၂၀၂၃ – တနှစ်တာ ဖြတ်သန်းမိုင်တိုင်များ

On December 31, 2023

Download as PDF Version


အယ်ဒီတာ့စကား

တနှစ်တာ ကုန်လွန်လေတော့မယ်။

လူတဦးဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်တွေလိုပါပဲ။ မြန်မာနိုင်ငံက ဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်တွေကိုလည်း ပြန်လို့ကြည့်မိတယ်။ စစ်အာဏာသိမ်းအကျိုးဆက် စစ်မီးလျှံ တိုက်ခိုက်မှုတွေကြားက ပြည်သူလူထုတွေရဲ့ သေကြေပျက်စီးရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်း ဒုက္ခနဲ့ ငိုကြွေးပူဆွေးရခြင်း ပရိဒေဝတွေကို အများစု ဆင်ခြင်မိတယ်။ စစ်ဘောင်က ကျယ်သထက်ကျယ်လာတယ်။ မြန်မာနိုင်ငံမှာ ထွန်းသစ်တဲ့ အနာဂတ်သစ်ကို မမျှော်မှန်းနိုင်သေးဘူး။ မှိုင်းမှုန်ရီနေဆဲပါပဲ။

ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေအတွက် ISP-Myanmar က ဒီတပတ်ဖော်ပြမယ့် Insight Email ကို အရင်လိုမဟုတ်ဘဲ ‘နှစ်သစ်ကူး အထူး’အဖြစ် ပြောင်းထားပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး၊ လူမှုစီးပွားဘ၀နဲ့ ဥတုကပ်ဘေး စတာတွေကို အကျဉ်းသဘော တို့ထိပိုင်းခြား ဖော်ပြသွားပါမယ်။ ဒီလိုဖော်ပြတဲ့အခါ ဖြစ်ပျက်ခဲ့သမျှ အစုံအလင်တော့ ပါနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်ဖွား Think Tank အဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ကနေ အထူးပြုလေ့လာတင်ပြနေတဲ့ (က) ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ၊ (ခ) တရုတ်ရေးရာလေ့လာမှုနဲ့ (ဂ) နိုင်ငံရေးဘောဂဗေဒ စတဲ့နယ်ပယ်သုံးရပ်မှာ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း ဖြန့်ချိခဲ့တာတွေအပေါ် အခြေခံကောက်နုတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတနှစ်အတွင်း ISP-Myanmar က ဘာတွေလုပ်ခဲ့သလဲ၊ ISP-Myanmar ရဲ့တင်ပြမှုတွေထဲမှာ ဘယ်လိုအကြောင်း အရာတွေကို စာဖတ်သူတွေ စိတ်ဝင်စားခဲ့ကြသလဲ ဒါတွေကိုလည်း ပြောပြချင်ပါတယ်။

၂၀၂၄ ခုနှစ်ကို ကူးပြောင်းမယ့် ဒီနှစ်ကူးကာလမှာ မြန်မာနိုင်ငံသားတွေအပါအဝင် ကမ္ဘာ့လူထုတွေအတွက် မေတ္တာတရား၊ ငြိမ်းချမ်းခြင်းနဲ့ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေ ထွန်းကားပါစေ။ သောကဗျာပါဒ ဘေးမသန်းဘဲ အေးချမ်းရှိကြပါစေ။



ISP-Myanmar က ဖော်ပြခဲ့တဲ့ အကြောင်းအရာ ၂၃၈ ခုကို အခြေခံပြီး

(၁) နိုင်ငံရေးချို စစ်ရေးပို
(၂) စစ်ပန်းပွင့်ချိန်
(၃) တရုတ်ခြေလှမ်း အကွက်ဆန်း
(၄) လူမှုဒုက္ခ တွင်းဆုံးကျ
(၅) ဥတုကပ်ဘေးရိုက်ခတ်မှု

စသဖြင့် ခေါင်းစဉ်ခွဲ ငါးခု ပိုင်းခြားပြီး ဆက်လက်တင်ပြပါမယ်။



၁။ နိုင်ငံရေးချို စစ်ရေးပို

အာဏာသိမ်းမှုအလွန် သုံးနှစ်နီးပါး ရောက်လာချိန်အထိ လူထုထောက်ခံမှု ကင်းမဲ့ခြင်းနဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း အကျပ်အတည်း (Legitimacy Crisis) ကို စစ်ကောင် စီဟာ ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်နိုင်ခြေရှိတာကို ဖြစ်တန်ခြေအကဲဖြတ်ချက် တခုအဖြစ် ISP-Myanmar က ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖော်ပြခဲ့ပါတယ်။၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီဟာ သက်တမ်းနှစ်ကြိမ်တိုးတာနဲ့အတူ စစ်အုပ်ချုပ်ရေးမြို့နယ်တွေ ထပ်တိုးရင်း စစ်၀င်္ကပါထဲ ဇွတ်တိုးဝင်ခဲ့ပါတယ် (ISP OnPoint အမှတ်-၁၂ ကို ရှုပါ)

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ချိန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ‘ မြေအုတ်တို့ ပြိုလေရာ’ ခေါင်းစဉ်နဲ့ ဖြန့်ချိခဲ့တဲ့ ISP Insight Email အထူးဖော်ပြချက်မှာ အာဏာသိမ်းအကျိုးဆက် ဆုတ်ယုတ်မှု ခုနစ်ခုအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီအထဲမှာ ‘ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာတာ’ ကို ထောက်ပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်အတွင်း အစိုးရနှစ်ဆက် အကောင်အထည်ဖော်ခဲ့တဲ့ ‘ နိုင်ငံရေးပြဿနာများအား စားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေးအဖြေရှာရေးမူ’ ပျက်သုဉ်းခဲ့သလို စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်လည်း နေရာအနှံ့အပြားမှာ ‘ လက်နက်ကိုင်တော်လှန်မှုမှလွဲ၍ အခြားရွေးစရာ မရှိ’ တဲ့ အခြေအနေဖြစ်လာတယ်၊ အကျိုးဆက်အဖြစ် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်းရှိလာတာကို ပြောပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ကုန်ဆုံးချိန်မှာ မြန်မာ့နိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အခြေ အနေဆီပြန်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ တခါ ‘ စစ်ဆင်ရေး ၁၀၂၇’ ကလည်း မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလို ဖြစ်ခဲ့ပါပြီ။ နိုင်ငံရေးအာဏာစက်အရနဲ့ နယ်မြေစုဖွဲ့မှုအရ လက်ရှိမြန်မာနိုင်ငံရဲ့တည်ဟန် (Extant Configuration of Political Power and Territorial Integrity of Myanmar Polity) ဟာ ပိုနေမြဲကျားနေမြဲ ရှိရင်းစွဲအထိုင်ကို ပြန်လမ်းမရှိ ကျော်လွန်သွားခဲ့ပါပြီ (ISP OnPoint အမှတ်-၁၉ ကို ရှုပါ)

ဒီလိုအချိန်မျိုးမှာတောင် စစ်ကောင်စီဟာ မသေချာတဲ့ ရွေးကောက်ပွဲကတိကဝတ်ထဲ ပိတ်မိနေတုန်းပါ။ ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် OnPoint အမှတ်-၁၉ မှာ ဆိုထားတဲ့အတိုင်း (စစ်ရေးမှာလည်း) အရူးမီးဝိုင်းအခြေအနေအောက်မှာ အင်အားတွေကို ဖြန့်ကြက်ထားရတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားအများစုဟာ မုန့်လေပွေလို အဝှန့်ကျယ်ပြီး အပြားပါးပါးသာရှိတော့တဲ့ ကြွပ်ဆတ်ကျိုးလွယ် အနေအထားမျိုး ရောက်ခဲ့ပါတယ်။ တဖက် မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားပေမဲ့ ဘယ်အချိန်လုပ်မယ်ဆိုတာလည်း မပြောနိုင်ပါဘူး။ စစ်ကောင်စီဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲကို နိုင်ငံတဝန်း အကြားအလပ်မရှိ လုပ်မယ်လို့ ပြောလေ့ရှိပါတယ်။ အခုလို မြို့နယ် ၅၅ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့အနေအထားမှာ အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အထောက်အထားမျိုး မမြင်ရပါဘူး။

အရင်ကပြောကြသလို ‘ စစ်ရေးချိုလို့ နိုင်ငံရေးပို’ မယ့်အစား ‘ နိုင်ငံရေးချိုလို့ စစ်ရေးပို’ လာတဲ့အခါ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကလည်း ကွယ်ပျောက်လုနီးနီး ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းပြီး မှတ်ပုံတင် အသစ်ပြန်လျှောက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပါတယ်။ ပါတီတွေအနေနဲ့ ပါတီဝင်အင်အားတသိန်း စုဆောင်းရမယ်၊ ငွေကြေးနောက်ခံ ကျပ်သိန်း ၁‚၀၀၀ ကို ဘဏ်မှာ စာရင်းပြရမယ်ဆိုတာတွေက နိုင်ငံရေးပါတီတွေ ခုန်ကျော်ရမယ့် ဘားတန်းကို မြှင့်လိုက်သလိုပါပဲ။ အဲဒါအပြင် လုံခြုံရေးမကောင်းလှတဲ့ အခုလိုကာလမှာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးရမယ့်ပါတီတွေဟာ နိုင်ငံအတွင်းက မြို့နယ်ထက်ဝက် (အနည်းဆုံး မြို့နယ် ၁၆၅ ခု) မှာ ရုံးခန်းတွေ ဖွင့်လှစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိနေပါတယ်။

NLD အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို သမိုင်းအစဉ်အလာကြီးတဲ့ ပါတီကြီးတွေက ပြန်လည်မှတ်ပုံမတင်ခဲ့ပါဘူး။ ဖိနှိပ်မှု၊ တင်းကျပ်မှုအပြည့်နဲ့ စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေကို လက်ဝေခံ၊ အသုံးချခံအဖြစ် ချိုးနှိမ်ဆက်ဆံထားတာ၊ တတိုင်းပြည်လုံးအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရ၊ စစ်မီးတောက်နေချိန်မှာ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ SNLD ရဲ့ ဆုံးဖြတ် ချက်ကလည်း စစ်အာဏာရှင်စနစ်ကို တရားဝင်မှု (Legitimacy) မပေးဘဲ ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့တဲ့ သဘောမျိုးပါပဲ (ISP OnPoint အမှတ်-၁၃ ကို ရှုပါ)။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လက်တွေ့လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုအခြေအနေအရ မဖြစ်နိုင်သလို လိုအပ်တဲ့ အနိမ့်ဆုံးကြန်အင်လက္ခဏာအရပါ လက်ခံနိုင်စရာမရှိပါဘူး။



စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်ကို ‘ ငြိမ်းချမ်းရေးနှစ်’ သတ်မှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်မှာလုပ်မယ်လို့ကြံစည်ထားတဲ့ နိုင်ငံရေး အစီအစဉ်တွေကလည်း ပိုလို့တောင် မအောင်မြင်ပါဘူး။ ငြိမ်းချမ်းရေးက ခရီးမရောက်ခဲ့တဲ့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာကျရောက်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရှစ်နှစ်မြောက် အခမ်းအနားကလည်း သင်္ကြန်အမြောက်လိုသာ ဖြစ်ခဲ့ပါတယ်။ မလုပ်ခင်မှာတော့ တမူထူးခြားတဲ့အနှစ်သာရနဲ့ ကျင်းပမယ်လို့ ဆိုခဲ့ပေမဲ့ အင်အားစုအစေ့အစုံ မတက်ခဲ့သလို နိုင်ငံရေးအရ ထူးခြားမှုကိုလည်း မဖော်ဆောင်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက NCA ဟာ လုံးလုံးလျားလျား အပိတ်ဖြစ်သွားပါပြီ။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ တွေ့ဆုံကြတာရှိခဲ့ပေမဲ့ အောက်တိုဘာလမှာ ပေါ်ပေါက်လာတဲ့ ‘ စစ်ဆင်ရေး ၁၀၂၇’ ဟာ မိုင်းလားဆွေးနွေးပွဲ မအောင်မြင်ခဲ့တာကို ပြသနေပါတယ် (ISP Insight Email အမှတ်-၁၆ ကို ရှုပါ)

စစ်ကောင်စီအဖွဲ့တွင်း ညီညွတ်ရေးကလည်း အေးဆေးပြေလည် ရှိမနေခဲ့ပါဘူး။ အာဏာ သိမ်း နှစ်နှစ်ခွဲကာလအတွင်းမှာတင် စစ်ကောင်စီကို ပြန်ဖွဲ့ရတာ လေးကြိမ်ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် တနှစ်တည်းမှာတင် သုံးကြိမ်အထိ အပြောင်းအလဲလုပ်ခဲ့ရပါတယ်။ ကောင်စီဝင် အရပ်သားတွေ မကြာခဏဖယ်ရှားခံခဲ့ရသလို မန်းငြိမ်းမောင်တဦးတည်းပဲ နေရာမြဲခဲ့ပါတယ်။ စစ်ဘက်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ လက်ရုံးတွေလို့ဆိုနိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ဖယ်ရှားခဲ့ပါတယ် (ISP Insight Email အမှတ်-၂၄ ကို ရှုပါ)။ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ သူ့လက်ရုံးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုအပါအဝင် အဂတိလိုက်စားမှုတွေအတွက် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း အဂတိမှုတွေနဲ့ အရေးယူခဲ့ပါတယ်။ သူတို့နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄၀၀ ကျော်လည်း ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။ သုံးနှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ စစ်အစိုးရ အုပ်ချုပ်ရေး ရာထူးတာဝန်တွေ ဖြုတ်ထုတ်နီးပါးလည်း မနည်းပါဘူး။



တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံမှုရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းတွေထုတ်ခဲ့ပေမဲ့ နိုင်ငံရေးအရ ဖြစ်ထွန်းတိုးတက်မှု ဘာတခုမှမရှိခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ဒွန်ပရာမုဒ်ဝိနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးတွေ့ခွင့်ရတဲ့ နိုင်ငံတကာသံတမန်ဖြစ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအပြီး ဒွန်က မြန်မာနိုင်ငံမှာ ပဋိပက္ခနှစ်ခုရှိတယ်၊ အရပ်ဘက်–စစ်ဘက် ဆက်ဆံရေး နိုင်ငံရေးပဋိပက္ခနဲ့ (လွတ်လပ်ရေးနဲ့အတူပါလာတဲ့) လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်၊ နိုင်ငံရေးပဋိပက္ခ (ဖြေရှင်းရေး)က အဓိကဖြစ်ပြီး ကျန်တာတွေက ဒုတိယဆိုတဲ့ နိုင်ငံရေးစတိုရီဇာတ်ကြောင်းတခုကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အရင်းခံပြဿနာဟာ ပြည်ထောင်စုကြန်အင်လက္ခဏာ မတည်ဆောက်နိုင်ခဲ့တဲ့ပြဿနာ (Nation-Building Failure) ဖြစ်တာကြောင့် ဒွန်အဆိုပြုတဲ့ စစ်ဘက်–အရပ်ဘက် ပဋိပက္ခဖြေရှင်းရေးကို အရင်းခံပြဿနာ ရေသောက်မြစ်အကြောင်းတရားနဲ့ မချိတ်ဆက်နိုင်ဘူးဆိုရင် မြန်မာ့နိုင်ငံ ရေးဟာ အဆိုးကျော့သံသရာကနေ ရုန်းထွက်ဖို့ ခက်နိုင်တာမို့ သတိပြုရမယ့် ကိစ္စတခု ဖြစ်ခဲ့ပါတယ် (ISP OnPoint အမှတ်-၁၆ ကို ရှုပါ)


၂။ စစ်ပန်းပွင့်ချိန်

၂၀၂၃ ခုနှစ်မှာ ‘ စစ်ကိုအလှည့်ပေးခြင်း’ က ပိုထင်ရှားလာသလို စစ်ဆိုတဲ့ငရဲပန်းကို ရွှေပန်းအဖြစ် ပုံခိုင်းတာလည်း ပီပြင်လာပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို ‘ ပြည်သူ့ခုခံစစ်ပွဲ’ ဆင်နွှဲဖို့ ကြေညာလိုက်တဲ့ အခါ မြန်မာ့တော်လှန်ရေးဟာ ပထမဆုံးအလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ‘ စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲလိုက်ချိန်မှာ မြန်မာ့တော်လှန်ရေးဟာ ဒုတိယမြောက် အလှည့်အပြောင်း ဖြစ်ခဲ့တယ်လို့ ISP-Myanmar က ယူဆပါတယ်။ စစ်ရေးရှုထောင့် ချုပ်ပြောရင် ‘ စစ်ဆင် ရေး ၁၀၂၇’ ဟာ စစ်ကောင်စီရဲ့ ဟန်ကိုယ့်ဖို့ဖုံးကွယ်ထားတာကို ခပ်ဆတ်ဆတ် ဆွဲလှန်လိုက်သလို မြန်မာစစ်တပ်ရဲ့ ရေတိုစစ်ရေးအကျပ်ဆိုက်မှုကို အရှင်းမြင်သာလာပါတယ်။ တခါ အလယ်အလတ်ကာလကိုကြည့်ရင်လည်း စစ်ကောင်စီဟာ နိုင်ငံရေးမှာလည်း ထွက် ပေါက်မရှာနိုင်၊ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတာ သတိပြုမိနိုင်ပါတယ် (ISP OnPoint အမှတ်-၁၉ ကို ရှုပါ)။ အခုအခြေအနေဟာ ‘ တိုင်းပြည်ပြိုကွဲသွားနိုင်တယ်’ လို့ စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်ကုန်ချိန်အထိ စစ်ကောင်စီဘက်က ဆုံးရှုံးသွားတဲ့တပ်စခန်းတွေကို ပြန်လည် ရယူနိုင်တာ မရှိသေးသလို၊ ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် တော်လှန်ရေးတပ်တွေ သိမ်းယူထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း လက်လွှတ်ထားရဆဲ ဖြစ်ပါတယ်။

‘ စစ်ဆင်ရေး ၁၀၂၇’ နဲ့ ပတ်သက်ရင် ကနဦးသုံးသပ်ချက် (ISP OnPoint) အမှတ်-၁၉ မှာ ဆိုထားသလိုပဲ ညီနောင်သုံးဖွဲ့အနေနဲ့ ကျေနပ်လောက်ဖွယ် နယ်မြေသိမ်းပိုက်နိုင်မှု၊ ထပ်ဆင့်ဩဇာစက်ဝန်းလွှမ်းမိုးနိုင်မှု (Sphere of Influence)၊ စီးပွားရေးအရ အရေးပါတဲ့ဒေသနဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်မှုရှိပြီဆိုရင် ‘ စစ်ဆင်ရေး ၁၀၂၇’ ဟာ အကန့်အသတ်နဲ့ အရှိန်ကျကောင်း (ဝါ) ရပ်ကောင်းရပ်သွားနိုင်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ‘ ၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က (သီးသန့်စစ်ရေးနဲ့ နိုင်ငံရေးဦးတည်ချက်တွေအရမဟုတ်ဘဲ) ညှိနှိုင်းပေါင်းစပ်မှုရှိရှိနဲ့ ပါဝင်ဆင်နွှဲလာမယ်ဆိုရင် အဆုံးသတ်စစ်ပွဲ (Total War) ကို ရှေးရှုသွားနိုင်ခြေရှိပါတယ်။ UWSA လို၊ KIA လို အဖွဲ့ကြီးတွေက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကလည်း စစ်ဆင်ရေးက အချက်ပေးတဲ့ (Signaling Effects) တွေထဲမှာ အရေးအကြီးဆုံး စောင့်ကြည့်ရမယ့်အချက်ဖြစ်နိုင်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ညီနောင်သုံးဖွဲ့နဲ့ EAOs ကြီးတွေအနေနဲ့ အသီးသီးအသက ဦးတည်ချက် အကန့်အသတ်နဲ့ပဲ ပါဝင်ပြီး (တရုတ်ဖိအားအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်) ကိုယ် ရှိန်သတ်ကြမယ်ဆိုရင်တောင် သူတို့နဲ့ချိတ်ဆက်နေတဲ့၊ သူတို့ လွှမ်းမိုးမှုစက်ဝန်းထဲမှာရှိတဲ့ PDF၊ LDF စတဲ့ အဖွဲ့တွေကို ဆက်တိုက်ပွဲဝင်ဖို့ နောက်ကနေ မျိုးစုံ ပံ့ပိုးကူညီ အားပေးနေနိုင်ပါတယ်။ ဒီလိုအားပေးခြင်းက မြန်မာစစ်တပ်ကို အနားမရအောင်၊ ပိုအားနည်းအောင် လုပ်နိုင်မယ့် မဟာဗျူဟာမို့ ‘ စစ်ဆင်ရေး ၁၀၂၇’ ကတဆင့်​ အဆုံးသတ်စစ်ပွဲ (Total War) ကို မရှေးရှုဘူးဆိုရင်တောင် တာရှည်စစ်ပွဲ (Protracted War) အဖြစ်တော့ အကျိုးဆက်ဖွယ်ရှိပါတယ်။



ISP-Myanmar က စုစည်းထားတဲ့ ဒေတာအချက်အလက်တွေအရ အာဏာသိမ်းအလွန် သုံးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၂၁ မြို့နယ်ထက်မနည်း (၆၇ ရာခိုင်နှုန်း) မှာ တိုက်ပွဲ ၁၂,၅၉၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့နယ် ၂၂၁ မြို့နယ်ရဲ့ ပဋိပက္ခပြင်းထန်သက်ရောက်မှု အခြေအနေကို အညွှန်းကိန်းသုံးခုနဲ့ ISP-Myanmar က လေ့လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေကို လုံခြုံရေးအညွှန်းကိန်း (မြို့နယ်အလိုက် တိုက်ပွဲအကြိမ်အရေအတွက်)၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ် အတည်းအညွှန်းကိန်း (မြို့နယ်အလိုက် နေရပ်စွန့်ခွာဒုက္ခသည်အရေအတွက်)နဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အညွှန်းကိန်း (မြို့နယ်အလိုက် ရဲစခန်း ဖွင့်၊ မဖွင့်၊ အထွေထွေအုပ်ချုပ်ရေးရုံးတွေ လည်ပတ်ခြင်း ရှိ၊ မရှိ၊ ရေပေး၊ မီးပေး အခြေခံဝန်ဆောင်မှုတွေ ရှိ၊ မရှိ ဆိုတာနဲ့ အစိုးရဝန်ထမ်းတွေ လစာ ရ၊ မရ) အပေါ်မှာ အခြေခံပြီး ပဋိပက္ခတွေရဲ့ ပြင်းထန်သက်ရောက်မှု မြင့်မား သို့မဟုတ် နည်းပါး စသဖြင့် အဆင့်ခွဲခြား သတ်မှတ်လေ့လာခဲ့ပါတယ်။ ၂၂၁ မြို့နယ်ထဲမှာ လုံခြုံရေးအညွှန်းကိန်းအရ ပြင်းထန်သက်ရောက်မှု မြင့်မားတဲ့ မြို့နယ် ၁၄၁ မြို့နယ်ရှိပြီး ပြင်းထန်သက်ရောက်မှုနည်းပါးတဲ့ မြို့နယ်အရေအတွက် ၈၀ ရှိပါတယ်။ ၂၂၁ မြို့နယ်ထဲမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း အညွှန်းကိန်းအရ ပြင်းထန်သက် ရောက်မှု မြင့်မားတာ ၄၅ မြို့နယ်ရှိပြီး ပြင်းထန်သက်ရောက်မှုနည်းပါးတဲ့ မြို့နယ်အရေ အတွက် ၉၂ မြို့နယ် ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားနေပေမဲ့ အမြဲ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်မရှိတဲ့မြို့နယ်က ၈၄ မြို့နယ်ဖြစ်ပါတယ်။ ၂၂၁ မြို့နယ်ထဲမှာ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာအညွှန်းကိန်းအရ ပြင်းထန်သက်ရောက်မှု မြင့်မားတာ ၅၇ မြို့နယ်ရှိပြီး ပြင်းထန်သက်ရောက်မှုနည်းပါးတဲ့ မြို့နယ်အရေအတွက် ၁၆၄ မြို့နယ်ရှိပါတယ်။ ISP-Myanmar က လေ့လာခဲ့တဲ့ လုံခြုံရေးအညွှန်းကိန်းပေါ် အဓိကအခြေခံပြီးတွက်ရင် မြန်မာစစ်တပ်ဟာ တိုင်းပြည်ရဲ့ ၄၃ ရာခိုင်နှုန်းလောက်ကို ထိထိမိမိ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာ ပေါ် လွင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ပိုများလာဦးမယ့်သဘော ရှိပါတယ်။





၃။ တရုတ်ခြေလှမ်း အကွက်ဆန်း

၂၀၂၃ ခုနှစ် အတွင်း မြန်မာ့အရေး နိုင်ငံတကာရဲ့ ကိုင်တွယ်မှုတွေထဲမှာ ‘ ပထဝီနိုင်ငံရေးအားပြိုင်မှုအပေါ် ချိန်ညှိတဲ့ စဥ်းစားချက်’ တွေ လွှမ်းမိုးနေခဲ့ပါတယ်။ မြန်မာ့အရေးအပေါ် အာဆီယံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကို ဒီအပိုင်းမှာ အဓိကထားဖော်ပြပါမယ်။ မြန်မာ့အရေးအတွက် အာဆီယံက တူညီဆန္ဒငါးရပ် (5PC) ကိုပဲ ဆက်လက်ကိုင်စွဲခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို တွန်းအားပေးနိုင်ခြင်းမရှိပါဘူး။ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဥက္ကဋ္ဌကို တက်ခွင့်မပေးတာကလွဲလို့ အခြေခံအကျဆုံးဖြစ်တဲ့ လူ သားချင်းစာနာမှု အကူအညီကိုတောင် ထိထိရောက်ရောက် မလုပ်ပေးနိုင်ပါဘူး။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ (Deadlock) အခြေအနေအတွက် ဆုံးဖြတ်ချက်တခုမှ မချမှတ်နိုင်ခဲ့ပါဘူး။

၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားက မြန်မာ့အရေးဖြေရှင်းရာမှာ စည်းလုံးညီညွတ်ကြဖို့ အာသီသရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ချဥ်းကပ်မှုက မြန်မာ့အကျပ် အတည်းဟာ ပြည်ထောင်စုတည်ဆောက်ရေး အရင်းခံပြဿနာ (Failure of State-Building and Nation-Building) အဖြစ် မီးမောင်းထိုးပြခဲ့ပြီး နေပြည်တော်မှာတင် လမ်းဆုံးမနေဘဲ အားလုံးပါဝင်နိုင်ရေးမူကို ကိုင်စွဲခဲ့ပါတယ် (ISP OnPoint အမှတ်-၁၆ ကို ရှုပါ)။ ရှေ့မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့ လျှောက်ခဲ့တဲ့လမ်းကနေ ခွဲထွက်ခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ သူ့ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွင်း စစ်ကောင်စီ အပါအဝင် မြန်မာဘက်က ဘက်စုံအသိုက်အဝန်းနဲ့ တွေ့ဆုံမှု အကြိမ်ရေ ၁၈၀ ကျော်ရှိခဲ့ပါတယ်။ မြန်မာ့အကျပ်တည်းဟာ အချိန်ယူဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးကိုင်တွယ်မှုမှာ အာဆီယံအဖွဲ့တွင်း သဘောထားကွဲလွဲမှု ကြီးခဲ့ပါတယ်။ ဥပမာ- မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုက တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ကုလသမဂ္ဂအပါအဝင် အာဆီယံအပေါင်းချဥ်းကပ်မှု (ASEAN Plus Approach) ကနေ သွေဖည်သွားခဲ့ပါတယ်။ တစိတ်တပိုင်း အာဆီယံချဥ်းကပ် မှု (ASEAN Minus) ဆီ ဦးတည်သွားခဲ့ပြီး အာဆီယံဗဟိုပြုချဥ်းကပ်မှု (ASEAN Centrality) အကျပ်အတည်းဆိုက်ခဲ့ပါတယ်။



