ကျနော်က ကျောင်းဆရာတယောက်ပါ။ စစ်တွေမြို့နယ်ဘက်ကို စာသင်ဖို့ လိုင်းကားစီးပြီး လိုက်လာခဲ့ပါတယ်။ တွေးရင်း ငေးရင်းနဲ့ပဲ ကျနော် ဆင်းရမယ့် နေရာကို ရောက်လာခဲ့တယ်။ ကြက်ကိုင်းတန်ဈေးမှာ ဆင်းလိုက်တော့ လာကြိုတဲ့ဆရာက ယဉ်ယဉ်ကျေးကျေးနဲ့ ခရီးဦးကြို ပြုပါတယ်။ အဲဒီကနေတဆင့် ကံ့ကော်ကျွန်းရွာကို ဆိုင်ကယ်နဲ့ လယ်ကွင်းတွေဖြတ်ပြီး ခရီးဆက်ခဲ့ကြတယ်။ စာသင်ရမယ့်နေရာကို မေးကြည့်တော့ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ သင်ရမယ်တဲ့။ စာသင်ချိန်ပြီးတော့ ဝါဘိုရွာကို ကူးတို့လှေနဲ့ တခါ ထပ်ကူးရပြန်ပါတယ်။
ဝါဘိုရွာကို ရောက်ဖို့ ဆယ့်ငါးမိနစ်လောက်ပဲ သွားရပါတယ်။ ရွာကို လှမ်းမြင်ရတာက သစ်ပင်တွေနဲ့ အုပ်ဆိုင်းပြီး စိမ်းညို့နေတာပါပဲ။ ကမ်းပေါ်ရောက်တော့ “ဂျောက်… ဂျက်… ဂျောက်… ဂျက်” ဆိုတဲ့ အသံတွေ ကြားရလို့ ဘာသံလဲလို့ မေးလိုက်မိတယ်။ “ရက်ကန်းခတ်သံပါ ဆရာ” လို့ ကျောင်းသားတယောက်က ဝင်ဖြေပါတယ်။ ကျနော့်စိတ်ထဲမှာ မောင်မောင်ညွန့်ရဲ့ သီချင်းကို ပြေးသတိရသွားတယ်။ ဒီခေတ် ဒီအခါမျိုးမှာ ရိုးရာလက်မှုပညာကို ထိန်းသိမ်းထားနိုင်တာက ဝမ်းမြောက်စရာတခုပါပဲ။
သဲမြေလမ်းလေးအတိုင်း ဘော်ဒါဆောင်ဘက်ကို ဆက်လျှောက်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်လေး တဆိုင် တွေ့ရတယ်၊ စားပွဲငါးဝိုင်းလောက်ပဲ ရှိမယ်။ ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ ထိုင်ချင်စရာလေးပါ။ ဘော်ဒါဆောင်ရောက်တော့ တည်ထောင်သူ ဆရာကြီးနဲ့ စကားလက်ဆုံကျနေတုန်း စာသင်ချိန် ရောက်လာလို့ စာဝင်သင်ပြီး ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ တညအိပ်၊ မနက်တချိန် ထပ်သင်ပြီးတော့ ဇနီးနဲ့ သားရှိတဲ့ဆီကို ပြန်လာခဲ့တယ်။ ဒီလိုပဲ ပုံမှန် သွားလာနေတာ ကြာလာတော့ ရွာသားတွေနဲ့ မိသားစုလို ဖြစ်လာခဲ့တယ်။ ကံ့ကော်ကျွန်းရွာနဲ့ ဝါဘိုရွာသားတွေဟာ အင်မတန် ရိုးသားဖြူစင်ကြတယ်ဆိုတာကို တဖြည်းဖြည်း ကျနော် သိလာခဲ့ရပါတယ်။
အဲဒီလိုနဲ့ သုံးနှစ်လောက်အထိ ကျနော် အဲဒီရွာတွေမှာ စာပြခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှာ ကိုယ်ပိုင် ဘော်ဒါဆောင်တခု တည်ထောင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေခါနီးမှာပဲ ရခိုင်ဒေသမှာ စစ်ပွဲတွေ နေရာကွက်ကျား ဖြစ်လာပါတော့တယ်။ ညဘက်ဆို ကျောင်းသားတွေခမျာ လက်နက်ကြီးသံတွေ၊ အဆက်မပြတ် ပစ်ခတ်သံတွေကြားမှာ ကျီးလန့်စာစား ဘဝနဲ့ စာကျက်နေရတာကို ဆရာတယောက်အနေနဲ့ စိတ်နှလုံးထိခိုက် နာကျင်ရပါတယ်။ သူတို့တွေ စာမေးပွဲရော ဖြေရပါ့မလား။ ဒီပြည်တွင်းစစ်ကြောင့် လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီ၊ အိုးအိမ်စည်းစိမ်တွေလည်း အများကြီး ဆုံးရှုံးကြေမွခဲ့ရပြီ။ မုန့်လုံးစက္ကူကပ်နေတဲ့ ဒီပြဇာတ်ကြီးက ဘယ်တော့များမှ ပြီးဆုံးမှာလဲ။
ကံ့ကော်ကျွန်းရွာကနေ လှမ်းမျှော်ကြည့်လိုက်ရင် လယ်ကွင်းပြင် စိမ်းစိမ်းညို့ညို့တွေရဲ့ အလွန်မှာ တခြားရွာငယ်လေးတွေကို မပီဝိုးတဝါး လှမ်းမြင်နေရတယ်။ ကြီးမားထည်ဝါတဲ့ တောင်ပြာတန်းကြီးတွေ မရှိပါဘူး။ အလားတူပဲ ဝါဘိုရွာမှာလည်း ကျယ်ပြန့်တဲ့ စပါးခင်းတွေ၊ ကောက်ပဲသီးနှံတွေက ရွာရဲ့ သဘာဝအလှတရားတွေနဲ့ ဧည့်သည်တွေကို ဖမ်းစားညှို့ငင်ထားတာပါ။ အေးချမ်းတည်ငြိမ်တဲ့ ရွာငယ်လေးတွေဟာ အခုတော့ စစ်တလင်းပြင် ဖြစ်ခဲ့ရပြီ။ ရက်ကန်းခတ်သံတွေအစား အမြောက်ဆန်တွေ၊ ကျည်ခွံတွေက နေရာယူသွားပြီ။ ငါ့လယ်၊ ငါ့မြေ၊ ငါ့အိမ်၊ ငါ့စီးပွား ဆိုတာတွေကို စစ်ပွဲတွေက တိုက်စားသွားခဲ့ပြီလေ။ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးလာရတဲ့ မီးလောင်ပြင်က တပည့်တွေရဲ့ အော်သံဟာ နားထဲကို စူးစူးနစ်နစ် ဝင်ရောက်လာပါတယ်။ စားရေးသောက်ရေး ချို့တဲ့၊ နေရေးထိုင်ရေး ချို့တဲ့ပြီး နုံချာနေတဲ့ ဘဝတွေအကြောင်း တွေးမိရင် ရုပ်ရှင်ကားတကားကို ထိုင်ကြည့်နေရသလို ခံစားရပါတယ်။
ပညာရေး တပိုင်းတစနဲ့ အနာဂတ်နုနုလေးတွေကို ရင်းနှီးပေးဆပ်ပြီး စစ်ဘေးရှောင်ဘဝကို ရောက်သွားခဲ့ကြရတယ်။ သတ္တိရှိတဲ့ လူငယ်တွေကလည်း သူတို့သင်ခဲ့ရတဲ့ ကဗျာထဲကလိုပဲ ဇာတိမြေကို ကျေးဇူးဆပ်ဖို့ ရည်ရွယ်ပြီး အာရက္ခတပ်တော်ထဲ ရောက်သွားကြတယ်။ ကျနော်အခုနေတဲ့ စစ်ရှောင်စခန်းကို အဲဒီလို တပည့်တစု ရောက်လာလို့ စကားတွေပြောဖြစ်ကြရင်း စာအညံ့ဆုံး ကျောင်းသားက ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာကို အလွတ်ရွတ်ပြပါတယ်။
“သင်သေသွားသော် ကဗျာထဲကလိုပဲပေါ့ ဆရာရေ။ လက်နက်ကြီးတွေ၊ ဂျက်ဖိုက်တာတွေ၊ Y12 တွေနဲ့ ရခိုင်တပြည်လုံး ရစရာမရှိအောင် ဖြိုခွင်းဖျက်ဆီးနေမှတော့ ကျနော်တို့တွေရဲ့ အသက်မှာ သက်တမ်းကုန်ဆုံးရက်မှ မပါတာ။ ဒီတော့ သေရမယ့်ရက်ကို ထိုင်စောင့်နေမယ့်အစား ကိုယ့်ဒေသအတွက် ပြန်ပေးဆပ်မှ နောက်လာနောက်သားတွေ ချောမွေ့တဲ့လမ်းကို လျှောက်နိုင်မှာပေါ့။ သူတို့တွေကို ကျနော်တို့လို သမိုင်းဆိုးမွေ မခံစားစေချင်ဘူး” လို့ ပြောပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်ဝေဖို့ ထွက်သွားကြပါတယ်။ ဆရာက စစ်ဘေးရှောင်စခန်းက ဒုက္ခသည်၊ တပည့်က စစ်သား။ အနောက်ဘက်ကနေ တိမ်မည်းကြီးတွေ တလိပ်လိပ် တက်လာသလို မိုးကြိုးတွေလည်း ကျယ်ကျယ်လောင်လောင် ပစ်ခတ်နေတယ်။ အမှောင်ထုကြီး ဖုံးလွှမ်းလာတာဟာ ကြောက်စရာကောင်းလှပါတယ်။ ကျောင်းပိတ်ရက်မှာ အေးအေးလူလူ နေမယ်လို့ စဉ်းစားထားပေမဲ့ တပည့်တွေ ပြောသွားတဲ့စကားတွေကတော့ ခေါင်းထဲမှာ စွဲထင်ကျန်ရစ်နေခဲ့ပါတယ်။
နိုင်ငံခေါင်းဆောင်ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အောက်ကျနောက်ကျ မဖြစ်အောင် ဆေးရုံဆေးခန်းတွေ တည်ဆောက်ပေးရတယ်။ စာသင်ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေကို တည်ထောင်ပေးကြတယ်။ အသိပညာ တိုးပွားအောင် စာကြည့်တိုက်တွေ၊ စာကြည့်အသင်းတွေ ဖန်တီးပေးကြတယ်။ အသိပညာပေးဖို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ တီဗွီ၊ အင်တာနက် စတဲ့ ဆက်သွယ်ရေး မီဒီယာတွေကနေ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်အောင် အကောင်းဆုံး လုပ်ဆောင်ပေးကြတယ်။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို မဟုတ်ပါဘူး။ စစ်အုပ်စုက ဆေးရုံဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တယ်၊ စာသင်ကျောင်းတွေကို ဗုံးကြဲဖျက်ဆီးတယ်၊ ဆက်သွယ်ရေး မီဒီယာတွေကို ပိတ်ဆို့ပြီး သတင်းတုတွေ ထုတ်လွှင့်တယ် စသဖြင့် သတင်းအမှောင်ချပြီး တံခါးပိတ်ဝါဒနဲ့ပဲ အုပ်ချုပ်လာတာ ဆီသည်မ လက်နှီးစုတ်လို ဖြစ်နေပါပြီ။
မိုးသက်လေပြင်းတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရွာသွန်းလာပါတယ်။ ကျနော်တို့ မိသားစု လေးယောက်စလုံး ညနေစာ ထမင်းမစားရသေးပါဘူး။ မိုးချုပ်နေပြီ၊ အငယ်ဆုံး သားလေးက ဗိုက်ဆာလွန်းလို့ တငိုငိုတရီရီ ဖြစ်နေတယ်။ ဖယောင်းတိုင်မီးလည်း ထွန်းလို့မရ၊ လေပြင်းတိုက်နေတော့ ဓနိမိုးတွေ ဖွာလန်ကြဲပြီး မိုးယိုနေတယ်၊ တဲငယ်လေးကလည်း ယိမ်းထိုးနေတာပါပဲ။ မိုးတိတ်သွားမှပဲ ထမင်းစားကြရတယ်။ တိတ်ဆိတ်နေတဲ့ စစ်ဘေးရှောင်စခန်းလေးဟာ မီးတွေ ငြှိမ်းထားကြပြီး လေကြောင်းအန္တရာယ်ကို နားစွင့်နေကြတယ်။ အိပ်တဲ့သူက အိပ်၊ မနက်ဖြန်ကို ရင်ဆိုင်ဖို့ သတ္တိမွေးတဲ့သူက မွေးနဲ့၊ ဒီလောကငရဲထဲကနေ အရှင်လတ်လတ် ဘယ်လို လွတ်မြောက်ရမလဲဆိုတာ တွေးလို့တောင် မရအောင် ဖြစ်လာတယ်။ ရွာတရွာလိုဖြစ်နေတဲ့ ဒီစခန်းလေးမှာ နေလာခဲ့တာ နှစ်နှစ်တောင် ကျော်ခဲ့ပြီလေ။ “အိမ်ကို ဘယ်တော့ ပြန်ရမှာလဲ” လို့ တွေးမိတိုင်း စိတ်တွေ ပြိုလဲမသွားအောင် အကြိမ်ကြိမ် ပြန်ထိန်းချုပ်ရပါတယ်။ ကောင်းကင်မှာ လရောင်၊ ကြယ်ရောင်တွေ ဝင်းပနေတယ်။ စပါးခင်းတွေ၊ တောင်တန်းပြာတွေလည်း ငြိမ်သက်နေတယ်။ ကျနော့်ဘဝ၊ ကျနော့်ရဲ့ မနက်ဖြန်ကို ရှာဖွေငေးမောနေတုန်း ကားလမ်းပေါ်က လူငယ်တွေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အော်ဟစ်ပျော်ရွှင်နေကြတာကို ကြည့်ပြီး ကျနော် ပြုံးမိပါတယ်။ အိပ်ပျော်နေတဲ့ သားအမိသုံးယောက်ကို ထားခဲ့ပြီး ကျနော်ကတော့ ရဲဘော်တွေ ပေးသွားတဲ့ ရွှေဒေါင်းပျံ ဆေးပေါ့လိပ်ကို ဖွာရင်း ဝါးထရံပေါက်ကနေ လမင်းကြီးကို ချောင်းကြည့်နေမိတော့တယ်။
မနေ့ညက တော်ရုံနဲ့ အိပ်မပျော်ခဲ့တော့ မနက်လင်းတဲ့အခါ နေအတော်မြင့်နေပါပြီ။ အိပ်ရာထဲ မှိန်းနေတုန်း လူတွေ ရုတ်ရုတ်သဲသဲ လှုပ်ရှားသံတွေ ကြားနေရတယ်။ “ဘာဖြစ်တာလဲ” လို့ အသိတယောက်ကို လှမ်းမေးကြည့်တော့ ၁၂ တန်း ကျောင်းသူလေးတယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ သူက ပြောတယ်။ ကျနော် ရောက်သွားတော့ စစ်ရှောင်စခန်းက လူတွေ အသုဘပို့ဖို့ စီစဉ်နေကြပြီ။ ကောင်မလေးရဲ့ မိဘတွေက ဗုံးစထိမှန်လို့ ပွဲချင်းပြီး သေဆုံးသွားတော့ သူ့အဖွားက အစစအရာရာ တာဝန်ယူ စောင့်ရှောက်ထားတာလေ။ မကြာခင်မှာပဲ အာဏာသိမ်းစစ်တပ်က ဗုံးထပ်ကြဲပြန်တယ်။ ဒီလိုနဲ့ပဲ စစ်ဘေးရှောင်ဘဝကို ရောက်လာခဲ့ကြတာပါပဲ။ လိုအပ်တဲ့ ကိစ္စဝေယျာဝစ္စတွေ လုပ်ပြီး သုံးနာရီခွဲလောက်မှာ အသုဘ လိုက်ပို့ကြတယ်။ အပြန်ကျတော့ မိုးချုပ်ခါစ ပြုနေပါပြီ။
စစ်ဘေးရှောင်ဘဝဆိုတာ တကယ်တော့ ငရဲပြည်မှာ ဆောက်ထားတဲ့ နတ်ဗိမာန်တခုပါ။ တနည်းအားဖြင့် ကိုယ့်အသည်းနှလုံးထဲ ကိုယ်ပြန်ပြီး အမဲလိုက်နေရတာမျိုးလည်း ဖြစ်ပါတယ်။ တနေ့ကျရင် ဒီဒဏ်ရာတွေကို ပြန်ကြည့်တဲ့အခါ ကျနော်တို့ ရုန်းကန်ခဲ့ရတဲ့ နှစ်တွေဟာ ကျနော်တို့ကို အလှပဆုံးအဖြစ် ထင်မြင်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အယ်ဒီတာမှတ်ချက်
စာမူရှင် မုတ်သုံမောင် (ခ) နာနို (Aryan) သည် ယခုစာမူ ထုတ်ဝေရန် ပြင်ဆင်နေစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသောကြောင့် ISP-Myanmar အနေဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းမိပါသည်။ စာမူရှင် ကောင်းရာသုဂတိ လားပါစေ။
