ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

လူသုံးဦးမှာ နှစ်ဦိး ငတ်နေပြီ

အထည်ချုပ်စက်ရုံတရုံဟာ ပြည်ပက အထည်အလိပ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ မရရင် ပြည်ပကို အထည်သစ် တင်ပို့လို့ မရပါဘူး။ တောင်သူတယောက်ဟာလည်း သက်သာတဲ့စျေးနဲ့ မြေဩဇာ မရရင် အထွက်နှုန်း မတိုးနိုင်ပါဘူး။ ဒါကြောင့် မဖြစ်မနေ တံခါးဖွင့် ဖြေလျှော့ဖို့ လိုပါတယ်။ မဟုတ်ရင် အခုရက်ပိုင်း ထွက်ထားတဲ့ UNDP အစီရင်ခံစာက စကားကို ယူသုံးရရင် ‘သုံးယောက်မှာ နှစ်ယောက်က ငတ်နေပြီ’လို့ ပြောရမယ်။
By  မောင်လွမ်းဝေ  | November 2, 2026

ဒေါက်တာသန့်မြင့်ဦးရဲ့ ‘The Hidden History of Burma’ စာအုပ်ကို ပြန်ဖတ်ရင်း ၁၉၈၉ ခုနှစ်ကို စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ကျန်ခဲ့တယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ့အကူးအပြောင်းဟာ အဲဒီ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလတွေမှာ စတည်လာတာ ဖြစ်နိုင်မလားဆိုပြီး ဆက်စပ်တောင် တွေးမိလိုက်သေး။ ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်လွှတ်ပြီး တံခါးဖွင့်စီးပွားရေးစနစ် စတင်ကျင့်သုံးခဲ့တယ်။ တကယ်တော့ တံခါးပိတ်ဝါဒ အလုပ် မဖြစ်လို့ ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပြီး တံခါးဖွင့်စီးပွားရေးကို စကျင့်သုံးလိုက်ရတယ်။

တံခါးဖွင့်မူဝါဒပြောင်းလဲမှုနောက်ပိုင်း ရလာတဲ့ ကြွယ်ဝမှုအများစုက စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ခရိုနီတွေဆီကိုပဲ စီးဆင်းသွားခဲ့တယ် ဆိုပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အတိုင်းအတာတခုထိ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောရမယ်။ ဥပမာပြဆိုရင် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ထက်ဝက်လောက် ကျဆင်းခဲ့တယ်။

ဒီဘက်နှစ်တွေမှာ မြန်မာပြည်မှာရှိနေတဲ့သူတွေကို စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး ဒါမှမဟုတ် ဆိုင်ကယ်အပိုပစ္စည်းတွေအတွက် ဘယ်လောက်ပေးနေရလဲလို့ မေးကြည့်လိုက်ရင် တူညီတဲ့ဇာတ်လမ်းတွေကိုပဲ ကြားရမှာပါ၊ အဲဒါကတော့ စျေးတွေ တက်လာတယ်၊ စင်တွေပေါ်မှာ ပစ္စည်းတွေ နည်းလာတယ်၊ ပြီးတော့ သွင်းကုန်တွေ မရှိတော့ဘူး ဒါမှမဟုတ် တရားမဝင် လမ်းကြောင်းတွေကနေတဆင့် စျေးကြီးပေးဝယ်နေရတယ် ဆိုတာတွေပါပဲ။ ဒါတွေက စစ်ပွဲရဲ့ နောက်ဆက်တွဲလို့ ပြောလို့ရပေမဲ့ မူဝါဒအမှားတွေကြောင့်လည်း ပါတယ်ဆိုတာ ငြင်းမရပါဘူး။ အာဏာသိမ်းပြီးကတည်းက တလှိုင်းပြီး တလှိုင်းနဲ့ ပြည်သူကို အကျပ်ရိုက်စေခဲ့တာပါပဲ။ အဆိုးဆုံးကတော့ သွင်းကုန် ကန့်သတ်ချက်ပါပဲ။