တဖက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာ့အရေးကိုင်တွယ်ရာမှာ အာဆီယံကို ရှေ့တန်းတင်ထားရာကနေ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းသံတမန်ရေးအားထုတ်မှု (Neighborhood Diplo-macy) ကိုလည်း အားပေးခဲ့ပါတယ် (ISP Insight Email အမှတ်-၁၇ ကို ရှုပါ)။ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းတဲ့နည်း (Bilateral Approach) အပြင် အိမ်နီးချင်းနိုင်ငံစုံပါဝင်တဲ့ ချဉ်းကပ်မှု (Multilateral Approach) နည်းကိုပါ အသုံးချတွန်းလုပ်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းခဲ့ပြီး အလွတ်သဘော Track 1.5 အစည်းအဝေးတွေကတဆင့် အဖြေရှာဖို့လည်း လုပ်ခဲ့ပါတယ်။ Track 1.5 နည်းကို အိန္ဒိယနိုင်ငံကလည်း စိတ်ဝင်စားခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတကြိမ်၊ ဧပြီလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတကြိမ် လုပ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ မြန်မာ့အရေးအဖြေရှာကြရာမှာ အရင်က အနောက်နိုင်ငံတွေ လုပ်ဆောင်နေတဲ့အလွှာ၊ အာဆီယံက လုပ်ဆောင်နေတဲ့ အလွှာဆိုပြီး ရှိခဲ့ရာက တရုတ်နိုင်ငံက ဦးဆောင်ပြီးလုပ်တဲ့ အိမ်နီးချင်းသံတမန်ရေးအားထုတ်မှု (Neighborhood Diplomacy) အလွှာဆိုပြီး ထပ်တိုးလာခဲ့ပါတယ် (Insight Email အမှတ်-၂၀ ကို ရှုပါ)။ တရုတ်နိုင်ငံရဲ့ ချည်းကပ်မှုပုံစံသစ်ဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ ဘယ်နည်းလမ်းနဲ့မှ အလုပ် ဖြစ်မနေတဲ့ စစ်ကောင်စီကို ထွက်ပေါက်လှအောင် ဒုတိယအခွင့်အရေး ပေးတဲ့ပုံစံမျိုးပါပဲ။ ဒီလိုချဉ်းကပ်ပုံတွေဟာ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေ (NDAA) မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြောင်းအချက်တွေရဲ့ သက်ရောက်မှုအပေါ် တုံ့ပြန်တယ်ဆိုတာက အစိတ်အပိုင်းတခုသာဖြစ်နိုင်ပြီး၊ မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံက ပိုမိုခြေရှုပ်လာတာကို ထိန်းချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ် (ISP OnPoint အမှတ်-၁၄ ကို ရှုပါ)

တရုတ်နိုင်ငံဟာ နိုင်ငံတကာမှာအထီးကျန်နေတဲ့ စစ်ကောင်စီကို သူ ဦးဆောင်နေတဲ့ ဒေသတွင်းအစီအမံတွေကတဆင့် စင်တင်ပေးခဲ့ပါတယ်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC)၊ ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (RCEP) နဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံ (ILSTC) တွေအတွက် ပြင်ဆင်မှုတွေကိုလည်း ကြည့်နိုင်ပါတယ်။ အဲဒီအစီအမံတွေက နဂိုရှိထားပြီးဖြစ်တဲ့ ‘Y’ ပုံသဏ္ဌာန် စီးပွား ရေးစင်္ကြံရဲ့ တည်ဟန်ကို ပြောင်းလဲပစ်ပြီး မြန်မာဟာလည်း တရုတ်ရဲ့ ဒေသတွင်းလွှမ်းမိုးရေး အစီအမံအောက်မှာ အဓိကကျတဲ့ နိုင်ငံတခုဖြစ်ခဲ့ပါတယ် (ISP Mapping အမှတ်-၁၀ ကို ရှုပါ)။ တချိန်တည်းမှာ မြန်မာနိုင်ငံအတွင်းက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကျိုးစီးပွားတွေ ထိခိုက်မှုမရှိအောင် တရုတ်ဩဇာလွှမ်းမိုးမှုရှိတယ်လို့ အညွှန်းခံရလေ့ရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေ (EAOs) ကတဆင့် ထိန်းချုပ်ကန့်သတ်ရေးမူ (Containment Policy) ကို ကျင့်သုံးခဲ့ပါတယ် (ISP Mapping အမှတ်-၁၇ ကို ရှုပါ)။ ဒါ့အပြင် သူ့ရဲ့ ဗျူဟာမြောက်အကျိုးစီးပွားတွေ ထိခိုက်မှုမဖြစ်အောင် ပဋိပက္ခနဲ့ခွာခြင်း (Decoupling Strategy) လုပ်ဆောင်ချက်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) မစ္စတာချင်ကန်းအပါအဝင် တရုတ်ထိပ်ပိုင်းခေါင်း ဆောင်တွေရဲ့ နေပြည်တော်ခရီးစဉ်တွေကလည်း ၂၀၂၃ ခုနှစ်အတွင်း ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။ မစ္စတာချင်ကန်းက သူ့ခရီးစဉ်မှာ စစ်ကောင်စီခေါင်းဆောင်တွေအပြင် စစ်တပ်အကြီးအကဲဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ပါ တွေ့ခဲ့တာ ထူးခြားပါတယ်။ သူတို့ရဲ့ နေပြည်တော်ခရီးစဉ်တွေမှာ နှစ်နိုင်ငံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေအပေါ် ဆွေးနွေးခြင်းသာမကဘဲ အွန်လိုင်းလောင်းကစား (ကျားဖြန့်) နှိမ်နင်းရေး တိုက်တွန်း မှုတွေလည်း ပါဝင်ပါတယ် (ISP Explainer အမှတ်- ၂ ကို ရှုပါ)



၂၀၂၃ ခုနှစ် ဩဂုတ်လ နှောင်းပိုင်းရောက်ချိန်မှာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးကို အကြောင်းပြုပြီး မြန်မာနယ်နိမိတ်အတွင်း ဘေဂျင်းအစိုးရကိုယ်တိုင် လူဖမ်းပွဲတွေကို ကိုင်တွယ်ခဲ့ပါတယ်။ တဆက်တည်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေရဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်လာပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ ဟာ တရုတ်အစိုးရ အကျိုး စီးပွားနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ လိုလားချက် ထပ်တူကျခဲ့တာမို့ အပြောင်းအလဲတွေ မြန်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ လိုလားချက်ဟာ ကျားဖြန့်အမြစ်ဖြတ်နှိမ်နင်းရေးနဲ့ ရှမ်းမြောက်ဒေသအတွင်း အာဏာချိန်ခွင်လျှာ အပြောင်းအလဲ (Power Reconfiguration) အသစ်ပြန်ဖြစ်ရေးသာဖြစ်ပြီး နေပြည်တော်အထိပါ အာဏာချိန်ခွင်လျှာ အပြောင်းအလဲဖြစ်သွားမှာကိုတော့ လိုလားပုံမရပါဘူး (ISP OnPoint အမှတ်-၁၈ ကို ရှုပါ)။ ဒါကြောင့် ‘ စစ်ဆင်ရေး ၁၀၂၇’အရှိန်မြင့်လာချိန်မှာ တရုတ်နိုင်ငံဘက်က ကြားဝင်မှုရှိလာခဲ့ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးခဲ့သလို အပစ်ရပ်ကြဖို့ကို ဖိအားပေးခဲ့ပါတယ် (ISP Explainer အမှတ်-၉ ကို ရှုပါ)


၄။ လူမှုဒုက္ခ တွင်းဆုံးကျ

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကမ္ဘာတ၀န်း စီးပွားရေးထိခိုက်ခဲ့ကြရာမှာ နိုင်ငံများစွာဟာ ၂၀၂၃ ခုနှစ်အတွင်း ပြန်ပြီးနာလန်ထနိုင်ခဲ့ကြပါပြီ။ မြန်မာနိုင်ငံကတော့ နာလန်မထူနိုင်တဲ့အပြင် လူမှုစီးပွားဘ၀ တွင်းဆုံးကျနေတယ်လို့တောင် ပြောရပါမယ်။ စီးပွားရေးတိုးတက်မှုနှုန်းကလည်း အားရစရာမရှိပါဘူး။ ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးမှာထုတ်ပြန်ခဲ့တဲ့ အစီ ရင်ခံစာအရ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက (၂၀၂၄ ခုနှစ် မတ်လအထိ) တစ်ရာခိုင်နှုန်းပဲ ရှိပါမယ်။ ကိုဗစ်-၁၉ မတိုင်ခင်က စီးပွားရေးတိုးနှုန်းကို ပြန်မရောက်တဲ့ တခုတည်းသော နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်ရှိနေပါတယ် (ISP Insight Email အမှတ်-၂၉ ကို ရှုပါ)

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပြချက်တွေထဲမှာ ပဋိပက္ခ ကျယ်ပြန့်ထိခိုက်လာတာတွေ၊ မြင့်မားလာတဲ့ ကုန်စည်သယ်ပို့စရိတ်တွေ၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာစည်းမျဉ်း ကျပ်တည်းမှုတွေအပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေက စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုပြီးဖိစီးနေတာတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း စီးပွားရေးလုပ်ငန်း ညွှန်းကိန်းတွေက ပိုဆိုးခဲ့ပါတယ်။ မြန်မာ့စီးပွားရေးအကျပ်အတည်းက ၂၀၂၃ ခုနှစ်မှာ ပိုပြီးသိသာလာပါတယ်။ မြင်သာတာက လူတွေဟာ စက်သုံးဆီဆိုင်တွေမှာ အတန်းရှည်ကြီးစီလို့ စောင့်ဆိုင်းရတာတွေ ဖြစ်ခဲ့သလို၊ အခြေခံလူထုတွေကလည်း စားအုန်းဆီကို သက်သာတဲ့ဈေးနဲ့ ဝယ်ခွင့်ရဖို့ တန်းစီစောင့်ဆိုင်းရတာတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တုန်းက ‘မြေအုတ်တို့ ပြိုလေရာ’ ခေါင်းစဉ်နဲ့ ဖြန့်ချိခဲ့တဲ့ ISP Insight Email အထူးဖော်ပြချက်မှာ ဆိုခဲ့သလို ကျပ်ငွေတန်ဖိုးက ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကျော်အထိ ဆက်လက်ကျဆင်းခဲ့ပါတယ်။ စားသုံးသူစျေးဆနှုန်းကိန်း (CPI) ဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယပတ်ကာလမှာတင် အရင်ဘဏ္ဍာနှစ် နောက်ဆုံးကာလထက် ပိုမြင့်မားလာပြီး ၂၂၀ ရာခိုင်နှုန်းအထက် ဖြစ်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းရော ကုန်စျေးနှုန်းပါ မြင့်မားခဲ့တာပါ။ တချို့ပစ္စည်းတွေ ပြတ်လတ်ခဲ့ပါတယ်။ စစ်ကောင်စီလက်ထဲမှာ နိုင်ငံခြားငွေလက် ကျန် နည်းပါးလာတဲ့လက္ခဏာကိုတွေ့ရပြီး နိုင်ငံခြားငွေရရှိရေးအတွက် နည်းပေါင်းစုံနဲ့ ကြိုးပမ်း နေတာတွေကို မြင်လာရပါတယ်။ နိုင်ငံတကာ ဖိအားတွေထက်စာရင် စစ်ကောင်စီရဲ့ စီမံခန့် ခွဲမှုအလွဲတွေကြောင့် ‘ဆေးကြောင့်ပိုလေး’တာကို မြင်တွေ့နေရပါတယ်။



ISP-Myanmar ရဲ့ လူမှုစီးပွားအခြေအနေပြစစ်တမ်း တွေ့ရှိချက်တွေအရလည်း လူ့အဖွဲ့ အစည်း အတွင်း ‘ သရောကြီးခိုင်းနေပြီ’ မဆိုနိုင်သေးပေတဲ့ ဒုက္ခမျိုးစုံနဲ့ ပိုပိုဆိုးလာတဲ့ ငတ်မွတ်ခေါင်း ပါး အူဟောင်းလောင်းဖြစ်သူတွေ များလာတာကို မြင်နေရပါတယ် (ISP Insight Email အမှတ်-၂၈ ကို ရှုပါ)။ နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဒုက္ခတွေထဲမှာ ကုန်စျေးနှုန်းကြီးမြင့်မှုက ရှေ့ဆုံးက ဖြစ်နေပြီး၊ မီးပြတ်တာနဲ့ စိတ်မလုံခြုံတာတွေလည်း ဖိစီးလေးလံနေပါတယ်။အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာ၊ သဘာ၀ဘေးအန္တရာယ်နဲ့ စစ်ရှောင်ရတာတွေအပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေပြတ်လပ်တာတွေကိုလည်း ပိုပြီးရင်ဆိုင်လာရပါတယ်။ နေရာအနှံ့ လက်တကမ်းမှာတင် မူးယစ်ဆေးတွေကို အလွယ်တကူ ဝယ်ယူသုံးစွဲခွင့်ရလာကြသလို နိုင်ငံတဝန်းမှာ လောင်းကစားနွံထဲ နစ်မွန်းသူတွေ ပိုများလာတာကိုလည်း မြင်တွေ့ နေရပါတယ် (ISP Insight Email အမှတ်-၂၂ နှင့် အမှတ်-၂၃ တို့ကို ရှုပါ)။ နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း ၃၃၀ အနက်က သုံးပုံတပုံဖြစ်တဲ့ မြို့နယ် ၁၁၀ ရဲ့ လူမှုစီးပွားအခြေအနေကို သိနိုင်ဖို့ ISP-Myanmar က လစဥ် စစ်တမ်း ပြုလုပ်နေတာပါ။

ပဋိပက္ခမြေပုံ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်လည်း များသထက် များလာပါတယ်။ အာဏာသိမ်း သုံးနှစ်နီးပါးကာလမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် လေးသန်းကျော် ဖြစ်လာပါတယ်။ အများစုက စစ်ကိုင်းတိုင်းမှာရှိပြီး ရှမ်း ပြည်နယ်မှာ ဒုတိယအများဆုံး၊ ရခိုင်ပြည်နယ်မှာ တတိယအများဆုံး စသဖြင့် ရှိနေပါတယ်။ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေရဲ့ ဒုက္ခက ကြီးမားသလို ရိုဟင်ဂျာတွေရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တွေကလည်း မရပ်တန့်သေးပါဘူး (ISP Insight Email အမှတ်-၂၈ ကို ရှုပါ)။ ‘ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး’ ဆိုသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခ သည်စခန်းတွေဆီ ရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာ ရွေ့ပြောင်းသွားလာခွင့်ကန့်သတ်ခံရတာအပြင် ဖိနှိပ်ခံရမှုတွေကို ပိုပြီးရင်ဆိုင်နေရပါတယ်။ ‘ ဟိုမှာရှိတဲ့ ဖိနှိပ်မှုက အဆိုးဆုံးပါ’ လို့တောင် ထုတ်ပြောခဲ့ကြပါတယ် (ISP Insight Email အမှတ် – ၂၆ ကို ရှုပါ)။ ဖိနှိပ်မှုတွေကို ကျော်လွှားဖို့ အသက်တွေရင်းပြီး လှေစီးပြေး လွတ်လမ်းရှာခဲ့ကြပေမဲ့ ခိုးဝင်ကမ်းကပ်ခဲ့တဲ့ နိုင်ငံတွေမှာရှိတဲ့ ဒေသခံတွေက လက်မခံဘဲ ပြန်နှင်ထုတ်တာတွေ ပိုများလာပါတယ်။



