တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း(၂၀၂၃) – စစ်တမ်းအကျဉ်းချုပ်

By ISP Admin /
On April 2, 2024

စစ်တမ်းအကြောင်း

‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က နှစ်စဉ် ပြုလုပ်လျက်ရှိပါသည်။ တရုတ်-မြန်မာ ဆက် ဆံရေးကို ပုံဖော်နေသော အခြေခံအကြောင်းအရာများအား မြန်မာ့မူဝါဒအသိုက်အဝန်း၌ ကျင်လည်နေသူများက မည်မျှနားလည်သနည်း၊ တူညီအမြင်များ မည်သို့ရှိသနည်း၊ မည်ကဲ့ သို့ ကွဲလွဲကြသနည်း စသည်တို့ကို ဆန်းစစ်ရန်နှင့် လက်တွေ့မျက်တွေ့ကွာဟချက်များကို ပိုင်းခြားစိတ်ဖြာသုံးသပ်ရန်ဖြစ်ပါသည်။ ယခုစစ်တမ်းသည် ဒုတိယအကြိမ်ကောက်ယူသော စစ်တမ်းဖြစ်ပြီး မြန်မာ့မူဝါဒအသိုက်အဝန်းခြောက်ခုမှ လူပုဂ္ဂိုလ် ၂၅၀ ဦးကို မေးခွန်း ၁၀၀ မေးမြန်းထားပါသည်။ စစ်တမ်းကောက်ယူမှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် လုပ်ဆောင်ခဲ့ပါသည်။

Download as PDF Version

မြန်မာ့မူဝါဒအသိုက်အဝန်းဟုဆိုရာတွင် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ လူထု အခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့အပေါ် အကျွမ်းတဝင်ရှိသော တတ်သိပညာရှင်များ၊ လှုပ်ရှားတက်ကြွသူများနှင့် ထင်ရှားသည့်ပုဂ္ဂိုလ်များ ပါဝင်သည်။ ထို့အပြင် တိုင်းရင်းသားလက်နက် ကိုင်များ (EAOs) နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာ ဒေသများတွင် အခြေစိုက်လှုပ် ရှားနေသော (နွေဦးတော်လှန်ရေးတွင် အသစ်ပေါ်ပေါက်လာသည့်) လက်နက်ကိုင်တပ်ဖွဲ့ (PDFs/LDFs) ခေါင်းဆောင်များ၏ အမြင်ကိုလည်း ထည့်သွင်းထားသည်။ စစ်တမ်းကောက် ယူနေစဉ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) နှင့် ပူးပေါင်းတပ်များက ဆင်နွှဲခဲ့သော ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်ခဲ့သဖြင့် ထိုကာလများအတွင်း တရုတ်နိုင်ငံအပေါ် အမြင်များအား နှိုင်းယှဥ်ဆန်းစစ်ခြင်းအပြင် စစ်ဆင်ရေးနှင့်ပတ်သက်၍ သီးသန့်ထပ်တိုးမေးခွန်းကို ဖြေဆိုစေခြင်း၊ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ၍ ထပ်မံမေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့သည်။



စစ်တမ်း၌ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့် ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှု၊ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာမေးခွန်းများနှင့် တရုတ်နိုင်ငံအပေါ် ဘက်အသီးသီး၏ ယေဘုယျသဘောထားအမြင်၊ ထင်မြင်ယူဆချက်များပါဝင်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၊ ဒေသတွင်းပေါင်း စည်းရေး အစီအမံများနှင့် ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာ (Soft Power) တည် ဆောက်မှု၊ တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများအသုံးပြုမှုနှင့် ၎င်းတို့အပေါ် ယုံကြည်မှုအမြင်များလည်း ပါဝင်ပါသည်။ စစ်တမ်းတွင်ပါဝင်ဖြေဆိုရန် အသိုက်အဝန်းခြောက်ခုမှ စုစုပေါင်း ၃၀၀ ဦးအား အမြင့်ဆုံးလျာထားခဲ့သော်လည်း ၂၅၀ ဦးသာ မေးမြန်းနိုင်ခဲ့ပါသည်။ သို့သော် ယခင်နှစ်စစ်တမ်းနှင့်နှိုင်းယှဉ်ပါက ၃၅ ဦး ပိုမိုမေးမြန်းနိုင်ခဲ့ပါသည်။ အမျိုးသမီးပါဝင်မှုအနေနှင့် ယခင်နှစ်စစ်တမ်းတွင် ၄၉ ဦး (၂၁၅ ဦး၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်း)သာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၅၉ ဦး (၂၅၀ ဦး၏ ၂၄ ရာခိုင်နှုန်း) ရှိခဲ့ပါသည်။ ယခုစစ်တမ်းအတွက်ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က နည်းပညာပိုင်း အကူအညီပေးထားပါသည်။ စစ်တမ်းအပြည့်အစုံကို ‘ISP ကပြင်ရပ်ဝန်း’တွင် မကြာမီရက်များအတွင်း ဖော်ပြပေးသွားပါမည်။


စစ်တမ်းအကျဥ်းချုပ်

စစ်တမ်းရလဒ်များအရ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် ရှုမြင်သူနှင့် အိမ်နီးချင်းကောင်းမဟုတ်ကြောင်း ထင်သူတို့အကြား ကွာဟချက် ကြီးမားမှုမရှိပေ။ သို့သော် စီးပွား ရေးအရလွှမ်းမိုးမှုနှင့် အကြီးမားဆုံးစီးပွားဖက်ဖြစ်နေခြင်းအပေါ် စိုးရိမ်မှုများကြသည်။ ထို့အပြင် အာဏာသိမ်းမှုအလွန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံ ရေးနှင့် သံတမန်ရေးကိစ္စများမှသည် နည်းပညာ၊ လုံခြုံရေးကဏ္ဍအထိ တရုတ်နိုင်ငံကို ပိုမှီခိုလာရကြောင်းလည်း ယူဆကြသည်။ အခြားတဖက်တွင်မူ တရုတ်နိုင်ငံအနေနှင့် မြန်မာ နိုင်ငံမှ အာဏာကိုင်စွဲထားသူ မည်သူနှင့်မဆို ဆက်ဆံရေးအဆင်ပြေလိုကြောင်း ထင်မြင်ကြသည်။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဆိုသော ထင်မြင်ချက်မှာလည်း သိသိသာသာ အလေးသာနေဆဲဖြစ်သည်။

တရုတ်နိုင်ငံအနေနှင့် ၎င်း၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အကောင်အထည် ဖော်ရန် ဒေသတွင်းအစီအမံများ၌ မြန်မာနိုင်ငံကိုထည့်သွင်းပြီး အလုံးစုံ ခင်းကျင်းပြင်ဆင်နေသည့်တိုင် ထိုအစီအမံများကို မြန်မာ့မူဝါဒအသိုက်အဝန်းတွင် ‘မသိသူ’ များပြားနေခြင်းက ထူးခြားပါသည်။ လက်ရှိအချိန်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက ‘သဘောမတူ’ကြောင်း ဖြေဆိုကြသည်။ လာမည့်သုံးနှစ် (၂၀၂၆ ခုနှစ်) အလွန်ကာလတွင်မှ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားဆက်ဆံရေး ပြန်ကောင်းနိုင်မည်ဟုလည်း ထင်မြင်ကြပါသည်။

ပြီးခဲ့သည့်ကာလများအတွင်း ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာဖြင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက အလွှာစုံဆက်ဆံရေး တည်ဆောက်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုပုံစံနှင့် တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီတို့ကို ‘အတုယူစရာမဟုတ်’ဟူသော ရှုမြင်ချက်များမှာ အားကောင်းနေဆဲ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးပုံစံသည် ‘အတုယူစရာမဟုတ်’ဟူသောအမြင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြား အများဆုံးတွေ့ရပါသည်။ တဖက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ EAOs များအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိသည်ဆိုသောအမြင်မှာ ဖြေဆိုသူအများစုတွင် ဆက်ရှိနေပါသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ကြောင့် တရုတ်နိုင်ငံအပေါ် သဘောထား အပြောင်း အလဲမရှိကြောင်းလည်း ဖြေဆိုသူအများစုက ဆိုခဲ့ပါသည်။



About the Author
ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add Comment

2 Responses

  1. တရုပ်နိုင်ငံဟာ ကိုယ်ကျိုးအတွက်ပဲ့ကြည့်တက်တဲ့ တပါတီကွန်မြူနစ်စနစ်နဲ့သွားတဲ့နိုင်ငံတခုဖြစ်တော့ ဘယ်နိုင်ငံရဲအကျိုးကိုမှကြည့်မယ်မဟုတ်ပါဘူး နယ်စပ်ကုန်သွယ်ရေးဆိုလဲ ရောက်လာတဲ့ပစ္စည်းစျေးနှိမ်ဝယ်တယ် ဘယ်လိုသဘောတူညီချက်နဲ့လက်မှတ်ထိုးထားပြီး ကုန်သွယ်နေသလဲဆိုတာမသိဘူး တကယ်စိတ်ပျက်စရာကောင်းတဲ့အိမ်နီးချင်းနိုင်ငံတခုပါပဲ

  2. တရုတ်နဲ့ ဆက်ဆံတဲ့အခါ
    သူ့ခြေလှမ်းတိုင်းရဲ့ အတိမ်အနက်ကို စဥ်ဆက်မပြတ်သိနေပြီး.. အရာရာ ခေါင်းတစ်လုံး ပိုမြင့်နေအောင် အသေးအဖွဲကအစ ကြီးကြီးမားမားကိစ္စတိုင်အောင် ဉာဏ်ကျယ်ကျယ် သတိကြီးကြီး ဝီရိယမြင့်မြင့်မားမားထားနိုင်မှ တော်ကာကျပါမယ်။

    ပေါ့ပေါ့တန်တန် သဘောထားပြီး ဆက်ဆံလို့ကတော့ ဖျင်ပါ အသနီလန်သွားဖို့ရှိပါတယ်လို့။

Leave a Reply

Your email address will not be published. Required fields are marked *

Let's Connect

Copyright ISP-Myanmar © 2022. All Rights Reserved.