ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အတိတ်ဂုဏ်ပြယုဂ်အလွန်က ဗိုလ်ချုပ်စျေးနှင့် အရောင်မဲ့ရန်ကုန်

ဗိုလ်ချုပ်စျေးက ရန်ကုန်ရဲ့ ပြယုဂ်တခုပါ။ ဒီစျေးခြောက်ကပ်တိတ်ဆိတ်သွားသလို အာဏာရှင်လက်အောက်မှာ ရန်ကုန်ရဲ့စည်ကားမှုတွေလည်း လွင့်ပါးသွားပါတယ်။ ရန်ကုန်ဟာ အရောင်အသွေးမစုံတော့ဘူး။ ရန်ကုန်က မိုးစောစောချုပ်တယ်။ ရန်ကုန်မြို့တွင်း စည်တယ်ဆိုတဲ့ လူသွားလူလာက ပွင့်လင်းခေတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်သာသာပဲ ရှိတော့တယ်။ အခုလို ဗိုလ်ချုပ်စျေး အသက်တရာပြည့် မွေးနေ့ပွဲ စည်စည်ကားကား မရှိတာက အာဏာရှင်ခေတ်အခြေအနေကို ထင်ဟပ်နေပြန်ပါတယ်။
By  ကျော်ဇင်မင်း  | October 14, 2026

ရန်ကုန်မြို့ ဗိုလ်ချုပ်စျေး နှစ်တရာပြည့်စျေးပွဲတော်ကို ရောက်ရောက်ချင်း သတိထားမိတာကတော့ နေပူပူကျဲကျဲမှာ လူနည်းနည်းပဲ ရှိနေတာပါပဲ။ စျေးပွဲတော်မှာ လာရောက်ဖွင့်လှစ်ရောင်းချနေတဲ့ ပစ္စည်းတွေက ပြည်တွင်းထုတ် စားသောက်ကုန်၊ ချည်ထည်အဝတ်အစား၊ အသုပ်၊ ဖျော်ရည်လို အစားအသောက် ရောင်းချတဲ့ဆိုင်တွေများပြီး တရုတ်ပြည်ထုတ် ဖက်ရှင်အင်္ကျီရောင်းချတဲ့ ဆိုင်အနည်းငယ် ရှိပါတယ်။ သွင်းကုန်ပိတ်တဲ့ မူဝါဒအကျိုးဆက်က ဒီလိုစျေးပွဲတော်တွေမှာ ဝယ်ချင်စရာဆိုင် များများစားစား မရှိဘူးလို့ ခံစားလိုက်ရတယ်။ ရာသီဥတုကပူလို့ထင်ပါရဲ့… စပန့်အထည်တွေရောင်းတဲ့တဆိုင်တော့ လူအုံနေတာ သတိထားမိလိုက်တယ်။ ဗိုလ်ချုပ်စျေးရုံကြီး ပင်မဝင်ပေါက်နားရောက်လို့ အတွင်းကို ကြည့်လိုက်တော့ လူသွားလူလာနည်းနေပြီး ဟိုဘက်ထိပ်ကနေ ဒီဘက်စွန်းထိ တိုးလျှိုပေါက် မြင်နေရတယ်။ အခုလို ဗိုလ်ချုပ်စျေးကြီး ခြောက်ကပ်တိတ်ဆိတ်သွားတာ ကြာပါပြီ။

ဗိုလ်ချုပ်စျေးက ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံတခုအနေနဲ့ နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲဆောင်မှုရှိတဲ့ နေရာတခုပါ။ ​​ရွှေထည်၊ ငွေထည်၊ ကျောက်မျက်၊ မြန်မာရိုးရာလက်မှုပစ္စည်း၊ ပြည်တွင်းထုတ်ချည်ထည်၊ ပန်းချီကားတွေ၊ ယွန်းထည်ပစ္စည်းတွေ၊ မြန်မာလက်မှုအနုပညာပစ္စည်းတွေ အဓိကရောင်းချတဲ့ ဒီစျေးက နိုင်ငံခြားသားဧည့်သည်တွေ မဖြစ်မနေ ရောက်အောင်လာကြတဲ့ နေရာတခုပါ။ မြန်မာ့ရိုးရာ စားစရာမုန့်တချို့နဲ့ ဦးကြွိဆီချက်ခေါက်ဆွဲဆိုင်၊ အနောက်ဘက်တံတားနားက ကြာဆံဝက်သားဆိုင်တွေက အခုအချိန်ထိ လူကြိုက်များနေတုန်းပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ထိုးကျသွားပါတယ်။ တဖက်မှာလည်း စစ်ဗိုလ်ချုပ်တွေရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ပြည်တွင်းစီးပွားရေး သိသိသာသာ ကျဆင်းသွားပါတယ်။ ဒီအကျိုးဆက်တွေကြောင့် အာဏာသိမ်းကာလငါးနှစ်အတွင်း ဗိုလ်ချုပ်စျေးရုံ ပင်မဝင်ပေါက်တလျှောက်က ဆိုင်တချို့ ပိတ်သွားပြီး မကြုံဖူးလောက်အောင် ခြော​က်ကပ်သွားပါတော့တယ်။

ပုံမှန်အားဖြင့် ဗိုလ်ချုပ်စျေးက မနက် ၁၀ နာရီနောက်ပိုင်းမှာ စတင်အသက်ဝင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်ကစပြီး ဗိုလ်ချုပ်စျေးမှာ နှစ်စဉ်စျေးရောင်းပွဲတော် စလုပ်ပါတယ်။ အရမ်းစည်ပါတယ်။ သီချင်းသံတွေ ဆူညံနေပြီး ဆိုင်တိုင်းလိုလို ရောင်းကောင်းကြတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုစျေးပွဲတော်တွေ မရှိလည်း ဗိုလ်ချုပ်စျေးက သူ့ပြယုဂ်၊ သူ့ဂုဏ်သိက္ခာနဲ့ ကြော့ကြော့မော့မော့ လူစည်ကားပါတယ်။ အဲ့အချိန်ကာလက စျေးပွဲတော်တွေ ခေတ်စားလို့ ​စျေးအာဏာပိုင်တွေက လုပ်ခဲ့ကြတာပါ။

ဗိုလ်ချုပ်​​စျေးလို့ အလွယ်ခေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းစျေးကို နောက်တမျိုးခေါ်တာက စကော့စျေးပါ။ စတိုင်မိုက်မိုက် ခပ်လှလှလူတွေနဲ့ ဗိုလ်ချုပ်စျေးဟာ ကြွကြွရွရွ ရှိတယ်။ စကော့စျေးအကြောင်းပြောရင် ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ပိတ်စ လာရွေးတတ်တဲ့ သံဖြူရုံကိုလည်း မေ့ထားလို့မရပါဘူး။ ပြီးတော့ သင်္ကြန်မတိုင်ခင်တရက်မှာ ရေပက်တဲ့ စကော့စျေးသင်္ကြန်က ရန်ကုန်မှာ နာမည်ကြီးပါတယ်။ တကူးတကကို ဖက်ရှင်အလန်းတွေနဲ့ ရေလာပက်ကြတဲ့ လူငယ်တွေနဲ့ စည်ကားတဲ့နေ့တနေ့ပါ။ ရှော့ပင်းမောကြီးတွေ မပေါ်ခင်ကဆို ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း ဒီစျေးမှာပဲ စျေးဝယ်ကြတာပါ။ ဗိုလ်ချုပ်စျေးကပ်လျက်မှာ FMI စင်တာဆိုပြီး ရှိခဲ့ပါသေးတယ်။ ညနေခင်းတွေဆို အင်မတန် လူစည်ပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ၊ လပြည့်ဝန်းပလာဇာ၊ ရန်ကင်းစင်တာတွေ ပေါ်လာတော့ ယောက်ျားလေး ဖက်ရှင်ပစ္စည်း ရောင်းတဲ့ဆိုင်တွေ စကော့စျေးကနေ ထွက်သွားကြတယ်။ ဒီလိုအ​ခြေအနေမှာလည်း စကော့စျေးက သူအထာနဲ့သူ ခပ်မာမာ ကျန်ခဲ့ပါတယ်။

နောက်ပိုင်း ဗိုလ်ချုပ်စျေးရှေ့က လဟာပြင်​စျေးကို ဗိုလ်ချုပ်စျေးသစ်အဖြစ် ကျကျနန ပြန်ဆောက်တယ်။ အဲဒီဘေးမှာ Junction City လို Shoping Mall ကြီးပေါ်လာတယ်။ ဘယ်ဘက်မျက်စောင်းထိုးမှာ KFC လာဖွင့်တယ်။ ဒီတော့ ဗိုလ်ချုပ်စျေးက ပိုလို့တောင် ထည်ထည်ဝါဝါ ဖြစ်ခဲ့ပါတယ်။ Junction City ကို လာရော​က်စျေးဝယ်သူတွေ တံတားကူးတာနဲ့ ဗိုလ်ချုပ်စျေး ရောက်ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီစျေးက ပြည်ပခရီးသွားတွေနဲ့ စည်ကားနေတာ ပနံသင့်လှပါတယ်။ ဒါတွေက အခုတော့ လွမ်းစရာဖြစ်သွားပါပြီ။ စစ်အာဏာရှင် ဖြိုချဖျက်ဆီးလိုက်တဲ့အထဲမှာ ဒီလိုစည်ကားလှပမှုတွေ တတိတိနဲ့ ပျက်သုဉ်းသွားပါပြီ။ ဗိုလ်ချုပ်စျေး ဘယ်လောက် ခြောက်ကပ်တိတ်ဆိတ်နေလဲဆိုတာကို စျေးဖွင့်ရက်တွေမှာ အချိန်မရွေး သွားကြည့်နိုင်ပါတယ်။ မျက်နှာစာတန်းမှာဆို တခါတလေ ဖြတ်သွားဖြတ်လာတောင် မရှိပါဘူး။ ဗိုလ်ချုပ်စျေးတဝိုက်ဟာ အမြဲရှင်းလင်းတိတ်ဆိတ်နေပါတယ်။ စျေးကြီးက ငူငူကြီးထိုင်နေသလိုတောင် ခံစားမှုရစေပါတယ်။

ဗိုလ်ချုပ်စျေးက ရန်ကုန်ရဲ့ ပြယုဂ်တခုပါ။ ဒီစျေးခြောက်ကပ်တိတ်ဆိတ်သွားသလို အာဏာရှင်လက်အောက်မှာ ရန်ကုန်ရဲ့စည်ကားမှုတွေလည်း လွင့်ပါးသွားပါတယ်။ ရန်ကုန်ဟာ အရောင်အသွေးမစုံတော့ဘူး။ ရန်ကုန်က မိုးစောစောချုပ်တယ်။ ရန်ကုန်မြို့တွင်း စည်တယ်ဆိုတဲ့ လူသွားလူလာက ပွင့်လင်းခေတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်သာသာပဲ ရှိတော့တယ်။ အသက် တရာပြည့်တဲ့ ဗိုလ်ချုပ်စျေးဟာ ပြည်သူတွေရဲ့ ကြည်နူးပျော်ရွှင် စည်ကားမှုတွေနဲ့ ထိုက်တန်ပါတယ်။ အခုလို ဗိုလ်ချုပ်စျေး အသက် တရာပြည့်မွေးနေ့ပွဲ စည်စည်ကားကား မရှိတာက အာဏာရှင်ခေတ်အခြေအနေကို ထင်ဟပ်နေပြန်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles