တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း


 Download English language version here.


မြန်မာဘာသာဖြင့် Download ရယူရန်။


✤ စစ်တမ်းအကြောင်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တနှစ်အကြာ၌ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာ ရေး အင်စတီကျု (ISP-Myanmar) သည် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ နည်းပညာအကူအညီဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒ အသိုက်အဝန်း၏ သဘောထားအမြင်ဆိုင်ရာ သုတေသနစစ်တမ်းတခု ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကဏ္ဍအမျိုးမျိုးတွင် ကျင်လည်လှုပ်ရှားနေကြသည့်  မြန်မာ့မူဝါဒအသိုက်အဝန်းမှ ပဓာနကျသော ပုဂ္ဂိုလ်များအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးအား အဓိကပုံဖော်နေသည့် အခြေခံအကြောင်းအရာများနှင့် ပတ်သက်၍ နားလည်မှု၊ တူညီမှုများနှင့် ကွဲပြားမှုများ မည်သို့ရှိသည်ကို စစ်တမ်းကောက်လေ့လာခဲ့ပါသည်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသည့် နိုင်ငံရေးအခင်းအကျင်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှု၊ တရုတ်နိုင်ငံ ပါဝင်နေပြီး ကာလရှည်တစ်ဆို့နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းမျာနှင့် ကိုဗစ်ကပ်ရောဂါအတွက် တရုတ်နိုင်ငံ၏ ကူညီမှုအပေါ် သဘောထားအမြင်များနှင့်ပတ်သက်သည့် အကြောင်းအရာများအပေါ် ဘက်အသီးသီး၏ယူဆချက်များကို စစ်တမ်းကောက် လေ့လာခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အပျော့ဆွဲဩဇာ တည်ဆောက်မှုများနှင့် တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ်  မြန်မာ့မူဝါဒအသိုက်အဝန်း၏ ယူဆချက်များလည်း ပါဝင်သည်။

မြန်မာ့မူဝါဒအသိုက်အဝန်းဟုဆိုရာတွင် နိုင်ငံရေးနှင့် စီးပွားရေးနယ်မှပုဂ္ဂိုလ်များ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများနှင့်ဆက်စပ်ပြီး အကျွမ်းတဝင်ရှိနေသည့် မြန်မာနိုင်ငံမှ တတ်သိပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသောပုဂ္ဂိုလ်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များ၏ သဘောထားအမြင်များကိုလည်း စစ်တမ်းကောက်ယူခဲ့ပါသည်။ ISP-Myanmar ၏ တွေ့ရှိချက်များသည် တရုတ်-မြန်မာ ဆက်ဆံရေး၌ ပါဝင်နေသော သက်ဆိုင်သူအဖွဲ့အစည်းများ၏ မူဝါဒများချမှတ်ခြင်းနှင့် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင်  အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

✤ စစ်တမ်းကောက်ယူပုံ နည်းစနစ်

ISP-Myanmar က ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတွင် ကိန်းဂဏန်းအခြေပြု လေ့လာဆန်းစစ်မှု နည်းစနစ်ကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ပထမအဆင့်အားဖြင့် ကနဦးပြင်ဆင်မှုနှင့် ရွေးချယ်မှု မူဘောင်သတ်မှတ်ခြင်း (Pre-Survey Preparation and Constructing the Sampling Frame)၊ ရွေးချယ်ထားသော ပုဂ္ဂိုလ်များ၏ အချက်အလက်များကို စုဆောင်းခြင်း၊ သုတေသနဆိုင်ရာ မေးခွန်းများ ပြုစုခြင်း၊ တွေ့ဆုံမေးမြန်းမည့်သူများအား သင်တန်းပို့ချခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအဆင့်တွင် သုတေသနဆန်းစစ်ချက်များအတွက် သာဓကယူအုပ်စုများအဖြစ် လျာထားသောပုဂ္ဂိုလ်များ နှင့်တွေ့ဆုံမေးမြန်းခြင်းများ (Conducting Survey Interviews) ဆောင်ရွက်ခဲ့ပြီး တတိယအဆင့်၌ ရရှိလာသော အချက်အလက်များကို ထည့်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာရေးသားခြင်းများ (Data Analysis and Writing) ပါဝင်ခဲ့သည်။

ကနဦးပြင်ဆင်မှုနှင့်ရွေးချယ်မှု မူဘောင်သတ်မှတ်ခြင်းအဆင့်တွင် ISP-Myanmar နှင့် PACE တို့သည် သုတေသနဆန်းစစ်ချက်များအတွက် မျှော်မှန်းချက်များ ချမှတ်ခြင်း၊ ဆန်းစစ်ချက်နည်းနာများ ဆုံးဖြတ်ခြင်း၊ စစ်တမ်းအတွက် မေးခွန်းများ ပြင်ဆင်ခြင်းတို့ကို ပူးတွဲလုပ်ဆောင်ခဲ့သည်။ ထို့နောက် စစ်တမ်းမေးမြန်းရန် သာဓကယူအုပ်စု (Sample Population) အတွက် ရွေးချယ်မှု မူဘောင် (Sampling Frame) သတ်မှတ်ပြီး ပါဝင်မည့်ပုဂ္ဂိုလ်များကို သရုပ်ခွဲသည်။ ထိုအဆင့်တွင် မြန်မာ့မူဝါဒအသိုက်အဝန်းမှ ထင်ပေါ်ကျော်ကြား သောပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခြင်း၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် စီးပွားရေးကဏ္ဍအသီးသီးမှ အရေးပါသူများနှင့် အကြိမ် ၂၀ ကျော်ထက်မနည်းကို အွန်လိုင်းမှတဆင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံမှုများတွင် ဘက်အသီးသီးမှ လူပုဂ္ဂိုလ် ၃၀ ကျော် ပါဝင်ခဲ့ပါသည်။

ယခုစစ်တမ်းတွင် ဖြေဆိုမည့်ပုဂ္ဂိုလ်များသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အတိုင်းအတာတခုအထိ ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သောကြောင့် သာဓကယူ အုပ်စုသတ်မှတ်ရာ၌ ပုံမှန်စစ်တမ်းများကဲ့သို့ ကျပန်းနည်းအားဖြင့် သတ်မှတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် စစ်တမ်းတွင် ပါဝင်မည့်ပုဂ္ဂိုလ်များကို သရုပ်ခွဲရာတွင် ရည်ရွယ်ချက်ထား ရွေးချယ်ကောက်ယူနည်း (Purposive Sampling) ကို ISP-Myanmar က အသုံးပြုခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေး၌ အဓိကကျသည့် ကဏ္ဍအသီးသီးတွင် ၎င်းတို့၏ ခေါင်းဆောင်မှု၊ မူဝါဒရေးရာအရ လွှမ်းမိုးနိုင်မှုတို့အပေါ် မူတည်၍ ရွေးချယ်ခဲ့သည်။ တွေ့ဆုံမေးမြန်းရမည့် ပုဂ္ဂိုလ်များကို ရွေးချယ်မှုမူဘောင်ဖြင့် သတ်မှတ်ရာ၌ ကနဦးတွင် ၃၄၀ ဦးကို ရွေးချယ်ခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဆန်းစစ်ချက် တွင် အဆိုပါပုဂ္ဂိုလ်များ အားလုံးပါဝင်ရန် အခြေအနေမပေးခဲ့ချေ။ ထို့ကြောင့် တွေ့ဆုံမေးမြန်း ရမည့်ပုဂ္ဂိုလ်များကို စံသတ်မှတ်ချက်များနှင့်အညီ ထပ်မံရွေးချယ်ခဲ့ပြီး စုစုပေါင်း ၅၀၁ ဦးကို ချဉ်းကပ်ခဲ့ပါသည်။

စံသတ်မှတ်ချက်များဖြင့် ရွေးခဲ့သော အသိုက်အဝန်းလေးခုမှ လူဦးရေနှင့် ရာခိုင်နှုန်း

ထိုသို့ရွေးချယ်ရာ၌ တရုတ်-မြန်မာဆက်ဆံရေးတွင် အဓိက ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ လူမှုအသိုက်အဝန်းလေးခုကို ရွေးချယ်ခဲ့သည်။ ယင်းတို့မှာ (၁) နိုင်ငံရေးပါတီများ၊ (၂) အရပ်ဘက် အဖွဲ့အစည်းများ၊ (၃) စီးပွားရေးလုပ်ငန်းများနှင့် (၄) ထင်ရှားကျော်ကြား လူသိများသော အသိပညာရှင်၊ အတတ်ပညာရှင်၊ တက်ကြွလှုပ်ရှားသူ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) နှင့် လူမှုရေး၊ ဘာသာရေးနယ်ပယ်မှ ဩဇာရှိသူများလည်း ပါဝင်ကြပါသည်။ ထိုသို့ရွေးချယ်ထားသည့် ပုဂ္ဂိုလ်တဦးချင်း၊ အဖွဲ့အစည်းတခုချင်းစီ၏ (တရုတ်-မြန်မာဆက်ဆံရေး၌ အရေးပါသော ကိစ္စရပ်များအပေါ် ) ကျွမ်းကျင်မှု၊ တတ်သိမှု၊ ပတ်သက်ပါဝင်မှု၊ မူဝါဒရေးရာ၊ ပထဝီရေးရာအရေးပါမှုနှင့် တရုတ်-မြန်မာမူဝါဒရေးရာ ကိစ္စရပ်များအပေါ် လွှမ်းမိုးမှုတို့ကိုလည်း အကြံပြုချက်များရယူကာ ဆုံးဖြတ်ခဲ့ပါသည်။

ထိုအသိုက်အဝန်းလေးခုအနက် နိုင်ငံရေးပါတီများကို ရွေးချယ်သတ်မှတ်ရာ၌ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင်(လွှတ်တော်အသီးသီး၌) အနိုင်ရရှိထားသော နိုင်ငံရေးပါတီများနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ဖြတ်သန်းရာ အဓိကဒေသများဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေသည့် နိုင်ငံရေးပါတီ ၄၇ ပါတီလည်း ပါဝင်သည်။ 

အရပ်ဘက်အဖွဲ့အစည်းများကို ရွေးချယ်သတ်မှတ်ရာတွင် တရုတ်-မြန်မာဆက်ဆံရေး နှင့်ဆက်စပ်ပြီး သုတေသနလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအရေး၊ တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်းများနှင့် ဒေသခံပြည်သူလူထု၏အခွင့်အရေးများဆိုင်ရာကိစ္စများကို လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ၂၁၂ ဦး ကို ရွေးချယ်ခဲ့သည်။

စီးပွားရေးအသင်း၊ အဖွဲ့အစည်းများကို ရွေးချယ်ရာတွင် စီးပွားရေးအရ တရုတ်နှင့် ပတ်သက် ဆက်စပ်နေသော (အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့်) တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည့် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ ၁၂၅ ခု ကို ရွေးချယ်ခဲ့သည်။ ထိုသို့ရွေးချယ်ရာတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ရရှိသော စာရင်းအချက်အလက်များအပေါ် အခြေခံပါသည်။

ထို့အပြင် တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေသူများ၊ မူဝါဒရေးရာကိစ္စရပ်များတွင် လွှမ်းမိုးနိုင်သော ထင်ရှားသည့် အသိပညာရှင် အတတ်ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျာ (EAOs) နှင့် လူမှုရေး၊ ဘာသာရေးနယ်ပယ်မှ ဩဇာကြီးသူများ ပါဝင်သည့် လူပုဂ္ဂိုလ် ၁၁၇ ဦးကိုလည်း တွေ့ဆုံမေးမြန်းရမည့်စာရင်း၌ ထည့်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံ၏ပါဝင်မှုကို ဆန်းစစ်ရာ၌ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများ ဖြတ်သန်းသွားသော ဒေသများ၊ တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေးလုပ်ဆောင်မှု အများဆုံးဒေသများ၊ တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းကြီးများရှိရာ ဒေသများမှ ပုဂ္ဂိုလ်များကိုလည်း  အထူးပြု ရွေးချယ်ထားသောကြောင့် ပထဝီရေးရာသရုပ်ခွဲမှုမှာ အချိုးကျမည်မဟုတ်ချေ။

