ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကုလသမဂ္ဂ လိုအပ်သေးသလား

ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကို စူပါပါဝါ နိုင်ငံကြီးတွေကြားမှာ စစ်ပွဲတွေမဖြစ်အောင်လို့ ရည်ရွယ်ပြီးဖွဲ့ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံကြီးတွေ ကြားမှာရော၊ နိုင်ငံကြီးတွေနဲ့ နိုင်ငံငယ်တွေအကြား ပဋိပက္ခတွေမှာရော ကုလသမဂ္ဂရဲ့ ဖြေရှင်းပေးနိုင်တဲ့ အခန်းကဏ္ဍက မရှိသလောက်ပါပဲ။…နိုင်ငံငယ်တွေအကြားဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်တွေမှာလည်း ဝင်ရောက် ဖြေရှင်းပေးနိုင်တာ မရှိသလောက်ပါပဲ။
By  လင်းထက်အောင်  | November 4, 2026

လာမယ့်နှစ် ဇန်နဝါရီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အသစ်ကို တွေ့ရပါတော့မယ်။ လက်ရှိ ထမ်းဆောင်နေတဲ့ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း မစ္စတာဂူတာရက်က သက်တမ်း ဆယ်နှစ်ပြည့်လို့ အနားယူတော့မှာပါ။ အထွေထွေအတွင်းရေးမှူးချုပ်အသစ်အတွက် အဓိကအကျဆုံးစိန်ခေါ်မှုကတော့ ကုလသမဂ္ဂ ဆိုတဲ့ အဖွဲ့အစည်း ကမ္ဘာကြီးအတွက် တကယ်လိုအပ်သေးရဲ့လားဆိုတာပါပဲ။ ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေကနေ စလို့ ဆင်းရဲမွဲတေမှု၊ အငတ်ဘေးနဲ့ ကူးစက်ရောဂါတွေအလယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ကိစ္စရပ်တွေအဆုံး စိန်ခေါ်မှုတွေကတော့ စောင့်ကြိုနေပါတယ်။

ကုလသမဂ္ဂ လိုအပ်သေးလားဆိုတာကို မေးခွန်းသုံးခုနဲ့ စဉ်းစားကြည့်လို့ရမယ် ထင်ပါတယ်။ ပထမမေးခွန်းကတော့ အင်အားကြီးနိုင်ငံတွေ အချင်းချင်းကြား စစ်ပွဲ မဖြစ်အောင်နဲ့ ဖြစ်လာရင် ရပ်တန့်အောင် ညှိနှိုင်းပေးနိုင်သလား ဆိုတာပါ။ ဒါနဲ့ ပူးတွဲစဉ်းစားသင့်တာကတော့ အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံငယ်တွေကြားမှာရော စစ်မဖြစ်အောင်နဲ့ ဖြစ်လာရင် ရပ်တန့်အောင် ကြားဝင်ပေးနိုင်သလား ဆိုတာပါပဲ။ ဒုတိယမေးခွန်းကတော့ နိုင်ငံငယ်တွေကြားမှာ ဖြစ်ကြတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ အုပ်စိုးသူနဲ့ လက်နက်ကိုင် တော်လှန်သူတွေအကြားက ပြည်တွင်းစစ်တွေကိုရော ဖြေရှင်းပေးနိုင်သလားဆိုတာပါ။ နောက်ဆုံးမေးခွန်းကတော့ ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ရေချိုရေသန့် ရရှိရေး စသဖြင့် လူသားအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာပါ။

