ဆောင်းပါးရှင် ကိုဉာဏသစ်ရဲ့ “စစ်မှုထမ်းဥပဒေက ဖန်တီးထားသော စိတ်ပိုင်းဆိုင်ရာထောင်ချောက်” ဆောင်းပါးဟာ စစ်အုပ်စုရဲ့ စစ်မှုထမ်းဆင့်ခေါ်မှု နောက်ကွယ်က ရည်ရွယ်ချက်တခုကို လူမှုစိတ်ပညာသဘောတရားနဲ့ ချိတ်ဆက်ပြီး အမြင်သစ်ကနေ စိတ်ဝင်စားဖွယ် ဖော်ထုတ်ဆွေးနွေးထားပါတယ်။ ဒါပေမဲ့ ဆောင်းပါးထဲက အဓိကသုံးသပ်ချက်ဖြစ်တဲ့ “စစ်မှုထမ်းအဖြစ် ဆွဲခေါ်ခံရသူတွေရဲ့ မိသားစုဝင်တွေဟာ အလိုအလျောက်ပဲ စစ်တပ်နှင့် ဘက်တူသူ (ingroup) အဖြစ် ရောက်ရှိသွားတယ်” ဆိုတဲ့ ကောက်ချက်ကတော့ မြေပြင်လူထုရဲ့ ခံစားချက်နဲ့ ရုန်းကန်မှုတွေကို မျက်ကွယ်ပြုရာရောက်ပြီး သိပ်ကို တဖက်သတ်ဆန်နေပါတယ်။
ဘာကြောင့် တဖက်သတ်ဆန်ရသလဲဆိုတဲ့ အချက်မှာတော့ သားသမီး ဒါမှမဟုတ် ခင်ပွန်း စစ်မြေပြင် ရောက်သွားချိန်မှာ မိသားစုဝင်တွေအနေနဲ့ အသက်ဘေးကင်းစေလိုတဲ့ စိုးရိမ်စိတ်ရှိတာ သဘာဝဖြစ်ပေမဲ့ အဲဒီစိုးရိမ်စိတ်ဟာ စစ်တပ်နဲ့ နိုင်ငံရေးအရ အလိုအလျောက် ဘက်တူရပ်တည်သွားတာမျိုးကို မဖြစ်စေပါဘူး။ ပြည်သူတွေဟာ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်တဲ့အတွက် ပါသွားတာမဟုတ်ဘဲ အကြမ်းဖက် ဖိအားပေးခံရတဲ့အတွက် ဓားစာခံ ဖြစ်သွားရတာသာ ဖြစ်ပါတယ်။ သားသမီးကို အသက်ဘေးက လွတ်မြောက်စေချင်တဲ့ စိတ်ဟာ စစ်တပ်နဲ့အတူ အောင်ပွဲရစေချင်တာ မဟုတ်ဘဲ မိမိတို့ မိသားစုဘဝကို ဖျက်ဆီးလိုက်တဲ့ စစ်အာဏာရှင်စနစ်အပေါ် နာကြည်းမုန်းတီးမှုကို ပိုမိုနက်ရှိုင်းသွားစေတာလည်း ဖြစ်ပါတယ်။ သားသမီး စစ်တပ်ထဲ ရောက်သွားတဲ့ မိသားစုတွေရဲ့ တကယ့်ဆန္ဒဟာ စစ်တပ်နဲ့ လက်တွဲလိုက်ဖို့၊ တော်လှန်ရေးကို ရန်ဘက်လို့ မြင်သွားတာမျိုး မဟုတ်ဘဲ သားသမီးတွေကို စစ်တပ်လက်ထဲက ဘယ်လိုဆွဲထုတ်ရမလဲဆိုတဲ့ အသက်ရှင်သန်ရေးလမ်းစကိုသာ တိတ်တဆိတ် နည်းမျိုးစုံနဲ့ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓားစာခံဖြစ်ရတဲ့ အကျပ်အတည်းကို ‘ဘက်တူသူ’ အဖြစ် ပုံဖော်လိုက်တာဟာ ဖိနှိပ်ခံရသူတွေရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်ကို လျှော့တွက်ရာ ရောက်ပါတယ်။
လက်တွေ့အန္တရာယ်
ဒါပေမဲ့ စစ်မှုထမ်းပြဿနာရဲ့ လက်တွေ့အန္တရာယ် ဘယ်လောက်ထိ ဆိုးရွားလာနေလဲဆိုတဲ့ အချက်ကိုတော့ လျစ်လျူရှုထားလို့ မရပါဘူး။ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်တွေမှာ ကျောင်းသား၊ ဝန်ထမ်း ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူတွေအတွက် ယာယီရွှေ့ဆိုင်းခွင့်၊ ကင်းလွတ်ခွင့်တွေကို ဖော်ပြထားပေမဲ့ လက်တွေ့မှာတော့ လှည့်စားထားတာတွေသာ ဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့ စစ်အင်အား ပြုန်းတီးမှုဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေပြီး ရပ်ကွက်ကျေးရွာတွေမှာ လူသစ်ရရှိရေး ပစ်မှတ်မီဖို့သာ အဓိက ဖြစ်လာတဲ့အခါ ဥပဒေပါ ကင်းလွတ်ခွင့်တွေက လုံးဝအလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အစပိုင်းမှာ ခြွင်းချက်ရထားသူတွေ၊ အလှည့်မကျသေးဘူးအထင်နဲ့ စိတ်အေးလက်အေး ဖြစ်နေကြသူတွေအားလုံးဟာလည်း စစ်မှုထမ်းစာရင်းထဲကို အဓမ္မနည်း၊ မဲနှိုက်ခြင်းစတဲ့ နည်းလမ်းပေါင်းစုံနဲ့ မလွဲမသွေ တသုတ်ပြီးတသုတ် ဆွဲသွင်းခံရတော့မှာပဲ ဖြစ်ပါတယ်။
စုပေါင်းဆန့်ကျင်
ဒီနေရာမှာ စစ်မှုထမ်းပေါ်တာဆွဲ အန္တရာယ်က လွတ်နိုင်ဖို့ တခုခု အပြောင်းအလဲ ဖြစ်လာမှာကို ဖြစ်စေ၊ တယောက်ယောက် ကယ်တင်မှာကို ဖြစ်စေ ငုတ်တုတ်ထိုင်စောင့်နေလို့ မရတော့ပါဘူး။ လူကြီး၊ လူငယ်မကျန် ကိုယ့်ကိုယ်ကိုယ် အဓိကအားကိုးပြီး တန်ပြန်ရတော့မှာ ဖြစ်ပါတယ်။ အပြင်သွားချိန် တယောက်တည်း သွားလာတာ၊ ညဘက် အပြင်ထွက်တာတွေကို အထူးသတိထားရပါမယ်။ လူထုကလည်း တဦးကို တဦးက ဖေးမကူပြီး မိမိတို့ မျက်မှောက်မှာ မတရားပေါ်တာဆွဲ ဖမ်းဆီးခံနေရတာတွေ ကြုံလာရင် မျက်ကွယ်မပြုဘဲ လူထုအင်အားနဲ့ စုပေါင်းဆန့်ကျင်ရပါမယ်။ ဓားစာခံဖြစ်နေကြသူတွေ အချင်းချင်း စာနာဖေးမတဲ့ ရပ်ရွာစည်းလုံးမှုကို တည်ဆောက်ရပါမယ်။
ကြိုတင်ချိတ်ဆက်
မလွှဲမရှောင်သာ စုဆောင်းခံရမယ့် အခြေအနေဖြစ်လာရင် တော်လှန်ရေးနယ်မြေတွေဆီဖြစ်စေ၊ နိုင်ငံရပ်ခြားဖြစ်စေ အမြန်ဆုံး ကြိုတင်ရွှေ့ပြောင်းနိုင်မယ့် လမ်းကြောင်းတွေကို စဉ်းစားထားသင့်ပါတယ်။ အကယ်၍ စစ်တပ်ထဲကို မဖြစ်မနေ ဆွဲသွင်းခံလိုက်ရရင်တောင် အခွင့်သာတာနဲ့ တပ်ကို စွန့်ခွာပြေးဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ တော်လှန်ရေးနယ်မြေတွေမှာ တိုက်ခိုက်ရေးပိုင်းတင်မကဘဲ ကိုယ်ကျွမ်းကျင်ရာ ပညာရေး၊ ကျန်းမာရေး၊ လူထုဝန်ဆောင်မှုကဏ္ဍစုံမှာ ရှင်သန်ရပ်တည်နိုင်မယ့် အခွင့်အလမ်းတွေ ဖွင့်ပေးထားပါတယ်။ စစ်မြေပြင်ကို မရောက်ခင် အဆက်အသွယ်နဲ့ ကယ်ဆယ်ရေးလမ်းကြောင်းတွေကို ကြိုတင်ချိတ်ဆက်ထားနိုင်ပါတယ်။
စစ်မှုထမ်းဥပဒေဟာ စစ်အင်အားဖြည့်တင်းရုံတင်မကဘဲ ပြည်သူအချင်းချင်းကြား စိတ်ပိုင်းဆိုင်ရာ သံသယတွေ မွေးမြူပေးတဲ့ လက်နက်တခုဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဟာ စစ်တပ်ရဲ့ ဘက်တူရပ်တည်သူတွေ မဟုတ်သလို အလိုအလျောက် ထောက်ခံသူတွေလည်း ဖြစ်မသွားနိုင်ပါဘူး။ စစ်အုပ်စုက ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာထောင်ချောက်ကို တန်ပြန်ရာမှာ အချင်းချင်း သံသယပွားတာထက် ဖိနှိပ်ခံရသူအချင်းချင်း စာနာဖေးမတာ၊ ကြိုတင်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးနည်းလမ်းတွေကို နည်းမျိုးစုံ အသုံးချတာတွေနဲ့သာ စနစ်ဆိုးကို အတူတူ လက်တွဲတုံ့ပြန်ကြဖို့ လိုအပ်ပါတယ်။
