‘ISP Column’ ကဏ္ဍအသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ISP-Myanmar အနေနဲ့ သုတေသနအခြေပြု အရည်အသွေးမြင့် ပိုင်းခြားစိတ်ဖြာ ဆန်းစစ်ချက်တွေနဲ့ ဒေတာအချက်အလက်ဖော်ပြမှုတွေကို ပုံမှန်ထုတ်ဝေနေခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ပေါင်းစုံ အလေးဂရုပြုနိုင်တဲ့ ပညာရပ်နယ်ပယ် အကန့်အသတ်ရှိနေပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ မြန်မာ-တရုတ်ဆက်ဆံရေးနဲ့ မြန်မာ့လူမှုစီးပွားအခြေအနေ စတဲ့ နယ်ပယ်တွေထဲကပဲ ဖော်ပြနိုင်ပါတယ်။
ISP-Myanmar ရဲ့ အစီအစဉ်သစ် ‘ISP Column’ က အကြောင်းအရာ အမျိုးအစား ပိုမိုစုံလင်ပါလိမ့်မယ်။ ပြင်ပက စာရေးသူတွေ ပါဝင်ရေးသားနိုင်ကြဖို့ရည်ရွယ်ပြီး ကဏ္ဍတခုဖွင့်လှစ်လိုက်တာပါ။ အထူးသဖြင့် လူငယ်တွေရဲ့ ရှုထောင့်စုံအမြင်တွေကို အားပေးချင်ပါတယ်။ အရင်ခေတ်တွေထက်စာရင် ဒီကနေ့ကာလမှာ စာဖတ်သူအများစုဟာ အွန်လိုင်းပေါ်မှာ အချိန်ပြည့်နီးပါး ရှိနေကြပါတယ်။ စာဖတ်သူသက်သက်မျှသာမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ဆွေးနွေးရေးသားလိုသူတွေ၊ ISP-Myanmar က တင်ပြနေတဲ့ ခေါင်းစဉ်ကြောင်းရာတွေအပြင် ပိုပြီးကျယ်ပြန့်တဲ့ အကြောင်းအရာတွေအပေါ် ဆွေးနွေးလိုသူတွေ ရှိနေပါတယ်။ ဒီလို တောင်းဆိုချက်ရှိနေတဲ့ အခြေအနေမှာ ISP-Myanmar ဝက်ဘ်ဆိုက်စာမျက်နှာနဲ့တွဲယှဉ်လို့ စာမျက်နှာသစ်ကို ဖွင့်လှစ်ဖိတ်ခေါ်လိုက်ပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ ဘလော့စာမျက်နှာ (Blogosphere) တခုနဲ့ ပိုတူပါလိမ့်မယ်။
စုံလင်တဲ့အကြောင်းအရာတွေ ပါဝင်ပါမယ်။ စာရေးသူတွေအနေနဲ့ စိတ်ကြိုက်ခေါင်းစဉ် အကြောင်းအရာတွေကို တင်ပြနိုင်ပါလိမ့်မယ်။ နိုင်ငံရေး၊ မြန်မာ့ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ပထဝီနိုင်ငံရေးတွေအပြင် သမိုင်း၊ ယဉ်ကျေးမှုနဲ့ စာပေဆိုင်ရာတွေကိုပါ လွတ်လွတ်လပ်လပ် ရေးသား နိုင်ပါမယ်။ ရသစာတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံဇာတ်လမ်းတွေလည်း ဖြစ်နိုင်ပါတယ်။ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့လည်း ရေးသားနိုင်ပါတယ်။ ရေးသားမယ့်စာတွေဟာ ISP-Myanmar ရဲ့အမြင်နဲ့ ကိုက်ညီနေဖို့ မလိုအပ်ပါဘူး။ ပင်ကိုယ်မူရင်း ရေးသားချက်တွေဖြစ်ဖို့၊ အမုန်းစကားနဲ့ တိုက်ခိုက်မှုတွေမပါ ဝင်ဖို့နဲ့ အကျယ်အပြန့်သော ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ်၊ ဖတ်ပျော်ရှုပျော်ဖြစ်မယ့် စာမျိုးတွေဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ ပရိသတ်ကို အကျိုးဖြစ်စေဖို့ ဦးတည်တဲ့ စာမူမျိုး ဖြစ်ဖို့လိုပါတယ်။
သစ်ဆန်းတဲ့ တီထွင်ဖန်တီးမှုနဲ့ ရှုထောင့်စုံတဲ့ အမြင်တွေကို ဖိတ်ခေါ်ပါတယ်။ ဒီလိုဖိတ်ခေါ်ရာမှာ လူငယ်တွေကို ပိုလို့ဦးစားပေးချင်ပါတယ်။ လူငယ်တွေအနေနဲ့ အာရုံကျရာ၊ စိတ်စွဲသန်ရာ ကဏ္ဍတွေကို ဖော်ပြရေးသားကြစေချင်ပါ တယ်။ ဒါမှပဲ ‘ဆူညံဗလံအသံမှသည် ဉာဏ်လှိုင်းခတ် ဆင်ခြင်သံဆီသို့’ ဆိုတာနဲ့အညီ ဖမ်းဆုပ်နားလည်ဖို့ခက်တဲ့ ဆူညံသံတွေကို ရှင်းလင်းခိုင်မာတဲ့၊ ဉာဏ်ထုံမွမ်းတဲ့ ဆင်ခြင်ဖွင့်ဟသံတွေအဖြစ် ဖန်တီးအသွင်ပြောင်းပေးနိုင်မယ်လို့ ယူဆပါတယ်။ ISP-Myanmar အနေနဲ့လည်း လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Coulmn’ကနေ ပို့ဆောင် ပေးနိုင်မယ်လို့ ယူဆပါတယ်။
‘ISP Column’ အတွက် ပေးပို့လာတဲ့ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ ရွေးချယ်ဖော်ပြခံရတဲ့ စာမူတွေ အတွက်လည်း ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။
ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။