ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ အာရက္ခတပ်တော် (AA/ULA)ဟာ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းကို စတင်ခဲ့ပါတယ်။ အခု ၂၀၂၅ ခုနှစ်မှာဆိုရင် တော်လှန်ရေးကာလဟာ ဆယ်စုနှစ်တခုခွဲ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာပြည်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ တိုက်ပွဲအလီလီကိုလည်း နိုင်အောင်တိုက်နိုင်ခဲ့လို့ မြန်မာပြည်တဝန်းက လူထုရဲ့လက်ခုပ်သြဘာကို သိမ်းကျုံးရယူနိုင်ခဲ့တဲ့ လူမျိုးစုအခြေပြု တော်လှန်ရေးတပ်တခုအနေနဲ့ လက်ခံထားကြပြီးသားပါ။ ဒါပေမဲ့ အမျိုးသားရေးဝါဒအခြေခံပြီး စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေဟာ အချိန်အတိုင်းအတာတခု ရောက်လာချိန်မှာ ယိုယွင်းလာမှုကို စတင်ခံစားမိလာရပြီ ဖြစ်တယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ရခိုင်အပါအဝင် တခြားလူနည်းစုထဲက လူနည်းစုတွေကို နယ်မြေလုံခြုံရေးအတွက် စစ်သင်တန်းပေးတယ်လို့ဆိုပြီး စစ်သင်တန်းတက်ခိုင်းတဲ့ ဖြစ်စဉ်တွေက ၂၀၂၄ ခုနှစ်အတွင်းမှာပဲ အမြောက်အမြားဖြစ်လာတာပါ။ ဒါ့အပြင် တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း လူသိများတဲ့ မီဒီယာတွေပေါ် တက်လာနိုင်ဖို့ ခက်ခဲနေတုန်းပါပဲ။ ဒေသတွင်းအခြေစိုက်သတင်းဌာနတွေအနေနဲ့လည်း အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်ထားမှုတွေကြောင့် ရံဖန်ရံခါလောက်ပဲ သတင်းတင်ဆက်နိုင်ကြပါတယ်။ ဆိုတော့ အထက်မှာပြောခဲ့တဲ့အတိုင်း စစ်ရေးအောင်မြင်မှုတွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် တခြားလူ့ရပိုင်ခွင့်ချိုးဖောက်မှုတွေကို ကောင်းကောင်းကြီးဖုံးထားနိုင်တဲ့အထိကို သက်ရောက်မှုကြီးမားပါတယ်။
ကျနော်တို့ ဘုံနားလည်လက်ခံရမှာတခုက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တယ်ဆိုတာဟာ တော်လှန်ရေးနည်းနာတခုပဲ ဖြစ်တယ်ဆိုတာပါပဲ။ ဒါကို သတိချပ်ရမှာပါ။ တော်လှန်ရေးမှာ လက်နက်ကိုင်ခြင်းတခုကပဲ အဖြေဆိုတဲ့ ကောက်ချက်ချမှုမျိုးက အန္တရာယ်ရှိပါတယ်။ စစ်ဘောင်ကျယ်လာခြင်းဟာ တစုံလုံးသော လူထုအတွက် ကောင်းမွန်တဲ့လက္ခဏာတခုတော့ ဟုတ်မနေပါဘူး။ လူထုအနေနဲ့ ဒီစစ်ရေးအောင်မြင်တာတခုကိုပဲ မြင်ပြီး လူ့ရပိုင်ခွင့်နဲ့ တန်ဖိုး ချိုးဖောက်ခံရမှုတွေကို သင်ပုန်းချေ၊ ညီမျှခြင်းချလိုက်ရုံနဲ့ မပြီးဘူးဆိုတာပါပဲ။ သူရဲကောင်းဝါဒ ကြီးစိုးတဲ့တိုင်းပြည်မှာ လူမျိုးတမျိုးရဲ့ ပြယုဂ်ရှိဖို့လည်း လိုအပ်ပေမဲ့ လူဗဟိုပြုကိုးကွယ်ယုံကြည်မှုဟာ အနာဂတ်မှာ ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကို ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်သမိုင်းကို တကျော့ပြန်လေ့လာရင် မြင်နိုင်ပါတယ်။ မြန်မာလူထုဟာ ဒေါ်အောင်ဆန်းစုကြည်လို ပညာတတ်၊ ကမ္ဘာကအသိအမှတ်ပြုတဲ့ ခေါင်းဆောင်တယောက်ကို ရလိုက်ချိန်မှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဘုရားလိုကိုးကွယ်ယုံကြည်ခဲ့ကြရာကနေ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုလို အကျည်းတန်တဲ့ဖြစ်ရပ်တွေ၊ အထူးသဖြင့် ရခိုင်နဲ့ ချင်းမှာ အင်တာနက်ဖြတ်တောက်မှုကို ထောက်ခံအားပေးတာနဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို အားပေးအားမြှောက် လုပ်ခဲ့တာတွေဟာ ထင်ရှားတဲ့ ဥပမာတွေပါပဲ။ ဒါနဲ့တဆက်တည်း အာရက္ခတပ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တုန်းက စစ်တပ်ကို ICJ အထိရောက်စေတဲ့ သက်သေသက္ကာယတွေနဲ့အတူ ရိုဟင်ဂျာတွေဘက်က ရပ်တည်ခဲ့တယ်လို့ ထင်စရာရှိခဲ့ပါတယ်။ ဒါပေမဲ့ ‘ဘုရားပြီး ငြမ်းဖျက်’ ဆိုသလို စစ်အင်အားတောင့်တင်းလာချိန်မှာ ရိုဟင်ဂျာဆိုတဲ့ အမှတ်သညာ၊ အခေါ်အဝေါ်ကိုတောင် လက်မခံတော့ဘဲ ဖိနှိပ်တာမျိုးတွေ လုပ်လာပါတယ်။ အာရက္ခတပ်တော်က ရိုဟင်ဂျာရွာတွေကို မီးရှို့တဲ့အချက်အလက်တွေ၊ တခြားသောလူမျိုးရေးအခြေပြု ခွဲခြားဆက်ဆံနှိမ့်ချမှုတွေကို အွန်လိုင်းမှာ ရှာကြည့်လိုက်ရင် အချက်အလက်တွေ အုံလိုက်ကျင်းလိုက်နဲ့ ထွက်လာနိုင်ပါသေးတယ်။ ဒါတွေကိုလည်း တော်လှန်ရေးကာလမို့လို့ဆိုပြီး ထပ်မျက်ကွယ်ပြု လျစ်လျူရှုထားဖို့ မသင့်တော့ပါဘူး။
တခြားရှုထောင့်အနေနဲ့ ရခိုင်တပြည်နယ်လုံးအတိုင်းအတာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ (CSOs) ရဲ့ အခန်းကဏ္ဍကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အခုလက်ရှိရခိုင်မှာ ဒီ CSO တွေရဲ့ အခန်းကဏ္ဍက ပျောက်ဆုံးနေပြီး လူထုရဲ့စစ်ရေး၊ နိုင်ငံရေး၊ အထွေထွေအကျပ်အတည်းအတွက် အသံထွက်ပြောဆိုနိုင်စွမ်းလည်း ရှိမနေတာကို တွေ့ရမှာပါ။ CSO တွေဆိုတာ သူ့ရဲ့ပင်ကိုသဘောသဘာဝကိုက အုပ်ချုပ်သူအစိုးရနဲ့ လူထုကြားထဲမှာ ပေါင်းကူးတံတားသဖွယ် နေရာယူပြီး အစိုးရလက်လှမ်းမမီတဲ့ လိုအပ်ချက်တွေကို စီစဉ်ဆောင်ရွက်ကြသူတွေပါ။ ကျနော်တို့တိုင်းပြည်မှာက အစိုးရအဆက်ဆက်ဟာ လူထုကို အမြဲအနိုင်ကျင့်ပြီး အကျိုးစီးပွားအခြေပြုအမြတ်ထုတ်ဖို့ ကြိုးစားကြတဲ့ အလေ့အထရှိခဲ့ပါတယ်။ ဒီတော့ CSO တွေ ရှင်သန်အားကောင်းဖို့က အရေးကြီးပါတယ်။
အာရက္ခတပ်တော်ဆိုတာ လူထုကြားထဲကနေ မတရားမှုတွေကို ခုခံတော်လှန်ဖို့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစိုးရတရပ် ဖြစ်လာမှာဖြစ်တဲ့အတွက်ကို နိုင်ငံရေးအရ၊ အတွေးအခေါ်အရ ပိုပြီးရင့်ကျက်တည်ငြိမ်ဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။ အချက်အလက်အမှန်နဲ့ ဝေဖန်ထောက်ပြမှုတွေကစလို့ တဝက်မှန်တွေ၊ လိုရာဆွဲတဲ့ဇာတ်ကြောင်းနဲ့တင်ပြချက်တွေ၊ အချက်အလက်အမှားနဲ့ ပြစ်တင်သံတွေအပြင် အဖွဲ့အစည်းအခြေပြု အမုန်းစကားနဲ့ တိုက်ခိုက်တာတွေကို စိတ်ခံစားချက်ရှေ့တန်းတင်ပြီး တုံ့ပြန်တာမျိုးမလုပ်ဘဲ နားထောင်ထည့်သွင်းစဉ်းစားပြီး တော်လှန်သန္ဓေကောင်းကောင်းနဲ့၊ နိုင်ငံရေးသဘောထားကြီးစွာနဲ့ သတင်းအချက်အလက်အမှန်ကို လူထုဆီကို ပြန်တင်ပြနိုင်တဲ့ ယန္တရားတခုဖြစ်အောင် တည်ဆောက်သင့်ပါတယ်။
အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကဏ္ဍနဲ့ ယန္တရားတွေမှာ ရိုဟင်ဂျာတွေ ပါဝင်နေတာနဲ့ အေအေယူနီဖောင်းဝတ် ရိုဟင်ဂျာတပ်သားပုံတွေကို အေအေကို ထောက်ခံတဲ့ မီဒီယာတွေကနေ တင်ဆက်တာတွေ တွေ့ရတယ်။ ဒါပေမဲ့ တဖက်မှာလည်း ဒါဟာ မခြုံငုံမိသေးဘဲ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ ပြောသံတွေလည်း ရိုဟင်ဂျာလူထုတွေအကြားမှာ ရှိနေပါတယ်။ ဒါတွေကို ဒီထက်ကျယ်ကျယ်ပြန်ပြန့်နဲ့ ရေရှည်တည်တံ့တဲ့ပုံစံနဲ့ အကောင်အထည်ဖော်သင့်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို လိုက်လံကန့်သတ်၊ တားဆီးနေတာတွေဟာ ပက်လက်လှန်ပြီး တံတွေးထွေးသလိုမျိုးပဲ ကိုယ့်မျက်နှာပေါ်ကိုပဲ ပြန်ကျ ပြန်စဉ်ပါလိမ့်မယ်။ ဒီနေ့ဒီအချိန်လုပ်ရပ်တွေက လူမှုသဟဇာတဖြစ်မှုကို ထိခိုက်ရာကနေတဆင့် ပဋိပက္ခတွေ၊ စစ်ပွဲတွေအကြား နစ်မွန်းရင်း ရခိုင်နယ်မြေအသစ်ကို အသိအမှတ်ပြုမှုလျော့ကျပြီး လူမှုစီးပွားဘဝတွေ နောက်ကျကျန်မယ့်အဖြစ်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် အမှန်တကယ် လွတ်လပ်ဖွံ့ဖြိုးတဲ့ အာရက္ခနိုင်ငံတော်သစ်ဆီ ရောက်နိုင်လိမ့်မယ် မထင်ပါဘူး။ ဒီအရာတွေကို အချိန်မီမပြင်ဆင်ရင် မူလရည်ရွယ်ရင်း ဗဟုဝါဒထွန်းကားပြီး လူထုတရပ်လုံး လူ့ဂုဏ်သိက္ခာ၊ လူ့ရပိုင်ခွင့်တွေကို ပြည့်ဝတဲ့ တိုင်းပြည်တပြည်တည်ဆောက်ခြင်းကနေ သွေဖည်သွားမှာကို ရခိုင်တယောက်အနေနဲ့ ကျနော် အင်မတန်စိုးရိမ်ပါတယ်။
ဒီတန်ဖိုးတွေကို ဒေါက်တိုင်ထားပြီး ကိုယ့်နိုင်ငံရေးကို တည်ဆောက်ရင်း ဘယ်သူ့အတွက် တော်လှန်ကြသလဲဆိုတဲ့ မေးခွန်းမပျောက်ဘဲ၊ ချည်တိုင်ကို မလွတ်သွားဘဲ ရခိုင့်တော်လှန်ရေးခရီးရှည်ကြီးကို အပြန်ပြန်အလှန်လှန် စေ့ငုသုံးသပ်ပြီး အလုံးစုံလူထုလွတ်မြောက်ရေးကို ဖော်ဆောင်နိုင်ဖို့ ဆန္ဒပြုပါတယ်။