စစ်တမ်းအတွက် မေးမြန်းရန် ရွေးချယ်ရာတွင်လည်း  ကျား၊ မအချိုးအဆ မျှတမှုရှိစေရန် အလေးထား ပြင်ဆင်ခဲ့ပါသည်။ သို့သော် ISP-Myanmar ၏ စံသတ်မှတ်ချက်ဖြင့် ရွေးချယ်ခဲ့သောအုပ်စုများမှ ဦးဆောင် သူများမှာ အမျိုးသားအများစုဖြစ်နေခြင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေရသူများ ထဲတွင် မူဝါဒချမှတ်မှုဆိုင်ရာနယ်ပယ်မှ အမျိုးသမီးများလည်း ပါဝင်နေသဖြင့် စစ်တမ်းဖြေဆိုသူများ၏ ကျား၊ မ အချိုးအစားသည်လည်း ညီမျှခြင်းမရှိခဲ့ပါ။ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများထဲတွင် အမျိုးသား ၁၆၆ ဦး (၇၇ ဒသမ ၂ ရာခိုင်နှုန်း) ပါဝင်ခဲ့ပြီး၊ အမျိုးသမီး ၄၉ ဦး (၂၂ ဒသမ ၈ ရာခိုင်နှုန်း) ဖြစ်ပါသည်။

∎ စစ်တမ်းဖြေဆိုခဲ့သော ကျား၊ မ အရေအတွက်
∎ စစ်တမ်းဖြေဆိုခဲ့သော အသက်အပိုင်းအခြား

စစ်တမ်းဖြေဆိုခဲ့သည့် အသက်အရွယ် အပိုင်းအခြားတွင် ထက်ဝက်ခန့်မှာ အသက် ၅၀ နှင့်အထက် ဖြစ်ကြပါသည်။

ဘက်လိုက်မှုကင်းပြီး တိကျသောမေးမြန်းမှုများ ဖြစ်စေရန်၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေနှင့် ကျန်းမာရေးကပ်ဘေးကြောင့် ကြုံတွေ့ရနိုင်သည့် မထင်မှတ်သော အန္တရာယ်များကို ရှောင်ရှားနိုင်ရန် ပြင်ဆင်ခဲ့ပါသည်။ စစ်တမ်းအတွက် တာဝန်ယူမေးမြန်းမည့် အချက်အလက်ကောက်ယူသူ (Enumerators) များနှင့် ကြီးကြပ်သူ (Supervisors)များ လိုက်နာရမည့် အချက်အလက်ကောက်ယူသူ လက်စွဲစာစောင်ကိုလည်း ပြုစုခဲ့ပြီး၊ ၎င်းအပြင် စစ်တမ်းကောက်ယူသူ ၁၁ ဦးကိုလည်း စစ်တမ်းမလုပ်မီ လူတွေ့သင်တန်း ပို့ချပေး ခဲ့ပါသည်။

ဒုတိယအဆင့်အနေဖြင့် သုတေသနဆန်းစစ်ချက်များအတွက် တွေ့ဆုံမေးမြန်းခြင်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၁၂ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်။ ISP-Myanmar အနေဖြင့် ရွေးချယ်ထားသည့် အသိုက်အဝန်းလေးခုမှ ကနဦး စံသတ်မှတ် ထုတ်နုတ်ထားသည့်  ၅၀၁ ဦးအနက် ၂၁၅ ဦးကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါသည်။ ထိုအထဲတွင် ၇ ဒသမ ၉ ရာခိုင်နှုန်းသည် နိုင်ငံရေးပါတီများဖြစ်ပြီး၊ ၄၇ ရာခိုင်နှုန်းသည် အရပ်ဘက် အဖွဲ့အစည်းများမှ ဖြစ်ပါသည်။ ၁၈ ဒသမ ၆ ရာခိုင်နှုန်းမှာ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများမှ ဖြစ်ပြီး၊ ကျန်ရှိသော ၂၆ ဒသမ ၅ ရာခိုင်နှုန်းသည် မူဝါဒရေးရာကိစ္စများတွင် လွှမ်းမိုးနိုင်သော အသိပညာရှင် အတတ်ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(EAOs) နှင့် လူမှုရေး၊ ဘာသာရေးနယ်ပယ်မှ ဩဇာကြီးသူများ ဖြစ်ပါသည်။

∎ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော အသိုက်အဝန်းလေးခုမှ လူဦးရေနှင့် ရာခိုင်နှုန်း

စစ်တမ်းကောက်ယူရာတွင် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခြင်းကိုသာ လုပ်ဆောင်ရန် မူလက ဆုံးဖြတ်ခဲ့ သော်လည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါကူးစက်မှု အခြေအနေ များကြောင့် အွန်လိုင်းအခြေပြု Zoom ပလက်ဖောင်းကို အသုံးပြုပြီး မေးမြန်းရန် ပြောင်းလဲ လုပ်ဆောင်ခဲ့ရသည်။ Zoom မှတဆင့် အချိန်မပေးနိုင်သူများကိုမူ Google Form မှတဆင့်ဖြေဆိုရန် ခွင့်တောင်းခဲ့ရပါသည်။ စစ်တမ်းဖြေဆိုသူ ၂၁၅ ဦးတွင် ၁၈၇ ဦး Zoom မှတဆင့် တွေ့ဆုံမေးမြန်းခဲ့ပြီး၊ ၂၈ ဦးက Google Form မှတဆင့် ဖြေဆိုခဲ့ပါသည်။ 

တတိယအဆင့်တွင်  ဖြေကြားချက်များအား အချက်အလက်ထည့်သွင်းခြင်း၊ စစ်ဆေးခြင်းနှင့် ဆန်းစစ်ပိုင်းခြားခြင်းတို့ကို ၂၀၂၂ ခုနှစ် မတ် ၁၃ ရက်မှ မတ် ၂၅ ရက်အထိ ပြုလုပ်ခဲ့သည်။ ရရှိလာသော ဖြေကြားချက်များကို ဒေတာရေးသွင်းခြင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း တို့အား ISP-Myanmar နှင့် PACE မှ အချက်အလက်ကောက်ယူသူများက နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ဖြေဆိုသူတဦးချင်း၏ ကုတ်နံပါတ်များ၊ ဖြေကြားချက် တခုချင်းစီကို နည်းပညာ အသုံးပြု၍ ပြန်လည်စိစစ်ခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းနှင့်  မှားယွင်းမှုတစုံတရာ တွေ့ပါက အစအဆုံး ပြန်လည်စစ်ဆေးခြင်းအတွက် မူရင်းစာရွက်စာတမ်းများကို ပြန်စစ်ခြင်းဖြင့်လည်းကောင်း၊ နည်းပညာဆော့ဝဲလ်နှင့် ဖော်မြူလာများ အသုံးပြု၍သော်လည်းကောင်း ပြုလုပ်ခဲ့သည်။


✤ သုတေသနကျင့်ဝတ်နှင့် လုပ်ငန်းစဉ်

စစ်တမ်းကောက်ယူခဲ့သော ကာလသည် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း စသော အာဏာသိမ်းပြီး နောက်ဆက်တွဲလူနေမှုဘဝအခက်အခဲများကို ရင်ဆိုင်နေရသည့်နည်းတူ အိုမီခရွန်မျိုးကွဲ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကြုံတွေ့နေရသည့်အချိန်လည်း ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရေးနှင့်မူဝါဒအသိုက်အဝန်းမှ လှုပ်ရှားတက်ကြွသူများမှာလည်း လုံခြုံရေးအခက်အခဲ ကြုံတွေ့နေရပြီး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းအတွက် ဖမ်းဆီးထိန်းသိမ်းခံရနိုင်သည့် အခြေအနေ ကိုလည်း ရင်ဆိုင်နေကြရသည်။ ထိုသို့သော ဘက်ပေါင်းစုံ အကဲဆတ်သည့်ကာလတခုဖြစ်သည့်အတွက် စစ်တမ်းကောက်ယူရာ၌ လိုက်နာရမည့် သုတေသနကျင့်ဝတ်များနှင့် လုပ်ငန်းစဉ်များကို လစ်ဟင်းမှုမရှိစေရန် အထူးချမှတ်ကျင့်သုံးခဲ့ပါသည်။

စစ်တမ်းနှင့်ပတ်သက်သော သုတေသနလုပ်ငန်းစဉ်အသေးစိတ်ကို ISP-Myanmar နှင့် PACE အဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ပါသည်။ ထိုသို့ရေးဆွဲရာတွင် ကောင်းမွန်သော သုတေသန ကျင့်ထုံးအလေ့အထများဖြစ်စေရန် အလို့ငှာ ISP-Myanmar မှ သုတေသနကျင့်ဝတ်ဆန်းစစ်သည့် ဘုတ်အဖွဲ့က လိုအပ်ချက်များအပေါ် အခြေခံ၍ ပိုင်းခြားအတည်ပြုခဲ့ပါသည်။ အထူးသဖြင့် စစ်တမ်း၌ ပါဝင်ဖြေဆိုကြသူများ ကျရောက်နိုင်သည့် လုံခြုံရေး အန္တရာယ်၊ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် သတင်းအချက်အလက်များ ပေါက်ကြားနိုင်ခြင်း၊ အကျိုးစီးပွား ပဋိပက္ခများကြောင့် သုတေသနရလဒ်အပေါ် သက်ရောက်နိုင်ခြေစသည်တို့ကို ကြိုတင်တွက်ဆပြီး ဆိုးကျိုး နည်းနိုင်သမျှနည်းစေရန် စီမံဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့အပြင် တကျော့ပြန် ပြန့်နှံ့လာသည့် အိုမီခရွန်မျိုးကွဲ ကိုဗစ်ရောဂါပိုးကြောင့် ဘေးထွက်ဆိုးကျိုး မဖြစ်စေရန်နှင့် ပါဝင်ဖြေဆိုကြသူများ၏ ကိုယ်စိတ်နှစ်ပါး စိတ်ချလုံခြုံမှုရစေရန် အထူးအလေးထားပြီး စစ်တမ်းလုပ်ငန်းစဉ်များကို  အကောင်အထည်ဖော်ခဲ့ပါသည်။

စစ်တမ်းကိုဖြေဆိုရာတွင် တဦးချင်းစီ၏ အတွေးအမြင်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန် ဖြေဆိုသူတဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဖြေဆိုမှုများကို အမည်နာမ ထုတ်ဖော်၍ ဖော်ပြခြင်းကို လုပ်ဆောင်မည်မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်။ ထို့အပြင် တဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံမှုအား အထူးအလေးပေးကြောင်းကိုလည်း စစ်တမ်းဖြေဆိုရန် ခွင့်တောင်းစဉ်မှာပင် ကြိုတင်ပြောဆိုခဲ့ပါသည်။

အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေများအပေါ် အထူးဂရုပြု လုပ်ဆောင်ခဲ့သည့်အပြင် ကိုဗစ်ကူးစက်ခံရမှုကို ရှောင်ရှားနိုင်ရန် အန္တရာယ်လျှော့ချခြင်း (Threat reduction) လုပ်ငန်းစဉ်ကိုလည်း အလေးထား လုပ်ဆောင်ခဲ့ပါသည်။ စစ်တမ်းကောက်ယူမှု မလုပ်ခင်မှာပင် အချက်အလက် ကောက်ယူသူများ၊ ကြီးကြပ်သူများနှင့် သင်တန်းဆရာများ၌ ကိုဗစ်ပိုးကူးစက်ခံနေရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကိုလည်း ပံ့ပိုးခဲ့သည်။         တဦးချင်းစီ၏ ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်း၊ ၎င်းနှင့်၎င်း၏ မိသားစုဝင်များအကြား ကိုဗစ်ကူးစက်ခံထားရမှု ရှိ၊ မရှိတို့အပေါ် တဦးချင်းအတွက် မှတ်တမ်းယူပြုစုခြင်းကို စစ်တမ်းကောက်ယူရန် ကြိုတင်ပြင်ဆင်သော သင်တန်းမစခင် ရက်သတ္တပတ်အကြာတွင် စတင်လုပ်ဆောင်ခဲ့သည်။ စစ်တမ်းကောက်ယူသည့်ကာလတွင်သာမက စစ်တမ်းကောက်ယူပြီးနောက်ပိုင်း အချက်အလက်ဖြည့် သွင်းခြင်းများ လုပ်ဆောင်ရာတွင်လည်း တဦးချင်းအတွက် သီးသန့်အခန်းများ ပြင်ဆင်ပေးခြင်းအပါအဝင် ကိုဗစ်ကူးစက်ခံရမှုမရှိစေရန် လိုအပ်သော လုပ်ဆောင်မှုများအတိုင်း လိုက်နာရန် စည်းကမ်းသတိပေးချက်များကိုလည်း ချမှတ်ခဲ့ပါသည်။


✤ ထူးခြားသော တွေ့ရှိချက်များ


✤ တွေ့ရှိချက်များ

∎ တရုတ်နိုင်ငံအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ ယေဘုယျသဘောထားအမြင်

မြန်မာ့မူဝါဒအသိုက်အဝန်းတွင် တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းဟု မယူဆသူ  (မကောင်းပါနှင့် လုံးဝမကောင်းပါ နှစ်ရပ်ပေါင်း) ၅၅ ရာခိုင်နှုန်း ရှိပြီး အိမ်နီးချင်းကောင်းဟုယူဆသူ (ကောင်းပါသည်နှင့် အလွန်ကောင်းပါသည် နှစ်ရပ်ပေါင်း) ၄၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ယေဘုယျအားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မည်သည့်အတိုင်းအတာအထိ အိမ်နီးချင်းကောင်းဖြစ်သနည်းဟု မေးမြန်းရာတွင် ဖြေဆိုသူများအနက် ၄၂ ရာခိုင်နှုန်းသည်  အိမ်နီးချင်းကောင်းမဟုတ်ဟု ရှုမြင်ကြပြီး အိမ်နီးချင်းကောင်းဖြစ်သည် ဟုရှုမြင်သူ ၃၈ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ ထို့အပြင် လုံးဝမကောင်းပါဟု ယူဆသူ ၁၃ ရာခိုင်နှုန်း ရှိပါသည်။ အလွန်ကောင်းသော အိမ်နီးချင်းဖြစ်သည်ဟု မြင်သူနှင့် အိမ်နီးချင်းကောင်း ဟုတ်မဟုတ်ကို မသိပါဟုဖြေဆိုသူမှာ နှစ်ရာခိုင်နှုန်းစီ ရှိကြသည်။​ မေးခွန်းကိုဖြေဆိုရန် ငြင်းဆန်သူ သုံးရာခိုင်နှုန်း ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းလေးခုအနက် တခုချင်းစီ၏ ယူဆချက်များကို ပိုင်းခြားကြည့်ရာ၌ အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၀ ရာခိုင်နှုန်း (လုံးဝမကောင်းပါနှင့် မကောင်းပါ) နှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ၅၃ ရာခိုင်နှုန်း (လုံးဝမကောင်းပါနှင့် မကောင်းပါ)က အိမ်နီးချင်းကောင်းမဟုတ်ဟု ဖြေဆိုခဲ့ကြသည်။ နိုင်ငံရေးပါတီများ၏ ၅၉ ရာခိုင်နှုန်း (ကောင်းပါသည်) နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ၆၈ ရာခိုင်နှုန်း (ကောင်းပါသည်နှင့် အလွန်ကောင်းပါသည်) က အိမ်နီးချင်းကောင်းဟု ဖြေဆိုခဲ့ပါသည်။


တရုတ်-မြန်မာဆက်ဆံရေး၌ မြန်မာရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် အကြီးမားဆုံးသည် စီးပွားရေးအရ လွှမ်းမိုးခံရမှုနှင့် ပထဝီနိုင်ငံရေးအရ​ လွှမ်းမိုးခံရမှုများဖြစ်ကြောင်း ဖြေဆိုခဲ့ကြသည်။ စီးပွားရေးအရ လွှမ်းမိုးခံရမှုဟု ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းရှိပြီး ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမှုဟု ယူဆသူ ၃၁ ရာခိုင်နှုန်း ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို စိန်ခေါ်မှုအဖြစ် ယူဆသူမှာ တတိယအများဆုံးဖြစ်ပြီး ၁၉ ရာခိုင်နှုန်းခန့် ရှိသည်။ လုံခြုံရေးကဏ္ဍ၌ တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကို စိန်ခေါ်မှုဟု ဖြေဆိုသူ လေးရာခိုင်နှုန်းရှိပြီး ယဉ်ကျေးမှုနှင့် လူဦးရေအရ လွှမ်းမိုးခံရမှုကို စိန်ခေါ်မှုဟုရှုမြင်သူ တဦးမျှ မရှိသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံနှင့်ဆက်ဆံရေး၌ မြန်မာနိုင်ငံ ရရှိနေသော အဓိကအခွင့်အလမ်းမှာ ဈေးကွက်ရရှိမှုဟု ယူဆသူသည် ၃၇ ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟုယူဆသူမှာ ၃၃ ရာခိုင်နှုန်းရှိသည်။​ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်နိုင်မှုကို ရွေးချယ်သူ ကိုးရာခိုင်နှုန်းသာ ရှိပါသည်။ မြန်မာသည် တရုတ်နိုင်ငံမှ မည်သည့်အခွင့်အလမ်းမှမရရှိဟု ယူဆသူ ၁၁ ရာခိုင်နှုန်း ရှိသည်။ ဖွံ့ဖြိုးမှုအကူအညီ ရရှိနိုင်သည်ဟု ယူဆသူ လေးရာခိုင်နှုန်း ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၃)ကို ဖြေဆိုရာ၌ ထူးခြားချက်မှာ နိုင်ငံရေးပါတီများ၏ ၄၇ ရာခိုင်နှုန်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ၄၀ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၄၀ ရာခိုင်နှုန်းတို့က တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် မြန်မာ အဓိကရသောအခွင့်အလမ်းမှာ ဈေးကွက်ရရှိမှုဟု ယူဆကြသည်။ ထိုသို့ယူဆကြသည့် ကိန်းဂဏန်းများ ကွာခြားမှုမရှိသဖြင့် မြန်မာ့မူဝါဒအသိုက်အဝန်းရှိ အစုအဖွဲ့သုံးဖွဲ့၏ သဘောထားများ တူညီကြသည်ကို တွေ့ရသည်။ သို့သော် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၃၇ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အများဆုံး ရွေးချယ်ဖြေကြားခဲ့သည်။ နည်းပညာလွှဲပြောင်း ရယူနိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ရရှိနိုင်သည်ဟု ယူဆသူ တစ်ရာခိုင်နှုန်းနှင့် လေး ရာခိုင်နှုန်းသာ ရှိသည့်အတွက် အုပ်စုအသီးသီး၏ ရွေးချယ်မှုရာခိုင်နှုန်း နှိုင်းယှဉ်ချက်များ သိသိသာသာ ကွာခြားမှုမရှိပေ။


မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးအရ မှီခိုနေရကြောင်း ယူဆသူမှာ ၆၇ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးဖြစ်သည်။ မှီခိုရန်မလိုဟုယူဆသူ ခြောက်ရာခိုင်နှုန်းသာ ရှိပါ သည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မှီခိုနေရသည်ဟု ယူဆသူ ၄၇ ရာခိုင်နှုန်းရှိပြီး ၁၂ ရာခိုင်နှုန်းကသာ မှီခိုရန်မလိုကြောင်း ဖြေဆိုကြသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအပေါ် မှီခိုနေရသည်ဟု ယူဆသူ ၅၂ ရာခိုင်နှုန်း ရှိပြီး မှီခိုရန်မလိုဟု ယူဆသူ ၁၂ ရာခိုင်နှုန်းရှိသည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင်မူ မှီခိုရန်မလိုဟုဖြေကြားသူ အများဆုံးဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသည်။ ၂၃ ရာခိုင်နှုန်းကသာ မှီခိုနေရကြောင်း ဖြေကြားခဲ့သည်။ ကြားနေဦးရေမှာ အများဆုံးဖြစ်ပြီး ၄၀ ရာခိုင်နှုန်းရှိသည်။ နိုင်ငံရေးတွင်မူ တရုတ်နိုင်ငံအပေါ် မှီခိုနေရသည်ဟု ယူဆသူ ၅၁ ရာခိုင်နှုန်းရှိပြီး မှီခိုရန်မလိုဟုယူဆသူ ၂၀ ရာခိုင်နှုန်းသာရှိသည်။ ​ကြားနေဖြေဆိုသူမှာ မှီခိုရန်မလိုဟု ယူဆသူထက်များပြီး ၂၄ ရာခိုင်နှုန်း ရှိသည်။ ပညာရေးကဏ္ဍတွင် တရုတ်နိုင်ငံအပေါ် မှီခိုရန်မလိုအပ်ကြောင်း အများဆုံးယူဆကြပြီး ၈၂ ရာခိုင်နှုန်းခန့်ရှိသည်။ ​မှီခိုနေရကြောင်းဖြေသူ နှစ်ရာခိုင်နှုန်းသာရှိသည်။ ကျန်းမာရေးကဏ္ဍတွင် တရုတ်နိုင်ငံ အပေါ် မှီခိုရန် မလိုဟုယူဆသူ ၆၂ ရာခိုင်နှုန်း ရှိနေသည်ကို တွေ့ရသည်။ မှီခိုနေရသည်ဟုယူဆသူ ၁၄ ရာခိုင်နှုန်းရှိပြီး ကြားနေသူ ၂၃ ရာခိုင်နှုန်းခန့်ရှိသည်။ နည်းပညာကဏ္ဍတွင် မှီခိုရန် မလိုအပ်ကြောင်းယူဆသူနှင့် ကြားနေသူ ၃၆ ရာခိုင်နှုန်းစီရှိပြီး မှီခိုနေရသည်ဟု ယူဆသူ ၂၅ ရာခိုင်နှုန်းရှိသည်။ လုံခြုံရေးကဏ္ဍတွင် မှီခိုနေရကြောင်း ယူဆသူ ၃၈ ရာခိုင်နှုန်းရှိပြီး မှီခိုရန် မလိုအပ်ကြောင်း ယူဆသူမှာ ၂၈ ရာခိုင်နှုန်းရှိသည်။  သံတမန်ရေးတွင်မူ မှီခိုနေရသည်ဟု ဖြေဆိုသူ ၅၄ ရာခိုင်နှုန်း ရှိသည်။ မှီခိုရန်မလိုကြောင်းဖြေဆိုသူ ၁၁ ရာခိုင်နှုန်းသာ ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

