဒိုဗန်းပြ လိမ်လည်မှု) ဆိုပြီးတောင် ခေါ်ကြပါတယ်။
Marga Landmark Development ကုမ္ပဏီက အောက်တိုဘာ ၅ ရက်နေ့မှာ ထပ်ထုတ်လာတဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ တရားဝင်လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်တာကြောင့် အခန်းတွေအားလုံး အပြီးတည်ဆောက်ပြီး လွှဲပြောင်းပေးမယ်လို့ ကတိပြုထားပါတယ်။ တရားဝင်ဖော်ပြထားတဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်မှာ စတင်ဆောက်မယ့် အဆောက်အအုံကို ၂၀၂၉ ခုနှစ်မှာ အခန်းလွှဲအပ်မယ်လို့ ဖော်ပြထားပါတယ်။ စသုံးလုံးက The Central နဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုပေမဲ့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။ တဖက်မှာလည်း နေပြည်တော်အာဏာပိုင်တွေကတော့ ဒီအခြေအနေအပေါ် နှုတ်ဆိတ်နေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ သိန်းသောင်းချီတန်တဲ့ ကြိုပွိုင့်ကွန်ဒိုတွေက လေထဲလွင့်နေဆဲ ကွန်ဒိုအိပ်မက်များလို့ပဲ ဆိုချင်ပါတယ်။
