“မြန်မာ့စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို တိုးတက်အောင် လုပ်မယ်” ဆိုတဲ့ ကြွေးကြော်သံဟာ မြန်မာနိုင်ငံရဲ့ ရာဇပလ္လင်ပေါ် တက်ထိုင်နေကြတဲ့သူတွေအဖို့ ကြက်ခြံ၊ ဝက်ခြံတွေကို အလည်သွားတိုင်း ကြုံးဝါးလေ့ရှိတဲ့ လက်သုံးစကားတွေ ဖြစ်ကြပါတယ်။ တကယ်ပဲ စေတနာပါပါနဲ့ ပြောတာလားတော့ မသိပေမဲ့ အနှီပုဂ္ဂိုလ်တွေက လက်ခမောင်း တခါခတ်လိုက်တိုင်း မြေပြင်က မွေးမြူရေးသမားအဖို့တော့ မျက်ခုံးပင့်ပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ကြရပါတယ်။ ရင်မထိတ်လို့လည်း မရပါဘူး။ စိုက်ပျိုးရေးကဏ္ဍနဲ့အတူ တခါက မြန်မာ့ရဲ့ အလားလာအရှိဆုံး ကဏ္ဍတွေထဲက တခုဖြစ်ခဲ့တဲ့ ဒီမွေးမြူရေးလုပ်ငန်းတွေဟာ အခုတော့ မြန်မာ့ရာဇပလ္လင်ပေါ်က လူတွေရဲ့ ပေါ်လစီအလွဲတွေ၊ လာဘ်စားမှုတွေနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ကြားထဲမှာ အသက်ရှုရပ်နေပြီး စိုးရိမ်ရေမှတ်ကျော်လွန်တဲ့ အဆင့်ကို ရောက်နေပါပြီ။
မွေးမြူရေးသမားလို့ ဆိုရာမှာလည်း မြန်မာပြည်သူတွေထဲမှာ နိုင်ငံရပ်ခြားကလို အကောင်ရာထောင်ချီရှိကြတဲ့ မိသားစုလုပ်ငန်းကြီးတွေထက်စာရင် မိမိနိုင်ရာနိုင်ရာ သန်ရာသန်ရာသာ မွေးကြတဲ့ တနိုင်တပိုင် ဒေသခံ လုပ်ငန်းငယ်လေးတွေက ပိုများပါတယ်။ တကယ်တော့ ဒီလိုလုပ်ငန်းရှင်ငယ်တွေဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နောက်ပိုင်းကစပြီး တရိပ်ရိပ်နဲ့ တက်လာတဲ့ သွင်းအားစုစျေးနှုန်းတွေကြားထဲမှာ မနစ်အောင် မနည်းရုန်းကန်နေခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်း နှစ်တွေမှာ စစ်အုပ်စုရဲ့ ဒေါ်လာရှားပါးမှုပြဿနာနဲ့ ကုန်သွယ်ရေးလိုငွေပြမှုတွေကို ဖြေရှင်းဖို့ သွင်းကုန်တော်တော်များများကို တင်းကျပ်လိုက်တဲ့အခါမှာတော့ မွေးမြူရေးလောက ပြောင်းပြန်လန်ကျပြီး ငါးပါးမှောက်ပါတယ်။ မြန်မာနိုင်ငံလို တိရစ္ဆာန်အစာအတွက် ကုန်ကြမ်းနဲ့ အစာချောကအစ ဆေးဝါးတွေအထိ ပြည်ပကနေ တင်သွင်းရတဲ့ နိုင်ငံအဖို့ အခုလို သွင်းကုန်ကျပ်ပြီး ရှားပါးမှု ဖြစ်ပေါ်စေခြင်းဟာ အိပ်မက်ဆိုးတခုပါပဲ။ ရလဒ်အနေနဲ့ မွေးမြူရေးအစာစျေးတွေဟာ အာဏာမသိမ်းခင်ကာလနဲ့စာရင် အဆပေါင်းများစွာ တက်ကုန်ပါတယ်။ ဥပမာအားဖြင့် အာဏာမသိမ်းခင်က တသောင်းကျော်သာ ရှိခဲ့တဲ့ အသားတိုးဝက်အစာတအိတ်ဟာ ၂၀၂၆ မှာ ခြောက်သောင်းအထက်ကို ရောက်ကုန်ပါတယ်။