တရုတ်နိုင်ငံအပေါ် မှီခိုမှုကို အစုအဖွဲ့အလိုက်အမြင်များအား ပိုင်းခြားရာ၌ ရင်းနှီးမြှုပ်နှံမှုတွင် ကွဲလွဲမှုမရှိပေ။ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံအပေါ် မှီခိုနေရသည်ဟု ယူဆသူ ၄၇ ရာခိုင်နှုန်းရှိပြီး၊ ကြားနေ ၄၀ ရာခိုင်နှုန်း ရှိနေသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံအပေါ် မှီခိုနေရသည်ဟု ယူဆသူ အများဆုံးဖြစ်သော်လည်း အစုအဖွဲ့တခုချင်းစီကို ဆန်းစစ်ကြည့်သည့်အခါ ကြားနေရာခိုင်နှုန်းတွင် နိုင်ငံရေးပါတီများ၏ ၄၁ ရာခိုင်နှုန်း၊ နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏  ၄၀ ရာခိုင်နှုန်းတို့က အများဆုံးဖြစ်သည်။ နိုင်ငံရေးတွင် တရုတ်နိုင်ငံကို မှီခိုရန်မလိုဟု ယူဆသည့် အစုအဖွဲ့မှာ နိုင်ငံရေးပါတီများဖြစ်ပြီး ၅၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ထင်ရှားသူများနှင့် EAOs များ၏ ၄၆ ရာခိုင်နှုန်းက လုံခြုံရေးကဏ္ဍ၌ တရုတ်နိုင်ငံအပေါ် မှီခိုနေရကြောင်း ဖြေကြားခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၃၈ ရာခိုင်နှုန်းနှင့် နိုင်ငံရေးပါတီများ၏ ၄၇ ရာခိုင်နှုန်းက လုံခြုံရေးကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုရန်မလိုကြောင်း သဘောထားပေးခဲ့သည်။ ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံကို မှီခိုနေရသည်ဟု စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၇၇ ရာခိုင်နှုန်းနှင့် နိုင်ငံရေးပါတီများ၇၆ ရာခိုင်နှုန်းတို့က အများဆုံးဖြေကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံကို မှီခိုရန်မလိုဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၄၈ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး နိုင်ငံရေးပါတီများကမူ တရုတ်နိုင်ငံအပေါ် မှီခိုရန်မလိုကြောင်း ယူဆသူနှင့် ကြားနေသူ ၃၅ ရာခိုင်နှုန်းစီ ရှိခဲ့ကြသည်။


မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် တရုတ်နိုင်ငံဘက်က ရလိုသောအကျိုးစီးပွားကို မေးမြန်းရာ၌ အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးမှုရရှိရေးကို အများဆုံးရွေးချယ်ကြပြီး ၄၆ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံမှ သယံဇာတအရင်းမြစ်များရရှိရေးကို ဖြေဆိုသူမှာ ဒုတိယအများဆုံးဖြစ်ပြီး ၂၈ ရာခိုင်နှုန်းခန့် ရှိသည်။ ယူနန်ပြည်နယ် ရေကြောင်းထွက်ပေါက်ရရှိရေးအတွက်ဟု ဖြေဆိုသူ ၁၆ ရာခိုင်နှုန်းခန့်ရှိပြီး တရုတ်နိုင်ငံ၏ အခြေခံစက်မှုလုပ်ငန်းများအတွက် ဈေးကွက်ချဲ့ထွင်လိုခြင်းဟု ယူဆသူ လေးရာခိုင်နှုန်းခန့် ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၁၄)ကို ဖြေဆိုကြသည့် အစုအဖွဲ့အလိုက် အမြင်များကို ပိုင်းခြားရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးမှုရရှိရေးမှာ တရုတ်နိုင်ငံဘက်က အဓိကရလိုသော အကျိုးစီးပွားဖြစ်ကြောင်း အများဆုံးဖြေဆိုခဲ့သည်။ ၎င်းတို့၏ ဖြေဆိုချက်များသည် ၄၉ ရာခိုင်နှုန်းဖြင့် တူညီကြသည်။ နိုင်ငံရေးပါတီ၏ ၄၁ ရာခိုင်နှုန်းနှင့်​ စီးပွားရေးအသင်းများ၊ အဖွဲ့အစည်းများ၏ ၃၅ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆကြပါသည်။ ထို့အတူ “မြန်မာနိုင်ငံရှိ သယံဇာတအရင်းမြစ်များ ရရှိရေး” ဆိုသည့်အချက်ကို အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဒုတိယအများဆုံးအဖြစ် ဖြေခဲ့ကြသည်။ သို့သော် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၃၃ ရာခိုင်နှုန်းကမူ “ယူနန်ပြည်နယ် ရေကြောင်းထွက်ပေါက် ရရှိနိုင်ရေး” ဆိုသည့်အချက်အား ဒုတိယအများဆုံး ဖြေခဲ့ပါသည်။


∎ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှု

လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်း၌  တရုတ်နိုင်ငံ၏ပါဝင်မှုကို အပြုသဘောမဆောင်ဟု ယူဆသူမှာ ၅၄ ရာခိုင်နှုန်း (လုံးဝ အပြုသဘောမဆောင်နှင့် အပြုသဘောမဆောင်)နှင့် အပြုသဘောဆောင်သည်ဟု ယူဆသူ ၄၀ ရာခိုင်နှုန်း (အလွန်အပြုသဘောဆောင်နှင့် အပြုသဘောဆောင်) ရှိပါသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ပါဝင်မှုသည် အပြုသဘောမဆောင်ဟု ယူဆကြသည်။ ထိုသို့ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်။ အပြုသဘောဆောင် သည်ဟု ဖြေဆိုသူမှာ ၃၇ ရာခိုင်နှုန်းရှိပြီး လုံးဝ အပြုသဘောမဆောင်ပါဟု ယူဆသူ ၁၅ ရာခိုင်နှုန်း ရှိပါသည်။ ဖြေဆိုရန်ငြင်းဆန်သူ လေးရာခိုင်နှုန်းရှိပြီး မသိပါဟုဖြေဆိုသူ နှစ်ရာခိုင် နှုန်းရှိသည်။ အလွန် အပြုသဘော ဆောင်ပါသည်ဟု ဖြေဆိုသူ သုံးရာခိုင်နှုန်းသာရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မူဝါဒအသိုက်အဝန်းအလိုက် ခွဲခြားကြည့်ပါက အပြုသဘောမဆောင်ဟု အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးယူဆကြပြီး ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းကျော် (လုံးဝ အပြုသဘောမဆောင်နှင့် အပြုသဘောမဆောင်) ရှိပါသည်။ အပြုသဘောဆောင်ကြောင်း ယူဆသည့် အစုအဖွဲ့တွင် နိုင်ငံရေးပါတီများက အများဆုံးဖြစ်ပြီး ၈၈ ရာခိုင်နှုန်းကျော် (အလွန် အပြုသဘောဆောင်နှင့် အပြုသဘောဆောင်) ရှိသည်။


လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်း၌ တရုတ်နိုင်ငံ၏ပါဝင်မှုသည် ထိရောက်မှုရှိကြောင်း ဖြေဆိုသူ၏ ၅၉ ရာခိုင်နှုန်း (ထိရောက်ပါသည်နှင့် အလွန်ထိရောက်ပါသည်)က ယူဆကြပါသည်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ပါဝင်မှုသည် ထိရောက်ကြောင်း အများဆုံးဖြေဆိုကြပြီး ၄၆ ရာခိုင်နှုန်းရှိသည်။ မထိရောက်ပါဟုဖြေဆိုသူ ၂၉ ရာခိုင်နှုန်းရှိပါသည်။  အလွန်ထိရောက်ပါသည်ဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်းရှိသော်လည်း လုံးဝ မထိရောက်ပါဟု ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းခန့် ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မူဝါဒအသိုက်အဝန်းအလိုက် ခွဲခြားကြည့်ပါက အစုအဖွဲ့များ၏ ကျန်ရွေးချယ်ချက်များတွင် သိသာထင်ရှားသည့် ကွဲပြားချက်များ မတွေ့ရသော်လည်း နိုင်ငံရေးပါတီများ၏ ၈၂ ရာခိုင်နှုန်းကျော် (ထိရောက်ပါသည်နှင့် အလွန်ထိရောက်ပါသည်)က တရုတ်နိုင်ငံ၏ပါဝင်မှု ထိရောက်ကြောင်း အများဆုံးဖြေဆိုခဲ့သည်။ မထိရောက်ပါဟု ဖြေဆိုသူများထဲတွင် အရပ်ဘက် အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၄၆ ရာခိုင်နှုန်းကျော် (လုံးဝ မထိရောက်ပါနှင့် မထိရောက်ပါ) ရှိသည်။


အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်ကောင်စီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ဆက်ဆံရေးမကောင်းဟု သုံးသပ်ကြသည်။ တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ဆက်ဆံရေးကောင်းသည်ဟု ဖြေဆိုသူ အများဆုံးဖြစ်ပြီး ၄၇ ရာခိုင်နှုန်း ရှိပါသည်။ ကြားနေ ၃၇ ရာခိုင်နှုန်းရှိပြီး ဆက်ဆံရေး မကောင်းဟုယူဆသူ ၁၀ ရာခိုင်နှုန်းကျော်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်ဆံရေးမကောင်းဟု ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းနီးပါး ရှိပါသည်။ ကောင်းသည်ဟုဖြေဆိုသူ ကိုးရာခိုင်နှုန်းကျော်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်သည်ဟု ယူဆသူ ၅၃ ရာခိုင် နှုန်းနီးပါး ရှိပြီး၊ မကောင်းဟုဖြေဆိုသူ ၁၀ ရာခိုင်နှုန်း၊ ကြားနေသူ ၂၉ ရာခိုင်နှုန်းခန့်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးမကောင်းဟု ယူဆသူ အများဆုံးဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကျော် ရှိသည်။ ကောင်းသည်ဟုယူဆသူ ငါးရာခိုင်နှုန်းကျော်၊ ကြားနေ ၁၈ ရာခိုင်နှုန်းကျော်နှင့် မသိပါဟု ဖြေဆိုသူမှာ ခုနစ်ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးထက် အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံအဖြစ် မြင်လိုကြောင်း မြန်မာ့မူဝါဒအသိုက်အဝန်းမှ ပုဂ္ဂိုလ်များက ယူဆကြသည်။ အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအဖြစ်မြင်လိုကြောင်း ၅၅ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး အများဆုံးဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဖြစ်လာရေး လိုလားသည်ဟု ဖြေဆိုသူ ၁၅ ရာခိုင်နှုန်းရှိပြီး၊ ဖြေဆိုရန်ငြင်းဆန်သူ ၂၂ ရာခိုင်နှုန်း၊ မသိပါဟုဖြေဆိုသူ ရှစ်ရာခိုင်နှုန်းခန့် ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအဖြစ် မြင်လိုကြောင်း ထက်ဝက်ကျော်က ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ငြင်းဆန်သူ ၂၂ ရာခိုင်နှုန်း ရှိခဲ့သည်။ မူဝါဒအသိုက်အဝန်းအလိုက် ဆန်းစစ်ပါက အရပ်ဘက်အဖွဲ့အစည်းများအနက် ၇၅ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအဖြစ် မြင်လိုနေသည်ဟု ဖြေကြားခဲ့ပြီး၊ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၄၃ ရာခိုင်နှုန်းနီးပါးကလည်း ထိုအမြင်ယူဆချက်အတိုင်း ဖြေဆိုခဲ့သည်ကို တွေ့ရပါသည်။ ဖြေဆိုရန် ငြင်းဆန်ခဲ့သူများထဲတွင် နိုင်ငံရေးပါတီများက အများဆုံးဖြစ်ပြီး ၄၁ ရာခိုင်နှုန်းကျော် ရှိပါသည်။ ဒုတိယအများဆုံး ငြင်းဆန်ခဲ့သူများမှာ ထင်ရှားသူများနှင့် EAOs များဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများဘက်တွင် ဖြေဆိုရန်ငြင်းဆန်သူ ၁၆ ရာခိုင်နှုန်းရှိပြီး၊ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများဘက်တွင် ဖြေဆိုရန်ငြင်းဆန်သူ ၁၈ ရာခိုင်နှုန်းနီးပါး ရှိသည်။


