ISP-Myanmar ရဲ့ အစီအစဉ်တခုဖြစ်တဲ့ ISP Column ကဏ္ဍဟာ ဇန်နဝါရီ ၂၅ ရက်မှာ တနှစ်ပြည့်ခဲ့ပါပြီ။
‘ဆူညံဗလံအသံမှသည် ဉာဏ်လှိုင်းခတ် ဆင်ခြင်သံဆီသို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူပဲ အနယ်နယ်အရပ်ရပ်က စာမူရှင်တွေရဲ့ အာဘော်ပေါင်း ၃၉၆ စောင်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီထဲကနေမှ ISP-Myanmar Column အယ်ဒီတာအဖွဲ့ကနေ စိစစ်ရွေးချယ်ပြီး စာမူ ၁၁၀ ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာကိုပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့အခြေအနေက အားတက်စရာမရှိသလို ပြည်သူလူထုမှာလည်း ဒုက္ခပင်လယ်မှာ စုန်းစုန်းမနစ်အောင် အားကုန်ကူးခတ် အသက်ဆက်နေခဲ့ကြရပါတယ်။ တဖက်မှာ စစ်အာဏာရှင်ရဲ့ ဖိစီးထားမှု၊ တဖက်မှာ တော်လှန်ရေးရဲ့ ဝန်ပိနေမှု၊ တခါ ဗုံးဆန်အမြောက်ဆန်တွေနဲ့ စစ်မီးလျှံတွေရဲ့ ဘေးရန်တွေကိုလည်း ခံခဲ့ကြရပါတယ်။ ဒီကြားထဲမှာပဲ စစ်ကိုင်း-မန္တလေး ငလျင်လို ဘေးဆိုးကြီးနဲ့ ဥတုဘေးဒဏ်တွေလည်း ထပ်ဆောင်းခဲ့ပါသေးတယ်။ ISP Column ကဏ္ဍကို ပေးပို့လာတဲ့ စာမူတွေဟာ ဒီလိုနောက်ခံအခြေအနေတွေထဲကနေ ထွက်ပေါ်လာတဲ့ လူထုရဲ့ဖွင့်ဟမှုတွေလို့ ဆိုနိုင်ပါတယ်။
တနှစ်တာအတွင်း ISP Column မှာ ရွေးချယ်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို သုံးသပ်ကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။ တနည်းအားဖြင့် ဒါတွေဟာ Column ကနေ ရောင်ပြန်ထင်ခဲ့တဲ့ အရိပ်တွေ၊ ပဲ့တင်ထပ်ခဲ့တဲ့ အသံတွေပါပဲ။
(၁) ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (Conflict, Peace and Security)
ဒါက ISP-Column မှာ အများဆုံးတွေ့ရတဲ့ အကြောင်းအရာပါ။ အထူးသဖြင့် စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြားက အားပြိုင်မှုတွေကို အဓိကထား ရေးသားကြပါတယ်။ ဆင့်ကဲပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အာဏာဆက်လက်ချုပ်ကိုင်ဖို့ စစ်ခေါင်းဆောင်ရဲ့ ကြိုးပမ်းနေမှုတွေ၊ တော်လှန်ရေးအင်အားစုတွေထဲက အခြေအနေတွေ၊ CDM နဲ့ Non-CDM တွေအကြားက အငြင်းပွားမှုတွေ ဖြစ်ပါတယ်။ ဒီအထဲမှာ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းမြောက်ဒေသက အပြောင်းအလဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထုအပေါ် သက်ရောက်မှုတွေလည်း ပါဝင်ပါတယ်။
(၂) လူမှုစီးပွားရေး (Socioeconomic Studies)
ဒီကဏ္ဍထဲမှာတော့ ပြည်သူလူထုရဲ့ တကယ့်လက်တွေ့ စားဝတ်နေရေး အခက်အခဲတွေကို အချက်အလက်နဲ့တကွ တင်ပြတဲ့စာမူတွေ အတော်များပါတယ်။ တခါ ကလေးသူငယ်တွေရဲ့ အခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခတွေအကြောင်းလည်း ပါဝင်ပါတယ်။ အဲဒါတွေထဲမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ ရခိုင်ပြည်နယ်က ကုန်စည်ပြတ်လပ်မှုတွေနဲ့ သန်းနဲ့ချီတဲ့ ကလေးငယ်တွေ ပညာရေးလက်လှမ်းမမီတော့တာတွေ ပါဝင်ပါတယ်။
(၃) မြန်မာ-တရုတ် ဆက်ဆံရေး (China Studies)
မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု၊ နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းတွေအပေါ် မြန်မာလူထုရဲ့ အမြင်တွေအကြောင်း ဖော်ပြနိုင်မှုတွေလည်း များခဲ့ပါတယ်။ ဒီအကြောင်းအရာထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်တာတွေ၊ ကျားဖြန့်အွန်လိုင်း လိမ်လည်မှုတွေနဲ့ လူမှောင်ခိုကိစ္စတွေ ပါဝင်ပါတယ်။ နောက်တခါ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် တရုတ်ရဲ့ လုံခြုံရေးကုမ္ပဏီတွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အာဆီယံအရေးနဲ့ ပထဝီိနိုင်ငံရေးအခင်းအကျင်းအပေါ် သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
(၄) လူမှုရေးဆိုင်ရာ ဆင်ခြင်သုံးသပ်ချက်များ (Social & Justice Issues)
ဒီအပိုင်းမှာတော့ ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့နဲ့ ဥပဒေရေးရာ စတာတွေ ရှိခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်လာတဲ့ လူမှုရေး စံနှုန်းအသစ်တွေနဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေအပေါ် ဆွေးနွေးမှုတွေ ပါဝင်ပါတယ်။ CDM လှုပ်ရှားမှုအပေါ် ပြန်လည်သုံးသပ်ချက်တွေ၊ လူမှုပြစ်ဒဏ် (Social Punishment)နဲ့ တရားမျှတမှုဆိုင်ရာ အယူအဆတွေ၊ ဆယ်လီယဉ်ကျေးမှုနဲ့ ပရဟိတလုပ်ဆောင်မှုတွေရဲ့ ချွတ်ယွင်းချက်တွေကို ထောက်ပြထားမှုတွေရောပါပဲ။
ရွေးချယ်ဖော်ပြခဲ့တဲ့ စာမူတွေကလည်း အများပြည်သူအကြား ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်ခဲ့ပါတယ်။ ဆောင်းပါးရှင် အေမီရဲ့ ‘လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ’၊ ဆောင်းပါးရှင် နွေဦးနိုင်ရဲ့ ‘စီဒီအမ်အိပ်မက်နှင့် ကြွေလွင့်ခဲ့သောမျှော်လင့်ချက်များ’၊ ဒေါက်တာစိုင်းလတ်ရဲ့ ‘လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့’၊ ဆောင်းပါးရှင် မောင်းမောင်ရဲ့ ‘ဘီယာမရှိသော ရခိုင်ပြည်’ စတဲ့ ဆောင်းပါးတွေကတော့ လူထုအကြား ပျံ့နှံ့မှု အထူးကောင်းခဲ့ကြပါတယ်။
စာမူတွေဟာ ISP Column က ရည်ရွယ်ခဲ့သလို မြန်မာ့လူမှုအသိုက်အဝန်းအကြားက ဖမ်းဆုပ်နားလည်ဖို့ ခက်တဲ့ ဆူညံသံတွေကို ရှင်းလင်းခိုင်မာတဲ့၊ ဉာဏ်ထုံမွမ်းတဲ့ ဆင်ခြင်ဖွင့်ဟသံတွေအဖြစ် ဖန်တီးအသွင်ပြောင်းပေးနိုင်ခဲ့ကြပါတယ်။
ISP-Myanmar အနေနဲ့ သုတေသနအခြေပြု အရည်အသွေးမြင့် ပိုင်းခြားစိတ်ဖြာ ဆန်းစစ်ချက်တွေနဲ့ ဒေတာအချက်အလက်ဖော်ပြမှုတွေကို ပုံမှန်ထုတ်ဝေနေပေမဲ့ ဘက်ပေါင်းစုံ အလေးဂရုပြုနိုင်တဲ့ ပညာရပ်နယ်ပယ် အကန့်အသတ်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ISP Column ကဏ္ဍကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းအရာ ကန့်သတ်ချက် မရှိသလို ISP-Myanmar ရဲ့အမြင်နဲ့ ကိုက်ညီနေဖို့ မလိုအပ်ပါဘူး။ ပင်ကိုမူရင်း ရေးသားချက်တွေ ဖြစ်ရမယ်။ အမုန်းစကားနဲ့ တိုက်ခိုက်မှုတွေ မပါဝင်တဲ့ စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ်၊ ဖတ်ပျော်ရှုပျော်ဖြစ်မယ့် စာမျိုးတွေဖြစ်ရင် ဖော်ပြခဲ့ကြတာပါ။ ရှိရင်းစွဲအယူအဆ (concept)၊ အတွေးအမြင် (perspective) နဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး –
- အများပြည်သူအကြား အချေအတင် ဆွေးနွေးစရာဖြစ်အောင် တင်ပြနိုင်မှု၊
- အတွေးသစ်၊ အယူအဆသစ်တွေ ဖော်ထုတ်ဆွေးနွေးနိုင်မှု၊
- အတွေးသစ်၊ အယူအဆသစ်တွေဖြစ်စေဖို့ နှိုးဆွနိုင်မှု
– ဆိုတဲ့ အချက်တွေကိုပဲ အခြေခံပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ISP Column အစီအစဥ်ဟာ ဆက်ရှိနေပါမယ်။ တနှစ်ထက် တနှစ် ပိုပြီးကောင်းမွန်လာအောင်လည်း ကြိုးစားနေပါတယ်။
ထင်ရှားတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကတော့ ‘အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင် စာအုပ်သစ် မရေးနဲ့’ လို့ ဆိုခဲ့ဖူးပါတယ်။ ISP Column ကိုလည်း လူငယ်တွေရဲ့ အမြင်သစ်၊ အယူအဆသစ်တွေ ဖော်ထုတ်ရာ၊ စုဝေးရာအဖြစ် ပုံဖော်ချင်တာပါ။ စာမူတွေဟာ ISP-Myanmar ရဲ့ အယူအဆတွေနဲ့ ကိုက်ညီဖို့ မလိုအပ်ပါဘူး၊ စိတ်ကြိုက်တင်ပြနိုင်ပါတယ်။ အယူအဆအသစ်တွေ တင်ပြလိုတာ၊ ထောက်ပြလိုတာ၊ အကြောင်းအရာတခုကို ထိထိမိမိ ဆွေးနွေးချင်တာ စသည်ဖြင့် တီထွင်ဆန်းသစ်လိုတဲ့ စာမူမှန်သမျှ ISP Column ကို ရေးသားပေးပို့နိုင်ပါတယ်။ ပေးပို့လိုက်တဲ့ စာမူတွေ ရွေးချယ်မခံရရင်လည်း အားမလျှော့ကြဖို့ တိုက်တွန်းလိုပါတယ်။
ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်ပါရစေ။