ပထမမေးခွန်းကို ဆန်းစစ်ကြည့်ရရင် ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကို စူပါပါဝါ နိုင်ငံကြီးတွေကြားမှာ စစ်ပွဲတွေ မဖြစ်အောင်လို့ ရည်ရွယ်ပြီး ဖွဲ့ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံကြီးတွေ ကြားမှာရော၊ နိုင်ငံကြီးတွေနဲ့ နိုင်ငံငယ်တွေအကြား ပဋိပက္ခတွေမှာရော ကုလသမဂ္ဂရဲ့ ဖြေရှင်းပေးနိုင်တဲ့ အခန်းကဏ္ဍက မရှိသလောက်ပါပဲ။ ရုရှား-ယူကရိန်းစစ်ပွဲကို ကြည့်မလား၊ အမေရိကန်-အီရန်စစ်ပွဲကို ကြည့်မလား၊ အထင်အရှားပါပဲ။ အမေရိကန်-တရုတ် တိုက်ရိုက် စစ်ရေးအားပြိုင်မှုတွေ သိသာလောက်အောင် မရှိသေးဘူးဆိုပေမဲ့ ထိုင်ဝမ်အရေးမှာလည်း ကုလသမဂ္ဂက မပါဝင်နိုင်ပါဘူး။ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်လက်ထက်တုန်းကတော့ အမေရိကန်နဲ့ ဆိုဗီယက် တကယ်စစ်ဖြစ်သွားနိုင်ခြေရှိတဲ့ ကျူးဘားက ဒုံးပျံအရေးအခင်းမှာ ထဲထဲဝင်ဝင် ပါဝင်ဖြေရှင်းခဲ့တယ်လို့ ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရေးသားထုတ်ဝေတဲ့ “Peacemaker” ဆိုတဲ့ ဦးသန့်အကြောင်း သူ့ရဲ့စာအုပ်မှာ အထောက်အထားတွေနဲ့တကွ ဆိုထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးလို့ ငြိမ်းချမ်းရေးရသွားတဲ့ဖြစ်စဉ်ရယ်လို့ လူအများက မှတ်မိနေတာ ရှိပါသလား။ နောက်ဆုံး ၁၅ နှစ်အတွင်း ကမ္ဘာမှာ စစ်ပွဲတွေ ပဋိပက္ခတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကုလသမဂ္ဂက နိုင်ငံရေးအရ ကြားဝင်ပေးနိုင်လို့ စစ်ပွဲအရှိန်ကို လျှော့ချပေးနိုင်တာမျိုး၊ ချုပ်ငြိမ်းသွားတာမျိုးက ရှားပါတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ နိုင်ငံငယ်တွေအကြားဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်တွေမှာလည်း ဝင်ရောက် ဖြေရှင်းပေးနိုင်တာ မရှိသလောက်ပါပဲ။ ၂၀၂၅ ခုနှစ်မှာ ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဖြစ်တော့ အာဆီယံနဲ့ အမေရိကန်နိုင်ငံတွေကတော့ ကြားဝင်ပေးခဲ့ကြပါတယ်။ ဘန်ကောက်မှာ ကုလသမဂ္ဂရဲ့ အာရှပစိဖိတ်ဆိုင်ရာ ဌာနချုပ်ရုံးတွေ ရှိပေမဲ့ ဘာမှမဖြစ်ခဲ့သလိုပါပဲ။ မြန်မာ့ပဋိပက္ခမှာလည်း ၂၀၂၂ ခုနှစ်မှာ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးဆိုင်ရာ ပထမဆုံး ဆုံးဖြတ်ချက် (Security Council Resolution 2669) ထွက်လာခဲ့ပေမဲ့ အကျိုးသက်ရောက်မှုတော့ မတွေ့ရသလောက်ပါပဲ။

အာဆီယံမှာပဲလားဆိုတော့ အာဆီယံအပြင်ဘက်မှာလည်း ဘာမှ မစွမ်းသာပါဘူး။ ဆူဒန်မှာ ပဋိပက္ခတွေ ရပ်တန့်ဖို့ နိုင်ငံနှစ်ခြမ်း ကွဲသွားရတယ်။ ဒါပေမဲ့ နှစ်ခြမ်းလုံးမှာ စစ်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ အီသီယိုးပီးယားမှာလည်း ဗဟိုအစိုးရကို ဖြုတ်ချဖို့အတွက် စက်တင်ဘာလကမှ လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ပူးပေါင်းလိုက်ကြပါတယ်။ မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာမယ့် သဘောပါပဲ။ နှစ်နိုင်ငံလုံးမှာ လူသားစာနာအရေး ကူညီပေးပေမဲ့ ပဋိပက္ခပြေလည်သွားဖို့ ကုလသမဂ္ဂက မစွမ်းနိုင်ပါဘူး။ နောက်ဆုံး တစုံတဦးက ကြားဝင်လို့ မဟုတ်ဘဲ စစ်ဖြစ်နေတဲ့ တဖက်ဖက်က စစ်ရေးအောင်ပွဲကြောင့် တိုက်ပွဲတွေ ရပ်သွားတဲ့ ဆီးရီးယားနဲ့ အာဖဂန်မှာဆိုရင်လည်း ကုလသမဂ္ဂက ဘာမှဝင်မလုပ်နိုင်သလောက်ပါပဲ။ စစ်ပွဲလည်း မဖြေရှင်းနိုင်၊ စစ်အပြီး ပြန်လည်ထူထောင်ရေးမှာလည်း အလုပ်ဖြစ်အောင် မလုပ်နိုင်ပါဘူး။

မေးခွန်းနှစ်ခုလုံးကို အနှစ်ချုပ်ပြောရရင် ကုလသမဂ္ဂဟာ သူ့ရဲ့မူလတာဝန်ဖြစ်တဲ့ ပဋိပက္ခဖြေရှင်းရေးကို (ကြေညာချက်တွေ ထုတ်ပြန်ယုံမှတပါး) လုံးဝနီးပါး မစွမ်းဆောင်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်လည်း စက်တင်ဘာလတုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတခုမှာ အထွေထွေအတွင်းရေးမှူးချုပ်အသစ် ဖြစ်လာမယ့်သူဟာ ပဋိပက္ခဖြေရှင်းရေးမှာ စစ်ပွဲတခု (သို့မဟုတ်) နှစ်ခုလောက်ကိုပဲ အဓိကအာရုံစိုက်ပြီး ကြိုးပမ်းသင့်တယ်လို့ ဒေါက်တာသန့်မြင့်ဦးက ထုတ်ပြောလာပါတယ်။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူသားအကျိုးပြုလုပ်ငန်းတွေမှာရော ကုလသမဂ္ဂက ထိထိရောက်ရောက် စွမ်းဆောင်နိုင်သလားဆိုတာ ကြည့်ရင်လည်း မေးခွန်းထုတ်စရာတွေတော့ ရှိနေပါတယ်။ နိုင်ငံတွေ ထည့်ဝင်ရတဲ့ ငွေကြေးပမာဏနဲ့ အမှန်တကယ် ပြည်သူတွေလက်ထဲ ရောက်ရှိတဲ့ အကူအညီတွေကြားမှာ ကွာဟမှုကြီးတာ၊ ဝန်ထမ်းစရိတ်က များလွန်းနေတာ၊ လိုအပ်တာက တခြား၊ အကူအညီက တခြား၊ ဒေသအခြေအနေနဲ့ မကိုက်ညီတဲ့ သီအိုရီတွေ၊ အယူအဆတွေ သွတ်သွင်းတာ စသဖြင့် လုပ်ငန်းပိုင်းစွမ်းဆောင်ရည် အားနည်းချက်တွေ အမြောက်အမြားရှိပါတယ်။ အရပ်စကားနဲ့ ပြောရရင် လခတွေ အများကြီးယူ၊ အထူးလေယာဉ်တွေ၊ ယာဉ်တန်းတွေနဲ့ မြေပြင်ကိုဆင်း၊ ဆန်အိတ်တွေ ထမ်းတဲ့ ဓာတ်ပုံတွေ ရိုက်ပြီး အလှူငွေတွေနဲ့ လုပ်စားနေကြတယ်ဆိုတဲ့ ဝေဖန်ချက်ပါပဲ။ ကုလသမဂ္ဂရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ဒါကိုဝန်ခံထားပြီး ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး (UN Reform) ဆိုပြီး ၂၀၁၇ ခုနှစ်ကတည်းက လုပ်ခဲ့ပါတယ်။ ဘယ်လောက် ထိရောက်သလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ရှိ ဒုတိယသက်တမ်းမှာတော့ အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂကို နှစ်စဉ်ထည့်ဝင်နေတဲ့ အလှူငွေတွေကို ပမာဏအများကြီး လျော့ချပစ်တာနဲ့ မပေးသေးဘဲ အချိန်ဆိုင်းထားတာမျိုးတွေလည်း လုပ်လာပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံကို အမှုန့်ကြိတ်ပစ်မယ်လို့ မကြာသေးခင်ကပဲ ကုလသမဂ္ဂစင်မြင့်ကနေ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒုတိယကမ္ဘာစစ်ကြီးလို ဆိုးရွားလှတဲ့ စစ်ဘေးကြီးကနေ နိုးထလာတဲ့ ကမ္ဘာကြီးမှာ နောက်ထပ်စစ်တွေ မဖြစ်တော့အောင် နိုင်ငံစုံပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ထူထောင်ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာကြီးလည်း တစုံတရာတည်ငြိမ်တဲ့ ကာလကို ကျော်ဖြတ်ခဲ့ပြီးလို့ ကမ္ဘာအရပ်ရပ်မှာ စစ်မီးတွေ ဟုန်းဟုန်းထနေပါပြီ။​ စစ်ပွဲတွေ လျော့ပါးသွားအောင် ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ ကုလသမဂ္ဂကို ကမ္ဘာကြီးက လိုအပ်နေပါတယ်။ ဒါပေမဲ့ အခုကာလလိုမျိုး အင်အားကြီးနိုင်ငံတွေက ကြီးသထက်ကြီး၊ အင်အားနည်းသူက နိမ့်သထက်နိမ့်လာတဲ့ အခြေအနေမျိုးမှာ ကုလသမဂ္ဂရဲ့ ပဋိပက္ခဖြေရှင်းရေးဟာ အလုပ်ဖြစ်ဖို့ ခက်နိုင်ပါတယ်။ တဖက်မှာလည်း ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေအထဲမှာ အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။

ကမ္ဘာ့နေရာအနှံ့မှာ ကုလသမဂ္ဂရဲ့ လူသားစာနာအကူအညီနဲ့ ရှင်သန်နေရတဲ့ ပြည်သူတွေ အမြောက်အမြား ရှိပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီတွေသာ ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဂါဇာဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေ၊ ဆူဒန်နဲ့ ယီမင်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ၊ ယူကရိန်းက တိုက်ပွဲကြားပိတ်မိနေတဲ့ အရပ်သားတွေ ချက်ချင်း အငတ်ဘေး ဆိုက်သွားနိုင်ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးအတွက်တော့ ကုလသမဂ္ဂဟာ လိုအပ်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာ လူသားစာနာအကူအညီပေးရေးကို ကမ္ဘာတဝန်းအတိုင်းအတာနဲ့ လုပ်ဆောင်ဖို့အတွက် ကုလသမဂ္ဂရဲ့နေရာကို တခြားအဖွဲ့အစည်းတခုက အစားထိုးဝင်ရောက်ဖို့လည်း မလွယ်သေးပါဘူး။

အဓိကပြင်ဆင်ဖို့က လက်ရှိလုပ်နေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို တကယ်လိုအပ်နေတဲ့ နေရာတွေဆီ ရောက်အောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအထဲ ပြန်ပိတ်မိမနေဘဲ တကယ်အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာပါပဲ။ ဘယ်ကဏ္ဍတွေကို အာရုံစိုက်ကြမလဲဆိုတာထက် လုပ်နေတဲ့အလုပ်ကို ထိရောက်အောင်၊ အလေအလွင့်နည်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အထွေထွေအတွင်းရေးမှူးချုပ်အသစ် ဖြေရှင်းရမယ့် အဓိကစိန်ခေါ်မှု ဖြစ်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles