၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ သုံးနှစ် ရှိသွားပါပြီ။ ဒီသုံးနှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။ နယ်မြေထိန်းချုပ်မှုတွေ၊ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲတွေနဲ့ မဟာဗျူဟာမြောက် သုံးသပ်ချက်တွေက သတင်းစာမျက်နှာတွေမှာ ထိပ်စီးကနေ နေရာယူခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးရဲ့ ရှုပ်ထွေးလှတဲ့ ကစားကွက်တွေ၊ လှည့်ကွက်တွေအောက်မှာ အရာအားလုံးကို ရင်းနှီးပေးဆပ်လိုက်ရတာကတော့ အပြစ်မဲ့ ပြည်သူတွေပါပဲ။ ကြီးမားတဲ့ စစ်ရေးဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ သိန်းနဲ့ချီတဲ့ မိသားစုတွေရဲ့ ဘဝတွေ၊ အိပ်မက်တွေနဲ့ သာယာတဲ့ မိသားစုဘဝကလေးတွေဟာ မီးလောင်ပြင်အဖြစ် ပျက်စီးပြိုလဲသွားခဲ့ရပါတယ်။ ဒီဟာနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးရလဒ်ကတော့ အခုအချိန်အထိ ထွက်မလာသေးပါဘူး။
ရန်ကုန်မြို့စွန်က ရွှံ့နွံထူထပ်တဲ့ လမ်းကြိုလမ်းကြားတွေထဲမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ မိသားစုတစုရဲ့ အိပ်မက်မဲ့နေတဲ့ နေ့ရက်တွေကို မြင်တွေ့နိုင်ပါတယ်။ ဒေါ်အေးရယ်၊ သူ့ယောက်ျားရယ်၊ သားဖြစ်သူရယ် သုံးယောက်ရဲ့ လက်ရှိဘဝဟာ တသက်လုံး စုဆောင်းလာခဲ့တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်း မှန်သမျှကို ရောင်းချ၊ ပေါင်နှံပြီး တရက်စာ စားဝတ်နေရေးအတွက် မနည်း ရုန်းကန်ရှင်သန်နေရတဲ့ ဘဝပါ။
မြို့သစ်၊ ဒေသသစ်ရဲ့ အေးစက်စက် ပတ်ဝန်းကျင်ကြားမှာ ဖျားနာနေတဲ့ မိသားစုဝင်တယောက်ရဲ့ ဆေးဖိုးဝါးခနဲ့ ကြီးမားလှတဲ့ ကုန်ကျစရိတ်တွေက သူတို့ပခုံးပေါ်မှာ အဆမတန် လေးလံနေပါတယ်။ ဒါ့အပြင် မြို့စွန်အထိ လိုက်ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရမလားဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ဆွေမျိုးမရှိတဲ့ သူစိမ်းတွေကြားမှာ မျက်နှာငယ်လေးနဲ့ အဆင်ပြေအောင် နေထိုင်ရတဲ့ ဖိအားတွေကလည်း သူတို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကို တဖြည်းဖြည်း ဝါးမျိုနေပါတယ်။ ဒါဟာ တောင်ကုတ်က မိသားစုတစုတည်းရဲ့ ငိုရှိုက်သံတော့ မဟုတ်ပါဘူး။
မိုးကုတ်ဘက်ကနေ ရန်ကုန်မြို့စွန် ရပ်ကွက်တခုဆီ စစ်ဘေးရှောင်လာတဲ့ ဒေါ်စိုးစိုးတို့ မိသားစုမှာလည်း စစ်ပွဲကြောင့် ရလိုက်တဲ့ ဒဏ်ရာက တော်တော်လေး နက်ရှိုင်းပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျားက ရွာမှာတင် ဖမ်းဆီးခံလိုက်ရပြီး အခုချိန်ထိ သေသလား၊ ရှင်သလား သတင်းအစအနလေးတောင် မကြားရတာ ကြာပါပြီ။ အိမ်ထောင်ဦးစီး မရှိတော့တဲ့အခါ အရွယ်ရောက်ခါစ သားဖြစ်သူက ပညာသင်ခွင့်ကို စွန့်လွှတ်လိုက်ရပြီး မိသားစုအတွက် တပိုင်တနိုင် အလုပ်လေးနဲ့ ရုန်းကန်နေရပါတယ်။ ဒေါ်စိုးစိုးကိုယ်တိုင်လည်း ရပ်ကွက်ထဲမှာ အဝတ်လျှော်တာ၊ အိမ်စောင့်တာ စတဲ့ အလုပ်ကြမ်းတွေလုပ်ရင်း ဝမ်းစာရှာနေရပါတယ်။ စစ်ပွဲကြောင့် မိသားစုတခု ပြိုကွဲသွားရသလို၊ လူငယ်တယောက်ရဲ့ အနာဂတ်ဟာလည်း အမှောင်ကျသွားခဲ့ပါပြီ။ မိသားစုတခုလုံးရဲ့ ဘဝရပ်တည်ရေးကလည်း လုံးဝ စုတ်ပြတ်သတ်သွားခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ၂၀၂၅ ခုနှစ် ဇွန်လ အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာနေရသူ ၃.၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အဲဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတာကတော့ ဂဏန်းတွက်စက်နဲ့ တွက်လို့မရနိုင်တဲ့ စိတ်ဒဏ်ရာတွေ၊ ပျက်စီးသွားတဲ့ အနာဂတ်တွေနဲ့ နာလန်မထူနိုင်တော့တဲ့ ဘဝပေါင်းများစွာပါပဲ။
နိုင်ငံရေးနဲ့ စစ်ရေး ပြောင်းလဲမှုတွေကို အနိုင်၊ အရှုံး ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ သုံးသပ်လေ့ရှိကြပေမဲ့ ပြုပြင်ရခက်တဲ့ လူမှုရေးပြိုလဲမှုတွေနဲ့ လူသားတွေရဲ့ ဒဏ်ရာတွေကတော့ စစ်ပွဲရဲ့နောက်ကွယ်မှာ နာကျင်စွာနဲ့ ကျန်ရစ်နေခဲ့ပါတယ်။ သုံးနှစ်ဆိုတဲ့ အချိန်ကာလ ကုန်လွန်သွားခဲ့ပေမဲ့ မိသားစုပေါင်းများစွာဟာ အခုထိ နာလန်မထူနိုင်ဘဲ ဘဝအပျက်အစီးတွေကြားမှာ မျှော်လင့်ချက်ကောက်ရိုးမျှင်လေးတွေကို ဆုပ်ကိုင်ထားရတုန်းပါပဲ။
စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေက တောင်ကုတ်က မိသားစုနဲ့ မိုးကုတ်က မိသားစုတွေရဲ့ အနာဂတ်ကို ပြာကျသွားစေခဲ့ပေမဲ့ သူတို့စိတ်ထဲမှာ မိခင်မြေကို ပြန်ချင်တဲ့ မျှော်လင့်ချက်နဲ့ မိသားစု ပြန်ဆုံစည်းချင်တဲ့ ဆန္ဒတွေကတော့ မီးတောက်လေးတခုလို ပုန်းကွယ်ရှင်သန်နေဆဲပါ။
သူတို့ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြိုတင်ဆုံးဖြတ်လို့ မရနိုင်သေးပေမဲ့ မသေချာတဲ့ မနက်ဖြန်တွေကြားထဲကနေ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ရင်း အသက်ကို သက်ပြင်းတွေနဲ့ ဖလှယ်နေရဆဲ ဖြစ်ပါတယ်။