လက်ရှိမြန်မာ့အကျပ်အတည်းတွင် တရုတ်နိုင်ငံက အထိရောက်ဆုံး ပါဝင်နိုင်မည့်နည်းလမ်းသည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းပါဝင်ခြင်းဟု ယူဆကြပြီး၊ ဖြေဆိုသူ ၃၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။ အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းပါဝင်ခြင်းဟု ဖြေဆိုကြသူမှာ ဒုတိယအများဆုံးဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် တိုက်ရိုက်ပါဝင်ခြင်းဟု ဖြေဆိုသူမှာ ၁၉ ရာခိုင်နှုန်းဖြစ်ကာ၊ လုံးဝ မပါဝင်သင့်ဟု ဖြေဆိုသူ ကိုးရာခိုင်နှုန်းရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၂)ကို ဖြေဆိုကြရာ၌ မူဝါဒအဖွဲ့များအကြား ဦးစားပေးမှု ကွာဟသည်ကို တွေ့ရပါသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းပါဝင်ခြင်းကို အရပ်ဘက်အဖွဲ့အစည်းများ၏ ၃၉ ရာခိုင်နှုန်းက ဖြေကြားခဲ့ပြီး အများဆုံးဖြစ်ပါသည်။ နိုင်ငံရေးပါတီများ၏ ၃၅ ရာခိုင်နှုန်းကျော်ကမူ တရုတ်နိုင်ငံကို တိုက်ရိုက်ပါဝင်စေလိုကြောင်း ဖြေဆိုခဲ့သည်။ အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းပါဝင်စေကြောင်းကို ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ၄၂ ရာခိုင်နှုန်းကျော်၊ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၃၀ ရာခိုင်နှုန်းတို့က အများဆုံးဖြင့် အသီးသီးရွေးချယ်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် တိုက်ရိုက်ပါဝင်ခြင်းနည်းနာကို နိုင်ငံရေးပါတီများကသာ အများဆုံး ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး စီးပွားရေးအသင်း၊ အဖွဲ့အစည်းများဘက်တွင်လည်း တရုတ်နိုင်ငံ တိုက်ရိုက်ပါဝင်ခြင်းကို ဒုတိယအများဆုံးအဖြစ် ရွေးချယ်ထားသည်။ ယခုမေးခွန်းကို ဖြေဆိုရန် ငြင်းဆန်သူများထဲတွင် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၁၈ ရာခိုင်နှုန်းနီးပါး ရှိပါသည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးတွင် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူဝါဒကို ကျင့်သုံးမှုမရှိကြောင်း ဖြေဆိုသူအများစုက ယူဆကြသည်။ ဖြေဆိုသူများအနက် ၆၇ ရာခိုင်နှုန်းက ထိုသို့ယူဆခဲ့ပြီး ၂၅ ရာခိုင်နှုန်းက ကျင့်သုံးနေသည်ဟု ဖြေဆိုကြပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၃)ကို ဖြေဆိုကြရာ၌ မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းရေး ဝင်မစွက်ဖက်ခြင်းမူကို ကျင့်သုံးနေခြင်းမရှိဟု ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ၇၇ ရာခိုင်နှုန်းကျော် က ယူဆခဲ့ပြီး အများဆုံးဖြစ်သည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ ၆၇ ရာခိုင်နှုန်းကျော်နှင့် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၆၃ ရာခိုင်နှုန်းကလည်း ထိုအတိုင်း ယူဆခဲ့ကြပါသည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်း များ၏ ၃၀ ရာခိုင်နှုန်းနီးပါး၊ နိုင်ငံရေးပါတီများ၏ ၂၉ ရာခိုင်နှုန်းနီးပါး၊ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၂၅ ရာခိုင်နှုန်းနှင့် ထင်ရှားသူများနှင့် EAOs များ၏ ၁၆ ရာခိုင်နှုန်းနီးပါးက တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းရေး ဝင်မစွက်ဖက်ခြင်းမူဝါဒကို ကျင့်သုံးနေကြောင်း ထင်မြင်ယူဆခဲ့ကြသည်။ ယခုမေးခွန်းကို ဖြေဆိုရာတွင် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ခုနစ်ရာခိုင်နှုန်းက ဖြေကြားရန် ငြင်းဆန်ခဲ့ကြပါသည်။


အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသော နိုင်ငံရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးစပ်သွားမည်ဟု မယူဆကြချေ။ ထိုသို့ မယူဆကြောင်း ဖြေဆိုသူ ၆၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ယူဆပါသည်ဟုဖြေဆိုသူ ၃၁ ရာခိုင်နှုန်း ရှိပြီး၊ မသိပါနှင့် ဖြေဆိုရန် ငြင်းဆန်သူမှာ ငါးရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်း အသီးသီးရှိကြသည်။

မြန်မာ့နိုင်ငံရေးနှင့် လှူအခွင့်အရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်လာပါက ကုလသမဂ္ဂနှင့် အာဆီယံစသည့် နိုင်ငံတကာမျက်နှာစာများတွင် တရုတ်နိုင်ငံသည် (စစ်ကောင်စီဘက်မှ နေ၍) အနောက်နိုင်ငံများကို တင်းတင်းမာမာ ရင်ဆိုင်နိုင်မည်ဟု ယူဆပါသလားဆိုသည့် မေးခွန်းအား မယူဆကြောင်း ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းရှိပြီး ယူဆပါသည်ဟု ဖြေဆိုသူ ၃၃ ရာခိုင်နှုန်း ရှိခဲ့သည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံအပေါ် သဘောထားအမြင် ပြောင်းလဲမှု ရှိ၊ မရှိ မေးမြန်းရာ၌  သဘောထားအမြင် ပြောင်းလဲမှုမရှိဟု ဖြေဆိုသူ ၅၉ ရာခိုင်နှုန်းရှိပြီး၊ ပို၍ အဆိုးမြင်ပါသည်ဟု ဖြေဆိုသူ ၃၄ ရာခိုင်နှုန်းရှိသည်။ ပို၍ အကောင်းမြင်လာသည်ဟု ဖြေဆိုသူ နှစ်ရာခိုင်နှုန်း၊ မသိပါဟုဖြေဆိုသူ နှစ်ရာခိုင်နှုန်းနှင့် ဖြေဆိုရန် ငြင်းဆန်သူ သုံးရာခိုင်နှုန်းရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၆)ကို ဖြေဆိုကြရာ၌ သဘောထားအမြင် ပြောင်းလဲခြင်းမရှိဟု အုပ်စုအသီးသီးက အများဆုံးဖြေဆိုခဲ့ကြသည်။  ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ  ဖြေကြားသူ ၇၀ ရာခိုင်နှုန်းကျော်သည် သဘောထားအမြင်ပြောင်းလဲမှုမရှိဟု ရွေးချယ်ခဲ့ပြီး အုပ်စုအသီးသီးတွင် အများစုဖြစ်ပါသည်။ ပို၍အဆိုးမြင်လာသည်ဟူသောအဖြေကို အများဆုံးရွေးချယ်ခဲ့ကြသူများမှာ အရပ်ဘက်အဖွဲ့အစည်းများဖြစ်ပြီး ၄၄ ရာခိုင်နှုန်း ရှိပါသည်။ ထို့အတူ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၃၂ ရာခိုင်နှုန်းကျော်ကလည်း ထိုသို့ယူဆခဲ့ကြသည်။


အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်သော မူဝါဒ စဉ်းစားချက်တွင် အာဏာကိုင်စွဲထားသောသူ မည်သူနှင့်မဆို အဆင်ပြေသော ဆက်ဆံရေး ရရှိရန်အတွက်သာ အဓိကထားစဉ်းစားသည်ဟု မြန်မာ့မူဝါဒအသိုက်အဝန်းက ယူဆကြသည်။ ထိုသို့ယူဆကြောင်း ဖြေဆိုသူ ၇၉ ရာခိုင်နှုန်း ရှိပါသည်။ ထိုပမာဏမှာ ယခုစစ်တမ်းကို ဖြေဆိုကြသည့်အဖြေများထဲ၌ ရာခိုင်နှုန်းအများဆုံး ရရှိသည့် အဖြေတခု ဖြစ်ပါသည်။ မြန်မာပြည်သူများ၏သဘောထားကို အလေးထားစဉ်းစားသည်ဟု ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းသာ ရှိပြီး ဖြေဆိုရန်ငြင်းဆန်သူ ခုနစ်ရာခိုင်နှုန်း၊ မသိပါဟုဖြေဆိုသူ သုံးရာခိုင်နှုန်း ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၇)ကို ဖြေကြားရာ၌ တရုတ်နိုင်ငံသည် အာဏာကိုင်စွဲထားသူ မည်သူနှင့်မဆို အဆင်ပြေသော ဆက်ဆံရေးကို အဓိကထားစဉ်းစားသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၉ ရာခိုင်နှုန်းကျော်က အများဆုံးယူဆကြသည်။ ဒုတိယအများဆုံးမှာ နိုင်ငံရေးပါတီများဘက်ကဖြစ်ပြီး ၈၂ ရာခိုင်နှုန်းကျော် ရှိပါသည်။ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၆၈ ရာခိုင်နှုန်းနီးပါးအပြင် ထင်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ၆၇ ရာခိုင်နှုန်းလည်း ထိုသို့ ယူဆကြပါသည်။


∎ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေး


မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများက မြန်မာပြည်သူများအပေါ် အကျိုးရှိကြောင်း ဖြေဆိုသူ (အကျိုးရှိပါသည်နှင့် အလွန်အကျိုးရှိပါသည် အပါအဝင်) ၅၂ ရာခိုင်နှုန်း ရှိသည်။ အကျိုးမရှိဟု ဖြေဆိုသူ ၃၆ ရာခိုင်နှုန်းရှိပြီး၊ လုံးဝအကျိုးမရှိဟု ဖြေဆိုသူ ခြောက်ရာခိုင်နှုန်း ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၈)အတွက် အဖြေများကို ဆန်းစစ်လျှင် အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၃ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက် (လုံးဝ အကျိုးမရှိ အပါအဝင်) အကျိုးမရှိဟု အများဆုံး ရှုမြင်ခဲ့သည်။ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၈၀ ရာခိုင်နှုန်းမှာမူ (အလွန်အကျိုးရှိပါသည် အပါအဝင်) အကျိုးရှိပါသည်ဟု အများဆုံး ဖြေကြားခဲ့သည်။ နိုင်ငံရေးပါတီများ၏ ၇၆ ရာခိုင်နှုန်းကလည်း (အကျိုးရှိပါသည်နှင့် အလွန်အကျိုးရှိပါသည်) အကျိုးရှိသည်ဟု ရှုမြင်ကြသည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစီးပွားဖက်ဖြစ်သည်နှင့်ပတ်သက်ပြီး စိုးရိမ်စရာအဖြစ် ရှုမြင်သူ ၅၈ ရာခိုင်နှုန်းရှိသည်။ ကြိုဆိုစရာအဖြစ်မြင်သူ ၂၆ ရာခိုင်နှုန်းရှိပြီး၊ မသိပါဟုဖြေဆိုသူ ကိုးရာခိုင်နှုန်းရှိသည်။ ဖြေဆိုရန်ငြင်းဆန်သူမှာ ခုနစ်ရာခိုင်နှုန်း ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၂၉)အတွက် ဖြေဆိုချက်များကို ဆန်းစစ်ပါက အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၈ ရာခိုင်နှုန်းကျော်က စိုးရိမ်စရာဟု အများဆုံး ယူဆခဲ့ကြပြီး စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၅၅ ရာခိုင်နှုန်းက ကြိုဆိုစရာဟု ဖြေဆိုခဲ့ကြသည်။ သို့သော် နိုင်ငံရေးပါတီများ၏ ၄၁ ရာခိုင်နှုန်းကျော်က စိုးရိမ်စရာဟု မြင်ခဲ့သည့်နည်းတူ ကျန် ၄၁ ရာခိုင်နှုန်းကျော်ကမူ ကြိုဆိုစရာဟု မြင်ခဲ့ပါသည်။ နိုင်ငံရေးပါတီများ၏ ၁၂ ရာခိုင်နှုန်းနီးပါး၊ ထင်ရှားသူများနှင့် EAOs များ၏ ၁၂ ရာခိုင်နှုန်းတို့က ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။


အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှစ်ခုစလုံး၌ ပိုနည်းသွားသည်ဟု အများစုကဖြေခဲ့သည်။ ကုန်သွယ်ရေးတွင် ပိုနည်းသွားသည်ဟုယူဆသူ ၇၃ ရာခိုင်နှုန်းရှိပြီး ယခင်အတိုင်းဟု ယူဆသူ ၁၂ ရာခိုင်နှုန်း ရှိသည်။ ပိုများလာသည်ဟု ယူဆသူ ၁၁ ရာခိုင်နှုန်း ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ပိုနည်းသွားသည်ဟု ယူဆသူ ၄၂ ရာခိုင်နှုန်းရှိပြီး၊ ယခင်အတိုင်းဟုယူဆသူ ၂၈ ရာခိုင်နှုန်းရှိသည်။ ပိုများလာသည်ဟု ယူဆသူ ၂၁ ရာခိုင်နှုန်းနှင့် မသိပါဟုဖြေဆိုသူ ခြောက်ရာခိုင်နှုန်း ရှိပါသည်။

ကိုဗစ်ကပ်ဘေးကို အကြောင်းပြု၍ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံက ပိတ်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းခဲ့ခြင်းသည် စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် သာမန်ပြည်သူများအပေါ် အတိုင်းအတာတခုအထိ ဆိုးစေသည်ဟု အများဆုံးဖြေဆိုကြသည်။ စစ်ကောင်စီအပေါ် အတိုင်းအတာတခုအထိ ဆိုးစေကြောင်း ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းရှိပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် အတိုင်းအတာတခုအထိ ဆိုးစေသည်ဟုဖြေဆိုသူ ၅၄ ရာခိုင်နှုန်းရှိပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအပေါ်တွင် အတိုင်းအတာတခုအထိ ဆိုးစေကြောင်း ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းနှင့် သာမန်ပြည်သူများအပေါ် အတိုင်းအတာတခုအထိ ဆိုးစေကြောင်း ဖြေဆိုသူ ၅၆ ရာခိုင်နှုန်း ရှိသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအခြေအနေ ပိုကောင်းမည့် နှစ်ကာလအပိုင်းအခြားကို ခန့်မှန်းမရသူ အများဆုံးဖြစ်နေပြီး မသိပါဟုဖြေဆိုသူ ၂၄ ရာခိုင်နှုန်းရှိသည်။ ဖြေဆိုသူ ၂၀ ရာခိုင်နှုန်းက ၂၀၂၅ ခုနှစ်နောက်ပိုင်းမှသာ ပြန်ကောင်းမည်ဟု ယူဆကြပါသည်။ ၂၀၂၄ ခုနှစ်တွင် ပြန်ကောင်းမည်ဟု ဖြေဆိုသူ ၁၉ ရာခိုင်နှုန်းရှိပြီး၊ ကောင်းလာမည့်အနေအထားမရှိဟု ဖြေဆိုသူ ၁၄ ရာခိုင်နှုန်း ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွင်း ပြန်ကောင်းမည်ဟုဖြေဆိုသူ ၁၁ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ပြန်ကောင်းမည်ဟု ဖြေဆိုသူ ခြောက်ရာခိုင်နှုန်း ရှိပါသည်။ ယခု ၂၀၂၂ ခုနှစ်အတွင်းဟု ဖြေဆိုသူမှာ အနည်း ဆုံးဖြစ်ပြီး တစ်ရာခိုင်နှုန်းသာရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၃၆)အတွက် ဖြေဆိုချက်များကို ဆန်းစစ်ပါက ၂၀၂၂ ခုနှစ်တွင် ဆက်ဆံရေး ကောင်းမွန်မည်ဟု နိုင်ငံရေးပါတီများနှင့် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများဘက်တွင် ယူဆသူ တဦးမျှမရှိပေ။ ထင်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်တွင် တစ်ရာခိုင်နှုန်းကျော်ရှိပြီး၊ အရပ်ဘက် အဖွဲ့အစည်းများဘက်တွင်လည်း တစ်ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၂၅ ခုနှစ်နောက်ပိုင်းမှ ကောင်းမွန်လာနိုင်မည် ဆိုခြင်းကို နိုင်ငံရေးပါတီများက အများဆုံးရွေးချယ်ခဲ့ပြီး ၃၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။


∎ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှု


တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် လိုလားပါသည်ဟု ဖြေဆိုသူ (အတိုင်းအတာတခုအထိ လိုလားပါသည်နှင့် အလွန်လိုလားပါသည် အပါအဝင်) ၇၅ ရာခိုင်နှုန်း ရှိပြီး အများဆုံးဖြစ်သည်။ မလိုလားပါဟုဖြေဆိုသူ ၁၅ ရာခိုင်နှုန်း ရှိပြီး၊ အလွန်လိုလားကြောင်း ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းခန့် ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၃၇)ကို ဖြေဆိုရာ၌ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် တရုတ်နိုင်ငံအနေဖြင့် အတိုင်းအတာတခုအထိ လိုလားကြောင်း အစုအဖွဲ့လေးခုစလုံးက ယူဆကြသည်။ ထိုသို့ယူဆရာတွင် နိုင်ငံရေးပါတီများ၏ ၈၈ ရာခိုင်နှုန်းကျော်က (အလွန်လိုလားအပါအဝင်) အတိုင်းအတာတခုအထိ လိုလားသည်ဟု ဖြေကြသည်။ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ၈၈ ရာခိုင်နှုန်းနီးပါးကလည်း ထိုအတိုင်း ယူဆခဲ့ပါသည်။


တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အတိုင်းအတာတခုအထိ ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု အများဆုံးယူဆကြပြီး ၇၀ ရာခိုင်နှုန်းရှိသည်။ ဆောင်ရွက်နိုင်စွမ်း အပြည့်အဝရှိကြောင်း ယူဆသူ ၁၄ ရာခိုင်နှုန်းရှိကာ ဒုတိယအများဆုံးဖြစ်သည်။ ဆောင်ရွက်နိုင်စွမ်းမရှိဟု ယူဆသူ ၁၁ ရာခိုင်နှုန်းရှိပြီး ဆောင်ရွက်နိုင်စွမ်း လုံးဝမရှိဟု ယူဆသူ နှစ်ရာခိုင်နှုန်းခန့် ရှိပါသည်။

မြန်မာ့ငြိမ်းချမ်းရေး၌ တရုတ်နိုင်ငံ၏ပါဝင်မှုကို ကောင်းကျိုးဆိုးကျိုးသတ်မှတ်သည့် မေးခွန်းတွင် အတိုင်းအတာတခုအထိ ကောင်းကျိုးရှိကြောင်း အများဆုံးဖြေခဲ့ကြပြီး ၅၆ ရာခိုင်နှုန်း ရှိခဲ့သည်။ အတိုင်းအတာတခုအထိ ဆိုးကျိုးဖြစ်စေကြောင်းဖြေခဲ့သူ ဒုတိယအများဆုံးရှိပြီး ၂၅ ရာခိုင်နှုန်း ရှိပါသည်။ အလွန်ကောင်းကျိုးဖြစ်စေသည်နှင့် အလွန်ဆိုးကျိုးဖြစ်စေသည်ဟု ဖြေဆိုသူ လေးရာခိုင်နှုန်းစီရှိပြီး၊ မသိပါဟုဖြေဆိုသူ ခုနစ်ရာခိုင်နှုန်း ရှိပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တရုတ်နိုင်ငံသည် အတိုင်းအတာတခုအထိ လွှမ်းမိုးမှုရှိကြောင်းကို အများဆုံးယူဆကြပြီး ၆၀ ရာခိုင်နှုန်းရှိသည်။ ထို့အပြင် အလွန်လွှမ်းမိုးမှုရှိသည်ဟု ယူဆသူ  ၃၅ ရာခိုင်နှုန်း ပါရှိသည်။ လုံးဝလွှမ်းမိုးမှုမရှိနှင့် လွှမ်းမိုးမှုမရှိဟုယူဆသူ တဦးမျှမရှိခြင်းမှာ ထူးခြားချက်ဖြစ်သည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၄၀)ကို ဖြေဆိုရာ၌ နိုင်ငံရေးပါတီများ၊ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖြေဆိုသူအားလုံးက (အလွန်လွှမ်းမိုးခြင်းအပါအဝင်) အတိုင်းအတာတခုအထိ  လွှမ်းမိုးမှုရှိသည်ဟု ရာနှုန်းပြည့် ယူဆခဲ့သည်ကို ထူးထူးခြားခြား တွေ့ရပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၉၇ ရာခိုင်နှုန်း (အလွန်လွှမ်းမိုးခြင်းအပါအဝင်) နှင့် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၇၇ ရာခိုင်နှုန်းကျော် (အလွန်လွှမ်းမိုးခြင်းအပါအဝင်) ကလည်း ထိုသို့ယူဆကြသည်။


တရုတ်နိုင်ငံက မြန်မာ့တပ်မတော်အပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု အများဆုံးဖြေဆိုကြပြီး ၆၄ ရာခိုင်နှုန်းခန့် ရှိပါသည်။ အလွန်လွှမ်းမိုးမှုရှိသည်ဟု ယူဆသူ ၂၃ ရာခိုင်နှုန်းရှိကာ လွှမ်းမိုးမှုမရှိဟု ယူဆသူ ခုနစ်ရာခိုင်နှုန်း ရှိပါသည်။ လုံးဝလွှမ်းမိုးခြင်း မရှိဟု ယူဆသူ တစ်ရာခိုင်နှုန်းသာရှိခြင်းက ထူးခြားချက်တခုဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်အောင်မြင်စေရန်အတွက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ဘက်အသီးသီးကို တွန်းအားပေးသင့်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ကြားဝင်စေ့စပ်ပေးသူအဖြစ် ပါဝင်သင့်သည်ဟုဖြေဆိုသူ ဒုတိယအများဆုံးဖြစ်ပြီး ၁၆ ရာခိုင်နှုန်းစီ ရှိပါသည်။ လုံးဝ မပါဝင်သင့်ကြောင်း ဖြေကြားသူ ငါးရာခိုင်နှုန်းသာ ရှိပါသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးစားပေးဖြေရှင်းရမည့်အချက်နှစ်ခုကို ပေးထားခဲ့ပြီး ရွေးချယ်စေခဲ့ရာ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် နိုင်ငံရေးအင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးခြင်းအား အများဆုံးရွေးချယ်ခဲ့ကြပြီး ၇၀ ရာခိုင်နှုန်း ရှိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဖြေရှင်းခြင်းအား ရွေးချယ်သူမှာ ၁၃ ရာခိုင်နှုန်းသာ ရှိပါသည်။

∎ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများအပေါ် သဘောထားအမြင်


တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများသည် တရုတ်နိုင်ငံအတွက် ပိုပြီးအကျိုးရှိစေကြောင်း အများဆုံးယူဆခဲ့ကြပြီး ၈၃ ရာခိုင်နှုန်း ရှိပါသည်။ ထိုပမာဏသည် ယခုစစ်တမ်းကို ဖြေဆိုကြသည့် အဖြေများထဲ၌ ရာခိုင်နှုန်းအများဆုံးရရှိသည့် အဖြေတခု ဖြစ်ပါသည်။ နှစ်နိုင်ငံစလုံးအတွက် ညီတူညီမျှအကျိုးရှိသည်ဟု ဖြေကြားသူ ၁၂ ရာခိုင်နှုန်းရှိပြီး၊ မြန်မာနိုင်ငံကို ပိုပြီး အကျိုးဖြစ်စေသည်ဆိုခြင်းအား ဖြေဆိုသူ တဦးမျှမရှိခဲ့ပေ။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၄၄)ကို ဖြေဆိုရာ၌ နှစ်ဦးနှစ်ဖက် ညီတူညီမျှအကျိုးရှိကြောင်း ဖြေဆိုသူ နည်းပါးခဲ့သော်လည်း ထိုအဖြေကို စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၃၃ ရာခိုင်နှုန်းနီးပါးက အများဆုံး ရွေးချယ်ခဲ့ကြပါသည်။


တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း၏ ရည်ရွယ်ချက်သည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသော အရေးပါသည့်နေရာများအား ထိန်းချုပ်ရန်ဟု ယူဆသူ အများဆုံးရှိပြီး ၆၅ ရာခိုင်နှုန်း ရှိပါသည်။ မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးသက်ရောက်မှု ဖြန့်ကျက်နိုင်ရန်ဟု ယူဆသူ ၁၄ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအရ အကျိုးအမြတ် ရှိစေရန် အခြေခံသည်ဟု ယူဆသူ ၁၅ ရာခိုင်နှုန်းရှိသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့်ပတ်သက်၍ ဒေသတွင်း ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမှုကို အများဆုံးစိုးရိမ်ကြပြီး ၃၄ ရာခိုင်နှုန်းခန့် ရှိသည်။ အကြွေးထောင်ချောက်ကို စိုးရိမ်သူမှာ ဒုတိယအများဆုံးဖြစ်ပြီး ၁၈ ရာခိုင်နှုန်းရှိသည်။ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်သူ ၁၇ ရာခိုင်နှုန်းရှိကာ၊ စီးပွားရေးအရလွှမ်းမိုးခံရမှုကို စိုးရိမ်သူ ၁၆ ရာခိုင်နှုန်း ရှိပါသည်။ နိုင်ငံရေးအရ လွှမ်းမိုးခံရမှုကို စိုးရိမ်သူ ခြောက်ရာခိုင်နှုန်းသာ ရှိပြီး၊ တစုံတရာ စိုးရိမ် ပူပန်သူမရှိဟု ဖြေဆိုသူ သုံးရာခိုင်နှုန်း ရှိပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်မှု ရှိသည်ဆိုသော အချက်အား သဘောတူခြင်းမရှိသည်ကို တွေ့ရသည်။ သဘောမတူကြောင်း ဖြေဆိုမှု ၄၈ ရာခိုင်နှုန်း ရှိသည်။ သဘောတူကြောင်းဖြေဆိုသူ ၂၉ ရာခိုင်နှုန်း ရှိကာ၊ လုံးဝသဘောမတူဟု ဖြေကြားသူ ၁၁ ရာခိုင်နှုန်းနှင့် မသိပါဟု ဖြေကြားသူ ခုနစ်ရာခိုင်နှုန်း ရှိပါသည်။ သို့သော် စီးပွားရေးစင်္ကြံစီမံကိန်းသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ကြောင်း ယူဆကြပြီး ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းရှိသည်။ သဘောမတူသူ ၂၉ ရာခိုင်နှုန်းရှိကာ လုံးဝသဘောတူခြင်းမရှိသူ လေးရာခိုင်နှုန်းခန့် ရှိပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများကို တိုးတက်ကောင်းမွန်လာစေသည် ဟူသောအချက်တွင်မူ သဘောတူသူနှင့် သဘောမတူသူ ရာခိုင်နှုန်းတူညီခဲ့ပြီး ၄၂ ရာခိုင်နှုန်းစီ ရှိခဲ့သည်။ လုံးဝသဘောမတူဟု ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းနှင့် မသိပါဟုဖြေဆိုသူ လေးရာခိုင်နှုန်း ရှိသည်။ မြန်မာပြည်သူလူထု ရင်ဆိုင်နေရသော စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းများအတွက် ထွက်ပေါက်ဖြစ်နိုင်သည်ဆိုသော အချက်ကို သဘောမတူသူ ၅၉ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်ပါသည်။ သဘောတူကြောင်း ဖြေဆိုသူ ၁၉ ရာခိုင်နှုန်းနှင့် လုံးဝ သဘောမတူဟု ဖြေဆိုသူ ၁၅ ရာခိုင်နှုန်း ရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၄၇)မှ (၅၀)အထိ  ဖြေဆိုချက်များအား နှိုင်းယှဉ်ဆန်းစစ်ရာတွင် စီးပွားရေးစင်္ကြံစီမံကိန်းသည် ငြိမ်းချမ်းရေးတွင် ကောင်းမွန်သော သက်ရောက်မှုဖြစ်ကြောင်း စီးပွားရေး အသင်း၊ အဖွဲ့အစည်းများ၏ ၅၅ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်သည်ကိုလည်း စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၏ ၈၅ ရာခိုင်နှုန်းက (လုံးဝသဘောတူပါသည် အပါအဝင်) သဘောတူခဲ့ကြသည်။ နိုင်ငံရေးပါတီများ၏ ၇၆ ရာခိုင်နှုန်း၊ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ၇၂ ရာခိုင် နှုန်းတို့ကလည်း (လုံးဝသဘောတူသည် အပါအဝင်) သဘောတူခဲ့ကြောင်း တွေ့ရှိရသည်။ သဘောမတူကြောင်း ဖြေဆိုသူများထဲတွင် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး (လုံးဝသဘောမတူခြင်း အပါအဝင်) သဘောမတူကြောင်း ၅၂ ရာခိုင်နှုန်းကျော်က ဖြေခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာစေမည်ကိုလည်း အရပ်ဘက်အဖွဲ့အစည်းများက သဘောမတူခဲ့ဘဲ(လုံးဝသဘောမတူခြင်း အပါအဝင်) သဘောမတူသူ ၇၄ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ကျန်အစုအဖွဲ့များအနက် အများစုက သဘောတူကြောင်း ရွေးချယ်ခဲ့ကြသည်။ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းများအတွက် ထွက်ပေါက်ဖြစ်နိုင်သည်ဆိုသော ပေးထားချက်ကိုမူ အစုအဖွဲ့အားလုံးက သဘောမတူကြောင်း ဖြေဆိုခဲ့ကြသည်။


တရုတ်-မြန်မာစီးပွားရေးစင်္ကြံက မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အတိုင်းအတာတခုအထိ ထိခိုက်မှုရှိကြောင်း ယူဆကြသည်။ ထိုသို့ ဖြေကြားသူ ၅၉ ရာခိုင်နှုန်း ရှိပါသည်။ အလွန်ထိခိုက်မှုရှိကြောင်း ယူဆသူ ၃၂ ရာခိုင်နှုန်းရှိပြီး၊ ထိခိုက်မှုမရှိပါနှင့် မသိပါဟုဖြေဆိုသူ လေးရာခိုင်နှုန်းစီ ရှိကြသည်။ လုံးဝထိခိုက်မှု မရှိပါဆိုသော ပေးထားချက်ကို ဖြေဆိုသူ တဦးမျှမရှိခဲ့ပေ။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများအား အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီများက မြန်မာ့မူဝါဒအသိုက်အဝန်းရှိ ပုဂ္ဂိုလ်များကို ဆက်သွယ်ဆွေးနွေးဖူးပါသလားဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းတွင် တခုထက်ပိုသော အဖြေကို ဖြေဆိုခွင့်ပေးခဲ့ပါသည်။ သို့ရာတွင် တရုတ်ကုမ္ပဏီများအနေဖြင့် လုံးဝဆက်သွယ်ဆွေးနွေးခြင်းမရှိခဲ့ကြောင်း ဖြေကြားသူ ၇၅ ရာခိုင်နှုန်း ရှိသည်။ ဆက်သွယ်ဆွေးနွေးပါသည်ဟု ဖြေကြားသူ ၁၁ ရာခိုင်နှုန်းရှိပြီး၊ စီမံကိန်းနှင့်ပတ်သက်၍ အချက်အလက်များပေးသည်ဟု ဖြေကြားသူ ကိုးရာခိုင်နှုန်းရှိပါသည်။ မသိပါဟု ဖြေကြားသူမှာ ငါးရာခိုင်နှုန်းဖြစ်သည်။

∎ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တရုတ်နိုင်ငံ၏ ကူညီမှုအပေါ် သဘောထားအမြင်


မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ကူညီမှုသည် အတိုင်းအတာတခုအထိ အထောက်အပံ့ဖြစ်သည်ဟု ဖြေဆိုသူ အများဆုံးဖြစ်ပြီး ၇၆ ရာခိုင်နှုန်းရှိသည်။ အထောက်အပံ့မဖြစ်ဟုဖြေဆိုသူ ၁၃ ရာခိုင်နှုန်းရှိပြီး၊ အလွန် အထောက်အပံ့ဖြစ်သည်ဟု ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ အခြေစိုက်သည့် နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရရန် တရုတ်နိုင်ငံက ကာကွယ်ထောက်ပံ့ပေးသည့်အတွက် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ပိုမိုမြင့်တက်စေသည်ဆိုသော ယူဆချက်ကို သဘောတူသည်ဟု ဖြေဆိုသူ ၅၄ ရာခိုင်နှုန်း ရှိသည်။ သဘောမတူပါဟုဖြေဆိုသူ ၂၇ ရာခိုင်နှုန်းရှိပြီး၊ မသိပါဟုဖြေဆိုသူ ခုနစ်ရာခိုင်နှုန်း ရှိပါသည်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ကူညီပေးမှုသည် စစ်ကောင်စီ၏ တရားဝင်မှုကို ပိုမိုအားကောင်းစေသည်ဟူသော ယူဆချက်အား သဘောမတူဟုဖြေဆိုသူ ၄၃ ရာခိုင်နှုန်း ရှိပါသည်။ သဘောတူပါသည်ဟု ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းရှိပြီး၊ အပြည့်အဝ သဘောတူပါသည်ဟုဖြေဆိုသူ ကိုးရာခိုင်နှုန်း၊ လုံးဝသဘောမတူပါဟု ဖြေဆိုသူ သုံးရာခိုင်နှုန်း၊ မသိပါနှင့် ဖြေဆိုရန်ငြင်းဆန်သူ ငါးရာခိုင်နှုန်းစီရှိကြောင်း တွေ့ရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများအပေါ် ယုံကြည်မှုကို တိုင်းတာရာတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများနှင့် ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများအပေါ်တွင် ယုံကြည်မှု အနည်းဆုံးဖြစ်ပြီး၊ အမေရိကန်၊ အင်္ဂလန်နှင့် အိန္ဒိယနိုင်ငံများမှ ထုတ်လုပ်သော ကာကွယ်ဆေးများအပေါ် ယုံကြည်မှုရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်ကို တွေ့ရပါသည်။ အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများအပေါ် ယုံကြည်မှုတွင် ၇၄ ရာခိုင်နှုန်း၊ အင်္ဂလန်နိုင်ငံထုတ် ကာကွယ်ဆေးများအပေါ်တွင် ၆၉ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများပေါ်တွင် ၆၂ ရာခိုင်နှုန်း ယုံကြည်ကြောင်း ဖြေခဲ့ကြသည်။ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအပေါ် ယုံကြည်သည်ဟု ဖြေကြားသူ ၂၆ ရာခိုင်နှုန်းရှိပြီး၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများကို ယုံကြည်ကြောင်း ဖြေဆိုသူ ၂၀ ရာခိုင်နှုန်း ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး မယုံကြည်ကြောင်း ဖြေကြားသူများထဲတွင် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်းရှိသည်။ နိုင်ငံရေးပါတီများ၏  ၄၁ ရာခိုင်နှုန်းက ယုံကြည်ကြောင်း အများဆုံးဖြေခဲ့ပါသည်။ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများက ကြားနေခဲ့ပြီး အများဆုံး ၄၅ ရာခိုင်နှုန်း ရှိပါသည်။


တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးမူဝါဒအပေါ်တွင် ကောင်း မွန်ကြောင်း ယူဆသူ  (အတိုင်းအတာတခုအထိ ကောင်းပါသည်နှင့် အလွန်ကောင်းပါသည် အပါအဝင်) ၆၈ ရာခိုင်နှုန်းခန့် ရှိသည်။ မကောင်းပါဟုယူဆသူ ၁၉ ရာခိုင်နှုန်းရှိပြီး မသိပါ ဟုဖြေဆိုသူ ခြောက်ရာခိုင်နှုန်းနှင့် လုံးဝမကောင်းပါဟုဖြေဆိုသူ ငါးရာခိုင်နှုန်း ရှိပါသည်။

∎ တရုတ်နိုင်ငံ၏ အပျော့ဆွဲဩဇာတည်ဆောက်မှုအပေါ် အမြင်များ


တရုတ်နိုင်ငံက မြန်မာနိုင်ငံကိုပေးခဲ့သည့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများထဲတွင် မေးခွန်းဖြေကြားခဲ့သော မြန်မာ့မူဝါဒအသိုက်အဝန်းနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးတစုံတရာ သက်ရောက်မှု ရှိ၊ မရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ရာ အတိုင်းအတာတခုအထိ အကျိုးရှိခဲ့ကြောင်း အများစုက ဖြေဆိုခဲ့ပြီး ၄၂ ရာခိုင်နှုန်း ရှိပါသည်။ အကျိုးမရှိပါဟုဖြေဆိုသူ ၃၉ ရာခိုင်နှုန်းဖြစ်ကာ လုံးဝအကျိုးမရှိဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်း ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၆၂)ကို ဖြေဆိုကြရာ၌ အကျိုးရှိကြောင်း ဖြေဆိုသူများထဲတွင် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများမှ အများဆုံးဖြစ်ပြီး ၆၀ ရာခိုင်နှုန်းက (အလွန်အကျိုးရှိ အပါအဝင်) အတိုင်းအတာတခုအထိ အကျိုးရှိကြောင်း ဆိုခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၇ ရာခိုင်နှုန်းကျော်ကမူ (လုံးဝ အကျိုးမရှိခြင်း အပါအဝင်) အကျိုးမရှိဟု ဖြေခဲ့ပါသည်။


တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုပုံစံ (Development Model) က မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အတုယူလေ့လာစရာ ပုံစံတခုဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။ ထိုပြောဆိုချက်များကို သဘောတူခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၄၇ ရာခိုင်နှုန်းက သဘောမတူကြောင်း တုံ့ပြန်ကြသည်။ ၄၅ ရာခိုင်နှုန်းကမူ သဘောတူကြောင်း တုံ့ပြန်ပါသည်။ မသိပါနှင့် ဖြေဆိုရန် ငြင်းဆန်သူ လေးရာခိုင်နှုန်းစီ ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

မေးခွန်း(၆၃)ကို ဖြေဆိုရာ၌ သဘောတူသူနှင့် သဘောမတူသူ ရာခိုင်နှုန်း များစွာခြားနားခြင်း မရှိပေ။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများ၅၈ ရာခိုင်နှုန်းကျော်က သဘောမတူကြောင်း ပြောခဲ့ကြပြီး၊ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၇၂ ရာခိုင်နှုန်းကျော်နှင့် နိုင်ငံရေးပါတီများ၏ ၇၁ ရာခိုင်နှုန်းနီးပါးက သဘောတူကြောင်း ဖြေခဲ့ကြပါသည်။


တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်မျိုးကို မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်သည်ဟူသော အချက်ကို သဘောမတူကြောင်း ဖြေဆိုသူ ၈၇ ရာခိုင်နှုန်း ရှိသည်။ ထိုပမာဏသည်လည်း ယခုစစ်တမ်းကို ဖြေဆိုကြသည့် အဖြေများထဲ၌ ရာခိုင်နှုန်းအများဆုံးရရှိသည့် အဖြေတခုဖြစ်သည်။ သဘောတူကြောင်းဖြေဆိုသူ ရှစ်ရာခိုင်နှုန်း ရှိပြီး၊ ဖြေဆိုရန်ငြင်းဆန်သူ သုံးရာခိုင်နှုန်းနှင့် မသိပါဟု ဖြေဆိုသူ နှစ်ရာခိုင်နှုန်း ရှိပါသည်။

တရုတ်အစိုးရ သို့မဟုတ် စီးပွားရေးကုမ္ပဏီများ သို့မဟုတ် တက္ကသိုလ်၊ အဖွဲ့အစည်းများမှ စီစဉ်ပေးသော တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်များ၊ သင်တန်းများကို သွားရောက်ပါဝင်ဖူးသလားဟု မေးမြန်းခဲ့ရာ တကြိမ်မျှ သွားရောက်ဖူးခြင်းမရှိဟု ဖြေဆိုသူ ၆၆ ရာခိုင်နှုန်း ရှိသည်။ နှစ်ကြိမ်နှင့် ငါးကြိမ်အကြား သွားဖူးသူ ၁၇ ရာခိုင်နှုန်းရှိပြီး၊ တကြိမ်သွားဖူးသူ ၁၄ ရာခိုင်နှုန်းရှိသည်။ ခြောက်ကြိမ်နှင့်အထက်သွားဖူးသူ သုံးရာခိုင်နှုန်း ရှိသည်ကိုလည်း တွေ့ရပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

ယခုစစ်တမ်းကို ဖြေဆိုကြသော မြန်မာ့မူဝါဒအသိုက်အဝန်းမှ သုံးပုံတပုံခန့်မှာ တရုတ်အစိုးရ၊ ကုမ္ပဏီများ၊ တက္ကသိုလ်နှင့် အဖွဲ့အစည်းများက စီစဉ်သော ခရီးစဉ်များကို သွားရောက်ခဲ့သည့် အတွေ့အကြုံရှိကြပါသည်။ အစုအဖွဲ့အလိုက် နှိုင်းယှဉ်ရာတွင် စီးပွားရေးအသင်း၊ အဖွဲ့အစည်းများ၅၇ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံက စီစဉ်ပေးသော ခရီးစဉ်များတွင် ပါဝင်ခဲ့ကြသည်။ သွားရောက်သူအများစုမှာလည်း နှစ်ကြိမ်နှင့် ငါးကြိမ်အကြား သွားခဲ့ဖူးသည်ကို ဖြေခဲ့ကြသည်။ ထင်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၄၄ ရာခိုင်နှုန်းလည်း သွားရောက်ခဲ့ဖူးပြီး ဒုတိယအများဆုံးဖြစ်ပါသည်။ ၎င်းတို့သည်လည်း နှစ်ကြိမ်နှင့် ငါးကြိမ်အကြား သွားခဲ့သူများသည် အများဆုံးဖြစ်ကြသည်။


∎ တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအခြေအနေ


တရုတ်ကုမ္ပဏီထုတ်ပစ္စည်းများ အသုံးပြုရာတွင် တယ်လီဖုန်းများအား သုံးစွဲသည်ဟု အများစုက ဖြေဆိုခဲ့ကြပြီး ၄၈ ရာခိုင်နှုန်း ရှိပါသည်။ အသုံးမပြုပါဟုဖြေဆိုသူ ၃၀ ရာခိုင်နှုန်းရှိပြီး၊ CCTV လုံခြုံရေးစနစ်ကို သုံးစွဲသူ ၂၇ ရာခိုင်နှုန်း၊ WeChat သုံးစွဲသူ ၂၄ ရာခိုင်နှုန်းနှင့် TikTok သုံးစွဲသည်ဟူ ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းရှိသည်ကို တွေ့ရပါသည်။

တရုတ်ကုမ္ပဏီများက ထုတ်လုပ်သည့် တယ်လီဖုန်းများကို အများဆုံး သုံးစွဲကြသော်လည်း လုံခြုံစိတ်ချရမှုမရှိဟု ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းရှိသည်။ ကြားနေ ၂၅ ရာခိုင်နှုန်းနှင့် မသိပါဟု ဖြေဆိုသူ ခြောက်ရာခိုင်နှုန်း၊ လုံခြုံစိတ်ချရကြောင်း ဖြေဆိုသူ ငါးရာခိုင်နှုန်းရှိသည်။ WeChat သုံးစွဲရာ၌ လုံခြုံစိတ်ချရမှုမရှိဟု ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းရှိပြီး၊ မသိပါဟုဖြေဆိုသူ ၂၇ ရာခိုင်နှုန်း၊ ကြားနေ ၁၅ ရာခိုင်နှုန်းနှင့် လုံခြုံစိတ်ချရသည်ဟု ဖြေဆိုသူ ငါးရာခိုင်နှုန်း ရှိပါသည်။ TikTok ကို လုံခြုံစိတ်ချရမှုမရှိဟု ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး၊ မသိဟုဖြေဆိုသူ ၃၉ ရာခိုင်နှုန်း၊ ကြားနေ ကိုးရာခိုင်နှုန်း ရှိပါသည်။ တရုတ်နည်းပညာသုံး မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများ၊ ဥပမာ- မီးပွိုင့်ထိန်းချုပ်ရေး၊ လုံခြုံရေးစနစ်များအပေါ်တွင် လုံခြုံစိတ်ချရမှုမရှိဟု ယူဆသူ ၄၈ ရာခိုင်နှုန်းရှိပြီး၊ ကြားနေ ၂၄ ရာခိုင်နှုန်း၊ လုံခြုံစိတ်ချရပါသည်နှင့် မသိပါဟု ဖြေဆိုကြသူ ၁၃ ရာခိုင်နှုန်းစီ ရှိပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

တရုတ်ကုမ္ပဏီထုတ် ဖုန်းများကို ၄၈ ရာခိုင်နှုန်းခန့်က သုံးစွဲနေသော်လည်း ၆၃ ရာခိုင်နှုန်းကမူ လုံခြုံစိတ်ချရမှုမရှိဟု ဖြေဆိုခဲ့ကြသည်။ တရုတ်ဖုန်း သုံးစွဲသူများတွင် နိုင်ငံရေးပါတီများက အများဆုံးဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ CCTV လုံခြုံရေးစနစ်ကိုမူ စီးပွားရေးအသင်း၊ အဖွဲ့အစည်းများက အများဆုံးအသုံးပြုနေပြီး ၄၇ ရာခိုင်နှုန်းကျော် ရှိသည်။