‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်
ISP ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေ ပါဝင် ဆွေးနွေးခွင့်ရှိမယ့် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို စတင်ပါတော့မယ်။ စစ်အာဏာသိမ်းပြီး သုံးနှစ်အထိ မြန်မာ့အရေးမှာ လောလောဆယ် ဖြေရှင်းရမယ့် အရေးပေါ်ကိစ္စ (emergency) နဲ့ မတရားမှုတွေကို တွန်းလှန်ရာမှာ ကျောချင်းကပ် သွေးစည်း ညီညွတ်ကြောင်း ပြရမယ့်ကိစ္စ (solidarity) နှစ်ရပ်သာ သဘာ၀ကျစွာ အဓိက အာရုံစိုက်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်းခြားစိတ်ဖြာ သုံးသပ်မှုနဲ့ ဆွေးနွေးဆင်ခြင်ခြင်း၊ အမြင်ဖလှယ်ခြင်း ‘သန္နိပါတ’ (analysis and deliberation) က ကိစ္စဉာဏ် အားနည်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ တိုင်းပြည်ရဲ့ ပဋိပက္ခမီး၊ ဝမ်းတထွာအရေး၊ ကပ်ဘေးတွေကြောင့် ပြည်တွင်းက မြန်မာနိုင်ငံသားတွေအတွက် ပိုင်းခြားဆင်ခြင်ဖို့ အချက်အလက်ရရှိမှုနဲ့ အလေ့အထ လုပ်ရမယ်ဆိုတဲ့ ဒီကိစ္စဉာဏ်ဟာ အခွင့်အလမ်း နည်းပါးခဲ့ရပါတယ်။ အခြားတဖက်မှာလည်း အမြင်မတူတာနဲ့ “ရန်သူ့လူ” တံဆိပ် တန်းကပ်တဲ့ဓလေ့၊ ၀ိုင်းပြီး ဆွမ်းကြီးလောင်း ကန့်သတ် ဖယ်ထုတ်တဲ့ဓလေ့ (cancel culture) တွေကြောင့် လွတ်လပ်တဲ့အမြင် အယူအဆရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ လုပ်လာကြပါတယ်။ ကိုယ့်အလို၊ ကိုယ့်အပြော၊ ကိုယ့်အလုပ်တွေကို ဖုံးကွယ်ရုပ်ဖျက်တာ (preference falsification) က ကျင့်ထုံး တခုလို ဖြစ်လာပြီး နိုင်ငံရေးမှာ မပြောရ မဆိုရ (taboo) တွေ ပိုတိုးလာပါတယ်။
ဖိနှိပ်မှု၊ ဆင်းရဲခေါင်းပါးမှုနဲ့ အမြင်အယူအဆကို အရင်းခံအတိုင်း ထုတ်ဖော်မပြောဝံ့မှုတွေကြောင့် မတူကွဲလွဲတဲ့ အမြင်တွေ ရှင်သန်ခွင့် အားနည်းခဲ့ပါတယ်။ အယူအဆတခုကို အမှန်၊ အမှား စောကြော သုံးသပ်ပြီး အပြန်အလှန် ဆွေးနွေးငြင်းခုံမှုတွေ အားနည်းလာကြပါတယ်။ အနာနဲ့ဆေး တည့်၊ မတည့် စမ်းသပ် ဆန်းစစ်ခွင့် နည်းပါးလာ ပါတယ်။ သိမှုကတုတ်ကျင်းတူးပြီး မရွှေ့မပြောင်း အုတ်မြစ်ချထားတာမျိုးအပြင် အွန်လိုင်းစကားဝိုင်း အများစုဟာ လည်း အမြင်တူသူတွေစုဖွဲ့ပြီး နာရီနဲ့ချီ အချိန်အကြာကြီးပြောကြတဲ့ ပုံစံစတိုင်တွေ ပိုများလာတာ၊ နားထောင်သူ တွေမှာ အချက်အလက်သစ်၊ အတွေးသစ်မတိုးဘဲ ငြီးငွေ့စရာဖြစ်လာပါတယ်။ တိုင်းပြည်မှာ ‘သန္နိပါတ’ လိုအပ်နေပေမဲ့ ပရိသတ်နည်းသွားလို့ ဆွေးနွေးပွဲတွေ နည်းလာတာ သတိပြုမိပါတယ်။
ဒီအခြေအနေတွေကနေ ဖောက်ထွက်နိုင်ဖို့ အားထုတ်မှုတခုအဖြစ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို စတင်ချင်တာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကွဲလွဲမှုနဲ့ အမြင် မတူညီမှုအပေါ် သည်းခံနိုင်စွမ်းကို အားပေးတဲ့၊ သုတေသန အခြေခံတဲ့၊ အများပြည်သူလူထုရဲ့ အကျိုးစီးပွားကို မျက်ခြည်မပြတ်တဲ့ သိမှုဝန်းကျင် (epistemic community) တရပ် ပေါ်ထွန်းရေးကို တထောင့်တနေရာကနေ ထမ်းဆောင်ချင်လို့ပါပဲ။ ဒီအစီအစဉ်ဟာ စည်းရုံး သွေးဆောင်ဖို့ထက် မျှဝေဖို့ကို ပိုအားထုတ်ပါတယ်။ သုတေသန တွေ့ရှိထားသမျှကို ရိုးရိုးသားသား တင်ပြမယ်၊ သိလိုစိတ်ကို နှိုးဆွမယ်။ ဒီလိုဆောင်ရွက်ရာမှာ လက်ခံယုံကြည်ထားတာတွေကို မပြောင်းမလဲ အခိုင်အခံ့ ပြုတာထက် လက်ခံ ယုံကြည်ထားတာတွေကို တဆင့်ထက် တဆင့် မြင့်သထက်မြင့် ပိုမို ကောင်းမွန်လာအောင် အားထုတ်ခြင်းဖြင့် လေ့လာသင်ယူမှုကို မြှင့်တင်ပါမယ်။ ပညာပြာသာဒ် တည်ပါမယ်။ ISP-Myanmar က ခံယူထားတဲ့ အသိပညာနဲ့ ပတ်သက်လို့ တည်ကြည်မှု (integrity) ဟာ ဆိုခဲစေမြဲစေ၊ ရှေ့နောက်ညီစေ ဆိုတာမျိုး မဟုတ်ပါဘူး။ သိမှု အပေါ်မှာ ရိုးသားတာပါ။ သိမှုကို အချက်အလက် အထောက်အထားနဲ့ အမြဲ ဆန်းစစ်နေပြီး မှားရင်ပြင်၊ လိုရင်ထပ်ဖြည့်၊ အသစ်တွေ့ရှိချက်တွေကို ပေါင်းစပ်ပြီး တိုင်းပြည်အတွက် သိမှု အားကောင်းအောင် ဆောင်ရွက်ဖို့ စိတ်နှလုံးကို ဖွင့်ထားပြီး ရိုးသားတာမျိုး ဖြစ်ပါတယ်။
ဒီလို မျှော်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်ရေးအတွက် အကြောင်းအရာပိုင်းမှာ ‘မဖြစ်မနေ စောင့်ကြည့်ရမယ့်ပွဲ’(a must-watch show) ဖြစ်ဖို့ စီစဉ်ပါမယ်။ စတိုင်မှာလည်း အချက်အလက် မပါဘဲ တမေ့တမြောကြီး လန်ဘားကျောက်တံတား လျှောက်ပြောနေလို့ မဖြစ်ပါဘူး။ ပရိသတ်ရဲ့ စဉ်းစားဉာဏ်ကို အထင်သေး စော်ကားနေတာမျိုး မဖြစ်ရပါဘူး။ ရေပန်းစား၊ ပွဲဆူရေး ဖြစ်ဖို့ မဟုတ်ပါဘူး။ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပထမ ၁၅ မိနစ်က သုတေသန အချက်အလက်တွေကို တင်ပြပါမယ်။ ကျန် ၁၅ မိနစ်က စဉ်းစားဖွယ် မေးခွန်းတွေ၊ ဆက်လက် ငြင်းခုံမှု တွေအတွက် တံခါးဖွင့်ထားမှာပါ။ အရေးကြီးဆုံးကတော့ ဆွေးနွေးပွဲ နားထောင်ပြီးပြန်သွားရင်၊ ရုပ်သံဖွင့် နားထောင်လိုက်လို့ အချိန် မိနစ် ၃၀ ပြည့်သွားရင် အလဟဿ ဖြစ်မသွားစေရဖို့ အာမခံပါတယ်။ စဉ်းစား တွေးတောစရာ တခုခု ရသွားနိုင်အောင် ကြိုးစားအားထုတ်ပါမယ်။ ISP-Myanmar ဘက်မှာလည်း တင်ပြစရာ အချက် အလက်တွေ အပြည့်၊ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေမှာလည်း မိနစ် ၃၀ ပြီးသွားတာနဲ့ သုံးသပ်ဆန်းစစ် ချင်စရာတွေ ပြီးမသွားဘဲ တစိမ့်စိမ့် ဆင်ခြင်ခြင်း အပြည့်နဲ့ ပြန်သွားရတာမျိုးကို ထိုက်ထိုက်တန်တန် အကျိုး ဖြစ်စေချင်ပါတယ်။ ဒီအစီအစဉ်သစ်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
2 Responses
အဓိကမေးချင်တာမေးခွန်းတစ်ခုရှိပါတယ် ကုလသမဂ္ဂက ကမ္ဘာပေါ်မှာအခုဖြစ်နေတဲ့ပြသနာတွေဖြစ်တဲ့ ရူရှား ယူကရိန်းအရေး အစ္စရေစဝါးမတ်အရေးတွေမှာ ဖြေနိူင်စွမ်းမရှိတာလားဗျ ပြောချင်တာ ကုလမဂ္ဂက အယင်ဦးသန့်လက်ထက်ကလို ကျုးဘားအရေးခင်းတွေကိူဖြေရှင်းခဲ့သလိုမျိုး ဖြေရှင်းပေးနိုင်စွမ်းမရှိလို့မြင်လာပါတယ် အတွင်းရေးမှူးချုပ်ရေးအရည်အချင်းကဝေဖန်စရာဖြစ်နေသလားလို့ဗျ
ထုတ်ပြန်ချက်တွေပဲထုတ်နိုင်တဲ့ ပါးစပ်သမားအဖွဲ့လိုရူ့မြင်ရင်မှားသလားဗျ