၅။ ဥတုကပ်ဘေး ရိုက်ခတ်မှု

ကမ္ဘာ့ဥတုရာသီ ပြောင်းလဲတဲ့ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်အတွင်း ပြင်းထန်တဲ့ရာသီဥတု အယ်လ်နီညို (El Niño) ဖြစ်လာခဲ့ပြီလို့ နိုင်ငံတကာ မိုးလေဝသပညာရှင်တွေက ကြေညာခဲ့ပါတယ်။ ဒီလိုဖြစ်လာရင် မိုးခေါင်ရေရှား၊ သီးနှံပျက်၊ အပူချိန်အလွန်မြင့်မားတာတွေအပြင် အချို့နေရာ တွေမှာ မုန်တိုင်းတွေပြင်း၊ ရေတွေကြီး ပျက်စီးတာတွေလည်း ကြုံရဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံကတော့ ဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို နစ်နာခံစားရဖွယ် ဒုတိယအမြင့်ဆုံးနိုင်ငံတခုလို့ သတ်မှတ်ခံထားရပါတယ်။ အယ်လ်နီညိုရာသီ မစခင်လေးမှာပဲ ရှေ့ပြေးလက္ခဏာတခုအဖြစ် ဖျက်အားပြင်း ဆိုင်ကလုန်းမိုခါ (Cyclone Mocha) ဒဏ်ကို ရခိုင် ပြည်နယ်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းပြီးရင် ထိခိုက်ဆုံးရှုံးမှုအများဆုံး မုန်တိုင်း ဖြစ်ခဲ့ပါတယ် (ISP OnPoint အမှတ်-၁၅ ကို ရှုပါ)။ ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) အပါ အဝင် စစ်ကောင်စီဘက်ကရော ကြိုတင်သတိပေးမှု၊ ဆောလျင်စွာ အသိပေးနိုင်မှုတွေကြောင့် လူအသေအပျောက် နည်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာသတင်းတွေက ဦးစားပေးဖော်ပြကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ သေဆုံးရတယ်ဆိုတာကို စစ်ကောင်စီကပယ်ချပြီး ၂၀၂၃ ခုနှစ် မေ ၁၈ ရက် စာရင်းတွေအရ ရိုဟင်ဂျာ ၉၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မုန်တိုင်းပြီးချိန်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အရေးပေါ်အကူအညီတွေ ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက နိုင်ငံတကာအကူအညီတွေကို လွတ်လပ်စွာစီးဆင်းခွင့်၊ ဒေသမှာ ကိုယ်တိုင်ကိုယ်ကျဖြန့်ဝေခွင့်ကို တားမြစ်ခဲ့ပါတယ်။ ပြည်တွင်း စေတနာ့ ဝန်ထမ်းတွေရဲ့ အကူအညီတချို့ဟာလည်း စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ခံခဲ့ရပါတယ် (ISP Insight Email အမှတ်-၁၉ ကို ရှုပါ)။ အခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပြီးစီးပြီလို့ စစ်ကောင်စီက ကြွေးကြော်နေပေမဲ့ တကျော့ပြန်စစ်ပွဲတွေကြားက ရခိုင်လူထုတွေအတွက် အတော့်ကို မဖြစ်နိုင်စရာ သံသယရှိရပါတယ်။



ဒုတိယအဖြစ်အပျက်ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပဲခူးအပါအဝင် နိုင်ငံရဲ့နေရာတချို့ ရေလွှမ်းမိုးမှုပါ။ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်လို့ ၉၄၀ စင်တီမီတာအထိ မြင့်တက်ခဲ့ပါတယ်။ သုံးရက်တာရေကြီးမှုမှာ ရပ်ကွက် ၁၅ ခုနဲ့ ကျေးရွာကိုးရွာ (မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်) ရေလွှမ်းမိုးခံရပြီး လူပေါင်း ၁၃,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပါတယ်။ ပဲခူးမြို့အပြင် မှော်ဘီ၊ တိုက်ကြီး၊ ကျိုက်ထိုမြို့နယ်နဲ့ ရန်ကုန်-မန္တလေးကားလမ်း အချို့နေရာတွေ ရေလွှမ်းခဲ့ပါတယ်။ ဒီအခြေအနေကလည်း ဥတုကပ်ဘေးရဲ့ ရိုက်ခတ်မှုဒဏ်တွေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာ ISP-Myanmar က ရေးသားခဲ့တဲ့ ကနဦးသုံးသပ်ချက် (ISP OnPoint) အမှတ်–၁၅ မှာ ဆိုခဲ့သလိုပဲ လက်နက်ကိုင်ပဋိပက္ခရဲ့ နောက်ဆက်တွဲဒဏ်တွေကို ခံစားနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအဖို့ အယ်လ်နီ ညိုလို ပြင်းထန်ဆိုးရွားတဲ့ သဘာဝကပ်ဘေးတွေကိုသာ ထပ်တိုးခံစားရမယ်ဆိုရင် တပူပေါ်နှစ်ပူဆင့်ပြီး လူ့အဖွဲ့အစည်းတခုလုံး ဒီထက် အဆမတန်ဆိုးရွားတဲ့ လူမှုဒုက္ခတွင်းဆုံးကျတဲ့ကပ်ဘေး (Humanitarian Disaster) အဆိုးကျော့စက်ဝန်းထဲ ဆိုက်ရောက်သွားနိုင်ပါတယ်။ စစ်အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ဘေးကို တပြိုင်နက်တည်းကြုံခဲ့ရတဲ့ အခြေအနေမျိုးထက် ပိုပြီး သက်ရောက်ကျယ်ပြန့်တဲ့၊ အရှိန်ပြင်းတဲ့၊ ပြန်လည်ထူထောင်ဖို့ ကာလတာရှည် ခက်ခဲနိုင်တဲ့ ဘေးဆိုးမျိုးကိုလည်း ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေသာ ဆိုက်ရောက်လာခဲ့မယ် ဆိုရင် အချင်းချင်း ကျားကန်ပံ့ပိုးနိုင်စွမ်းချည့်နဲ့နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဝါးအစည်း ပြေသလို တစစီ ပြန့်ကျဲသွားနိုင်ပြီး တောင်မင်းကို မြောက်မင်း မကယ်နိုင်မယ့် နေမှု၊ သေမှုတွေကိုလည်း ခါးစည်းခံရပါလိမ့်မယ် (ISP Insight Email အမှတ်-၂၄ ကို ရှုပါ)


ရှေ့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာငါးခုဟာ ISP-Myanmar က ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း ဖော်ပြခဲ့တဲ့ အကြောင်းအရာ ၂၃၈ ခုကို အခြေခံပြီး အကျဉ်းသဘော တင်ပြခဲ့တာပါ။ အယ်ဒီတာ့စကားမှာ စကားပလ္လင်ခံခဲ့သလိုပဲ တနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအစုံအလင် ကို ဖော်ပြဖို့ရာ မစွမ်းသာပါဘူး။ ဒါပေမဲ့ ချန်ထားလို့မရတဲ့ အကြောင်းအရာတွေကလည်း ရှိနေပါသေးတယ်။ စစ်ကောင်စီက နေပြည်တော်မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးလို့ ဆိုပါတယ်။ ဆင်းတုတော်အလေးချိန်၊ ဉာဏ်တော်အမြင့်၊ ပလ္လင်တော်အမြင့်ကအစ ဆင်းတုတော် အနေကဇာတင်ချိန်၊ ပင့်ဖိတ်သံဃာအဆုံး ဆက်နွှယ်သမျှ အချက်အလက်တိုင်းမှာ ပေါင်းခြင်း ကိုးဂဏန်းဖြစ်အောင် စီမံခဲ့ပုံတွေက စိတ်ဝင်စားစရာပါ (ISP Insight Email အမှတ်-၁၉ ကို ရှုပါ)

၂၀၂၃ ခုနှစ်အတွင်း ဘာသာရေးနယ်ပယ်က ဆုံးရှုံးမှုအဖြစ်ပြောရင် နိုင်ငံတော်သံဃမဟာနာယကရဲ့ ဥက္ကဋ္ဌ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရာဘိဝံသ ပျံလွန်တော်မူခဲ့တာကို ချန်လှပ်လို့မရပါဘူး။ ၂၀၂၃ ခုနှစ် မေ ၂၅ ရက်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး သက်တော် ၉၄ နှစ်အရွယ် ရှိပါပြီ။ ဆရာတော်ကြီးဟာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့သလို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာလည်း ဒုတိယ ပါမောက္ခ ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တိုင်းပြည်ထဲက ဗုဒ္ဓဘာသာဝင်တွေအတွက် ဆုံးရှုံးမှုကြီးတခုပါပဲ။



တခါ သံဃာဂိုဏ်းကိုးဂိုဏ်းထဲမှာ ဒုတိယအကြီးဆုံးဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းရဲ့ တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသဟာလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ သမိုင်းတလျှောက်မှာ နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေလေ့ရှိတယ်လို့ ရွှေကျင်ဂိုဏ်းက နာမည်ကျော်ပါတယ်။ ဝိနည်းစည်းကမ်းအရာမှာ အထူးလေးစားရတဲ့ ဆရာတော်တပါး ပျံလွန်တော်မူသွားတာကလည်း ဆုံးရှုံးမှုကြီးလှပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေထဲမှာ စာရေးဆရာ ညီပုလေးလည်း ပါခဲ့ပါတယ်။ မဟာဒေဝီ စဝ်သုစန္ဒီ၊ ပန်းချီ စစ်ငြိမ်းအေး၊ ခရစ်ယာန် ဓမ္မတေးဆရာ စောဝင်းလွင်၊ စာရေးဆရာမကြီး စိမ့်(ပညာရေး)၊ ဝန်ကြီးဟောင်း နိုင်သက်လွင်၊ သရုပ်ဆောင် သီဟတင်စိုးနဲ့ အဆိုတော် တွံတေးစိုးအောင်တို့လည်း ကွယ်လွန်ခဲ့ကြပါတယ်။ ပိုလို့ စိတ်ထိခိုက်စရာ ဖြစ်စေတာက စစ်ကောင်စီရဲ့ ဖမ်းဆီးခံရချိန် ကွယ်လွန်ခဲ့ရတဲ့ လက်ဝှေ့ကစားသမား တူးတူးလို အဖြစ်မျိုး ကြုံခဲ့ရသူတွေ၊ စစ်မြေပြင်မှာ အညတရ ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေအပြင် လက်နက်ကိုင် ပဋိပက္ခတွေကြားထဲ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက်ပါပဲ။

ကြေကွဲစရာတွေကြားထဲမှာ ‘စစ်မီးတဖက် အလှမယ်တဖက်’ လို့ ဆိုရမယ့် မြန်မာ့လူ့ဘောင် အသိုက်အဝန်းရဲ့ ဂုဏ်ရှာတော်ပုံတွေလည်း ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ခဲ့ပါသေးတယ်။ Miss Grand International 2023 အလှမယ်ရွေးပွဲမှာ မြန်မာအလှမယ် မွန်တိုင်းရင်းသူ နီနီလင်းအိမ် ဆုရဖို့အတွက် ပရိသတ်တွေက ငွေများစွာသုံးပြီး မဲပေးခဲ့ကြတာပါ။ တော်လှန်ရေး ရန်ပုံငွေရှာဖို့ ကျပ်တည်းနေချိန်မှာ အလှမယ်တယောက်ကို သည်းသည်းလှုပ်ရကောင်းလား ဝေဖန်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်နဲ့ ဆင်းရဲနွံနစ် နောက်ကျကျန်ရစ်နေတဲ့ မြန်မာပြည်သူတွေအဖို့ ဂုဏ်ရှာနိုင်တဲ့အဖြစ်က ရှားလှပါတယ်။ အနှိမ်ခံဘ၀ကနေ အောင်မြင်မှုနဲ့ ဂုဏ်ယူရခြင်းကို ဆာလောင်နေကြတာ သတိပြုစရာပါ (ISP Insight Email အမှတ်-၂၆ ကို ရှုပါ)

လူငယ်အဆိုတော်လေး Anonimus (အနောနိမတ်) ကျော်ကြားလာခဲ့ပုံကလည်း အံ့မခန်းပါပဲ။ သူ့ရဲ့ ‘ထားလိုက်ပါ’ သီချင်းကို YouTube မှာ လွှင့်တင်အပြီး လေးလကျော်အတွင်းမှာပဲ ကြည့်ရှုသူ ၂၅ သန်းကျော် ရှိခဲ့ပါတယ်။ ကထိန်အပါအဝင် မြန်မာပြည်တလွှားနဲ့ ကလေးတွေ ပါးစပ်ဖျားမှာပါ ဆိုကြတဲ့အထိ မကြားချင်မှအဆုံး အောင်မြင်ကျော်ကြားချက်က ပြောလို့ မကုန်နိုင်ဖွယ်ပါပဲ။


Add Comment

2 Responses

  1. သုံးသပ်ချက်တွေပြည့်စုံပါတယ်။တရုပ်အပေါ်သုံးသပ်ချက်တွေကြိုက်တယ်။တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်တရုပ်ရဲ့ချယ်လှယ်မှုတွေဒါထက်ပေါ်လွင်အောင်ဖော်သင့်တယ်။စစ်ကိုင်းတိုင်းရဲ့စစ်ရေးဖြစ်စဥ်တွေအပေါ်ဝေဖန်မှုမပါဘူး။ခုလိုပိုင်းခြားစိပ်ဖြာပေးတာကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *