ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စင်ကာပူ အာဆီယံဥက္ကဋ္ဌဖြစ်လာရင် ဘာမျှော်လင့်နိုင်မလဲ

အာဆီယံဥက္ကဋ္ဌသက်တမ်း ထိုင်းအလှည့် မရောက်ခင်မှာ မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက် အဓိက ဦးစားပေးရမှာကတော့ အာဆီယံအနေနဲ့ မြန်မာ့အရေး တိုးတက်မှုကို ဘယ်လိုတိုင်းတာ ဆုံးဖြတ်နိုင်မလဲ၊ လူသားချင်းစာနာမှု အကူအညီတွေကို ဘယ်လို ထောက်ပံ့ပေးနိုင်မလဲနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို ဘယ်လို တည်ဆောက်နိုင်မလဲဆိုတဲ့ လုပ်ငန်းတွေကို ချမှတ်ရာမှာ အင်အားစုအသီးသီးရဲ့ သဘောထားတွေ ပါဝင်စေဖို့ပဲ ဖြစ်ပါတယ်။
By  နပတ်စ်သိန်း (Napas Thein)  | October 19, 2026

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံဆီကနေ စင်ကာပူနိုင်ငံဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ လွှဲပြောင်းရယူတော့မှာပါ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တာဝန်နဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ အဓိကမူဘောင်ဖြစ်နေဆဲဖြစ်တဲ့ ဘုံသဘောတူညီချက် ငါးရပ် (5PC) ကို စင်ကာပူဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဆက်ခံရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံက ကွဲပြားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ၊ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေနဲ့ စင်ကာပူအကြားက ဆက်ဆံရေးအတွက် အခွင့်အလမ်းသစ်တခု ဖန်တီးပေးနေပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဗာလာခရစ်ရှ်နန်က နောက်လာမယ့် အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေးမှာ “သိသာထင်ရှားတဲ့ တိုးတက်မှု” မြင်တွေ့ချင်တဲ့ အချက် သုံးချက်ကို ထုတ်ပြောထားပါတယ်။ အဲဒါတွေကတော့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရေရှည်ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ နိုင်ငံရေးအရ ဘက်မခွဲခြားဘဲ အာဆီယံ လူသားစာနာ အကူအညီပေးရေး စင်တာ (AHA Centre) ကနေတဆင့် မြန်မာနိုင်ငံတဝန်း လူသားစာနာ အကူအညီတွေ ပေးခွင့်ရရေးတို့ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ တချို့သော အာဆီယံနိုင်ငံတွေကြား နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာနေတဲ့ အချိန်မှာပဲ ဒီအခြေအနေတွေ ဖြစ်ပေါ်နေတာပါ။ ဒီဆောင်းပါးကို ရေးနေတဲ့အချိန်အထိဆိုရင် ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ အခုနောက်ဆုံး မလေးရှား စတဲ့ အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန် ယူခဲ့တုန်းကတော့ တရားဝင် သံတမန်ရေးရာ ဆွေးနွေးတိုင်ပင်မှုတွေ၊ လမ်းကြောင်း ၁ နဲ့ ၁.၅ (Track 1 and 1.5) အစီအမံတွေကနေတဆင့် မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ အာဆီယံအကြား ထိတွေ့ဆက်ဆံမှုတွေ သိသိသာသာ တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ဖိလစ်ပိုင်ကလည်း ဒီထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး အခု စင်ကာပူကတော့ တိုင်းတာလို့ရမယ့် စံသတ်မှတ်ချက် (benchmarks) တွေနဲ့ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ဘက်ကို ရွှေ့ကြည့်ဖို့ တွန်းနေပါပြီ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လူသားချင်းစာနာမှုအရပဲဖြစ်ဖြစ်၊ လုံခြုံရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် ဒီလို စံသတ်မှတ်ချက်တွေကို ပုံဖော်ဖို့ စဉ်းစားသင့်ပါတယ်။

