အစီရင်ခံစာမိတ်ဆက်
တံခါးပိတ် မူဝါဒကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ ” ပြင်ပသို့ ဖြန့်ကျက်ခြင်း မူဝါဒ (ဒါမှမဟုတ်) အပြင်ထွက် မူဝါဒ” ကို ကျင့်သုံးပြီး တရုတ်စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံရပ်ခြားမှာ ခြေဆန့်ကြဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်လာပြီး ရပ်ဝန်း လမ်းကြောင်း အစီအမံကို ကြေညာပြီး နောက်ပိုင်း အရှေ့တောင်အာရှ၊ တောင်အာရှကနေ အရှေ့ အလယ်ပိုင်း၊ အာဖရိက နိုင်ငံတွေအထိ ချိတ်ဆက်မယ့် စီးပွားရေးကွန်ရက် လမ်းကြောင်းတွေပေါ်ပေါက်လာပါတယ်။ ကမ္ဘာတဝန်းမှာလည်း တရုတ် ကုမ္ပဏီတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဒုနဲ့ဒေး ရှိလာပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီးနောက်မှာ ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ အမေရိကန်ဒေါ်လာ ၂၂ သန်းတန် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုံ စီမံကိန်းတွေကို အတည်ပြု ပေးခဲ့ပါတယ်။ စစ်ကောင်စီက ရပ်၀န်းလမ်းကြောင်း စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေတာကိုတွေ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ ဆိတ်သုဉ်းလာတဲ့ မြန်မာနိုင်ငံမှာ စီမံကိန်းတွေနဲ့အတူ ပါလာစမြဲဖြစ်တဲ့ လူမှုဘ၀ထိခိုက်မှုတွေ၊ သဘာပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အခြေအနေတွေကို လေ့လာဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ Business & Human Rights Resource Centre က သုတေသန ပညာရှင်တွေ ရေးသားထုတ်ဝေခဲ့ကြတဲ့ “Going out” responsibly: The human rights impact of China’s global investments အမည်ရှိ သုတေသန အစီရင်ခံစာတစောင်ကို မိတ်ဆက်တင်ပြပါမယ်။ ဒီအစီရင်ခံစာမှာ အာရှ-ပစိဖိတ်ဒေသ၊ အာဖရိကနဲ့ လက်တင် အမေရိကနိုင်ငံတွေမှာ တရုတ်စီမံကိန်းတွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု ငါးနှစ်တာမှတ်တမ်းတွေကို လေ့လာသုံးသပ်ထားပါတယ်။ နိုင်ငံရပ် ခြားကို သွားရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ တရုတ်ကုမ္ပဏီတွေဟာ တရုတ် အစိုးရ ချမှတ်ထားပြီး၊ လိုက်နာ ဆောင်ရွက်ရမယ့် နိုင်ငံတကာစံချိန်စံညွှန်းတွေကို ဘယ်လောက်လိုက်နာသလဲ၊ အောက်ခြေမှာ လိုက်နာမှု အားနည်းနေတဲ့ဂယ်ပေါက်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတဲ့နိုင်ငံတွေက ပြည်သူတွေ ခံစားနေရတဲ့နစ်နာမှုတွေနဲ့ ပြန်လည်ကုစားမှုနိုင်မှု အခြေအနေတွေကိုလည်း ဆန်းစစ် ဖော်ပြထားပါတယ်။
အနှစ်ချုပ်မူရင်း
လူ့အခွင့်အရေးအပေါ် တရုတ် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ သက်ရောက်မှုတွေကို သုံးသပ်ထားတဲ့ အစီရင်ခံစာမှာ အဓိက အပိုင်းသုံးပိုင်းခွဲခြား ကြည့်နိုင်ပါတယ်။ ပထမအပိုင်းက တရုတ်အစိုးရက ကတိကဝတ်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ တရုတ်စီးပွားရေး ဦးဆောင်ကဏ္ဍတွေထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေး ကျင့်ဝတ်မြှင့်တင့်ရေးအတွက် အစီအမံတွေထားရှိတဲ့ လုပ်ငန်းတွေနဲ့ အစီအမံမရှိတဲ့ လုပ်ငန်းတွေကို ခွဲခြမ်းပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာ တရုတ်စီမံကိန်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို တင်ပြခဲ့တာပါ။ ဒီလို တင်ပြရာမှာ လူ့အခွင့်ရေး ချိုးဖောက်ခံရတဲ့ ဒေသတွင်း နိုင်ငံတွေထဲက လူ့အခွင့်အရေး ချိုးဖောက်ခြင်းအတွက် တိုင်ကြားမှု အနည်းအများ အပေါ်မူတည်ပြီး အန္တရာယ်အရှိဆုံးဒေသတွေကို မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် အဲဒီလို ချိုးဖောက်နေတဲ့ စီမံကိန်း အမျိုးအစားတွေနဲ့ နိုင်ငံအချို့မှာ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်နမူနာတွေနဲ့ ပြဿနာတွေကို နှိုင်းယှဉ်ပြထားပါတယ်။ တတိယအပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေက နစ်နာသွားတဲ့ ပြည်သူတွေအပေါ် တုံ့ပြန်ဖြေရှင်းပေးမှု အခြေအနေ၊ အငြင်းပွားမှုတွေ ဖြေရှင်းမှုပုံစံ၊ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ တဲ့ ပဋိပက္ခဖြေရှင်းရေးတွေမှာ တရုတ်ကုမ္ပဏီတွေရဲ့ ပွင့်လင်းမြင်သာမှု အခြေအနေတွေကို သုံးသပ်ခဲ့ပါတယ်။
တရုတ်၏ စီးပွားရေးဆိုင်ရာ ဒွိဟဖြစ်စရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် တရုတ်ကုမ္ပဏီများ
တရုတ်အစိုးရဟာ “ပြင်ပသို့ ဖြန့်ကျက်ခြင်း မူဝါဒ” နဲ့ “ရပ်ဝန်းလမ်းကြောင်း အစီအမံ” ကို စတင် မိတ်ဆက်ခဲ့တဲ့အခါ နိုင်ငံတကာမှာ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေ လိုက်နာရ မယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ ဥပမာအားဖြင့် “ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ”၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်း အောင်လုပ်မယ့် “ပါရီ သဘောတူညီချက်” တွေကို လိုက်နာမယ်လို့ ကတိပြုခဲ့ပါတယ်။ ရပ်ဝန်းလမ်းကြောင်း အစီအမံမှာဆိုရင် ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေနဲ့ ပါရီ သဘောတူညီချက် နှစ်ခုစလုံးကို လိုက်နာမယ်ဆိုတဲ့ မူဝါဒတွေကို ထည့်သွင်းရေးသားထားပါတယ်။
ဒါအပြင် “တရုတ်အမျိုးသား လူ့အခွင့်အရေး လုပ်ဆောင်ချက်များ စီမံချက် (၂၀၁၆-၂၀၂၀)” မှာ ဆိုလည်း နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေဟာ အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေတွေကို လိုက်နာရမယ်။ အထူးသဖြင့် လူမှုဘဝ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ အစားအသောက်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ စီးပွားရေး အဖွဲ့အစည်းတွေဟာ စီမံကိန်းတွေ ကြောင့် ထိခိုက်သွားတဲ့ လူထုကို ပြန်လည်အကျိုးပြုနိုင်ဖို့အတွက် စံချိန်စံညွှန်းတွေ ထား ရှိရပါတယ်။ ဒါပေမဲ့ စွမ်းအင် (လောင်စာ)လို လုပ်ငန်းနဲ့ ပြည့်မြဲစွမ်းအင်လို လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာတော့ စံချိန်စံညွှန်းတွေ တိတိကျကျ မရှိပါဘူး။
နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေကို လိုက်နာမယ်လို့ တရုတ်က ကတိပြုထားပေမဲ့ တဖက်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေ တိတိကျကျ မရှိသလို၊ ရှိတဲ့စံချိန်စံညွှန်းတွေကို လိုက်နာမှု အားနည်းတာကြောင့် ကတိပြုချက်တွေ၊ တိုက်တွန်းချက်တွေနဲ့ အမှန်တကယ် ရလဒ်ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် စံချိန်စံညွှန်းတွေ ဘယ်လောက်ရှိပါစေ တရုတ်ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိသော အပြုအမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေက ပိုပိုပြီး များလာလို့ ဖြစ်ပါတယ်။ အဲဒီလို တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ မှတ်တမ်းတွေဟာ တရုတ်အစိုးရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံလို နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် လုပ်နေတဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြတယ်။
တရုတ်ကုမ္ပဏီများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ
လူမှုဘ၀နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေဟာ တိုက်ရိုက် ဆက်စပ်နေပြီး တရုတ်ကုမ္ပဏီတွေက ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ၆၇၉ ခုကို စီးပွားရေးနဲ့ လူ့အခွင့်အရေး အရင်းအမြစ် စင်တာက သုတေသနပြု မှတ်တမ်းတင်ထားပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ရက်ကနေ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်အထိ မှတ်တမ်းတွေအရ တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ကျူးလွန်ထားပြီး ၉၇ ခု တွေ့ရှိထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ခံရတဲ့နိုင်ငံ တွေထဲမှာ ပီရူး၊ အီကွေဒေါ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အဲဒီ နိုင်ငံတွေမှာ တရုတ်ဟာ အဓိက ရင်းနှီးမြှုပ်နှံသူရော၊ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံပါ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အာဏာ မသိမ်းခင် ကာလမှာ ဖြစ်ခဲ့တဲ့ မှတ်တမ်းတွေပါ။ အာဏာသိမ်းပြီး နောက်မှာ တရုတ်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် စွမ်းအင်စီမံကိန်းလိုမျိုး တရုတ်ရင်း နှီးမြှုပ်နှံမှုတွေကို အတည်ပြုလိုက်တဲ့အပြင်၊ ပြည်သူတွေအကြား အငြင်းပွားနေပြီး၊ စိုးရိမ်မှုတွေလည်း ရှိနေတဲ့ အခြားသော တရုတ်စီမံကိန်းတွေကိုလည်း ပိုပြီး အတည်ပြုလာ ဖွယ်ရှိပါတယ်။ မြန်မာလို ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို အလေးပေးသင့်သလို မရှိမဖြစ် အကောင်အထည်ဖော်သင့်တယ်လို့ အစီရင်ခံစာက အကြံပြုထားပါတယ်။
တရုတ်ကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေကို အာရှ-ပစိဖိတ်ဒေသမှာ အများဆုံးတွေ့ရပြီး အာဖရိကက ဒုတိယအများဆုံးနဲ့ လက်တင်အမေရိကနိုင်ငံတွေက တတိယ အများဆုံးအဖြစ် လေ့လာတွေ့ရှိထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပိုင်းခြားကြည့်ရင် ၇၆ ရာခိုင်နှုန်းနဲ့ အများဆုံးက သတ္တုတွင်း တူးဖော်ရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးနဲ့ စွမ်းအင် (လောင်စာ) စီမံကိန်းတွေမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အမျိုးအစား ပြန်ခွဲကြည့်ရင် ပြည့်စုံလုံလောက်တဲ့ သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် မရှိတာ၊ မြေယာ အခွင့်အရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေ ပျောက်ဆုံးတာ၊ အလုပ်သမား အခွင့်အရေးဆုံးရှုံးတာ၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ ကျန်းမာရေးထိခိုက်တာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ထူးခြားချက်က တရုတ် အစိုးရဟာ ပါရီသဘောတူညီချက်အရရော၊ ရပ်ဝန်းလမ်းကြောင်းရဲ့ စိမ်းလန်းခြင်း အစီအမံ အရရော (သူတို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ) တွန်းတွန်းတိုက်တိုက် မြှင့်တင်လုပ်ဆောင်နေတဲ့ ကဏ္ဍတခုလို့ ဆိုရမယ့် ပြည့်မြဲစွမ်းအင် စီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံး ကျူးလွန်နေတဲ့ စီမံကိန်းကဏ္ဍတခု ဖြစ်နေတာပါပဲ။
ပွင့်လင်းမြင်သာမှုနှင့် အငြင်းပွားမှု ဖြေရှင်းခြင်း
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာဆိုရင် ၇၂ ရာခိုင်နှုန်းလောက်ဟာ ပြည်တွင်းက လုပ်ရိုးလုပ်စဉ်အတိုင်း ဖြေရှင်းကြတာ များပါတယ်။ တရားရုံးမှာ ဖြေရှင်းကြသလို တရားရုံးပြင်ပမှာ ဖြေရှင်းတာတွေလည်း ပါဝင်ပါတယ်။ ၁၃ ရာခိုင်နှုန်းသော အငြင်းပွားမှုတွေကိုပဲ ဒေသတွင်း နိုင်ငံတကာဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံ လူ့အခွင့်အရေးအဖွဲ့အစည်းတွေဆီ တိုင်ကြားကြပါတယ်။ ပြည်တွင်းမှာ လုပ်ရိုးလုပ်စဥ်အတိုင်း ဖြေရှင်းတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် တရား ဥပဒေစိုးမိုးမှုမရှိတာ ၊ တိုင်ကြားတဲ့သူတွေကို ကုမ္ပဏီက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာတွေကြောင့် ထိရောက်မှုမရှိတာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တဖက်မှာလည်း တရုတ်အစိုးရနဲ့ တရုတ်စီးပွားရေး အဖွဲ့အစည်းတွေဟာ နိုင်ငံပြင်ပမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေ လိုက်နာဖို့ လိုအပ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော စီးပွားရေး အမူအကျင့် လမ်းညွှန်ချက်တွေ တိုးတက်လာအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အစီရင်ခံစာတွေ့ရှိချက်တွေအရ အဲဒီ လမ်းညွှန်ချက်တွေဟာ လုံလောက်မှု မရှိသလို ထိရောက်မှုလည်း မရှိသေးပါဘူး။ ဒါ့အပြင် တရုတ်ကုမ္ပဏီတွေဟာ အလုပ်သမား အခွင့်အရေးတွေ၊ လူမှု အသိုင်းအဝိုင်း အခွင့်အရေးတွေကို မလိုက်နာဘဲ တရုတ်အစိုးရ လမ်းညွှန်ချက်တွေရဲ့ ပြင်ပမှာ ရှိနေတုန်းပဲလို့ သုံးသပ်ထားပါတယ်။
နိဂုံးချုပ်အနေနဲ့ တရုတ်ကုမ္ပဏီတွေဟာ စီမံကိန်းတခု အကောင်အထည်မဖော်မီနဲ့ အကောင်အထည်ဖော် နေချိန်မှာပါ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို စဉ်ဆက်မပြတ် ထည့်သွင်း အကဲဖြတ်တာ၊ လူမှုဘဝနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို ပြန်လည်ကုစားမှုလုပ်တဲ့အခါမှာလည်း ပတ်သက်သူအားလုံးပါဝင်ဖို့ လုပ်ဆောင်တာ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ပိုမိုကောင်းမွန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေ ထားရှိခြင်းကို အထူးလုပ်ဆောင်သင့်တဲ့အပေါ် ထောက်ပြတာကို တွေ့ရှိရပါတယ်။ တရုတ်အစိုးရ အနေနဲ့လည်း လမ်းညွှန်ချက်များကို လျော့တိလျော့ရဲ မဖြစ်စေဖို့ လိုက်နာရမယ့် စံချိန်စံညွှန်းတွေကို ဥပဒေပြဌာန်းချက်တွေအဖြစ် ထည့်သွင်းဖို့၊ နိုင်ငံပြင်ပမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုစားဖို့အတွက် တရားစီရင်ရေး (ဒါမှမဟုတ်) ဖျန်ဖြေရေး ယန္တရားတွေ အားကောင်းဖို့ လိုအပ်နေပါတယ်။ ဒါအပြင် ရင်းနှီးမြှုပ်နှံမှုကို လက်ခံတဲ့ အိမ်ရှင်နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေ ကလည်း ပဋိပက္ခဖြေရှင်းရေး၊ နစ်နာမှု ဖြေရှင်းရေးတွေမှာ ပိုမို အားကောင်းလာအောင် တာဝန်ယူ လုပ်ဆောင်သင့်သလို အိမ်ရှင်နိုင်ငံတွေကလည်း မကျေနပ်ချက်များ၊ တိုင်ကြားဖြေရှင်း ပေးနိုင်တဲ့ ယန္တရားများ တည်ထောင်ဖို့ လိုအပ်ပြီး ဒီယန္တရားမှာ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်လုပ်ဆောင်သင့်တယ်လို့ အကြုံပြု ထားပါတယ်။
နန်းလွင်
(နန်းလွင်သည် ISP-Myanmar ၏ Senior Researcher တဦး ဖြစ်ပါသည်။)