ဒါပေမဲ့ တဖက်မှာတော့ ဝက်သားရဲ့ ဒိုင်သွင်းစျေး အကောင်လိုက် ၁ ပိဿာကို ၂၀၂၁ ခုနှစ်က ငါးထောင်၊ ခြောက်ထောင် ရှိပေမဲ့ ၂၀၂၆ ခုနှစ်မှာတော့ တသောင်းကျော်သာ ရပါတယ်။ ဒါဟာ အာဏာ မသိမ်းခင်ကနဲ့ယှဉ်ရင် မွေးမြူရေးသမား တယောက်အဖို့ မိမိရဲ့ ရောင်းကုန်စျေး ၂ ဆကျော်သာ ပြန်ရနိုင်မှာဖြစ်ပေမဲ့ သုံးလိုက်ရတဲ့ သွင်းအားစုစားရိတ်က ၄ ဆကျော် ၅ ဆလောက်အထိ တက်နေတဲ့ သဘောပါပဲ။ တဖက်မှာလည်း မြန်မာနိုင်ငံဟာ ဒိုင်စနစ် (လေလံစနစ်) ကို ကျင့်သုံးတာကြောင့် မွေးမြူရေးသမားတွေဟာ ကြက်ကလွဲလို့ မိမိရဲ့ ရောင်းကုန် သားကြီးငါးကြီးတွေကို ကိုယ့်ရဲ့ ဒေသအတွင်းမှာရှိတဲ့ အရေအတွက်အနည်းငယ်မျှသော သားရုံတွေကိုသာ ရောင်းကြရပါတယ်။ ဒီဒိုင်တွေက စျေးနှိမ်ရင် စျေးကစားရင် ကစားသလို ခံကြရပါတယ်။
တကယ်တော့ ဒီလိုကုန်စျေးနှုန်းတက်လို့ အမြင့်ဆုံးပေးနိုင်တဲ့စျေး (price ceiling) ပုံစံသတ်မှတ်ပြီး စျေးကွက်ကို ထိန်းချုပ်ဖို့ကြိုးစားတယ်ဆိုတဲ့ သတင်းဟာ ဝက်မွေးမြူရေးလောက တခုတည်းမှာတင် ကြားနေရတာ မဟုတ်ပါဘူး။ တလောကလည်း ကြက်ဥတလုံး ကျပ် ၇၀၀ အထိဖြစ်ကုန်လို့ ကျပ် ၅၅၀ နဲ့သာရောင်းဖို့ သတ်မှတ်ချက်တွေ ထုတ်ခဲ့ကြပါသေးတယ်။ စကားကြုံလို့ ကုန်စျေးနှုန်းတက်တယ် (inflation) လို့ ပြောတဲ့နေရာမှာ ဝယ်လိုအားများလို့ စျေးတက်တာ (demand pull)၊ ထုတ်လုပ်မှုသွင်းအားစုတွေ စျေးတက်လို့ ထုတ်ကုန်တွေစျေး တက်တာ (cost-push) နဲ့ လုပ်အားခ မြင့်လာလို့ စျေးတက်တာ (built-in) ဆိုပြီး အကြမ်းဖျင်းအားဖြင့် ရှိကြပါတယ်။
အခုမြန်မာ့မွေးမြူရေးလုပ်ငန်းတွေနဲ့ ထွက်ကုန်တွေရဲ့ စျေးကို ဆွဲတင်နေတာက ပြည်သူတွေဘက်ကနေ ရုတ်တရက် ဝယ်လိုအား တအားများလာလို့ မဟုတ်ဘဲ မွေးမြူရေးသမားတွေအတွက် အစာနဲ့ ဆေးဝါးစျေးတွေ အဆမတန် တက်ကုန်လို့ ကြက်သား၊ ဝက်သားကအစ ကြက်ဥအထိ စျေးတွေ ထိုးတက်ကုန်တဲ့သဘောပါ။ ဒါကို ရာဇပလ္လင်ပေါ်က ပုဂ္ဂိုလ်တွေက သတ်မှတ်စျေးအတိုင်းပဲ ရောင်းရမယ်ဆိုပြီး price ceiling ချပြီး တုံ့ပြန်တာဟာ အင်မတန်အံ့ဩဖို့ ကောင်းပါတယ်။ မွေးမြူရေးသမားတွေခမျာတော့ အစကတည်းက အစာစျေးတက်လို့ ခေါင်းကိုက်ရတဲ့အထဲ အခုလို အတင်းအကျပ် စျေးလျှော့ရောင်းဖို့ ဖိအားပေးခံရတဲ့အခါ အမြတ်မကျန်တော့ဘဲ နှစ်ခါရှုံးကြရပြန်ပါတယ်။ ဒီတော့ အရှုံးခံပြီး ဆက်မလည်ပတ်နိုင်တော့တဲ့ သူတွေအဖို့ ရွေးချယ်စရာတခုပဲ ကျန်ပါတယ်။ ဒါက ခြံပိတ်သိမ်းခြင်းပါပဲ။ ဒီအခါမှာ ထုတ်လုပ်မှုကျဆင်းပြီး ရောင်းလိုအား ဝယ်လိုအား မမျှကာ စျေးထပ်တက်၊ ဒါကို စျေးတက်လို့ အစိုးရက ထိန်းချုပ်ဖို့ကြိုးစား၊ မွေးမြူရေးသမားတွေက ပြန်ရှုံးပြန် စသဖြင့်နဲ့ အဆိုးသံသရာ လည်ကြရပါတယ်။