လက်ရှိမှာ ‘ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေး၊ ပြည်တွင်းထုတ်ကုန်နဲ့ တိုင်းပြည် ဖူလုံရေး’ ဆိုပြီး တသွင်သွင် သုံးနေတာမျိုး တွေ့ရမှာပါ။​ ဆောင်ပုဒ်က ကောင်းတယ်ဆို ထားဦး၊ ကုန်စျေးနှုန်းကျဖို့ ပြည်တွင်းမှာ ဖူလုံအောင် ထုတ်ရမယ်ဆိုတာက အခြေခံဘောဂဗေဒ သဘောတောင် ဆန့်ကျင်သလားလို့။ ဘာကြောင့်လဲဆိုတော့ ပထမတချက်က နိုင်ငံတခုရဲ့ လိုအပ်ချက်တွေကို ပြည်တွင်းမှာ အလုံးစုံ မထုတ်လုပ်နိုင်ဘူးဆိုတာက သာမန်အသိနဲ့တောင် တွေးကြည့်လို့ ရပါတယ်။​ ဒုတိယအချက်က ကုန်ကြမ်းတင်သွင်းခွင့် ကန့်သတ်ပြီး ပြည့်မီအောင် ထုတ်လုပ်ခိုင်းနေတာပါ။ ဥပမာ ကြက်မွေးဖို့အတွက် ကြက်သားပေါက်နဲ့ ကြက်စာ၊ ငါး ပုဇွန်မွေးဖို့အတွက် ငါးသားပေါက်နဲ့ ငါးစာ တင်သွင်းနေရတာကို တင်သွင်းခွင့်မပြုရင် ဖူလုံအောင် ထုတ်လုပ်ရမှာက လေထဲ တိုက်အိမ်ဆောက်နေသလိုပဲ ဖြစ်နေမှာပါ။ နောက်ပြီး ကိုယ့်နိုင်ငံက သွင်းကုန်ပိတ်ထားပြီး ကိုယ်က သွားပြန်ရောင်းမယ်ဆိုတာက ကုန်သွယ်ရေးမှာ အဲဒီလောက် မရိုးရှင်းနေပါဘူး။

ကိုဗစ်ကပ်ဘေး၊ စွမ်းအင်အကျပ်အတည်းနောက်ဆက်တွဲ အရာရာ ဖြတ်တောက်ခံရတဲ့ အတွေ့အကြုံအရ တခြားနိုင်ငံကို မှီခိုနေရတာ မကောင်းဘူး။ ပြည်တွင်းထုတ်ကုန်နဲ့ ပြည်တွင်းဖူလုံရေး စဥ်းစားချက်က ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုဖြတ်တောက်မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ နိုင်ငံတနိုင်ငံ၊ လမ်းကြောင်းတခုတည်းကို မှီခိုတာမျိုး မဟုတ်ဘဲ ကုန်သွယ်ဘက်တွေကို ဖြန့်ကြက်(diversified) လုပ်ရတာပါ။ နောက်ပြီး သွင်းကုန်တွေနဲ့အတူ ပြည်တွင်းရဲ့ ထုတ်လုပ်နိုင်စွမ်းကို တည်ဆောက်တာတွေ၊ တောင်သူတွေ စက်ရုံအလုပ်ရုံတွေ လိုအပ်တဲ့ သွင်းအားစုတွေကို ရအောင် သေချာလုပ်ပေးတာပါ။ ပြင်ပတင်ပို့မှု ဖြတ်တောက်တာကတော့ အစားထိုးထုတ်လုပ်ပေးမယ့် လုပ်ငန်းတွေကို လိုင်စင်တွေ၊ ပိတ်ပင်မှုတွေ၊ ငွေကြေးထိန်းချုပ်မှုတွေနဲ့ လည်ပင်းညှစ်နေသလိုပါပဲ။ အထည်ချုပ်စက်ရုံတရုံဟာ ပြည်ပက အထည်အလိပ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ မရရင် ပြည်ပကို အထည်သစ် တင်ပို့လို့ မရပါဘူး။ တောင်သူတယောက်ဟာလည်း သက်သာတဲ့စျေးနဲ့ မြေဩဇာ မရရင် အထွက်နှုန်း မတိုးနိုင်ပါဘူး။ ဒါကြောင့် မဖြစ်မနေ တံခါးဖွင့် ဖြေလျှော့ဖို့ လိုပါတယ်။ မဟုတ်ရင် အခုရက်ပိုင်း ထွက်ထားတဲ့ UNDP အစီရင်ခံစာက စကားကို ယူသုံးရရင် ‘သုံးယောက်မှာ နှစ်ယောက်က ငတ်နေပြီ’ လို့ ပြောရမယ်။

စီးပွားရေးတံခါးဖွင့်ခဲ့တဲ့ ရလဒ်ကို ဂဏန်းနဲ့ကြည့်ရင် ပိုရှင်းပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ ဆင်းရဲမွဲတေမှုနှုန်းက ၂၀၀၅ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်းကနေ ၂၀၁၇ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အဲဒီအချိန်အတွင်း ထုတ်လုပ်ရေး (manufacturing) နဲ့ ဝန်ဆောင်မှု (service) ကဏ္ဍတွေ အလျင်အမြန် ကြီးထွားလာတာနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ၂၀၀၅ ခုနှစ်က နှုန်းထက်တောင် ပိုများနေပြီလို့ ပြောရမယ်။ ပဋိပက္ခရဲ့ သက်ရောက်မှုက ကြီးမားပါတယ်။ သို့သော် လက်ရှိ စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေပုံတွေက ဒီအကျပ်အတည်းကို ပိုနက်စေပါတယ်။

မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ဆိုရှယ်လစ်ခေတ်ကနေ လက်ရှိအချိန်အထိ တံခါးပိတ်ထားတဲ့ ကာလတိုင်းဟာ နိုင်ငံကို ပိုဆင်းရဲသွားစေခဲ့ပါတယ်။ တံခါးဖွင့်ထားရုံသက်သက်နဲ့ မျှဝေခံစားနိုင်တဲ့ ကြီးပွားချမ်းသာမှုကို အာမ မခံနိုင်ပါဘူး။ အဲဒီအတွက် မျှတတဲ့ အင်စတီကျူးရှင်းတွေနဲ့ ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ဒါပေမဲ့ တံခါးပိတ်ဝါဒကို ကြိုးစားခဲ့တဲ့ အကြိမ်တိုင်းမှာ ကျဆင်းမှုတွေကတော့ သေချာပေါက်ကို ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒေါက်တာသန့်မြင့်ဦးရဲ့ ဆွေးနွေးချက်တခုနဲ့ပဲ အဆုံးသတ်ပါရစေ။

“မြန်မာနိုင်ငံက ပြင်ပကို ထိတွေ့ပြီး ကမ္ဘာကြီးကို တံခါးဖွင့်ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံဟာ အသိဉာဏ်ပိုင်းဆိုင်ရာအရရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။​ မြန်မာနိုင်ငံက ကြောက်ရွံ့တဲ့ စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှု ကင်းမဲ့လို့သော်လည်းကောင်း ပြည်တွင်းကိုသာ အလေးပေး ကြည့်တဲ့အခါတိုင်း နိုင်ငံက ဆင်းရဲမွဲတေမှု၊ ပြည်ပကျူးကျော်သိမ်းပိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” (Thant Myint-U, 2020, p. 28)။

ရည်ညွှန်း

Thant Myint-U. (2020). The hidden history of Burma: Race, capitalism, and the crisis of democracy in the 21st century. Atlantic Books.

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles