သိပ်မကြာခင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလကို ရောက်တော့မှာ ဖြစ်တယ်။ လယ်သမားတွေ ရိတ်သိမ်း ခြွေလှည့်ကြပြီး စပါးတွေကို ကျီ၊ ရိုင်၊ ပုတ် စသဖြင့်အဆင်သင့်သလို စပါးအနည်းအများအလိုက် သိုလှောင် သိမ်းဆည်းကြပါတယ်။ နှင်းငွေ့တွေနဲ့အတူ ရောက်ရှိလာတာကတော့ ပွင့်လင်းရာသီပဲ ဖြစ်ပါတယ်။ မိုးကုန်လို့ ဆောင်းအကူးကာလတွေမှာ ပွဲလမ်းသဘင်တွေ ကျင်းပတတ်ကြတာဟာ မြန်မာတို့ရဲ့ ဓလေ့ပါပဲ။
ကျနော်ကတော့ ရခိုင်ဖြစ်တဲ့အတွက် မရောက်တာကြာပြီဖြစ်တဲ့ အနောက်ရိုးမကို လှမ်းမျှော်ပြီး ငယ်ဘဝ ပွဲစားရာသီကို မှန်းဆမိပါတယ်။ ဘုရားပွဲတော်တွေ လာတော့မယ်။ မဟာမြတ်မုနိ၊ ကျောက်တော်တောင်၊ ချက်တော်တောင်၊ ပင်းဝါစား၊ သျှင်ကျော်စတဲ့ နာမည်ကျော် ဘုရားပွဲတွေအပြင် တခြားသော ဘုရားပွဲတွေဟာလည်း အများကြီးပါ။ ကျနော်တို့ ရွာမှာတောင် ရွာဦးဘုရားပွဲနဲ့ ဦးစွန်းတော်စေတီပွဲကို နှစ်စဉ်ကျင်းပကြတယ်။ အခုတော့ ဒီဘုရားပွဲတွေဟာလည်း ဗုံးဆံတွေအောက် ဘယ်ကျင်းပနိုင်ကြမှာလဲ။ လွတ်လပ်ငြိမ်းချမ်းမှုတွေအားလုံးကို စစ်ဆိုတဲ့ အရာက ဝါးမျိုလို့နေတယ်။
ဒီရာသီကို ကျနော်တို့ဆီမှာ ပွဲစားရာသီလို့ ခေါ်ကြတယ်။ ပွင့်လင်းရာသီရောက်တာနဲ့ ဘုရားပွဲတော်တွေ ကျင်းပကြသလို ကထိန်ပွဲ၊ လူငယ်တွေရဲ့ သမက်တက်ပွဲ (မင်္ဂလာဆောင်)၊ ရှင်ပြုပွဲတွေကိုလည်း ကျင်းပတတ်ကြပါတယ်။ ဆောင်းဦးပေါက်ပြီဆိုတာနဲ့ ရွာတိုင်းရပ်တိုင်းမှာ လော်စပီကာသံ၊ ဆောင်းဘောက်သံတွေကို အသံမစဲကြားကြရပါတယ်။
ပွဲစားရာသီရောက်ပြီဆိုတာနဲ့ ကထိန်ပွဲ၊ သမက်တက်ပွဲ ဖိတ်စာတွေ၊ ရှင်ပြုပွဲဖိတ်စာတွေဟာလည်း ရောက်လာပြီ ဖြစ်တယ်။ ဆွေမျိုးမိတ်သဟာအားလုံးကို တယောက်မကျန်အောင် ဖိတ်ကြရတာကိုး။ မတော်တဆ မေ့ကျန်ခဲ့ရင်တောင် တောင်းပန်လို့ မဆုံးနိုင်အောင် အားနာတတ်ကြတာပါ။ ကျေးလက်နေအိမ် အများစုမှာ ဒီလိုဖိတ်စာလေးတွေကို ထရံ၊ ဒါမှမဟုတ်ရင် အိမ်ရှေ့အလယ်တိုင်မှာ သံနဲ့ဖောက်ပြီး အထပ်လိုက်ထားကြတယ်။ ရာသီကုန်တော့မှ ဒီဖိတ်စာတွေကို ရေတွက်ကြည့်ကြတယ်။ ဒီနှစ် ဖိတ်စာ ဘယ်နှစ်စောင်ရောက်တယ်၊ ဘယ်ပွဲကိုတော့ မသွားလိုက်ရလို့ အားနာလိုက်တာ၊ ဘယ်ပွဲကိုတော့ဖြင့် မသွားလိုက်ပေမဲ့ လက်ဖွဲ့တော့ ပို့လိုက်တယ်၊ အလှူတော့ ထည့်ပေးလိုက်တယ် စသဖြင့် ပြောဆိုတတ်ကြတယ်။ ဆွေကြီးမျိုးကြီးမိသားစုတွေဆိုရင် ဖိတ်စာရာနဲ့ချီလို့ကို ရောက်တာလည်း ရှိတယ်။ ပွဲတွေထပ်ကျနေလို့ အိမ်ကမိသားစုတွေ မျက်နှာပြရုံ အရောက်သွားကြတာလည်း ရှိတယ်။ ခင်မင်ရင်းနှီးလို့ ဖိတ်တော့ အားနာကြတယ်။ မဖြစ်မနေကို ပွဲစားသွားကြရတယ်။
ဒီလိုပွဲစားသွားကြရင် မိဘတွေက ကလေးတွေကိုပါ ခေါ်သွားတတ်ကြပါတယ်။ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ အမေ့လက်၊ အဖေ့လက်ကို တွဲပြီး ကလေးတွေလည်း လိုက်ပါတတ်ကြပါတယ်။ သမက်တက်တို့ ရှင်ပြုပွဲတို့ ဆိုတာကလည်း ဆွေမျိုးတွေစုံတဲ့ ပွဲဆိုတော့ အကုန်ရောက်အောင် လာကြတာကိုး။ ငယ်ငယ်က ကျနော်အဖေနဲ့ ရောက်ဖူးတဲ့ ရှင်ပြုပွဲတခုကတော့ တကယ်စိတ်ဝင်စားမိတယ်။ ရွာနာမည်တော့ ကျနော် မေ့သွားပါပြီ။ ကျနော်တို့သားအဖ ရောက်သွားတဲ့အချိန်က ညနေလေးနာရီလောက်ပါ။ ပွဲက မနက်ကျမှ ရှင်လောင်းလှည့်မှာ။ ရွာဝေးတော့ ကြိုရောက်အောင် လာတဲ့သဘောပါ။ ကျနော်တို့ရောက်တော့ ဆွေမျိုးတွေက လာတုန်းရှိသေးတယ်။ အဲဒီမှာ ရွာနီးစပ်ဆွေမျိုးတွေက ဆန်တောင်းတွေကို ထမ်းပြီးတော့ လာကြတာ။ တချို့ဆိုရင် အသီးအရွက်တွေလည်း ပါတယ်။ အခုခေတ်လို ပိုက်ဆံပေးလှူလိုက်တာ မဟုတ်ဘူး။ ညနေ ၅ နာရီခွဲလောက် ညနေစာကျွေးပါတယ်။ ဧည့်ဆိုတာကလည်း ဆွေမျိုးတွေနဲ့ ရပ်ဝေးဧည့်သည်တချို့ပါ။
ထမင်းဝိုင်းကို ထိုင်လိုက်တော့ ငါးခြောက်နဲ့အာလူး ချက်ထားတယ်။ ပြီးတော့ ငှက်ပျောပင်ရယ်၊ နောက်ပြီး ငါးတန်ပိန်း (ဒီရေအစပ်မှာ ပေါက်ပြီး အရွက်ရှည်ရှည်ချွန်ချွန်ရှိတဲ့ ပိန်းပင်တမျိုး)နဲ့ ကြာဆံအရည်သောက်ရယ်။ ကျနော်က ကလေးဆိုတော့ ငါးခြောက်ကို ဝါးရတာ သိပ်မကြိုက်ဘူး။ ဒါကြောင့် အာလူးနဲ့ပဲ စားတယ်။ အဲဒီမှာ လက်ညှိုးနီးပါးလောက်ဖြတ်ထားတဲ့ ပြာမဲမဲအဖတ်လေးတွေရယ်၊ ကြာဇံရယ် ရောချက်ထားတဲ့ ဟင်းချိုကိုသောက်လိုက်တော့ ကျနော့်စိတ်ထဲမှာ ကောင်းလိုက်တာလို့ ရေရွတ်မိတယ်။ အဲဒါဟာ ငါးတန်ပိန်းပါပဲ။ ငါးတန်ပိန်းဟင်းချိုကို ပထမဆုံး စားဖူးခဲ့တာလည်း ဖြစ်တယ်။ အနံ့ကမွှေးပြီးတော့ ဝါးလိုက်ရင်လည်း တထွတ်ထွတ်နဲ့ စားလို့သိပ်ကောင်းတယ်လို့ ခံစားမိခဲ့ပါတယ်။
နောက်တနေ့ ရှင်လောင်းလှည့်မယ့်နေ့ မနက်ကျွေးတဲ့ ထမင်းကလည်း ဒီဟင်းတွေချည်းပါပဲ။ ကျနော်ကတော့ ထုံးစံအတိုင်း အာလူးနဲ့ ငတန်ပိန်းဟင်းရည်ကိုသာ မက်မက်မောမော အရဟာဖြစ်စေခဲ့တယ်။ ရှင်လောင်းလှည့် ညနေကျတော့ ကျောင်းက ပြန်လာကြတဲ့သူတွေကို အကုန်လုံး မဏ္ဍာပ်မှာ ညနေစာကျွေးတယ်။ ဝက်သားဟင်း၊ မျှစ်ချဉ်၊ ငတန်ပိန်းကြာဇံဟင်းရည်။ မျှဉ်ချဉ်က ကျွန်တော့်အကြိုက်မဟုတ်တော့ မစားပါဘူး။ ဝက်သားဟင်းနဲ့ ငတန်ပိန်း ဟင်းရည်ပါပဲ။ အဲဒီညနေစာကတော့ နံကားအောင်ကို စားပစ်ခဲ့တယ်။
မနက်လင်းတော့ မောင်ရှင်လောင်းကို ဆံချတယ်။ ကိုယ်ရင်ဖြစ်သွားပြီ။ ဧည့်သည်တွေကို နေ့လည်စာ ကျွေးတယ်။ ပြောင်သားရေနဲ့ အာလူးရယ်၊ ငှက်ပျောပင်ရယ်၊ ငတန်ပိန်းကြာဇံရယ်။ ကျေးလက်လူတွေဟာ သားရှင်ပြုပွဲအတွက် အသားစိမ်းငါးစိမ်းသတ်ရမှာကို ရှောင်ကြတယ်။ ဒီအတွက် ငါးခြောက်အာလူး၊ နွား၊ ကျွဲသားရေနဲ့ အာလူးစသဖြင့် ရောချက်ပြီးတော့ ကျွေးမွေးကုသိုလ်ယူကြတာ များတယ်။ ဒါပေမဲ့ ရှားရှားပါးပါး ပြောင်သားရေကို ရှာပြီးတော့ ကျွေးမွေးတဲ့ စေတနာကို အံ့ဩမိတယ်။
ထမင်းစားချိန်ရောက်တော့ ကျနော်တို့သားအဖလည်း ဝင်စားကြတယ်။ ကျနော်က နွားသားရေ၊ ကျွဲသားရေနဲ့ အာလူးချက်တာကို စားဖူးပါတယ်။ တချို့ပွဲတွေမှာဆိုရင် ရေစိမ်တာမကျက်လို့လား မသိ၊ သားရေက မာနေတော့ ဝါးမရဘူး။ ဒါ့ကြောင့် ပြောင်သားရေဆိုတော့ အရမ်းမာနေလိမ့်မယ်လို့ ထင်ခဲ့တာ။ ဘယ်ဟုတ်မလဲ။ တကယ်နူးညံ့တဲ့ အရသာပါပဲ။ သားရေအသားတုံးလေးတွေက နုအိပြီးတော့ အရမ်းစားကောင်းပါတယ်။ ပြောင်သားရေနဲ့ အာလူးချက်က စပ်တော့ ကျနော့်မှာ တရှူးရှူးနဲ့ ငါးတန်ပိန်းနဲ့ ကြာဆံဟင်းရည်သောက်လိုက်၊ ထပ်စားလိုက်နဲ့ ဘဝမှာ ငယ်ငယ်က အရသာရှိရှိ စားခဲ့ဖူးတဲ့ ကျေးလက်ရှင်ပြုတခုရယ်၊ နောက်ပြီး အဲဒီရှင်ပြုပွဲကနေ အရမ်းကြိုက်လာခဲ့တဲ့ ငါးတန်ပိန်းကြာဆံဟင်းရည်ရယ်ကို ဒီနေ့အထိ နှစ်သက်စွဲလမ်းနေမြဲပါ။
ကျနော်တို့သားအဖ အလှူကနေ အိမ်ပြန်တော့ အဖေကပြောပြတယ်။ သူတို့မိသားစု အဲဒီလောက် တတ်နိုင်တာမဟုတ်ဘူးတဲ့။ ဒါပေမဲ့ ရပ်ဆွေ၊ ရပ်မျိုးတွေကောင်းသလို၊ ဆွေမျိုးမိတ်သင်္ဂဟတွေကောင်းလို့ အထမြောက်သွားတာ ဝမ်းမြောက်ဖို့ကောင်းတယ် ဆိုတယ်။ မောင်ရှင်ဖ (ရှင်လောင်းရဲ့ အဖေ)ဟာ ပြောင်သားရေကို ရဖို့ ဝါးခုတ်သွားရာမှာတွေ့တဲ့ မုဆိုးတွေဆီက နှစ်နဲ့ချီ ကြိုမှာခဲ့ရတယ်လို့ သိရတယ်။ ငါးတန်ပိန်းကတော့ အိမ်တိုင်းလိုလိုမှာ ရှိတဲ့အတွက် ဟင်းချိုအတွက်က အိမ်တိုင်း လာလှူကြတာလို့ ဆိုတယ်။ ဝက်ကတော့ ရွာက အပျိုလူပျိုတွေ စုပြီး ပွဲအထမြောက်အောင် ကူညီကြတာလို့ ပြောပြတယ်။
အခု ပြန်စဉ်းစားကြည့်မိတော့ ဪ… ကျေးလက်က အလွန်ရိုးသားစည်းလုံးတဲ့ သားရှင်ပြုပွဲပါလား၊ ရပ်ရွာရဲ့ ညီညွတ်မှု၊ စည်းလုံးမှုတွေဟာ အလှူရှင်ကို ကျေနပ်ပီတိဖြစ်စေပါလားလို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်ဟာ အဲဒီပွဲကနေပဲ ငါးတန်ပိန်းကြာဇံဟင်းရည်ကို စွဲလမ်းခဲ့တယ်မဟုတ်လား။
တချိန်ချိန်မှာတော့ သေနတ်သံတွေ၊ ဗုံးသံတွေ၊ အမြောက်သံတွေ ရပ်စဲသွားတဲ့တနေ့မှာ အာရက္ခမြေက ကျေးလက်ရှင်ပြုပွဲတွေအကြောင်း၊ ထူးဆန်းတဲ့ ရိုးရာဓလေ့တွေအကြောင်းကို မှတ်တမ်းဆောင်းပါးလေးတွေ အကျယ်တဝင့် ရေးချင်ပါရဲ့။ ပြီးတော့ အမေချက်တဲ့ သားရေအာလူးနဲ့ ငါးတန်ပိန်းနဲ့ ကြာဆံဟင်းရည်ကိုလည်း အားရပါးရ စားချင်ပါသေးရဲ့။ ဒါနဲ့ ကျနော့်မှာလည်း သားရှင်ပြုရပါဦးမယ်။ အဲဒီအချိန် ဆွေမျိုးမိတ်သင်္ဂဟတွေ စုံစုံလင်လင်နဲ့ ရှိပါဦးမလား။