ကြက်၊ ဝက်၊ ကြက်ဥစတာတွေရဲ့စျေးနှုန်းနဲ့ပတ်သက်ပြီး ဒီနေရာမှာ မေးခွန်းတခုရှိပါတယ်။ မိမိဒေသမှာ စျေးမကောင်းရင် တခြားစျေးကွက်တခု (ဥပမာ – ပဲခူးမှာ စျေးမကောင်းရင် ရှမ်းပြည်) ကို သွားရောင်းလို့ မရဘူးလားဆိုတာပါ။ ဒီမေးခွန်းရဲ့ အဖြေကတော့ “ရခဲ့ပါတယ်။ ဒါပေမဲ့ အခုရဖို့ မလွယ်တော့ပါဘူး” အာဏာ မသိမ်းခင်ကဆို မြန်မာပြည်အထက်ပိုင်း တာချီလိတ်၊ လားရှိုး စတဲ့ဒေသတွေက ကုန်သည်တွေဟာ ရန်ကုန်၊ မော်လမြိုင်စျေးကွက်တွေအထိ ဆင်းဝယ်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လမ်းတလျှောက်က မထင်ရင် မထင်သလို ဂိတ်ကြေးတောင်းကြတဲ့ ဂိတ်အသီးသီးတွေကြားမှာ တပြည်နယ်ကနေ တပြည်နယ်ဖြတ်ပြီး ကုန်သွယ်ဖို့ဆိုတာ အင်မတန်မှ စွန့်စားရတဲ့ ကိစ္စရပ်တခု ဖြစ်လာပါတယ်။
ခုလို အခြေနေကို ပိုဆိုးစေတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လမ်းကြောင်းမျိုးစုံကနေ တဆင့် ပြည်တွင်းစျေးကွက်ထဲ ဝင်လာကြတဲ့ မှောင်ခိုအသားတွေပါပဲ။ အထူးသဖြင့် ဒီမှောင်ခိုဝက်တွေရဲ့ ဒဏ်ကို ထိုင်းနဲ့ နီးတဲ့ မွန်နဲ့ ကရင်ပြည်နယ်တွေက ဝက်မွေးမြူရေးအသိုင်းအဝိုင်းဟာ အများဆုံးခံကြရပါတယ်။ ထိုင်းဖက်ကနေ တရားမဝင် တင်သွင်းလာတဲ့ အသားတိုးဝက်အရှင်တွေဟာ DKBA နယ်တွေကနေတဆင့် စစ်တပ်ရဲ့ နယ်လုံစစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး ဘားအံ၊ မော်လမြိုင်စတဲ့ ဒိုင်တွေဆီ ဝင်ကြသလို တချို့က ရန်ကုန်ထိ လမ်းပေါက်တာတွေ ရှိပါတယ်။ ဒီလို စျေးပေါတဲ့ ထိုင်းဝက်မှောင်ခို လမ်းကြောင်းတခု ရှိနေတဲ့အခါ နယ်ခံဒိုင်တွေဟာ ပြည်တွင်းဝက်တွေကို ထိုက်သင့်တဲ့စျေးမပေးတော့ဘဲ စျေးနှိမ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ ဘယ်လောက်ပဲ ဒေသခံ မွေးမြူရေးသမားတွေကို အရှုံးပေါ်စေတဲ့ မှောင်ခိုတွေ ဝင်ပါစေ ပြည်တွင်းက အသားစျေး (ခုတ်သားစျေး) လျော့မသွားတာကတော့ ဒီကရတဲ့ စီးပွားရေးအကျိုးအမြတ်ကို ပြည်သူတွေ မဟုတ်ဘဲ ဘယ်သူတွေက ခံစား စံစားနေရသလဲဆိုတဲ့ မေးခွန်းတခု ထုတ်ဖို့ကောင်းပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက တနိုင်တပိုင်လုပ်ငန်းတွေနဲ့ မွေးမြူကြတဲ့ ပြည်သူတွေဟာ ကော်ပိုရိတ်လုပ်ငန်းကြီးတွေလို အရင်းအနှီးအများအပြား မရှိကြတဲ့အတွက် အခုလို အပြောင်းအလဲများတဲ့ စျေးကွက်ရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိပါဘူး။ တခါနှစ်ခါ ရှုံးတာနဲ့တင် လုပ်ငန်းရပ်လိုက်ရတဲ့ အခြေအနေတွေ ဆိုက်ကုန်ကြပါတယ်။ ဒီနောက်မှာလည်း နိုင်ငံရဲ့ လူမှုစီးပွားရေးအခြေအနေတွေအရ လုပ်ငန်းပြန်မစနိုင်တော့ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကို အခြေခံ ရွှေ့ပြောင်းလုပ်သားတွေအဖြစ်နဲ့ သွားရောက်လုပ်ကိုင်ရမယ့် လမ်းကို ရွေးကုန်ကြပါတယ်။
ဒါတွေဟာ စစ်အာဏာသိမ်းမှုနဲ့ မိုးကျရွှေကိုယ် အုပ်ချုပ်ရေးတွေကနေ ထွက်လာတဲ့ မူဝါဒအလွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပေမဲ့လည်း ရာဇပလ္လင်ပေါ်က ပုဂ္ဂိုလ်တွေကတော့ ကြက်ခြံ၊ ဝက်ခြံတွေကို ဆက်လက် အလည်အပတ်သွားနေဆဲ ဖြစ်ပါတယ်။ ယုတ်စွအဆုံး သူတို့ရဲ့ ပေါ်လစီတွေကြောင့် ပိတ်လိုက်ရတဲ့ မွေးမြူရေးခြံတွေအရှေ့မှာ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆက်လက်စိုက်ထူကြစမြဲပါပဲ။ အခြေခံပြည်သူတွေကတော့ အသားငါး ပုံမှန်ဝယ်မစားနိုင်တော့သလို တနိုင်တပိုင် မွေးမြူရေးသမားတွေအဖို့လည်း ပိန်းပိတ်အောင် မှောင်နေတဲ့ မြူတောထဲကို ဆက်တိုးကြရရင်း တခြံပြီးတခြံ ပိတ်လိုက်နေရပါတယ်။ မွေးမြူရေးလောကဟာလည်း ဇီဝိန်ချုပ်တော့မယ့် အနေအထားတခုကို ရောက်လာခဲ့ပါပြီ။
ဒေသခံ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းရှင်တွေ မျိုးသုဉ်းပျောက်ကွယ်ပြီး လုပ်ငန်းစုကြီးတွေကသာ လက်ဝါးကြီးအုပ် ခြယ်လှယ်ကြတဲ့ စျေးကွက်တခုကို မရောက်စေချင်ရင်တော့ ရာဇပလ္လင်ပေါ်က ပုဂ္ဂိုလ်တွေ စေတနာပါဖို့ လိုပါလိမ့်မယ်။ ကြက်ခြံတွေဆီကို အလည်သွားသလို မိမိရှင်သန်ရေးကိုသာ ပိုဦးစားပေးတဲ့ မူဝါဒတွေထက် ပြည်သူတွေ သက်သာချောင်ချိရေးအတွက် စဉ်းစားတတ်တဲ့ အတွေးကလေးတွေဆီလည်း အလည်သွားကြစေချင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မြန်မာ့မွေးမြူရေးလောကရဲ့ အခြေအနေဟာ ဒီထက်ပိုဆိုးလာပြီး နာမည်ကလွဲလို့ ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး။