အရင်တုန်းက စင်ကာပူရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းတွေကို ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေကို သူ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အရိပ်အမြွက်တချို့ ရနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းက မြန်မာစစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို အကြီးအကျယ် ကန့်သတ်ထားချိန်မှာ စင်ကာပူဟာ နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်နိုင်ဖို့အတွက် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Tripartite Core Group) ဖွဲ့စည်းရေးကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဆယ်စုနှစ်တခုကြာပြီးနောက် ရိုဟင်ဂျာ အကျပ်အတည်းကာလမှာလည်း စင်ကာပူက အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။ အဲဒီသက်တမ်းအတွင်း အာဆီယံဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ “ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှု” တခုကို ကျောထောက်နောက်ခံ ပြုပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အဲဒီအစီရင်ခံစာ ထွက်လာခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အပြစ်ကင်းအောင် ဖုံးကွယ်ပေးခဲ့တယ်၊ ၂၀၁၇ ခုနှစ်အတွင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုပမာဏကို မြန်မာအာဏာပိုင်တွေဘက်က လျှော့ပေါ့ပြောဆိုနိုင်အောင် ကူညီပေးသလို ဖြစ်သွားတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုတွေက လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ရေးနဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို အထောက်အကူ ပြုနိုင်ပေမဲ့ အားလုံးပါဝင်နိုင်မှု မရှိဘူးဆိုရင်တော့ မြေပြင်အခြေအနေကို အပြည့်အစုံ မထင်ဟပ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ပိုဆိုးတာက နိုင်ငံရေးအရ အငြင်းပွားနေတဲ့ ရလဒ်တွေကို တရားဝင်ဖြစ်အောင် အသုံးချခံရတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။

AHA Centre ဟာ မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့ကြီးရဲ့ အဓိက လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ယန္တရားအဖြစ် ရှိနေဆဲပါ။ လက်ရှိအခြေအနေအရ ဒီစင်တာဟာ ဗဟိုအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ အဓိကထား ဖွဲ့စည်းထားတာဖြစ်လို့ စစ်အုပ်စု မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ လုပ်ဆောင်နိုင်ဖို့ရာ အကန့်အသတ်ကြီးတွေ ရှိနေပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲမှာတော့ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူသားချင်းစာနာမှု အကူအညီရဲ့ အရေးပါမှုကို အသိအမှတ်ပြုခဲ့ပြီး လိုအပ်ရင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့ခွင့်ကို အတိအလင်း ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ မြန်မာနိုင်ငံက အစုအဖွဲ့တွေကိုလည်း လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အာဆီယံဘက်ကနေ လူသားချင်းစာနာမှုဆိုင်ရာ ရလဒ်တွေ တကယ်တိုးတက်လာဖို့ဆိုရင် စစ်အုပ်စု မထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပါ အကူအညီတွေ ဝင်ရောက်ခွင့်ရရေးအတွက် AHA Centre အနေနဲ့ ယန္တရားတခု စနစ်တကျ ဖန်တီးတည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်တွေ့မှာ ဒါက တကယ်ဖြစ်လာမလား၊ ဘယ်တော့ဖြစ်လာမလဲ ဆိုတာကတော့ နောက်ထပ် မေးခွန်းထုတ်စရာ အချက်တချက်ပါပဲ။

၂၀၂၈ ခုနှစ်မှာ ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိနေတဲ့အတွက် စင်ကာပူရဲ့ ဥက္ကဋ္ဌသက်တမ်းဟာ မြန်မာ့တော်လှန်ရေး အင်အားစုတွေအတွက် ဘုံသဘောတူညီချက် ငါးရပ်မှာ ပါတဲ့ ဦးစားပေးကိစ္စတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဖို့အတွက် လုပ်ဆောင်ရမယ့် အခွင့်အရေးတခု ဖြစ်ပြီး အချိန်တိုအတွင်း  လုပ်ဆောင်ရမှာ ဖြစ်နေပါတယ်။ မကြာသေးခင်က မြန်မာစစ်အာဏာပိုင်တွေနဲ့ ထိုင်းနိုင်ငံအကြား ထိတွေ့ဆက်ဆံမှုတွေကို ကြည့်ရင် ၂၀၂၈ ခုနှစ်မှာ ထိုင်းက ဥက္ကဋ္ဌဖြစ်လာတဲ့အခါ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ဒေသတွင်း ဆက်ဆံရေးတွေကိုပဲ အစားထိုး ဦးစားပေးလာနိုင်တယ်ဆိုတဲ့ အရိပ်အမြွက်ကို တွေ့ရပါတယ်။ ဒါကြောင့် SCEF၊ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စင်ကာပူက ပြောထားတဲ့ ဦးစားပေးသုံးချက်ကို တိုင်းတာလို့ရတဲ့၊ သိသာထင်ရှားတဲ့ ရလဒ်တွေဖြစ်လာအောင် ပြောင်းလဲပေးနိုင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ၊ နိုင်ငံရေး အဆိုပြုချက်တွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပြဖို့ အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လက်ရှိ တော်လှန်ရေး အုပ်ချုပ်ရေး ယန္တရားတွေရဲ့ စွမ်းဆောင်ရည်ကို ပြသတာ၊ ဖြစ်နိုင်ခြေရှိတဲ့ လူသားချင်းစာနာမှု လမ်းကြောင်းတွေကို ဖော်ထုတ်ပေးတာ၊ အကြမ်းဖက်မှုတွေ လျော့ကျလာတာ၊ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရရှိလာတာနဲ့ နိုင်ငံရေး တိုးတက်မှုတွေကို တိုင်းတာမယ့် စံသတ်မှတ်ချက်တွေ ထွက်ပေါ်လာအောင် ကူညီပေးတာတွေ ပါဝင်ပါတယ်။

အဆုံးစွန် ပြောရရင် စင်ကာပူ အာဆီယံဥက္ကဋ္ဌသက်တမ်းရဲ့ အရေးပါမှုဟာ အာဆီယံက ဘယ်လို စံသတ်မှတ်ချက်တွေ ဖော်ထုတ်ပေးနိုင်မလဲဆိုတဲ့ အချက်အပြင် ဒီသက်တမ်း ကုန်သွားတဲ့နောက်မှာတောင် မြန်မာပြည်သူတွေကို ဆက်လက်ကူညီပေးနိုင်မယ့် ခိုင်မာတဲ့ အဖွဲ့အစည်းယန္တရားတွေ ဖန်တီးပေးနိုင်မလား ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။ အာဆီယံဥက္ကဋ္ဌသက်တမ်း ထိုင်းအလှည့် မရောက်ခင်မှာ မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက် အဓိက ဦးစားပေးရမှာကတော့ အာဆီယံအနေနဲ့ မြန်မာ့အရေး တိုးတက်မှုကို ဘယ်လိုတိုင်းတာ ဆုံးဖြတ်နိုင်မလဲ၊ လူသားချင်းစာနာမှု အကူအညီတွေကို ဘယ်လို ထောက်ပံ့ပေးနိုင်မလဲနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို ဘယ်လို တည်ဆောက်နိုင်မလဲဆိုတဲ့ လုပ်ငန်းတွေကို ချမှတ်ရာမှာ အင်အားစုအသီးသီးရဲ့ သဘောထားတွေ ပါဝင်စေဖို့ပဲ ဖြစ်ပါတယ်။

[နပတ်စ်သိန်း (Napas Thein) သည် တိုရွန်တိုတက္ကသိုလ် (University of Toronto) အခြေစိုက် Myanmar Policy and Community and Knowledge Hub (MyPACK) ၏ သုတေသီတဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ Napas Thein ပေးပို့လာသော “What should Myanmar expect from Singapore’s ASEAN Chairmanship?” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles