ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

တောင်ကို ထမ်းပိုးထားသော ခါချဉ်များ

မြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေဟာ နိုင်ငံတော်အဆင့်ဖြစ်တယ်။ တောင်လို ကြီးမားတယ်။ သို့သော် ကူညီပေးနေတဲ့သူတွေက တဦးချင်း ပြည်သူတွေဖြစ်နေတယ်။ ခါချဉ်လို သေးငယ်တယ်။ မသန်တဲ့ခါးနဲ့ မလျှော့တဲ့မာန် တင်းပြီး ကူညီနေကြရပေမဲ့ ရှေ့ကတောင်ကိုတောင် မရွှေ့နိုင်တဲ့အပြင် နောက်မှာလည်း တောင်တွေအများကြီး ကျန်နေသေးတယ်။ အခုလိုဒုက္ခပေါင်းစုံနေတဲ့အချိန်မှာ ဝိုင်းဝန်းဖြေရှင်ပေးဖို့အတွက် အသင်းအဖွဲ့တွေကို လူထုကြား ပြန်ဆွဲခေါ်လာဖို့က အဓိကလုပ်ဆောင်ရမယ့် ကိစ္စတခုလို့ ကျမ မြင်မိတယ်။
By  သဲအိုင်  | October 16, 2026

“ခါချဉ်ကောင် မာန်ကြီး၊ တောင်ကြီးဖြိုမယ့် ကြံ၊ ခါးက မသန်” ဆိုတဲ့ စကားပုံကို ကျမတို့ ကြားဖူး နေကျပါ။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် ဒီစကားပုံနဲ့ ကိုက်ညီနေတာကို တွေ့ရတယ်။ ကျမတို့နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး စတာတွေက အဘက်ဘက်က ခြွတ်ခြုံကျလာတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ဆက်တိုက်ဆိုသလို ကြုံနေရတယ်။  အသက် ၈၀ ကျော်တဲ့ထိ ပင်ပင်ပန်းပန်း ရှာစားနေရတဲ့ ရန်ကုန်မြို့ ပေတရာလမ်းမပေါ်က အဘိုး၊ မြေပြိုလို့ အဝတ်တထည် ကိုယ်တခု ပြေးလာရပြီး ရွှံ့ပေနေတဲ့ အင်္ကျီတောင် လဲဖို့မရှိတဲ့ အမေ၊ မနေ့က ထမင်း ချက်ကျွေးနေတဲ့ အမျိုးသမီးကို ဒီနေ့မှာပဲ ဗုံးတွေကြား နှုတ်ဆက်လိုက်ရတဲ့ ကန့်ဘလူက အမျိုးသား၊ ကိုယ့်သားသမီးလားဆိုတာ မိဘစိတ်နဲ့ အတည်ပြုရတဲ့ ကျောက်တော်ဈေးထဲက မိဘတွေ… ပြောပြရမယ်ဆို ကျမ်းတခုနဲ့တောင် မကုန်နိုင်ဘူး။

ဒီလို ဒုက္ခတွေကို ကူညီပေးနေတဲ့သူတွေက ဘယ်သူတွေ ဖြစ်မလဲ။ ဒုက္ခပေးနေတဲ့သူတွေကိုတော့ ထည့်မတွက်လိုတော့ဘူး။ သို့သော် ကူညီပေးနိုင်တဲ့ သင်းပင်းဖွဲ့စည်းတဲ့ အဖွဲ့တွေ နည်းပါးကုန်တာကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခုလို့ ကျမ မြင်တယ်။ အာဏာမသိမ်းခင် အချိန်ကာလတုန်းကဆို မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက နိုင်ငံ့ဝန်ကို တဖက်တလမ်းကနေ ကူထမ်းထားနိုင်ခဲ့တယ်။ အနီးဆုံး ကိုဗစ်ကာလမှာ ကျမတို့ မျက်မြင်တွေ့ခဲ့ရတာပါပဲ။ ဘုန်းကြီးကျောင်းတွေမှာ ကွာရန်တင်း စင်တာတွေ ထားနိုင်တယ်။ အောက်ဆီဂျင်ရဖို့ ပရဟိတအဖွဲ့တွေက ကြိုးစားပေးတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ရန်ပုံငွေ၊ ဆေး၊ လုပ်သားအင်အား ကူပေးနိုင်တယ်။ နောက်ဆုံး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလေးတွေကအစ သေချာလေ့ကျင့် သင်ကြားပေးတဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းပြမှုနဲ့ လုပ်အားပေး (volunteer) ပါဝင်ခဲ့တယ်။ ကျမကတော့ ပြဿနာတခုခုကြုံလာတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာရှိနေပြီး အလွယ်တကူ ဆက်သွယ်အကူအညီ တောင်းနိုင်တဲ့ ဒီအဖွဲ့တွေကို အတော်သတိရမိတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုက ဒီလို ပရဟိတအဖွဲ့အစည်းတွေကို ယုတ်လျော့သွားအောင် နည်းလမ်း အမျိုးမျိုး သုံးခဲ့တယ်။ ပထမ ဥပဒေတွေ ထုတ်တယ်။ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေလို ဥပဒေတွေနဲ့ အသင်းတွေရဲ့ လုပ်နိုင်စွမ်း၊ လုပ်ကိုင်မယ့် နယ်ပယ်တွေကို ကျဉ်းမြောင်းအောင် လုပ်တယ်။ အရင်က လုပ်ကိုင်ရမယ့် နည်းနာတွေပဲ ပါတဲ့ ဥပဒေတခုမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေပါ ထည့်၊ မဖြစ်မနေ မှတ်ပုံတင်ဖို့ ပြင်ဆင်လိုက်ပြီး အသင်းအဖွဲ့တွေကို အစိုးရထိန်းချုပ်မှုအောက်မှာထားဖို့ ကြိုးစားတယ်။ ဒီဥပဒေ ပြင်ဆင်ပြီးနောက်ပိုင်းမှာ အရင်က ဆန္ဒအလျောက် မှတ်ပုံတင်ထားခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ တဝက်လောက်တောင် သက်တမ်းမတိုးကြတော့ဘူးလို့ သိရတယ်။  နောက်ပိုင်း အသစ်ပြဋ္ဌာန်းလိုက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေး ဥပဒေဆိုတာတွေကလည်း အဖွဲ့အစည်းတွေရဲ့ ငွေကြေးစီးဆင်းမှုကို တဖက်လှည့်နဲ့ ဖြတ်တောက်ပစ်နိုင်တဲ့ ဥပဒေတွေပဲ။ နောက်တခုက လုံခြုံရေးကို ခြိမ်းခြောက်တယ်။ စစ်ဘေးဒေသ၊ သဘာဝဘေးဒေသတွေကို ကူညီဖို့ သွားတဲ့ လူငယ်လေးတွေကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး လမ်းမှာတင် ဖမ်းတယ်။ တချို့က အကြမ်းဖက်ဥပဒေနဲ့ ထောင်ချခံရပြီး တချို့က စစ်မှုထမ်းထဲ ရောက်သွားတယ်။ ဒီလိုအခြေအနေတွေမှာတောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ ဆက်ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ ကျန်နေသေးတယ်။ ဒါပေမဲ့ ရပ်ရွာထဲမှာ ရှိနေရင်တောင် ရပ်ရွာက မမြင်နိုင်တော့ဘူး။ လိုအပ်ရင် ဆက်သွယ်လို့ ရမယ်မှန်း မသိတော့ဘူး။ သူတို့မှာလည်း ကူညီပေးနိုင်တဲ့ အကြောင်းအရာ များများစားစား မရှိတော့ဘူး။

ဒီကာလမှာ အများဆုံးတွေ့လာရတာက ဥပါဒ်ကင်းကင်းနဲ့ ကူညီနိုင်မယ့် တကိုယ်တည်း ရပ်တည်နေရတဲ့ ပြည်သူတွေ ရှိလာတယ်။ အသက်ကြီးတဲ့ ဘိုးဘွားတွေအတွက် အလှူငွေကောက်ပေးပြီး သွားလှူပေးမယ့် သူ၊ သဘာဝဘေးဆိုလည်း အလှူငွေကောက်ပြီး နီးရာ လူတွေနဲ့ (ad hoc) အမြန် ပရဟိတအဖွဲ့ ဖွဲ့ပြီး ကူညီပေးမယ့်သူတွေက အဖွဲ့အစည်းတွေရဲ့နေရာ ဝင်ထမ်းဖို့ ကြိုးစားလာတယ်။ လူထုက ချွေးနည်းစာကနေ ခြစ်ကုတ်စုပြီး အလှူငွေ ပမာဏတခု ရလာရင် ဘေးဖြစ်တဲ့ ဒေသတွေကိုသွားလို့ နိုင်သလောက် ကူကြတယ်။ သို့သော် အဖွဲ့အစည်းတွေလို စနစ်ကျမှုတော့ နည်းတယ်။ ရေဘေးသွားကယ်တဲ့သူတွေမှာ အသက်ကယ် အင်္ကျီ မလောက်ငှဘူး။ ဘာတွေလိုအပ်လဲဆိုတာ သေချာစာရင်းပြုလုပ်ဆောင်နိုင်စွမ်း မရှိဘူး။ မီးလောင်တဲ့ အိမ်ထဲ ကယ်ချင်ဇောနဲ့ ပြေးဝင်သွားတဲ့ အရပ်သားတွေလိုပဲ။ ကိုယ်တိုင်ရဲ့ လုံခြုံရေးအာမခံချက် မရှိဘဲ ကူညီနေကြရတယ်။

မြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေဟာ နိုင်ငံတော်အဆင့်ဖြစ်တယ်။ တောင်လို ကြီးမားတယ်။ သို့သော် ကူညီပေးနေတဲ့သူတွေက တဦးချင်း ပြည်သူတွေဖြစ်နေတယ်။ ခါချဉ်လို သေးငယ်တယ်။ မသန်တဲ့ခါးနဲ့ မလျှော့တဲ့ မာန်နဲ့ တင်းပြီး ကူညီနေကြရပေမဲ့ ရေရှည်မှာ ပွဲပန်းလာတယ်။ အလုပ် မတွင် ဖြစ်လာတယ်။ ရှေ့ကတောင်ကိုတောင် မရွှေ့နိုင်တဲ့အပြင် နောက်မှာလည်း တောင်တွေအများကြီး ကျန်နေသေးတယ်။ အခုလိုဒုက္ခပေါင်းစုံနေတဲ့အချိန်မှာ ဝိုင်းဝန်းဖြေရှင်ပေးဖို့အတွက် အသင်းအဖွဲ့တွေကို လူထုကြား ပြန်ဆွဲခေါ်လာဖို့က အဓိကလုပ်ဆောင်ရမယ့် ကိစ္စတခုလို့ ကျမ မြင်မိတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles