စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက် အထိ)


(ISP-Myanmar က ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဧပြီ ၃၀ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအပြောင်းအလဲများသည် ပြည်တွင်းရေးသာဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဖြစ်စဉ်များတွင်လည်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂစင်မြင့်အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားများအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။

၂၀၂၄၊ ဧပြီ ၃၀

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများနှင့် စက်ပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောသည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စီမံကိန်းတွင် အလုပ်လုပ်ကိုင်မည့် တရုတ်နိုင်ငံသားများသည် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့သို့ နေ့ချင်းပြန်အလုပ်လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် ကျောက်ဖြူမြို့တွင် နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောခဲ့သည်။ စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသား ၃၀၀ ခန့်နှင့် စက်ပစ္စည်းများ၊ စားသောက်ကုန်များပါရှိသော သင်္ဘောတစင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းကို ဧပြီ ၂၈ ရက်တွင် ရောက်ရှိလာခဲ့သည်။ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံများအနေနှင့် ကျောက်ဖြူမြို့ကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားသည်။ စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု Preliminary Geographical and Topographical Survey (PGTS) &  Environmental Impact Assessment (EIA) များကို လုပ်ဆောင်ပြီးစီးခဲ့ပြီးဖြစ်သည်။ 
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဧပြီ ၂၉

တရုတ်-မြန်မာနယ်စပ် နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်ကို တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။ နောင်တောင်း (ပိန်းမိုင်) သည် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး  TNLA က နှစ်လနီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် နောင်တောင်းနယ်စပ်ဂိတ်အနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာပြီးနောက်တွင် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ TNLA နှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) ဂိတ်ကို ဧပြီ ၅ ရက်တွင် TNLA က ပိတ်ခဲ့သည်။ ထို့အပြင် မန်ဟောင်းနှင့် နောင်တောင်းရှိ စက်လှေဂိတ်များကိုလည်း ဧပြီ ၁၁ ရက်တွင် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ နယ်စပ်ဂိတ်၏ အခွန်ကောက်ခံမှုနှင့် အခွန်ခွဲဝေမှုတို့နှင့်ပတ်သက်၍ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပေ။ နောင်တောင်းနယ်စပ်ဂိတ်မှတဆင့် ကုန်အဝင်အထွက်များကို ခွင့်ပြုလျက်ရှိပြီး နမ္မတူဘော်တွင်းသတ္တုတွင်းမှ သတ္တရိုင်းအချောထည်များကို အဓိကတင်ပို့ကာ တရုတ်နိုင်ငံဘက်အခြမ်းမှ ဘိလပ်မြေ၊ အုတ်၊ အိမ်ဆောက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။ နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်ခဲ့သဖြင့် အဆိုပါနယ်စပ်ဂိတ်မှတဆင့် သီးသန့်တင်ပို့သည့် ကြံတင်ပို့ခွင့်ရပ်ဆိုင်းခဲ့ရပြီး ကြံတောင်သူများ နစ်နာဆုံးရှုံးခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင်  TNLA က ထိန်းချုပ်နိုင်ခဲ့သည်။
၂၀၂၄၊ ဧပြီ ၂၉

မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလောင်ပင်ဟူ (Mr. Liao Pinhu) ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကွမ်ရှီး(ကျွမ့်) ဒေသတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာ စသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် CAEXPO ကျင်းပပြုလုပ်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့တော် (Sister city) ဆက်ဆံရေးများ နက်ရှိုင်းစေရေးနှင့် မြို့တော်အသစ်များ တိုးမြှင့်တည်ထောင်ရေး တို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒေါ်ခိုင်ဆုလင်းက မြန်မာနိုင်ငံ၏အခြေအနေများ၊ စစ်ကောင်စီ၏ အွန်လိုင်းရာဇဝတ်မှုများ၊ လောင်းကစားမှုများ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တရုတ်နိုင်ငံနှင့်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ အလွန် တရုတ်-မြန်မာနှစ်နိုင်ငံအကြားကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ရည်ရွယ်၍ ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီးကျွမ့်ဒေသ၊ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီ ဥက္ကဋ္ဌ မစ္စယောင်ယန်းယန် (Ms. Yang Yanyan) တို့ ဧပြီ ၃ ရက်တွင်လည်း ဆွေးနွေးခဲ့ကြသေးသည်။
၂၀၂၄၊ ဧပြီ ၂၈

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသားပညာရှင်များ၊ စက်ပစ္စည်းများနှင့် စားသောက်ကုန်များပါရှိသော သင်္ဘောတစင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ ရောက်ရှိလာကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားတချို့သည် ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်လျက်ရှိကြောင်းနှင့် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် မဒေးကျွန်းသို့ရောက်လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီအကြား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် အမ်း ၊သံတွဲ၊ မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော်၏ ၁၅ နှစ်မြောက် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ကျောက်ဖြူမြို့နယ်တဝိုက်တွင် တိုက်ပွဲပြင်းထန်နိုင်သဖြင့် ဒေသခံများအနေနှင့် မြို့ကိုစွန့်ခွာကာ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဧပြီ ၂၈

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ပပျောက်ရေးအတွက် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ရဲတပ်ဖွဲ့ မစ္စတာလျိုကော်ကျိုး (Mr. Liu Guozhou) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်နေပြည်သူများ ဘေးကင်းလုံခြုံရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဝန်ကြီးအဆင့်သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရေး အတွက် ဆွေးနွေးခဲ့သည်။ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiao Hong) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က ပြုလုပ်ခဲ့ကြသည်။
၂၀၂၄၊ ဧပြီ ၂၇

စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရဲသင်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရဲကောလိပ်တွင် သင်တန်းသားများ လက်တွေ့လေ့ကျင့်မှုများ၊ ကျားရှီးရဲစခန်းရှိ အမျိုးသားမှတ်ပုံတင်ကတ်ပြုလုပ်ခြင်း၊ ရဲလုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာခဲ့သည်။ ထို့အပြင် တိဗက်ပြည်နယ်အကြမ်းဖက်မှုနှိမ်နင်းရေးဌာနတွင် မိုင်းရှင်းလင်းရေးလေ့ကျင့်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စီးနင်းမှုလေ့ကျင့်ခန်းများနှင့် လက်ဖြောင့်တပ်သားများ၏ လေ့ကျင့်မှုများကိုလည်း လေ့လာခဲ့သည်။ တရုတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ကောင်စီလက်အောက်ခံ မြန်မာရဲတပ်ဖွဲ့အတွက် တရုတ်ယွမ်ငွေ ငါးသိန်းတန်ဖိုးရှိပစ္စည်းများ အကူအညီပေးအပ်ရေးအတွက်လည်း နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ပပျောက်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားရဲတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပြီး သမားရိုးကျမဟုတ်သည့် ကျားဖြန့်ကဲ့သို့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ခေါင်းစဉ်အောက်တွင် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက်ရှိသည်။
၂၀၂၄၊ ဧပြီ ၂၆

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွက် တရုတ််နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ မစ္စတာချန်းဟိုင်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမှုအခြေအနေများကို မေးမြန်းခဲ့သည်။ ဦးကိုကိုက စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဥပဒေနှင့် နည်းဥပဒေများအတွက် ဆောင်ရွက်မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများကြိုတင်ပြင်ဆင်နေမှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုခြင်းအခြေအနေနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေအသီးသီးကို ဆွေးနွေးခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန်ရှိကြောင်း ဧပြီလဆန်းပိုင်းက ရုရှားနိုင်ငံသတင်းဌာနတခုနှင့်တွေ့ဆုံရာတွင် ပြောခဲ့သည်။ စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအသစ်အရ တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမပြုပါက ပါတီဖျက်သိမ်းခံရမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီရှိခဲ့သည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီ ၄၀ ကျော်ဖျက်သိမ်းခံရပြီး တိုင်းရင်းသားပါတီ တဝက်ကျော် ပါဝင်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၂၆

တရုတ်မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တရုတ် (ယူနန်)‌ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် (China (Yunnan) Pilot Free Trade Zone တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ကူမင်းမြို့ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က တရုတ် (ယူနန်)‌ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်၌ဖွင့်လှစ်ထားသည့် မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်း) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြားခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့အပြင် ကူမင်းမြို့ အစိုးရရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ကိုယ်စားလှယ်က ကူမင်းမြို့၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခြေအနေများကိုလည်းကောင်း၊ တရုတ်-လာအိုနယ်စပ်ရှိ မိုဟန်-ဘိုတန်ကော်ပိုရေးရှင်းဇုန် (Mohan-Boten Corporation Zone) မှ ကိုယ်စားလှယ်က တရုတ်-လာအိုနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြခဲ့သည်။ ထို့နောက် ကူမင်းမြို့မှ လုပ်ငန်းရှင်များက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မှုအခြေအနေများကို တင်ပြခဲ့သည်။ အခမ်းအနားသို့ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာအာန်အန်ဖ (Mr. An Enfa)၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ကောင်စစ်ဝန်များ၊ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကွမ်တုံ ပြည်သူ့အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လုပ်ငန်းရှင်များ၊ ကူမင်းမြို့အခြေစိုက် လုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။  ယူနန်ပြည်နယ်ကို တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ကုန်သွယ်ရေးတွင် အဓိကကျသည့် ဗဟိုချက်အဖြစ်ပြောင်းလဲရန် ရည်ရွယ်သည့် တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဆိုပါကုန်သွယ်ရေးဇုန်သည် တရုတ်နိုင်ငံအစိုးရ၏ မဟာဗျူဟာကျစီမံချက်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်မည့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း–ရေကြောင်းကုန်သွယ်ရေးစင်္ကြံ (International Land-Sea Trade Corridor – ILSTC) ကိုလည်း တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည်။ 
အဆိုပါကုန်သွယ်ရေးဇုန်တွင် ကူမင်း၊ ဟုန်ဟဲ (Honghe) နှင့် တယ်ဟုန်းဇုန်ဟူ၍ ကုန်သွယ်ရေးဇုန်သုံးခုရှိသည်။ တယ်ဟုန်းဇုန်သည် တယ်ဟုန်းခရိုင် ရွှေလီမြို့တွင်တည်ရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေရေးအတွက် အဓိကလုပ်ဆောင်သည်။ အဆိုပါတယ်ဟုန်းကုန်သွယ်ရေးဇုန်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကို ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
(မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အကြောင်းကို ISP China Desk Special Issue တွင် ရှုပါ)။
၂၀၂၄၊ ဧပြီ ၂၆

တရုတ်-မြန်မာနှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiao Hong) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ လေးရက်ကြာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ လုံခြုံရေးတို့အတွက် အဓိကဆွေးနွေးခဲ့သည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာစာမျက်နှာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ရပ်တည်ပေးရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်အာဏာပိုင်များက စစ်ကောင်စီလက်အောက်ခံ မြန်မာရဲတပ်ဖွဲ့အတွက် တရုတ်ယွမ်ငွေ ငါးသိန်းတန်ဖိုးရှိ အကူအညီပစ္စည်းများ ပေးအပ်ရေးအတွက်လည်း နှစ်နိုင်ငံဝန်ကြီးဌာနများအကြား လက်မှတ်ရေးထိုးခဲ့သည်။ 
တွေ့ဆုံရာတွင် မစ္စတာဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးသည် ရလဒ်ကောင်းများရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ထဲထဲဝင်ဝင်တိုက်ဖျက်လိုကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများနှင့် တရုတ်စီမံကိန်းများ၏ လုံခြုံရေးအတွက်ပူး ပေါင်းဆောင်ရွက်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက်စွမ်းရည်တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် နှစ်နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆောင်ရွက်လိုကြောင်း ထပ်မံပြောခဲ့သည်။  စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တရုတ်-မြန်မာနှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောခဲ့သည်။ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (Mr. Chen Hai) နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သေးသည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်း ဧပြီ ၁ ရက်တွင် ဆွေးနွေးခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်သော နေရာများသာမက ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ကိုင်သော နေများကိုပါ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဖြိုခွင်းလာသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ဖော်ဆောင်စဉ်ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် တရုတ်နိုင်ငံ နန်ဆန်ရွာ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်တွင် ကျန်းဟောင်မြို့၌လည်းကောင်း မြန်မာဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ခဲ့ခြင်း၊ နေအိမ်အဆောက်အအုံထိခိုက်ခြင်းများ ရှိခဲ့သည်။
၂၀၂၄၊ ဧပြီ ၂၃-၂၅

၅၃ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ ကို ယူနန်ပြည်နယ် လီဂျန့်မြို့တွင် သုံရက်ကြာကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ကျင်းပခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးတည်ထောင်မှု သဘောတူစာချုပ် မူကြမ်းအတွက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ မူကြမ်းတွင် မဲခေါင်ခရီးသွားအွန်လိုင်းစာမျက်နှာတွင် အဖွဲ့ဝင်နိုင်ငံများ၏ သတင်းအချက်အလက်များဖြင့် လူမှုကွန်ရက်မှတဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးကို မဟာမဲခေါင်ဒေသခွဲအစိုးရများအတွက် နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန် အချက်များပါရှိသည်။ ထို့အပြင်  မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှ လုပ်ငန်းရှင်များနှင့် ပညာရှင်များက ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းပြန်လည်မြှင့်တင်ရန် ရည်ရွယ်၍ ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစည်းရန်နှင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောာင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ဖိုရမ်တွင် တရုတ်နိုင်ငံ၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးမစ္စတာကီမီလီဟွာရှောင်ကျိုး (Mr. Kimi Liua Xiaozhou) က အမှာစကားပြောခဲ့ပြီး မဟာမဲခေါင်ဒေသမှ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အာဏာပိုင်များ၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဒေသတွင်းခရီးသွားလုပ်ငန်းများမှ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ ယူနန်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီကော်မတီဝင်များ၊ ယူနန်ပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဖိုရမ်သို့ ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ် ၂၅၀ ကျော်တက်ရောက်ခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၅ ကို လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်သည်။
၂၀၂၄၊ ဧပြီ ၂၄

တရုတ်နည်းပညာကို အသုံးပြု၍ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အတွက် (Pagoda Digital Directory) စနစ်ကို မြန်မာနိုင်ငံရှိ ဘုရား ၁၀ ဆူတွင် ဧပြီလအတွင်းမှစ၍ သုံးလအတွင်း တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ Pagoda Digital Directory သည် ခရီးသွားများအတွက် လမ်းညွှန်ချက်အသေးစိတ် အချက်အလက်များကို လေ့လာနိုင်မည်ဖြစ်သည်။ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတို့တွင် Pagoda Digital Directory စနစ်ကိုတပ်ဆင်မည်ဖြစ်သည်။ 
၂၀၂၄၊ ဧပြီ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွင်ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုတွင် အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာနှင့် လက်နက်များကို စစ်ကောင်စီက သိမ်းဆည်းခဲ့သည်။ အဆိုပါဖမ်းဆီးမှုသည် လားရှိုးမြို့အတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးမှုဖြစ်သည်။ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရန်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (Mr. Chen Hai) နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဧပြီ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းတိုက်ဖျက်ရန် မစ္စတာချန်းဟိုင်က တိုက်တွန်းခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၂၂-၂၈

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းဌာန တရုတ်နိုင်ငံတကာပြန်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ ၂၀၂၄ ခုနှစ် တရုတ်-မြန်မာ New Media Workshop ကို ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မီဒီယာပူးပေါင်းဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချရေး၊ ယဥ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံမှ စစ်ကောင်စီသတင်းစာများနှင့် တရုတ်အခြစိုက် မီဒီယာကိုးခုဖြစ်သည့်  MRTV၊ The Global New Light of Myanmar၊ မြဝတီ၊ Skynet၊ Vidya၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ ရွှေဇာမဏီ၊ MI Radio တို့မှ မြန်မာကိုယ်စားလှယ်များပါဝင်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ယူနန်နှင့် ဘေဂျင်းအခြေစိုက် သတင်းဌာနများဖြစ်သည့် China Review Studio၊ Kwai ကုမ္ပဏီ၊ Tencent ကုမ္ပဏီ၊  CCTV၊ China Media Group များကို လေ့လာခဲ့သည်။  China Review Studio တွင် နိုင်ငံတကာထုတ်လွှင့်ပြသမှုများအတွက် ဆွေးနွေးခြင်း၊ စီးရီးဗီဒီယိုများ စီစဉ်ခြင်းနှင့် Vlog ရိုက်ကူးသည့် အတွေ့အကြုံများကို လေ့လာခဲ့သည်။ Kwai ကုမ္ပဏီတွင် တိုက်ရိုက်ထုတ်လွှင့်သည့် စတူဒီယိုအခန်းများ (Live studio) နှင့် တိုက်ရိုက်ထုတ်လွှင့်ကာ ဈေးရောင်းချခြင်း (live sale) များကိုလည်းကောင်း၊ Tencent ကုမ္ပဏီတွင် မိုဘိုင်းအင်တာနက်၊ ဒေတာ၊ ညဏ်ရည်တုနည်းပညာများကိုလည်းကောင်း လေ့လာခဲ့သည်။ ထို့နောက် CCTV ၏ ညဏ်ရည်တုတည်းဖြတ်မှုဌာနသို့ လေ့လာခဲ့ပြီး China Media Group ၏ မီဒီယာဝန်ဆောင်မှုများနှင့် ပြန်ကြားရေးစနစ်တို့ကို လေ့လာခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ဆက်သွယ်ရေးတက္ကသိုလ်တွင် မီဒီယာပေါင်းစည်းမှုနှင့် ဆက်သွယ်ရေးအတွက် တရုတ်မီဒီယာဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှုများကို နားထောင်ခဲ့ပြီး ညဏ်ရည်တုနည်းပညာ (AI) ဖြင့် ပြုလုပ်ထားသည့် ဒစ်ဂျစ်တယ်ထုတ်ကုန်များကို လေ့လာခဲ့သည်။ ထို့နောက် မြန်မာမီဒီယာအဖွဲ့သည် ယူနန်အခြေစိုက် တရုတ်သတင်းဌာနတခုဖြစ်သည့် Yunnan Daily မီဒီယာညွှန်ကြားစီမံရေးစင်တာတွင် ‘Yun News’ အက်ပလီကေးရှင်းမှတဆင့် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာရုပ်သံလိုင်းအသစ်များကိုလေ့လာခဲ့သည်။ ယူနန်တက္ကသိုလ်သတင်းအတတ်ပညာကျောင်းတွင် တရုတ်-မြန်မာ သတင်းပညာကျွမ်းကျင်လူတော်လူချွန်များ ပူးတွဲပျိုးထောင်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၂၄ ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာတွေ့ဆုံပွဲကို မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့သေးသည်။
၂၀၂၄၊ ဧပြီ ၂၂

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Unique Identification Number Card (UID card) များ ပြုလုပ်ရန် တရုတ်-မြန်မာနယ်စပ် မူဆယ်ဒေသခံ ထောင်နှင့်ချီ စောင့်ဆိုင်းနေရကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များအတွက် UID ပါရှိမှသာလျှင် လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို ​​UID card ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ ပြန်ပို့မည်ဖြစ်ကြောင်း တရုတ်ရဲများက ထုတ်ပြန်ထားသည့်အပြင် ရက်လွန်နေထိုင်သူများကို ဖမ်းဆီကာ မြန်မာဘက်သို့ ပြန်ပို့လျက်ရှိသည်။
၂၀၂၄၊ ဧပြီ ၂၂

မြန်မာနိုင်ငံသားများကို ပေးအပ်သည့် ရပ်ဝန်းလမ်းကြောင်းအစီအမံပညာသင်ဆု (Belt and Road Scholarship- Myanmar) ပေးအပ်သည့်အခမ်းအနားကို ဟောင်ကောင်အခြေစိုက် တရုတ်ကုန်သည်ကြီးများအသင်း (Chinese General Chamber of Commerce) က ဦးဆောင်၍ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် ဟောင်ကောင်အခြေစိုက် စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဆယ်စုနှစ်တခုကျော်လွန်သည့် ရပ်ဝန်းလမ်းကြောင်းအစီအမံသည် နိုင်ငံများအကြား စီးပွားရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု၊ ပြည်သူချင်းချိတ်ဆက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပညာသင်ဆုရရှိသူများအနေနှင့် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား ပြည်သူချင်းဆက်ဆံရေးနှင့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်မှုတိုးလာရေးအတွက် ဆောင်ရွက်စေလိုကြောင်းနှင့် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်၊ ဟောင်ကောင်အထူးဒေသအကြား လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာ မူဘောင်အောက်တွင် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ပြောခဲ့သည်။ ရပ်ဝန်းလမ်းကြောင်းအစီအမံပညာသင်ဆုသည် မြန်မာနိုင်ငံမှကျောင်းသားများအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ပေးအပ်ခဲ့ပြီး ယခုတွင် မြန်မာနိုင်ငံမှ ကျောင်းသားဆယ်ဦးကို ပညာသင်ဆုပေးခဲ့ပြီးဖြစ်သည်။
၂၀၂၄၊ ဧပြီ ၁၉

တရုတ်နိုင်ငံအတွင်း ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (တပတ်ကတ်) ဖြင့် ရက်လွန်နေထိုင်သူများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်ပို့လျက်ရှိကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ရက်လွန်နေထိုင်သူများအနေနှင့် မေလနောက်ဆုံးထား၍​ တရုတ်နိုင်ငံအတွင်းမှထွက်ခွာရန်နှင့် မထွက်ခွာပါက ဇွန်လမှစတင်ပြီး ဖမ်းဆီးထောင်ချမည်ဖြစ်ကြောင်း တရုတ်ရဲများက သတိပေးထားသည်။ တရုတ်ရဲများက ဖမ်းဆီးပြီး မြန်မာဘက်သို့ပြန်ပို့ခံရသူများကို စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာနက ဒဏ်ကြေးနှစ်သိန်း တောင်းခံကြောင်း ဒေသခံများကပြောခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်တွင် ပြည်ပသို့ ထွက်ကာ အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာသာည်။ 
၂၀၂၄၊ ဧပြီ ၁၇

တရုတ်-မြန်မာ နယ်စပ်အနီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲက ကြည်းတပ်၊ လေတပ်ဖြင့် စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ စစ်အင်အားနှင့် စစ်ရေးလေ့ကျင့်မည့် ကြာမြင့်ချိန်ကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်နေရာကိုလည်း အတိအကျထုတ်ပြန်ခြင်းမရှိပါ။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များအတွက် ပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ လေကြောင်းရန်ကာကွယ်ရေးတိုက်ခိုက်မှုများအတွက် စစ်ရေးလေ့ကျင့်မှုများပါဝင်မည်ဖြစ်ကြောင်း PLA ၏ ပြောရေးဆိုခွင့်ရှိသူ  တောင်ပိုင်းစစ်ဌာနကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ထျန်ကျွမ်းလီ (Senior Colonel Tian Junli) က ပြောခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်အနီးတွင် PLA ၏ စစ်ရေးလေ့ကျင့်မှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်းတွင် တတိယအကြိမ်မြောက် ဖြစ်သည်။ ဧပြီ ၂ ရက်နှင့် ၃ ရက်တွင်လည်း တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့များနှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် PLA က စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၁၇

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ကြားဝင်စေ့စပ်နှိုင်းပေးရန် ရှိ၊ မရှိကို ရိုက်တာသတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Mr. Lin Jian) က တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာနှင့် မပြောင်းလဲရပ်တည်ပေးလျက်ရှိကြောင်းပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးတွင် ကြားဝင်စေ့စပ်ပေးရာ၌ အရေးပါသော ဇာတ်ကောင်အဖြစ် ရပ်တည်နေလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက မှတ်ချက်ပြုခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို ရိုက်တာသတင်းဌာနက မေးမြန်းခဲ့သော်လည်း မစ္စတာလင်ကျန်းက မှတ်ချက်ပြုခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံသည် မြန်မာ့အရေးနင့်ပတ်သက်၍​ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ဥပဒေဘောင်အတွင်းမှတဆင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်အဖြေရှာရန် တိုက်တွန်းထားကြောင်းပြန်လည်း တုံ့ပြန်ခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဧပြီလအတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် ဧပြီ ၁ ရက်တွင် တွေ့ဆုံခဲ့သေးသည်။
၂၀၂၄၊ ဧပြီ ၁၆

စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ကို လက်လွှတ်လိုက်ရသည့်အခြေအနေနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက မေးမြန်းမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စတာလင်ကျန်း (Mr. Lin Jian) က တွေ့ဆုံဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာဖြေရှုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။ မစ္စတာလင်ကျန်းက အဆိုပါဖြစ်ရပ်ကိုသတိပြုမိကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေနှင့် ချက်ချင်း အပစ်ရပ်စဲရန်၊ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန်နှင့် အခြေအနေကို ပိုမိုတင်းမာအောင်ပြုလုပ်ခြင်းကို ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ မြဝတီမြို့တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အာရှလမ်းမကြီးတလျှောက်ရှိ ကော့ကရိတ်မြို့အထွက်မှ သင်္ကန်းညီနောင်အထိ KNU နှင့် PDF  များက ထိန်းချုပ်ထားသည်။ ထို့အပြင် မြဝတီနယ်စပ်စခန်းကို ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် KNLA နှင့် KNA (BGF) တို့က ထိန်းချုပ်နိုင်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သည့် မူဆယ်စခန်း၊ ချင်းရွှေဟော်စခန်းများကို MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များ ကထိန်းချုပ်နိုင်ခဲ့သည်။
(စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို ISP-Myanmar ကပြင်ရပ်ဝန်း၏ မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက် အမှတ်-၁ ကိုရှုပါ။)
၂၀၂၄၊ ဧပြီ ၁၅

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်သို့ မြန်မာအလုပ်သမားများကို MOU ဖြင့် ပထမဆုံးအကြိမ်အဖြစ် တရားဝင်စေလွှတ်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် အာဏာပိုင်တို့အကြား သဘောတူထားကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ ပြောဆိုမှုကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တက်ဟုန်းခရိုင်အပါအဝင် ခရိုင်ငါးခုမှ အထူးစီးပွားရေးဇုန်များရှိ စက်ရုံနှင့် အလုပ်ရုံများ၏ အလုပ်သမားလိုအပ်ချက်အရ မြန်မာအလုပ်သမားများကို အလုပ်လုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ အလုပ်ခေါ်စာများကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနသို့လည်း တင်ပြပြီးဖြစ်ပြီး ထိုမှတဆင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ဟုန်းခရိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုပြီးစီးပြီးနောက် တရားဝင်စေလွှတ်မည့် အလုပ်သမားများအတွက် ဗီဇာပြုလုပ်ခြင်းနှင့် သင်တန်းပေးခြင်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ပထမအကြိမ်စေလွှတ်ရာတွင် အလုပ်သမား ၂၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး စက်ရုံများအပေါ်မူတည်၍ လစာငွေ တရုတ်ယွမ် ၁,၂၀၀ မှ ၂,၀၀၀ (မြန်မာကျပ်ငွေ ၆၂၀,၀၀၀ ကျပ်မှ ၁,၀၄၀,၀၀၀) အကြား ရရှိနိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (PJ) နှစ်နှစ် ရရှိမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါ အလုပ်သမားများ၏ ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ မေလဆန်းတွင် နှစ်နိုင်ငံအာဏာပိုင်များက ညှိနှိုင်းရန် စီစဉ်ထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြားတွင် နယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို အသုံးပြု၍ ဝင်ရောက်လုပ်ကိုင်သည့် တရားမဝင်အလုပ်သမားများအနေနှင့် လုပ်ခလစာမရရှိခြင်း၊ ငွေကြေးလိမ်လည်ခံရခြင်းများ ရှိနေပြီး  တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှတ်ခြင်းများလည်း ရှိနေသည်။ အာဏာသိမ်းမှုအလွန် စစ်မှူထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်တွင် တရုတ်-မြန်မာနယ်စပ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်လိုသူများ များပြားလာပြီး နယ်စပ်ဖြတ်ကျော်ခွင့်ရရှိရန် ထောင်နှင့်ချီစောင့်ဆိုင်းနေကြသူများရှိသည်။
၂၀၂၄၊ ဧပြီ ၁၃

စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်လမ်းကို ပိတ်ထားကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဧပြီ ၉ ရက်တွင် KIA က တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်-လိုင်းရင်းဂိတ်ကို ပြန်ဖွင့်ပေးခဲ့သော်လည်း ကုန်တင်ကားများ ဝင်ထွက်ခွင့်မရသေးခြင်းဖြစ်သည်။ တရုတ်ဘက်အခြမ်းတွင် ပိတ်မိနေသည့် ကုန်တင်ကားများကို လွယ်ဂျယ်နယ်စပ်ဂိတ်မဖွင့်ခင်သောကြောင့် မိုင်ဂျာယန်မှ ထုတ်ပေးခဲ့ပြီး ထိုမှတဆင့် ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်ရှိ ပိတ်မိနေသော ကားများကို အင်ဘာပါ၊ မံစီ၊ ဗန်းမော်မှ မန္တလေးသို့ လမ်းကြောင်းပြောင်း၍ ဆင်းလာကြောင်း ဒေသခံများက ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်မှ စတင်၍ ဗန်းမော်-လွယ်ဂျယ်လမ်းတလျှောက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လွယ်ဂျယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ငှက်ပျောနှင့် ဖရဲ တင်ပို့မှုများ ရပ်ဆိုင်းခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၁၂-၁၈

ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ် China-ASEAN (Nanning) Intangible Cultural Heritage Week ကို တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ်တွင် မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့က ဖျော်ဖြေခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ကွမ်ရှီးဒေသ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဝူယွီကျွမ်း (Mr. Wu Yujun)၊ နန်နင်းမြို့ ကွန်မြူနစ်ပါတီအမြဲတမ်း ကော်မတီအဖွဲ့ဝင် မစ္စတာကျောက်ယုန်ဖု (Mr.Zhao Yongfu)၊ နန်နင်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာကောဝေ (Mr. Guo Wei)၊ ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် အာဆီယံဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် နန်နင်းမြို့အခြေစိုက် ထိုင်းနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်အပါအဝင် စုစုပေါင်း တရာကျော် တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဧပြီ ၁၂

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းအကြား အလုပ်သဘော သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အလုပ်သဘော သဘောတူညီချက် (working protocol) ကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာလီဖုချွမ် (Mr. Li Fu Quan) တို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်တွင် ပါဝင်သည့် အချက်အလက်များကို စစ်ကောင်စီဘက်မှ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် MISIS တို့အကြား Think-tank အဖွဲ့အစည်းအဖြစ် ပထဆုံးအကြိမ် ပူးပေါင်းဆောက်ရွက်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် MISIS သည် တရုတ်ဦးဆောင်အစီအမံဖြစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများအတွက် အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတရပ်ကိုလည်း ကျင်းပခဲ့သည်။
၂၀၂၄၊ ဧပြီ ၁၁

တရုတ်-မြန်မာနှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်သံအမတ် မစ္စတာချန်းဟိုင်သည် မြန်မာပြည်တွင်းပဋိပက္ခများရပ်တန့်ရန်နှင့်၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကောင်အထည်ဖော်ရန် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်လည်းကောင်း၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတိုက်ဖျက်ရန် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်လည်းကောင်း ဧပြီ ၁၀ ရက်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်တွင် စစ်ကောင်စီနှင့် ရှမ်းမြောက်လက်နက်ကိုင်တပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီအကြားလည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့များနှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နှင့် လေတပ်တို့က ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၁၀

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာပြည်တွင်းပဋိပက္ခများရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကောင်အထည်ဖော်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း မစ္စတာချန်းဟိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့တွေ့ဆုံမှုမှာ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ ဟိုင်ဂင်သဘောတူညီမှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရန် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား သဘောတူညီခဲ့ကြသော်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)၊ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
၂၀၂၄၊ ဧပြီ ၁၀

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက နေပြည်တော်ရှိ စာသင်ကျောင်းငါးကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းစာအုပ်များ လှူဒါန်းခဲ့ကြောင်း  စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အခမ်းအနားသို့ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌ ဦးသစ္စာ (မစ္စတာ လီဖော်ဖော (Mr. Li Bobo)၊ စစ်ကောင်စီ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းနှင့် စာသင်ကျောင်းငါးကျောင်းမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၁၀

ဘေဂျင်းအခြေစိုက်အဖွဲ့အစည်းတခုဖြစ်သည့် China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့ပူးပေါင်း၍ မြန်မာကျပ် ၃၅ သိန်းတန်ဖိုးရှိ စာအုပ်များနှင့် တရုတ်ယဥ်ကျေးမှုကုန်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။  “Road People to People Connectivity Care for the Future” အစီအစဉ်အောက်မှတဆင့် တရုတ်ယဉ်ကျေးမှုထုတ်ကုန် ၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀ ကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကျောင်သား ၂,၀၀၀ ကျော်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ CFPD မြန်မာရုံးမှ ကိုယ်စားလှယ် မစ္စတာဝမ်လိန် (Mr. Wang Lei)၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌဦးသစ္စာ (မစ္စတာ လီဖော်ဖော (Mr. Li Bobo)၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်သံရုံးနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၉

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) က အပြည့်အဝထိန်းချုပ်လိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၂ မှ စစ်သားများ ဧပြီ ၂၈ ရက် ညပိုင်းတွင် စခန်းကို စွန့်ခွာခဲ့ကြောင်းနှင့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားကြောင်း ဗိုလ်မျူးကြီးနော်ဘူက ပြောခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၈ ရက် ည ၁၀ နာရီခန့်တွင် KIA ထံလက်နက်ချခဲ့ပြီး တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းပေါ်တွင် တည်ရှိသော ယောယုံ၊ စိန်လုံ၊ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက လွယ်ဂျယ်မြို့ကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် KIA ကြားတိုက်ပွဲဖြစ်ပွားမှုများကြောင့် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကုန်သွယ်မှုမှာ ရပ်ဆိုင်းနေသော်လည်း မကြာမီတွင် ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်းနှင့် အရပ်ဘက်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းတချို့ ပြန်လည်စတင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ တရုတ်-မြန်မာနယ်စပ်မြို့အနီးတွင် KIA က ကချင်အလံကိုလွှင့်ထူထားခဲ့ပြီး နယ်စပ်ဂိတ်အနီးရှိ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံးတွင်လည်း KIA က သိမ်းပိုက်စိုးမိုးထားကြောင်း ကချင်၊ မြန်မာ နှစ်ဘာသာဖြင့် စာကပ်ထားခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၈

ဇီဝမျိုးကွဲများတည်ရှိခြင်းကို လေ့လာရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်၍ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဆက်လက်ချုပ်ဆိုခဲ့ကြောင်း တရုတ်အာဘော် CRI သတင်းဌာနက ဖော်ပြထားသည်။ တရုတ်သိပ္ပံပညာတံခွန်အသင်းကြီး စစ်ဆောင်ပနား အပူပိုင်း ရုက္ခပင်ဥယျာဉ်နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောလုပ်ငန်း ဦးစီးဌာနတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှ ဇီဝမျိုးကွဲများတည်ရှိရေးကို ရည်ရွယ်၍ သုတေသနစင်တာမှတဆင့် ဇီဝမျိုးကွဲများကို လေ့လာခြင်း၊ ထိန်းသိမ်းခြင်း၊ ဝန်ထမ်းများကို ပျိုးထောင်ပေးခြင်း၊ နည်းပညာဖလှယ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
၂၀၂၄၊ ဧပြီ ၈

‘အခွင့်အရေးနှင့်တရုတ်နိုင်ငံ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲကို မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းတွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စာမျက်နှာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ကုန်ထုတ်စွမ်းအား၊ တရုတ်ကုမ္ပဏီများ၏ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားပေးခြင်း၊ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကား၊ ကုန်သွယ်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲနှင့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး ဒေါက်တာကျန်းကျိဟုန်က (Dr. Zheng Zhihong) က တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာ အစည်းအဝေးနှစ်ရပ်ကိုကျင်းပခဲ့မှုအခြေအနေများကို မိတ်ဆက်ခဲ့ပြီး အစည်းအဝေးမှတဆင့် တရုတ်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်နှင့် မူဝါဒများကို ချမှတ်ပေးခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ငါးရာခိုင်နှုန်းကျော်တိုးလာကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အလားအလာရှိပြီး စွမ်းရည်မြင့်မားကာ ကုန်ထုတ်စွမ်းအားကို တိုးတက်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဒေါက်တာကျန်းကျိဟုန်က အမှာစကားပြောခဲ့သည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ မစ္စတာလျိုမင် (Mr. Liu Ming) က မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း လုပ်ငန်းအခြေအနေများကို တင်ပြခဲ့ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံမီဒီယာများက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများအကြောင်းကို တင်ဆက်မည်ဖြစ်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အဓိက အကြောင်းအရာအဖြစ် တင်ဆက်လိုကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများဖြစ်သည့် အထည်ချုပ်၊ လျှပ်စစ်၊ လျှပ်စစ်ကားကုမ္ပဏီကိုယ်စားလှယ်များက မြန်မာနိုင်ငံရှိ စက်ရုံလည်ပတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ဖန်တီးပေးခြင်းဖြင့် နှစ်နိုင်ငံအကျိုးစီးပွားမြှင့်တင်လိုကြောင်း တရုတ်ကုမ္ပဏီကိုယ်စားလှယ်များက ဆိုခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မီဒီယာကိုယ်စားလှယ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များရရှိစေကြောင်းနှင့် နှစ်နိုင်ငံလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် မီဒီယာများ၏ ရှုထောင့်မှတဆင့် ဆောင်ရွက်ပေးလိုကြောင်း အသီးသီးအမှာစကားပြောခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် မီဒီယာကဏ္ဍကူးလူးဖလှယ်ရေးအတွက် မြန်မာမီဒီယာများမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ဘေဂျင်းမြို့၊ ဟန်ကျိုးမြို့နှင့် ရှန်ဟိုင်းမြို့များသို့ လေ့လာရေးခရီးစေလွှတ်ခြင်း၊ နှစ်နိုင်ငံအကြား မီဒီယာပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ဖိုရမ်ကျင်းပခြင်းများကို တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။
၂၀၂၄၊ ဧပြီ ၈

လန်ချန်း-ခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများ၊ လူနှင့် တိရစ္ဆာန်များအကြား ကူးစက်နိုင်သော ရောဂါများအတွက် ကာကွယ်ဆေးထုတ်လုပ်မည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းစီမံကိန်းပြီးမြောက်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်နှင့် လူအကြား အပြန်အလှန်ကူးစက်တတ်သောရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ အပြင်အအေးခန်းသိုလှောင်ရုံ ငါးခု၊ အရန်မီးစက် ငါးလုံးနှင့် ကာကွယ်ဆေးစမ်းသပ်မည့် တိရစ္ဆာန်သိုလှောင်ရုံ နှစ်ခု တို့ကို ဆောက်လုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောခဲ့သည်။ ဆေးစမ်းတိရစ္ဆာန်များကို ဇီဝလုံခြုံမှုကောင်းမွန်စွာ animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခဲ့ပြီး ကာကွယ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကိုလည်း အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်းပြောဆိုခဲ့သည်။ အဆိုပါ စီမံကိန်းသည် စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စတုတ္ထအကြိမ်မြောက်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဖော်ဆောင်သည့် စီမံကိန်းလေးခုထဲမှ တခုဖြစ်ပြီး စစ်ကောင်စီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်တရုတ်သံရုံးမှ ဒုတိယအတွင်းဝန် ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) တက်ရောက်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၆

စီးပွားရေးစင်္ကြံ စီမံကိန်းတွင် မဟာဗျူဟာကျစီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများကို တင်ပြသည့် အစည်းအဝေးတရပ်ကျင်းပခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု  Preliminary Geographical and Topographical  Survey (PGTS) &  Environmental Impact Assessment (EIA) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် EIA လုပ်ငန်းစဉ် အခြေအနေများ၊ စစ်ကောင်စီ ဝန်ကြီးဌာနအသီးသီး၏ ဆန်းစစ်အကြံပြုချက်များ၊ EIA ဆန်းစစ်ချက်များအပေါ်မူတည်၍ စီမံကိန်းဒီဇိုင်းရေးဆွဲရန်နှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ EIA လုပ်ဆောင်ခဲ့သော သက်ဆိုင်ရာ ကုမ္ပဏီများဖြစ်သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမ္မဏီတို့က စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်တွင် စီမံကိန်း၏အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေးအတွက် CITIC group နှင့် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ တွင် ချုပ်ဆိုခဲ့ပြီး လေးရက်အကြာ ဒီဇင်ဘာ ၃၀ ရက်တွင် ကန်ထရိုက်တာများကို ရွေးချယ်ကာ စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီများက စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုပမ်းချက်များရှိနေသော်လည်း အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်မည့် ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် သိမ်းပိုက်ခဲ့သည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဧပြီ ၅

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ we chat စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း  မောင်အေးနှင့် သမ္မတဟောင်းဦးသိန်းစိန်၊ မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနု၊ တရုတ်-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင်တို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ အဆိုပါတွေ့ဆုံမှုသည် မြန်မာနှစ်ကူးကာလဖြစ်သည့် သင်္ကြန်အကြိုကာလအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် တရုတ်နိုင်ငံမှ ကူညီလိုကြောင်းနှင့် နှစ်နိုင်ငံရင်းနှီးမှု ပိုမိုနက်ရှိုင်းစေလိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယခုတွေ့ဆုံမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ အရာရှိများနှင့် ဦးသန်းရွှေတို့အကြား တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။
၂၀၂၄၊ ဧပြီ ၄

စီးပွားရေးစင်္ကြံစီမံကိန်းတွင် တခုအပါအဝင်ဖြစ်သည့် မဟာဗျူဟာကျ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည့် China International Trust and Invest Corporation (CITIC) Group Myanmar Co.,Ltd. နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် စီမံကိန်းဖော်ဆောင်ရာ၌ အဓိကအခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေး၊ စီမံကိန်းပြီးစီးပါက ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ ဒေသတွင်းပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် တရုတ်-မြနမာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စီမံကိန်းအတွက် တရုတ် CITIC ကုမ္ပဏီနှင့် နှစ်ဖက်ကြိုတင်ပြင်ဆင်ရမည့်အချက်များကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုက်တွန်းခဲ့သည်။ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။ စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ချုပ်ဆိုခဲ့သည်။ ထိုသို့ စစ်ကောင်စီနှင့် တရုတ်နိုင်ငံက စီမံကိန်းကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေသော်လည်း စီမံကိန်းကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အပြင် ၂၀၂၄ ခုနှစ် မတ်လတွင် AA က ရမ်းဗြဲမြို့ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ 
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဧပြီ ၄

အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများနှင့်ပတ်သက်၍ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် စစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးနေကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းကို ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ခြေကုတ်ယူနေသည့် တရုတ်နိုင်ငံသားအများစုပါဝင်သည့် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသူအဖြစ် စစ်ဆေးခံနေရသည်။ ထို့အပြင် ကိုးကန့်ဒေသရှိ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များဟု တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သော ပယ်၊ ဝေ၊ မီနှင့် လျှိုမိသားစုများနှင့်လည်း ဆက်ဆံရေးရှိသည်ဟု ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများကို ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် တွေ့ဆုံခဲ့ကြသေးသည်။ ထို့အပြင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို စစ်ကောင်စီနှင့် ထိုင်း၊ တရုတ် အာဏာပိုင်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦး ကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဧပြီ ၃

ကိုဗစ်-၁၉ အလွန် တရုတ်-မြန်မာနှစ်နိုင်ငံအကြားကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ရည်ရွယ်၍ နန်နင်းမြို့၊ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီဥက္ကဋ္ဌ မစ္စယောင်ယန်းယန် (Ms. Yang Yanyan) တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေရန်၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးနှင့် ကုန်သွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ စက်တင်ဘာလတွင်ပြုလုပ်မည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် (Chinese-ASEAN Business Investment Summit (CABIS)) တွင် မြန်မာကောင်စစ်ဝန်ချုုပ်က ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။  မစ္စယောင်ယန်းယန်က ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးများ၊ တရုတ်-အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်များ၏ စကားဝိုင်းဆွေးနွေးပွဲများ၊ တရုတ်-အာဆီယံ ဖိုရမ် စသည့် အစီအစဉ်များအပြင် ကုန်သွယ်မှုကဏ္ဍတွင် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ဖိုရမ်၊ စက်မှုကွင်းဆက်လုပ်ငန်းဆိုင်ရာဖိုရမ်များကိုလည်း ပြုလုပ်မည်ဖြစ်သည်။ အဆိုပါဖိုရမ်များတွင် မြန်မာနိုင်ငံကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ပို့ကုန်များဖြစ်သည့် ဆန်ကွဲ၊ ဝါ၊ ချည်၊ တိုင်းရင်းဆေး၊ သစ်သီးဝလံများကို ကွမ်ရှီးဒေသသို့ တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ 
၂၀၂၄၊ ဧပြီ ၃

ယူနန်ပြည်နယ် တက်ဟုန်းခရိုင် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျမ်းစမ်း (Mr. Jian Shan) နှင့် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးကိစ္စရပ်များအပြင် အခြေခံအဆောက်အအုံကဏ္ဍဖြစ်သည့် လမ်း၊ တံတားဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။ 
၂၀၂၄၊ ဧပြီ ၃

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲအခြေစိုက် ကော်ဖီလုပ်ငန်းရှင်များ နည်းပညာမျှဝေရန်နှင့် ကော်ဖီအပါအဝင် အခြားကုန်စည်များ၏ ကုန်သွယ်မှုတိုးတက်စေရန်ရည်ရွယ်သည့် ကော်ဖီကုမ္ပဏီများ၏ စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ တက်ဟုန်းပြည်နယ်ခွဲပါတီကော်မတီအတွင်းရေးမှုး မစ္စတာကျန်းစမ်းက တက်ဟုန်းကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များကိုရှင်းပြခဲ့သည်။ ထို့နောက်စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မြန်မာ့ကော်ဖီကို ဈေးကွက်ထိုးဖောက်နိုင်ရန်နှင့် ကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်လာရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် မေ ၁၀ ရက်တွင်လည်းကောင်း၊ ကော်ဖီကို ပို့ကုန်တခုအဖြစ်တင်ပို့နိုင်ရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် ကော်ဖီနှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် ဦးထွန်းအုံက ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ အကောင်အထည်မည့် အစီအစဉ်များကို ရေးဆွဲရန်၊ အာဆီယံနိုင်ငံများသို့ သွားရောက်လေ့လာနိုင်ရန်၊ ဈေးကွက်ဖွံ့ဖြိုးရေးကုန်စည်ဒိုင်တည်ထောင်ရေးအဆိုပြုရန်၊ လုပ်ငန်းအဖွဲ့အချင်းချင်းကော်ဖီဗဟိုအဖွဲ့ကို အထောက်အကူပြုရန် ပြုလုပ်လျက်ရှိကြောင်း  အစီအစဉ်များကို ရှင်းပြခဲ့သည်။ ထို့အပြင် တက်ဟုန်းပြည်နယ်သည်လည်း ကော်ဖီထွက်ရှိရာဒေသဖြစ်သဖြင့် မြန်မာကော်ဖီထုတ်လုပ်မှုအတွက် နည်းပညာနှင့် အသိပညာမျှဝေရန်ကိုလည်း ဦးထွန်းအုံက တိုက်တွန်းခဲ့သည်။ ပြပွဲတွင် တက်ဟုန်းကော်ဖီကုမ္ပဏီရှစ်ခုမှ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ခြောက်တို့ကိုပြသခဲ့ပြီး မြန်မာနိုင်ငံမှ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြပွဲများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ ကော်ဖီအပါအဝင် ကုန်သွယ်မှုကဏ္ဍအသီးသီးတွင် မြန်မာကော်ဖီလုပ်ငန်းရှင်များ၊ ညီနောင်လုပ်ငန်းရှင်အသင်းများအနေနှင့် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့သည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြန်မာ့ကော်ဖီကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချမှုများကို ဆွေးနွေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ပြုလုပ်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို ကျင်းပခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ စိုက်ပျိုးရေးပညာရှင်များက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ပို့ချခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၃

တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်စည်အပြန်အလှန်ပို့ဆောင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ရန်ကုန်-မန်စီ-ရန်ကုန် ကုန်စည်လေယာဉ် စတင်ပျံသန်းခြင်းအခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင် မန်စီလေဆိပ်တွင် ကျင်းပခဲ့ကြောင်း တရုတ်အာဘော်သတင်းဌာနဖြစ်သည့် ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ ရန်ကုန်-မန်စီ-ရန်ကုန် cargo flight ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် cargo flight များဖြင့် ကုန်စည်ပို့ဆောင်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်လာခြင်းဖြစ်သည်။
၂၀၂၄၊ ဧပြီ ၂-၃

တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့တို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နှင့် လေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု စတင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် လေ့ကျင့်မှုဖြစ်ပြီး နှစ်ရက်ကြာပြုလုပ်မည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုသည် PLA အနေနှင့် အရေးပေါ်အခြေအနေများကို တပ်ဖွဲ့များအနေဖြင့် ပိတ်ဆို့ထိန်းချုပ်နိုင်ရန်၊ တပ်ဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုစွမ်းရည်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လေ့ကျင့်ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဌာနကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ထျန်ကျွမ်းလီ (Senior Colonel Tian Junli) က ပြောခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် PLA သည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဝမ်တိန်မြို့တွင် လက်တွေ့စစ်ရေးလေ့ကျင့်ခဲ့ပြီး အရေးပေါ်အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန်အတွက် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) တို့ မတ် ၇ ရက်တွင် စတင်ကာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး KIA က လမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဧပြီ ၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၂

တရုတ်နိုင်ငံ၊ ချုံချင့်မြို့မှ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးသွင်ထက်သည် ချုံချင့်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ချုံချင့်နေ့စဉ်သတင်းစာဌာန၏တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံမေးမြန်းမှုတွင် ကောင်စစ်ဝန်အတွေ့အကြုံများ၊ လုပ်ငန်းအခြေအနေများ၊ ချုံချင့်မြို့၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ဖြေကြားခဲ့ပြီး ​ ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု အခြေအနေများ တိုးမြှင့်လုပ်ဆောင်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ 
၂၀၂၄၊ ဧပြီ ၂

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တက်ဟုန််းခရိုင် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် တက်ဟုန်းခရိုင်တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တွေ့ဆုံစဥ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းများ လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး၊ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ကုန်ပစ္စည်းအမယ်များ တိုးချဲ့ကုန်သွယ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်တွင်လည်း တယ်ဟုန်းခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဝေကန်း (Wei Gang) မြန်မာနိုင်ငံသို့လာရောက်ကာ တက်ဟုန်းခရိုင်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတန်ဖိုးစုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်နိုင်ခဲ့သည်။
(နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို ISP-Myanmar ကပြင်ရပ်ဝန်း ‘မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက်’ တွင် ရှုပါ။)
၂၀၂၄၊ ဧပြီ ၂

အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပေါ်တိုးတက်မှုများနှင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ် ဦးစားပေးဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးရန် ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များက ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလတွင် ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များ၊ အာဆီယံပေါင်းစည်းရေးအစီအမံ လုပ်ငန်းအစီအစဥ်-၄ (Initiative for ASEAN Integration Work Plan IV) အကောင်အထည်ဖော်မှု၊ အာဆီယံစမတ်မြို့များကွန်ရက် (ASEAN Smart Cities Network) ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ်များ (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှု၊ ၂၆ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံ-တရုတ် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရန် အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် မစ္စဟွေရန်ချီ (Mrs. Hou Yanqi) နှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ယူထားသည့် စစ်ကောင်စီ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က အစည်းအဝေးပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး အာဆီယံဆိုင်ရာ တီမောလက်စ်တေအဖွဲ့ရုံးက လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ တာဝန်ယူထားပြီး ယခုနှစ် ဇူလိုင်လတွင် အဆိုပါတာဝန်ကို မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။
၂၀၂၄၊ ဧပြီ ၁

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ ကျောက်ဖြူရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အုန်းချောင်းနှင့် ပြင်ချောင်တောင်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကိုကိုးကားကာ ဖော်ပြထားသည်။ ထို့အပြင် မတ် ၂၉ ရက်မှစကာ ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းလည်း ရေးသားထားသည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ AA က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောာင်အထည်ဖော်မည့် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့ကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဧပြီ ၁

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် စစ်ကောင်စီ နှစ် ၆၀ ကျော်တပ်စွဲထားခဲ့သည့် စိန်လုံဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်း၏ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဧပြီ ၁ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ စိန်လုံဗျူဟာကုန်းသည် စစ်ကောင်စီအတွက် အရေးပါသော ရှေ့တန်းဗျူဟာစခန်းကုန်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို စိုးမိုးထားသည့် တပ်စခန်းဖြစ်သည်။ လွယ်ဂျယ်-မိုးမောက်လမ်းကြောတလျှောက်ရှိ စစ်ကောင်စီစခန်းများကို ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်ကောင်စီက ၃၉ နှစ်ကြာထိန်းချုပ်ထားသည့် ယောယုံစခန်းအပါအဝင် ဖလန်ဘွမ်စခန်း၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနှင့်​ ရှန်တိုင်းစခန်းများကို KIA ကသိမ်းယူနိုင်ခဲ့သည်။ ထို့အပြင် လွယ်ဂျယ်မြို့ကိုလည်း KIA က ဝိုင်းရံပိတ်ဆို့ထားသည်။
၂၀၂၄၊ ဧပြီ ၁

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများကို ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများ၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်အတွင်း မစ္စတာတိန့်ရှီကျွန်းနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခြင်းသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဥ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် မစ္စတာတိန့်ရှီကျွန်းသည် နေပြည်တော်သို့လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လေးကြိမ်တွေ့ဆုံခဲ့သလို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး‌ကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၂၃ မတ် ၃၁

China Entrepreneurs Thought Club (CETC) အဖွဲ့က ဦးဆောင်ကျင်းပသည့် မြန်မာ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (၂၀၂၄) (2024 Myanmar Business and Investment Forum & CETC Think Tank News Media Seminar) ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ စစ်ကောင်စီမြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင်ဖော်ပြထားသည်။ ဖိုရမ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိပြီး ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ်ထွန်းစေမည့် ပတ်ဝန်းကျင်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီ သံအမတ်ဦးတင်မောင်ဆွေက မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ ဘေဂျင်းမြို့၊ မြန်မာ့စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရန် စီစဉ်ထားမှုအခြေအနေများ၊ e-Commerce platform ကဲ့သို့ ကုန်သွယ်ရေးပလက်ဖောင်းများမှတဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချက်အလက်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို အခြေခံ၍ သင့်တင့်လျောက်ပတ်သော လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့သည်။ တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့်ခရီးသွားလာမှုမြှင်တင်ရေးအဖွဲ့မှ မစ္စတာလျိုဝိန် (Mr. Liu Wei) က မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာများနှင့် ယဥ်ကျေးမှုများကိုရှင်းပြခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းများသည်မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလည်ပတ်သည့်နေရာများသည် တရုတ်ခရီးသွားများ ဘေးကင်းလုံခြုံရေးအတွက် အလေးထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ CETC Think Tank News Media Seminar ကိုပါ ကျင်းပခဲ့သည်။ CETC သည် တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် မဟာဗျူဟာကျအကြံပေးမှုများ၊ သီအိုပိုင်းရီပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပြုလုပ်ပေးနေသောအဖွဲ့ဖြစ်ပြီး ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ဖိုရမ်သို့ CETC ၏ နာယက မစ္စတာရုလျှန်ချင်း (Mr. Xu Liangqing)၊ CETC ၏ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးချုပ် မစ္စတာယုရန်ကျုန်း (Mr. Yu Yan Zhong) နှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စစ်ကောင်စီက ဖိတ်ခေါ်လျက်ရှိသကဲ့သို့ ရက္ခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကလည်း ၂၀၂၄ မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအကြောင်းရိုက်ကူးထားပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရုံတင်ခဲ့သော ‘No More Bets’ ရုပ်ရှင်ကြောင့် မြန်မာနိုင်ငံသည် ကျားဖြန့်လုပ်ငန်းများအပါအဝင် လူကုန်ကူးမှုများ အခြေတည်ရာနေရာအဖြစ် တရုတ်နိုင်ငံ၏ လူမှုကွန်ရက်တွင် ပြန့်နှံ့လျက်သည်။ 
၂၀၂၄၊ မတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်း ၆၀ ခုခန့်ကို စစ်ကောင်စီနှင့် တရုတ်ရဲတပ်ဖွဲ့တို့က ပထမဆုံးအကြိမ်အဖြစ်  ပူးပေါင်းဖြိုခွင်းခဲ့ကြောင်း တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသား ၃၅၂ ဦးနှင့် မြန်မာနိုင်ငံသား ၄၅၅​ ဦး စုစုပေါင်း ၈၀၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ သုံးရက်ကြာမြင့်ခဲ့သော အဆိုပါဖြိုခွင်းမှုတွင် ငွေကြေးထောက်ပံ့သူများ၊ အဓိကကြိုးကိုင်သည့် ခေါင်းဆောင် ၂၁ ဦးနှင့် သံသယရှိသူ ၅၁ ဦး ကို ဖမ်းဆီးနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား အာဏာပိုင်များ၏ သဘောတူညီချက်များအရ တရုတ်နိုင်ငံသားများကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံသားများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ အဆိုပါ ပူးပေါင်းဖြိုခွင်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေပြီး နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်လိမ်လည်မှုများကို ဖြိုခွင်းရာတွင် ပြတ်သားသည့် ရည်ရွယ်ချက်ကို မြင်သာစေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုရေးဗြူရိုသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တရုတ်နိုင်ငံသားများပါဝင်သော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံမှ အာဏာပိုင်များ၊ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံသား ၄၈,၀၀၀ ဦး ဖမ်းဆီးရခဲ့ကြောင်းပါရှိသည်။ ထိုသို့ဖြိုခွင်းမှုများလုပ်ဆောင်ခဲ့သော်လည်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ကျန်ရှိနေသည့်အတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဗြူရိုနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဆွေးနွေးပွဲများ၊ စကားဝိုင်းများမှတဆင့် သဘောတူညီမှုများရယူကာ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့က သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ဒေသဆိုင်ရာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ ငွေကြေးလိမ်လည်မှုများကို ဖြိုခွင်းမည်ဖြစ်ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများကို ပြတ်ပြတ်သားသားကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများအနေဖြင့် လက်ရှိဖြိုခွင်းမှုအခြေအနေများကို နားလည်သဘောပေါက်ပြီး တရုတ်နိုင်ငံသို့အမြန်ဆုံးပြန်လာရန်နှင့် တရားဥပဒေမူဘောင်အောက်သို့ ဝင်ရောက်ရန်လည်း တိုက်တွန်းထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့်သာမက တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရယူခဲ့သည်။ ထို့အပြင် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပူးပေါင်း၍ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုဒေသတွင် ခြေကုပ်ယူထားသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) က ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။
(အပူတပြင်းချေမှုန်းလာသော ဆိုက်ဘာကျွန်ပြုမှုများကို ISP-Myanmar ကပြင်ရပ်ဝန်း၏ Insight Email အမှတ်-၂၈ တွင်ရှုပါ။)
၂၀၂၄၊ မတ် ၃၁

တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် (China (Yunnan) Pilot Free Trade Zone) တွင် မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) ကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါကုန်သွယ်ရေးစင်တာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာန ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကြီးကြပ်ခဲ့ပြီး ကူမင်းမြို့ပြည်သူ့အစိုးရ ကွမ်တုရပ်ကွက် ပြည်သူ့အစိုးရနှင့် တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းစု ((Yunnan) Pilot Free Trade Zone International Trade Enterprise Cluster Park) နှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပံ့ပိုးခဲ့သည်။ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံမှ AJ Myanmar Co.Ltd နှင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ Kunming Aosidi International Trade Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရန်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ပိုမိုဝင်ရောက်ရန်၊ မြန်မာ့စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ရန်အတွက် ရည်ရွယ်ကာ အဆိုပါကုန်သွယ်ရေးစင်တာကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စင်တာဖွင့်ပွဲသို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှုူချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် မစ္စတာတန်ဝေ (Mr. Tang Wai)၊ ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရညွှန်ကြားရေးမှုး၊ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့သည်။ AJ Myanmar ကုမ္ပဏီသည် သစ်တော၊ တွင်းထွက်နှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၂၃ ခုနှစ် မေ ၂၈ ရက်တွင် တရုတ်နိုင်ငံမှ Shenyang Tianfeng Bio-Pharm ကုမ္ပဏီတို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ 
၂၀၂၄၊ မတ် ၂၉

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းရန်အတွက် ကြီးကြပ်ရေးဗဟိုကော်မတီအစည်းအဝေးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို စိစစ်ရန်၊ တရားစွဲအရေးယူရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ရန်အတွက် ကြီးကြပ်ရေးဗဟိုကော်မတီကို စစ်ကောင်စီ၏ အမိန့်ကြေညာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီနှင့် ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့တို့ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဗဟိုကော်မတီအနေနှင့် သက်ဆိုင်ရာဌာနများ၊ သံရုံးများဖြင့် သံတမန်လမ်းကြောင်းမှတဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား ၅၃,၀၈၉ ဦးကို ပြည်နှင်ခဲ့ပြီး အဆိုပါနိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၅၁,၀၁၀ ဦး ပါဝင်ခဲ့သည်ဟုသည်။ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြားရှိ ချစ်ကြည်ရေး၊ တရားမဝင်ဝင်ရောက်လာသူများသည် ရာဇဝတ်မှုများကို ဖိအားပေးခိုင်းစေခံရသူများဖြစ်သည့်အတွက် အရေးယူခြင်းမပြုဘဲ ပြည်နှင်လွှဲပြောင်းခြင်းကိုသာ လုပ်ဆောင်ခဲ့ကြောင်းနှင့် ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ရွှေကုက္ကိုဒေသတွင် ဖမ်းဆီးရမိသူများကို အမှတ်-၂ ချစ်ကြည်ရေးတံတားမှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။ ထို့အပြင် ကြီးကြပ်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တွဲဖက်အတွင်းရေးမှူး-၁ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးတို့က  ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံးလွှဲပြောင်းပေးမှု အခြေအနေများကို ရှင်းပြခဲ့သည်။ ရွှေကုက္ကိုဒေသတွင် အခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသားများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ်-၂ ချစ်ကြည်ရေးတံတားမှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းမှုသည် အွန်လိုင်းငွေကြေးလိမ်လည်မှုများဖြိုခွင်းရန် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ၏ ပထမဆုံးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။
၂၀၂၄၊ မတ် ၂၉

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်များက အပစ်အခတ်မရှိဘဲ ဆုတ်ခွာနိုင်ရန်နှင့် စစ်ကောင်စီ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မှူကြီးကြပ်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ အကောက်ခွန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများကို တရုတ်အစိုးရမှတဆင့် တာဝန်ရှိသူများက တရုတ်နယ်စပ်မြို့ဖြစ်သည့် ကျန်းဖုန်းသို့ ဝင်ခွင့်ရရန် တောင်းဆိုခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို ဖွင့်ပေးခဲ့သည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်-မိုးမောက်လမ်းကြောတလျှောက်ကို ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ၃၉ နှစ်ကြာထိန်းချုပ်ထားသည့် ယောယုံစခန်းအပါအဝင် ဖလန်ဘွမ်စခန်၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနှင့်​ ရှန်တိုင်းစခန်းများကို KIA ကသိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဥ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်ဂျာယန်မြို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများက မိုးမောက်မြို့သို့ တိမ်းရှောင်နေကြသည်။ 
၂၀၂၄၊ မတ် ၂၈

လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် သီးနှံသစ်တော ရောနှာစိုက်ပျိုးခြင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် ‘သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းမြှင့်တင်ရေးစီမံကိန်း’ ကို အကောင်အထည်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းပြီစီးကြောင်း အခမ်းအနားတွင် တရုတ်သံမှူးကြီးမစ္စတာကျန်းကျိဟုန်က စီမံကိန်းတွင် စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများတွင် ဂေဟစနစ်နှင့် စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ကြောင်း၊ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးတွင် တရုတ်နိုင်ငံက ပါဝင်ကူညီလိုကြောင်း ပြောခဲ့သည်။ ထို့နောက် စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ကြောင်း၊ မြန်မာ့လက်တွေ့အခြေအနေနှင့်ကိုက်ညီသည့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ခေါင်းစဉ်ဖြင့် လန်ချန်း-မဲခေါင် ကျေးလက်ဒေသ ဖွံံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထိုစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသရှိ ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော်ခဲ့ပြီး ထိုကျေးရွာများ၏ ဧက ၇၀၀ ခန့်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စမ်းသပ်ဇုန်ကို အကောင်အထည်ဖော်ခဲ့သည်။ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်မည့် ‘မြန်မာနိုင််ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း’ ၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်တွင် ကျင်းပခဲ့သည်။ သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ကို ကျင်းပပြုလုပ်ပြီးနောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပိုမိုအကောင်အထည်ဖော်ခဲ့သည်။ 
၂၀၂၄၊ မတ် ၂၈

တရုတ်နိုင်ငံက ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တည်ထောင်ခြင်း ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာနှင့် တရုတ်သံရုံးစာမျက်နှာတို့တွင် ဖော်ပြထားသည်။ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတွင် ပံ့ပိုးကူညီပေးခဲ့သည့် တရုတ်နိုင်ငံနှင့် စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို ကျေးဇူးတင်စကားပြောခဲ့သည်။ ထို့အပြင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်ဆက်စပ်အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေးများနှင့် အစီအစဉ်များအနက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အအောင်မြင်ဆုံးအစီအစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ကာလအတွင်း ဝန်ကြီးအဆင့်အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ကြောင်းနှင့် စတုတ္တကြိမ်မြောက်ကျင်းပသည့် လန်ချန်း-မဲခေါင် ခေါင်းဆောင်များအစည်းအဝေးတွင် အရေးပါသည့် ‘နေပြည်တော်ကြေညာစာတမ်း’၊ ‘မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)’ နှင့် ‘လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်’ တို့ကို အတည်ပြုခဲ့ကြောင်း  ဦးသန်းဆွေက တင်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ကိုထောက်ပံ့ခဲ့ပြီး စီမံကိန်း ၁၀၆ ခုကို လက်ခံရရှိခဲ့ကြောင်း ကျေးဇူးတင်စကားဆိုခဲ့သည်။ ထို့နောက် စီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိပူးတွဲဥက္ကဋ္ဌထိုင်းနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး စစ်ကောင်စီသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည့် တရုတ်သံအမတ် မစ္စတာချန်းဟိုင်၏ ဆောင်းပါးကိုလည်း ဂုဏ်ပြုစကားဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့ကြောင်း၊ အကောင်ထည်ဖော်ခဲ့သည့် ရှစ်နှစ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း ၇၀၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က  ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများကိုပါ အခွင့်အလမ်းသစ်များရရှိစေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ခုနစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်အတွက် တရုတ်သံအမတ်မစ္စတာချန်းဟိုင်က စစ်ကောင်စီသတင်းစာများတွင် ဆောင်းပါးရေးသားခဲ့သလို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူး မစ္စတာကျန်းကျိဟုန်ကလည်း မြန်မာ့ရုပ်သံဌာနတခုဖြစ်သည့် One News ရုပ်သံလိုင်းတွင် တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ထို့ပြင် ခုနစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်အတွင်း စီမံကိန်း ၁၀ ခုကျော်ကိုလည်း နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်ခဲ့သည်။ အခမ်းအနားသို့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့သည်။
၂၀၂၄၊ မတ် ၂၈

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးချက်များ၊ ‘ဟိုင်ဂင်သဘောတူညီမှု’ အကောင်အထည်ဖော်ဆောင်သည့် အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့သည်။ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) က  မြန်မာ့ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်၊ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သောကဏ္ဍမှဆက်လက်ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ထို့နောက် NSPNC ၏ အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် အဆိုပါကြိုးပမ်းမှုများအတွက် တရုတ်နိုင်ငံနှင့်အ တူညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရုတ်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် ပတ်ဝန်းကျင်ရရှိရန်၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးကိစ္စများနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ‘ဟိုင်ဂင်သဘောတူညီမှု’ ချုပ်ဆိုပြီးနောက်တွင် စစ်ကောင်စီ တာဝန်ရှိသူများနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိစ္စများအတွက် ၂၀၂၄ ခုနှစ် မတ် ၁ ရက်တွင် သုံးရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ‘ဟိုင်ဂင်သဘောတူညီမှု’ ရရှိခဲ့သော်လည်း လက်တလောတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင်လည်း စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိသည်။
၂၀၂၄၊ မတ် ၂၈ 

စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြားတိုက်ပွဲပြင်းထန်နေချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာနှင့် ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရန်၊ နယ်စပ်ဖြတ်ကျော်သွားလာမှုများကို စီမံခန့်ခွဲရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုများကို ညှိနှိုင်းရန်၊ မြန်မာနိုင်ငံတွင်း တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်မည့် ပတ်ဝန်းကျင်ရရှိစေရန်နှင့် နိုင်ငံတကာစာမျက်နှာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးခဲ့သည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များနှင့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များပြုလုပ်ရန် ကြိုပမ်းလျက်ရှိကြပြီး တရုတ်အာဏာပိုင်များကလည်း ရက်လွန်နေထိုင်နေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးကာ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ပို့ဆောင်လျက်ရှိသည်။ တဖက်တွင်လည်း စစ်ကောင်စီနှင့် KIA အကြားတွင် မတ် ၇ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ် ၂၆ နှင့် ၂၇ ရက်များတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ်ရှိ ရှန်းတိုင်း၊ ဘန်ယောင်း၊ လော့မွန်၊ ဖလန်းနှင့် ယောယုံတပ်စခန်းတို့ကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ 
၂၀၂၄၊ မတ် ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ ဆီလူးခရိုင် မိုင်းလားမြို့ရှိ ‘မွမ်းဆစ်အဲစာသင်ကျောင်း’ သို့ တရုတ်နိုင်ငံ ပရဟိတအဖွဲ့အစည်းတခုဖြစ်သည့် ‘China Dream’ က စာရေးကိရိယာများကို လှူဒါန်းခဲ့ကြောင်း မိုင်းလားသတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ‘China Dream’  တာဝန်ခံမစ္စတာအားချိန်းနှင့် မိုင်းလားမြို့မှ အလှူရှင်များက တရုတ်ယွမ်ငွေ သုံးသောင်းကျော် (မြန်မာကျပ်ငွေ ၁၅၄ သိန်းကျော်)တန်ဖိုးရှိ စာရေးကိရိယာများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ‘မွမ်းဆစ်အဲစာသင်ကျောင်း’သည် ဒေသခံကျောင်းသား ၅၇၀ ဦးကို အခမဲ့ပညာသင်ပေးလျက်ရှိပြီး ‘China Dream’ အဖွဲ့သည် စာသင်ကျောင်းအား ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်နှစ်ကြာ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ 
၂၀၂၄၊ မတ် ၂၇

မိုင်ဂျာယန်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံနယ်နိမိတ်ဖြစ်သည့် ကျန်းဟောင်မြို့အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်က KIA တပ်မဟာ-၃ ဌာနချုပ်တည်ရှိရာ မိုင်ဂျာယန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အချိန်တွင် တရုတ်နိုင်ငံ ကျန်းဟောင်းမြို့ဘက် နယ်စပ်မှတ်တိုင်-၄၆ အနီး ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားများထိခိုက်မှုမရှိခဲ့ကြေင်း ဒေသခံများက ဆိုထားသည်။ ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင်လည်း လိုင်ဇာမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရားဝင်တုံပြန်ပြောဆိုမှု မရှိပေ။ စစ်ကောင်စီနှင့် KIA တို့အကြားတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်ကုန်သွယ်ရေးလမ်းတလျှောက်တွင် မတ် ၂၆ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် မိုင်ဂျာယန်ဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခဲ့သည်။
၂၀၂၄၊ မတ် ၂၇

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်-ဗန်းမော် လမ်းကြောင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားနေကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA က မတ် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်းရှိ လော့မွန်၊ ဘန်ရောင်၊ ရှန်တိုင်းဘွမ် စသည့် စစ်ကောင်စီ၏ ဗျူဟာစခန်း ၁၀ ခုခန့်ကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့သော ကုန်ကားအစီးတရာခန့် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ပိတ်မိလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးမှာလည်း ရပ်တန့်လျက်ရှိသည်။ ပိတ်မိလျက်ရှိသည့် ကုန်ကားများတွင် မြန်မာနိုင်ငံဘက်မှ တင်ပို့မည့် မြေပဲ၊ ပြောင်းဆံ၊ နှမ်း၊ တစ်ရှူးငှက်ပျောနှင့် တရုတ်နိုင်ငံဘက်မှတင်သွင်းသည့် အထည်နှင့် လူသုံးကုန်များပါရှိပြီး မိုးမောက်မြို့မှ လာရောက်သော ကုန်ကားများပါဝင်သည်။ 
၂၀၂၄၊ မတ် ၂၆

နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်ရန်ရည်ရွယ်၍ သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း တရုတ်သံရုံးမျက်နှာစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုအတွက်  ပုဂံမြို့ရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်၏ လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ ပြုပြင်ခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့မှုတို့နှင့်ပတ်သက်၍ မစ္စတာချန်းဟိုင်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် သန်လျင်မင်းကျောင်းဆရာတော်အား တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကိုလည်း ဆက်ကပ်ခဲ့သည်။  သံမှူး မစ္စတာ ပန်ဖန်(Mr. Pan Feng)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးစိန်မော်နှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၂၀၂၄၊ မတ် ၂၄

ရက္ခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ဒေသအတွက်အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုကြိုဆိုကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ ဆက်လက်လည်ပတ်ရန်အတွက် ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ အနာဂတ်တွင် နိုင်ငံတကာနှင့် ​ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ULA က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် ရက္ခိုင်ပြည်သူများ၏ အကျိူးစီးပွားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်နှင့် ပလက်ဝဒေသများကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများအနက် အရေးပါသော စီမံကိန်းများဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတိို့က အရှိန်မြှင့်တင်လျက်ရှိသည်။ 
(ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ မတ် ၂၃

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ‘တတိယအကြိမ် လန်ချန်း-မဲခေါင် ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖိုရမ်’ (Security Collaboration in Building Lancang-Mekong Community with a Shared Future) ကို ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနစာမျက်နှာတွင် ဖော်ပြထားသည်။ ဖိုရမ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများကို ပိုမိုဖွင့်လှစ်ရန်နှင့် အခြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ရဲသင်တန်းကျောင်းတွင် လေ့ကျင်နေမှုများကို စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လေ့လာခဲ့သည်။ ဆွေးနွေးပွဲသို့ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှုး၊ လန်ချန်း-မဲခေါင် ဒေသရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ သက်ဆိုင်ရာကောင်စစ်ဝန်ချုပ်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၂၃ မတ်လတွင် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး စိုးထွဋ်ထံသို့ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံခဲ့ကြသည်။ 
၂၀၂၄၊ မတ် ၂၂

လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကောင်စီပြန်လည်ဝင်ရောက်လာသဖြင့် ဒေသခံများက တိမ်းရှောင်နေရကြောင်း ပြည်တွင်သတင်းဌာနများတွင် ဖော်ပြထားသည်။ စီမံကိန်းကို အကာအကွယ်ပေးရန် စစ်ကြောင်းထိုးနေခြင်းကြောင့် စီမံကိန်းအနီးပတ်ဝန်းကျင်ရှိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ပေကုန်းနှင့် ထန်းတောကြီးရွာ အပါအဝင် ဆားလင်းကြီးမြို့နယ်မှ ဒုန်းတော၊ ရွာသာ၊ ဂုဏ်တော စသည့်ကျေးရွာများမှ ဒေသခံ တသောင်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။  ဝမ်ပေါင်ကြေးနီစီမံကိန်းကိုအကြောင်းပြု၍ ဒေသခံများအား စစ်ကောင်စီက ဖိနှိပ်ခြင်း၊ သတ်ဖြတ်နေခြင်းနှင့် နေအိမ်မီးရှို့ဖျက်ဆီးခြင်းများကို ရပ်တန့်ရန် ဒေသခံများက ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကိုးကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
၂၀၂၄၊ မတ် ၂၀-၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ ၏ ပညာသင်ကြားရေးနယ်ပယ်တွင် နှစ်နိုင်ငံတိုးတက်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်စေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ မိုင်းဟိုင်းခရိုင် ပြင်ပချစ်ကြည်ရေးအသင်း လေ့လာရေးအဖွဲ့က မိုင်းလားမြို့ရှိစာသင်ကျောင်းများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း အထူးဒေသ-၄ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ ပညာရေးနှင့်အားကစားဦးစီးဌာန ဌာနမှူး ဦးဟော်လီရှင်းနှင့် ပြင်ပချစ်ကြည်ရေးအသင်းလေ့လာရေးအဖွဲ့နှင့် တွေ့ဆုံကာ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဥ်ကျေးမှုစာသင်ကျောင်းနှင့် ဆီလူးခရိုင်ချစ်ကြည်ရေးစာသင်ကျောင်းများသို့ ကွင်းဆင်းလေ့လာခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား စာသင်ကျောင်းဆောက်လှုပ်မှုအခြေအနေနှင့် ပညာရေးလုပ်ငန်းများနှင့် ဆက်စပ်စီမံကိန်းများကိုရှင်းလင်းပြောပြခဲ့သည်။ စာသင်ကျောင်းများ၏ သင်ကြားရေးအစီအစဥ်များကို လေ့လာခဲ့ပြီး ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးတိုင်ပင်ခြင်းနှင့် ဒေသတွင်းပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အကြံပြုချက်များပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ မိုင်းလားဒေသနှင့် တရုတ်နိုင်ငံ၊ မိုင်းဟိုင်းခရိုင်အကြား ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြောခဲ့သည်။ မိုင်းဟိုင်းခရိုင် ပြင်ပချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူး ဦးအိုက်ခမ်းပီး၊ ခရိုင်ပညာရေးနှင့် အားကစား ဦးစီးဌာန ဒုတိယဌာနမှူး ဦးယွီစိချွမ်း၊ ယူနန်ပြည်နယ် ချန်ဟေပညာသင်ကြားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဥက္ကဋ္ဌ မစ္စတာဝူယုံချွမ်း၊ ဒုတိယမန်နေဂျာချုပ်နှင့် မိုင်းဟိုင်းအလယ်တန်းကျောင်း ဒုတိယကျောင်းအုပ် ဦးကျိုးချန်ပိုးတို့ လာရောက်လေ့လာခဲ့သည်။ 
၂၀၂၄၊ မတ် ၂၀

မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ကျောင်းတိုက်များနှင့်အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်က ငွေကြေးလှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်ယွမ်ငွေ ၁၂,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀ ကျော်တန်ဖိုးရှိ)ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှတဆင့် စစ်ကောင်စီ သာသနာရေးနှင့် ယဥ်ကျေးမှူဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ချီးရှားကျောင်းတိုက်သည် စာသင်တိုက်များရှိ စာသင်သားများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် တရုတ်ယွမ်ငွေ ၈၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၀ ကျော်)ကို စာရေးကိရိယာများအတွက် ၂၀၂၃ ခုနှစ် ဇွန်လတွင် လှူဒါန်းခဲ့သေးသည်။
၂၀၂၄၊ မတ် ၁၉

ရန်ကုန်မြို့မှ တရုတ်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ-၄ မိုင်းလားမြို့သို့ ကုန်တင်ပို့သည့် ၁၂ ဘီးကားများအတွက် သယ်ယူစရိတ်မှာ မြန်မာငွေကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ အထိရှိနေကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို BETV Bussiness သတင်းဌာနက ဖော်ပြထားသည်။ ဖရဲနှင့် သခွားတင်ပို့သည့် ၁၂ ဘီကားများမှာ ရန်ကုန်မှ မိုင်းလားသို့အသွားအပြန် ကုန်စည်ရရှိခြင်းကြောင့် ယင်းလမ်းကြောင်းကို ပိုမိုရွေးချယ်လာကြသည်။ မိုင်းလားနယ်စပ်ကုန်သွယ်ရေးအဖွဲ့မှ ဖရဲ၊ သခွား၊ ပြောင်းများကို တရုတ်နိုင်ငံသို့တင်ပို့ပြီး ဆေးဝါး၊ စိုက်ပျိုးရေးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးဆေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို တရုတ်နိုင်ငံမှတဆင့် ပြန်လည်တင်သွင်းလျက်ရှိသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)- ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်များကို ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် MNDAA က ထိန်းချုပ်ထားသည်။ 
၂၀၂၄၊ မတ် ၁၉

လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်မည့် မြန်မာနိုင််ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို နေပြည်တော်ရှိ စစ်ကောင်စီ သယံဇာတနှင့်သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်ကြာ အကောင်အထည်ဖော်မည့် အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်တို့တွင် ပြုလုပ်မည်ဖြစ်သည်။ စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင်များကို လေ့လာခြင်း၊ မှတ်တမ်းပြုစုခြင်း၊ မျိုးသုဥ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များ၊ ဒေသမျိုးရင်းများနှင့် စီးပွားရေးအရ အရေးပါသည့်မျိုးစိတ်များကို ထိန်းသိမ်းခြင်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သုတေသနတွေ့ရှိချက်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database တခုတည်ဆောင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ဌာနေတိုင်းရင်းသားများ၊ စစ်ကောင်စီ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဆေးဖက်ဝင်အပင်များကို စနစ်တကျ ထိန်းသိမ်းကာကွယ်နည်းများကို ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်မည့် သုတေသနလုပ်ငန်းစဉ်များနှင့် ကနဦးလေ့လာတွေ့ရှိချက်များကိုလည်း ဖွင့်ပွဲတွင်  ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်တွင်ကျရောက်မည့် သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လျက်ရှိသည်။
၂၀၂၄၊ မတ် ၁၉ 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းခေါင်းစဥ်အောက်မှတဆင့် ကျေးရွာရေရရှိရေးနှင့် ဆင်းရဲမွဲမှုလျှော့ချရေးဆိုင်ရာစီမံကိန်းများ အတွေ့အကြုံမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲကို စစ်ကောင်စီသမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ကျင်းပပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမွဲတေမှုလျှော့ချခြင်း၊ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းနှင့် ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့်အိမ်သွယ်ရေတိုင်စနစ်ပါရှိသည့် ကျေးရွာရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ စစ်ကောင်စီသမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ကြားဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် မူဝါဒလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအဖွဲ့၏ စဥ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (SDGs)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်(MSDP)ပါ ချိတ်ဆက်ဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ (NCDP) နှင့် ချိတ်ဆက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် ထိုစီမံကိန်းတွင် ပြည်ထောင်စုရန်ပုံငွေ၊ အစိုးရရန်ပုံငွေအပြင် နိုင်ငံတကာအလှူရှင်များနှင့် မိတ်ဖတ်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ အထောက်အပံ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (၂၀၂၂) ရန်ပုံငွေဖြင့် စီမံကိန်းလေးခုကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆိုခဲ့သည်။ ထိုစီမံကိန်းလေးခုအနက်  ပဲခူးတိုင်း ရွာသစ်ကျေးရွာတွင် ‘မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း’ နှင့် ဧရာဝတီတိုင်းရှိ ကျေးရွာသုံးရွာတွင်  ‘ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း’ တို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ နှစ်နှစ်ကြာ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း ဦးမြင့်စိုးက ပြောခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်ရှိသူများက ဆွေးနွေးခြင်းနှင့် အဖွဲ့အစည်းများက အကြံပြုဆွေးနွေးခြင်းများကို လုပ်ဆောင်ခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် မစ္စတာဝန်ရှန်ကျုန်း (Mr. Wang Xianzhong)၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများ တက်ရောက်ခဲ့သည်။ သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လျက်ရှိသည်။
၂၀၂၄၊ မတ် ၁၉

စီးပွားရေးစင်္ကြံစီမံကိန်းတွင် အရေးပါသော စီမံကိန်းဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီအာဘော် NP News သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းအတွက် China Railway Eryuan Engineering Group က စီမံကိန်းဖြစ်တန်ခြေလေ့လာမှုအတွက် အစီရင်ခံစာနှင့် ဘဏ္ဍရေးအတွက်လေ့လာသုံးသပ်ရမည့် အချက်အလက်များကို စစ်ကောင်စီထံတင်ပြထားသည်။ ဘဏ္ဍရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ကြီး ဦးအောင်မြိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားသည်။ အဆိုပါကော်မတီသည် CREEG က တင်ပြသည့်အစီအရင်ခံစာပါ ဒီဇိုင်း-ဆောက်လုပ်-ငွေကြေး-လည်ပတ် (DBFOT) ဖြင့်ဆောင်ရွက်ခြင်း၊ Special Purpose Vehicle (SPV) ကို ဖွဲ့စည်းခြင်းများ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာဆန်းစစ်ခြင်း၊ SPV ဖွဲ့စည်းရာတွင် မြန်မာဖက်မှ မြေငှားရမ်းခအပါအဝင် ဘဏ္ဍာငွေ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများပါဝင်ရေး၊ ချေးငွေအခြေအနေ၊ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများ အပါအဝင် အကျိုးအမြတ်ရရှိမှုတို့ကို သုံးသပ်ရမည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်မည့် လမ်းကြောင်းတလျှောက်ရှိ မြေယာနှင့် အဆောက်အအုံများအတွက် လျော်ကြေးငွေပေးအပ်ရမည့် စံနှုန်းများကို လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရန်၊ ရထားလမ်းတလျှောက် လျှပ်စစ်ဓာတ်အားသွယ်တန်းရာတွင် ကျသင့်မည့် ကုန်ကျစရိတ်အခြေအနေများကို တွက်ချက်ရန်အတွက်လည်း ကော်မတီက လေ့လာသုံးသပ်ရမည်ဖြစ်သည်။  ထို့ပြင် စီမံကိန်းကုန်ကျစရိတ်များသည် မြေပြင်အခြေအနေနှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ ပြည့်စုံမှု ရှိ၊ မရှိ၊ စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်ဒီဇိုင်းအချက်အလက်များကို တရုတ်နိုင်ငံ၏ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နိုင်ရန်၊ သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေရရှိရန်နှင့် စီမံကိန်းမှတဆင့် ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်းပေးအပ်နိုင်ရန်၊ အခြားစီမံကိန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီအစိုးရအဖွဲ့က တောင်းဆိုထားသည်။  ထို့ပြင် စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရချင်း (Government to Government) ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်ကို အတည်ပြုရေးဆွဲနိုင်ရန် စီစဥ်နေသည်။ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မူဆယ်မြို့တို့အကြား မန္တလေးမြို့မှတဆင့် ချိတ်ဆက်ရန်ရည်ရွယ်ပြီး တဖန် တရုတ်နိုင်ငံရှိ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားနှင့်ချိတ်ဆက်မည်ဖြစ်ရာ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရရှိစေမည့် မဟာဗျူဟာကျ စီမံကိန်းတခုဖြစ်သည်။ သို့သော်လည်း စစ်ရေးအရှိန်မြင့်တက်နေပြီး ပဋိပက္ခများဖြစ်ပေါ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်မှာ စိန်ခေါ်မှုတရပ်ဖြစ်နေသည်။
(မူဆယ်-မန္တလေး မီးရထားလမ်း ကို ISP-Myanmar China Desk ၏ Special Issue တွင် ရှုပါ။)
၂၀၂၄၊ မတ် ၁၇ 

ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မည့် ၂၃၀ ကေဗွီ ဓါတ်အားရှိ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို Chinese Working Group က တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီအာဘော်သတင်းဌာနတခုဖြစ်သည့် NP သတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၉ ခုနှစ်တွင် ပြီးဆုံးမည့် ငါးနှစ်ကြာ စီမံကိန်း၏ ပထမအဆင့်ကို ယူနန်ပြည်နယ်မှ ၁၀၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့် မူဆယ်မြို့နယ်သို့ သွယ်တန်းမည်ဖြစ်ပြီး စုစုပေါင်း ၄၀ ကီလိုမီတာခန့်ရှည်လျားမည်ဖြစ်သည်။ ယူနန်ပြည်နယ်တွင် ၁၀ ကီလိုမီတာကျော်ရှိပြီး မြန်မာဘက်တွင် ၂၉ ကီလိုမီတာရှိမည်ဖြစ်ပြီး ဓာတ်အားလိုင်းနှင့်ချိတ်ဆက်နိုင်မည့် မူဆယ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားခွဲရုံအဝင်လမ်း တို့ကိုပါ CWG က ဆောက်လုပ်သွားမည်ဖြစ်သည်။ ထို့အပြင် တာဝါတိုင်တည်ဆောက်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်မည့်မြို့ရွာများကို စစ်တမ်းကောက်ခြင်းနှင့် ဓာတ်အားလိုင်းများသွယ်တန်းခြင်းတို့ကိုလည်း ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးပြီးဖြစ်သည်။ စစ်ကောင်စီသည် မြန်မာ့ဓာတ်အားလိုအပ်ချက်ပြည့်မီရန်ရည်ရွယ်၍ လာအို-မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဆွေးနွေးခဲ့ကြသေးသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ အရပ်သားအစိုးရအကြား သဘောတူညီချက် ၃၃ ချက်တွင် နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်တွင် စွမ်းအင်ဆက်သွယ်မှု ဆက်သွယ်ရေးစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု နားလည်မှုစာချွန်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း စီမံကိန်းအတွက် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ တရုတ်ကုမ္ပဏီများက နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်ရန်အတွက် ယူနန်ပြည်နယ် လုံချွမ်းခရိုင်မှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ချိတ်ဆက်မည့် လမ်းကြောင်းနှင့် ယူနန်ပြည်နယ် ရွှေလီမြို့မှ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ချိတ်ဆက်မည်ဖြစ်သည်။ ယခုစီမံကိန်းလမ်းကြောင်းမှာ ဒုတိယလမ်းကြောင်းဖြစ်ပြီး ‘စစ်ဆင်ရေး ၁၀၂၇’အပြီး ပဋိပက္ခများ မြင့်တက်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ရန်မှာ ကြီးမားသော စိန်ခေါ်မှုတခုအနေဖြင့်ရှိနေသည်။
(မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ပါဝင်မှု ကို ISP-Myanmar China Desk ၏ Special Issues တွင်ရှုပါ။ ) 
၂၀၂၄၊ မတ် ၁၅

တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ ကျင်းဟုန်မြို့နယ် မိုင်းလုံမြို့တွင် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကျင်းပသည့် ပထမအကြိမ် နယ်စပ်ပြည်သူ့ဈေးရောင်းပွဲတော်ကို တရုတ်ဘက်ခြမ်း မိုင်းလုံမြို့ မန်ဖေ့ကျေးရွာတွင် ကျင်းပခဲ့ကြောင်း အထူးဒေသ-၄ သတင်းပြန်ကြားရေးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ဆောင်ပန်းနားပြည်နယ်ခွဲမှ အာဏာပိုင်များ၏ ဖိတ်ကြားချက်အရ ဈေးရောင်းပွဲတော်သို့ မိုင်းလားမြို့ (အထူးဒေသ-၄) မှ လယ်ယာထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ မြန်မာ့ကျောက်ပန်ချီကားများကို ပြသခဲ့သည်။ တရုတ်နိုင်ငံနှင့် မိုင်းလား အထူးဒေသ-၄ အကြား စီးပွားရေးအခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။ ဈေးရောင်းပွဲတော်သို့ အထူးဒေသ-၄ မှ ဒုဥက္ကဋ္ဌဦးလော်အေးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 
၂၀၂၄၊ မတ် ၁၅

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်သက်မွေးပညာကောလိပ် (Chongqing Vocational Education Evaluation College) တွင် ၂၀၂၄ ခုနှစ် တရုတ်-အနောက်တိုင်းသက်မွေးပညာ ညီလာခံကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုညီလာခံတွင် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်က မိန့်ခွန်းပြောရာ သက်မွေးပညာကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အတွေ့အကြုံများကို ထည့်ပြောခဲ့သည်။ ထို့နောက် သက်မွေးပညာ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ရန်ကိုလည်း ၎င်းက အားပေးခဲ့သည်။ တရုတ်နိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ ပညာရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်များ၊ တရုတ်နှင့် နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် ဧည့်သည်များလည်း တက်ရောက်ခဲ့သည်။
၂၀၂၄၊ မတ် ၁၃ 

မြန်မာနိုင်ငံ မြဝတီမြို့တွင် ခြေကုပ်ယူကာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်သည်။ တရုတ်၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံအာဏာပိုင်များ ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် အဆိုပါ လွှဲပြောင်းမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသား ၉၉၇ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို သုံးနိုင်ငံပူးပေါင်း၍  တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခြင်းသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် စစ်ကောင်စီအနေနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သည့် တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသလို လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်း တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးခဲ့သည်။ 
၂၀၂၄၊ မတ် ၁၂

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ‘စွန့်ပစ်ပစ္စည်းပြန်လည်လည်ပတ်အသုံးချမှု နည်းပညာဆိုင်ရာ သုတေသီများတွေ့ဆုံပွဲနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး’ကို မန္တလေး နည်းပညာတက္ကသိုလ်တွင်ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ခဲ့ပြီး စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုရရှိစေရေးအတွက် အထောက်ကူပြုသော သုတေသနရလဒ်များရရှိရန် အဆင့်မြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီ မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခနှင့်အတူ ဌာနဆိုင်ရာပါမောက္ခများနှင့် သုတေသီများလည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ မတ် ၁၂ 

စစ်ကောင်စီ၏ အုပ်ချုပ်မှုတည်ရှိနေသရွေ့ တရုတ်-မြန်မာနှစ်နိုင်ငံအကျိုးစီးပွား ရေရှည်တည်တံ့ရန် မဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက VOA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအကျိုးစီးပွားကို စစ်ကောင်စီက ခြိမ်းခြောက်နေသည်ဟုလည်း ၎င်းကပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ကောင်စီကို အမြစ်ပြုတ်ဖယ်ရှားသင့်ကြောင်း၊ နိုင်ငံ၏ စနစ်ပြောင်းလဲမှသာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားလုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်သူလူထုကြုံတွေ့နေရသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်အတွက် လူထုဆန္ဒနှင့် ကိုက်ညီသည့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်းနှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို မြန်မာလူထုကသာပိုင်ဆိုင်သဖြင့် ပြည်သူများ၏ သဘောတူညီချက်ဖြစ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသတချို့ကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်နိုင်ခြင်းသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခြင်းဖြစ်ပြီး အဆိုပါနယ်မြေစိုးမိုးနိုင်ခြင်းသည် တော်လှန်ရေးအင်အားစုများ၏ အချုပ်အခြာအာဏာ တည်မြဲနေခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဆောင်ရွက်သည့် ဆွေးနွေးပွဲများသည် နွေဦးတော်လှန်ရေးကို ထိခိုက်မှုမရှိစေကြောင်းနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြားနှင့် နွေဦးတော်လှန်ရေးအဖွဲ့များအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတုတ္တအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၂၄၊ မတ် ၁၁ 

‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်ကြသည့် ကြူကုတ်-ဝမ်တိန်နှင့် ချင်းရွှေဟော်-လင်ချန်းဂိတ်များကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။ MNDAA တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဝင်ထွက်ခွင့်လက်မှတ် (စာအုပ်အနီ) ရှိသူများ ဝင်ထွက်နိုင်ကြောင်း MNDAA သတင်းပြန်ကြားရေးတာဝန်ခံ လီကျားဝင်း၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။ သို့သော်လည်း သက်ဆိုင်ရာ စာရွက်စာတမ်းများ၊ တံဆိပ်တုံးရိုက်ခြင်းနှင့် ကုန်ပစ္စည်းအဝင်အထွက် စသည့် ပို့ကုန်သွင်းကုန် လိုင်စင်ကိစ္စများနှင့် အခွန်နှင့်ပတ်သက်သည့်ကိစ္စများကို အတိအကျထုတ်ပြန်ခြင်းမရှိသေးပေ။ ထို့အပြင် တရုတ်နိုင်ငံကလည်း မြန်မာဘက်မှ ပို့ကုန်သွင်းကုန်များကို လက်ခံခြင်း ရှိ၊ မရှိ မတုံ့ပြန်သေးသဖြင့် နယ်စပ်ကုန်သည်များက ဒေသတွင်းကုန်သွယ်မှုသာရှိမည်ဟု မျှော်လင့်နေကြသည်။ အဆိုပါဂိတ်များမှာ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ကုန်သွယ်မှုရပ်တန့်နေခြင်းဖြစ်ပြီး ငါးလနီးပါးအကြာ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိစ္စများအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ရိပ်သာတွင် ၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာဆွေးနွေးခဲ့ပြီးနောက် MNDAA က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄၊ မတ် ၁၁

တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြစ်သည့် တပတ်ကတ်များ(စာအုပ်အစိမ်း)ဖြင့် ရက်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံဘက်မှ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးကလည်း ရက်လွန်ကြေးထပ်မံကောက်ခံနေလျက်ရှိကြောင်း သတင်းတွင် ပါရှိသည်။ တရုတ်နိုင်ငံမှ ပြန်လည်ပို့ဆောင်ခံရသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံများအပြင် စစ်ကိုင်း၊ မကွေးနှင့် ပဲခူး စသည့် မြန်မာနိုင်ငံအနှံအပြားမှလာရောက်သူများလည်း ပါဝင်ပြီး ထောင်နှင့်ချီရှိနေသည်။  စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ လူငယ်များသည် နယ်စပ်ဒေသသို့ စုပြုံရောက်ရှိလာကြပြီး နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရရှိရန် တန်းစီစောင့်ဆိုင်းလျက်ရှိသည်။ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်အနီ) ကို မူဆယ်နှင့် နမ့်ခမ်းမြို့အတွက်သာ ထုတ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသော မြို့နယ်များအတွက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အစိမ်း) ကိုသာ ထုတ်ပေးခြင်းကြောင့် ရက်လွန်နေထိုင်ခြင်းဖြင့် တရုတ်ရဲများ၏ ဖမ်းဆီးခြင်းကို မကြာခဏခံရသည်။ တဖက်တွင်လည်း တရုတ်အာဏာပိုင်များက ရွှေလီမြို့အတွင်း အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားအလုပ်သမားများကို လက်မခံရန် လုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည့်အတွက် လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။
၂၀၂၄၊ မတ် ၉

တရုတ်နိုင်ငံက ဦးဆောင်၍ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အစားအသောက်များနှင့် ရိုးရာယဥ်ကျေးမှုများကို ဖလှယ်သည့် International Food Fair ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းအပြည်ပြည်ဆိုင်ရာ အကယ်ဒမီ (Kumming International Acadmey) တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ပြပွဲတွင် ကူမင်းအခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှတာဝန်ရှိသူများ၊ နိုင်ငံ ၁၆ နိုင်ငံမှ အစားအသောက်များ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအကများ၊ ယဥ်ကျေးမှုနှင့် အနုပညာလက်ရာများ၊ အားကစားများကို ပါဝင်ပြသခဲ့သည်။ ပြပွဲတွင် စစ်ကောင်စီကောင်စစ်ဝန်ချုပ်လည်း ရိုးရာအစားအစားများ၊ ယဥ်ကျေးမှုအကများ၊ အနုပညာလက်ရာများနှင့် ပန်းချီပန်းပုများကို ဝင်ရောက်ပြသခဲ့သည်။
၂၀၂၄၊ မတ် ၉ 

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများအကြား ချစ်ကြည်ရင်းနှီးမှုမြင့်တက်စေရန် ရည်ရွယ်၍ ဘေဂျင်းမြို့ အာဆီယံကော်မတီ (ACB) တွင် ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံနိုင်ငံသံရုံးများ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ်ရုံး (ACC) တို့အကြား စည်းလုံးညီညွတ်မှုမြင့်တက်စေရန်၊ ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ်ပြည်သူများကြား ဖလှယ်မှု မြင့်တက်စေရေးနှင့် အာဆီယံ-တရုတ် အနာဂတ်အသိုက်အဝန်းကို အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေက ဖွင့်ပွဲတွင် ပြောခဲ့သည်။ အဆိုပါဘိုလင်းပြိုင်ပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာန အတွင်းရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ဘရုနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယယ်နမ်နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် လာအိုနိုင်ငံက ပထမဆု၊ ကမ္ဘောဒီးယားနိုင်ငံက ဒုတိယဆုနှင့် ဖိလစ်ပိုင်နိုင်ငံက တတိယဆုတို့ ရရှိခဲ့သည်။ 
၂၀၂၄၊ မတ် ၉

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) ဖြင့်  လုပ်ဆောင်မည့် ‘မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း’ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ‘ဒေသကြက်မျိုးမြှင့်တင်ရေးအတွက် ကြက်သားစပ်ခြင်းနှင့် ဒေသကြက်ရောဂါစူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ ကို နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ခန်းမတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အခမ်းအနားတွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာကြက်စားသုံးသူများပြားလာခြင်းနှင့် ဈေးကွက်ရရှိလာခြင်းတို့ကြောင့် ကြက်မွေးမြူခြင်းကို တနိုင်တပိုင်မှ စီးပွားဖြစ်မွေးမြူခြင်းအထိ ဆောင်ရွက်လာကြောင်း၊ မြန်မာကြက်မွေးမြူရေးတွင် ကြုံတွေ့သည့် ‘ကြက်လည်လိမ်ရောဂါ’ စသည့် ကူးစက်ရောဂါများကို တားဆီးနိုင်ရန် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းခဲ့သည်။ စစ်ကောင်စီ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးရဲထွဋ်အောင်က လူဦးရေတိုးပွားလာသည်နှင့်အမျှ ကြက်မွေးမြူရေးကို တိုးမြှင့်နိုင်ရန်လိုအပ်လျက်ရှိပြီး ဒေသကြက်များကို မျိုးရိုးဗီဇအဆင့်မြှင့်ခြင်းနှင့် ကူးစက်ရောဂါရှာဖွေဖော်ထုတ်ခြင်း သုတေသနစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းမြန်ဆန်၍ အသားနူးညံ့သည့် ဒေသကြက်မျိုးများရရှိရန်နှင့် ရောဂါများကို စနစ်တကကြိုတင်ကာကွယ်ရန် လုပ်ဆောင်မည်ဖြစ်သည်။ ထို့ပြင် အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်း စသည့် မြန်မာကြက်မျိုးရင်းများကိုလည်း မျိုးရိုးဗီဇ ထိန်းသိမ်းစောင့်ရှောက်ရန် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းမှတဆင့် စစ်ကောင်စီ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများ၏ လက်တွေ့သင်ကြားမှုကို အထောက်အပံ့ဖြစ်ရန်၊ ကျမ်းပြုစုရန် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း ဒေါက်တာရဲထွဋ်အောင်က ပြောသည်။ စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားသို့ စစ်ကောင်စီ ဒုတိယဝန်ကြီးများ၊ အမြဲတန်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများနှင့် တိုက်ရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်းမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ 
၂၀၂၄၊ မတ် ၈

အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် (Myanmar’s Tariff Reduction Schedule with HS 2022 Version under ASEAN – China Free Trade Area) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်-အာဆီယံ အာဏာပိုင်များက တရုတ်-အာဆီယံ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (China Free Trade Area) ၏ ကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူစာချုပ်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် စတင်အသက်ဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် တရုတ်-မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အကောက်ခွန်ကင်းလွတ်ခွင့်နယ်မြေသည် တရုတ်နိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။
၂၀၂၄၊ မတ် ၇

တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် သမိုင်းဝင်ကြားဝင်စေ့စပ်မှုကို ဆော်ဒီအာရေးဗျနိုင်ငံနှင့် အီရန်နိုင်ငံကြားတွင်လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်မှုကို မြန်မာနိုင်ငံမြောက်ပိုင်းအဖွဲ့များနှင့် စစ်ကောင်စီအကြားတွင် ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း မစ္စတာဝမ်ယိက မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ပဋိပက္ခများကို နိုင်ငံရေးအရဖြေရှင်းရန်အတွက် ထောက်ခံအားပေးကြောင်း၊ အင်အားသုံးအနိုင်ယူသည့် ကိစ္စများကိုတရုတ်နိုင်ငံအနေနှင့် ပြတ်သားစွာဆန့်ကျင်ကြောင်း၊၊ တရုတ်နိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံံဖြိုးတိုးတက်ရေးများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံသည် သံတမန်ရေးမှတဆင့် နိုင်ငံ၏ ဖွံ့ဖြိုတိုးတက်ရေးနှင့်တည်ငြိမ်ရေးတို့ကိုလည်း ပံ့ပိုးကူညီမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် နိုင်ငံတကာပြဿနာများကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန် တာဝန်ရှိကြောင်းလည်း မ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ တရုတ်နိုင်ငံ၏ သံတမန်နည်းအရ ကြားဝင်စေ့စပ်ဆွေးနွေးခြင်းကြောင့် ဆော်ဒီအာရေးဗျနှင့် အီရန်နိုင်ငံအကြားတွင်လည်းကောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခတွင်လည်းကောင်း  အောင်မြင်ရသည့် အကြောင်းအရင်းများကို Baijing Youth Daily သတင်းစာကလည်း မေးမြန်းခဲ့သည်။ မေးမြန်းရာတွင် မစ္စတာဝမ်ယိက နိုင်ငံတကာမှ ပဋိပက္ခဖြေရှင်းနည်းများကို တရုတ်နည်းတရုတ်ဟန်ဖြင့် ပြန်လည်ချဥ်းကပ်၍ ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ကတိကဝတ်လေးချက်ဖြင့် ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ပထမဆုံးအချက်မှာ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူဝါဒဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံများ၏ လိုအပ်ချက်များကိုအလေးထားကြောင်းနှင့် ကုလသမဂ္ဂပဋိညာဥ်စာတမ်းနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအချက်အနေဖြင့် ပဋိပက္ခများကို နိုင်ငံရေးအရ ပြေလည်စေရန် ကတိကဝတ်ပြုခဲ့သည်။ သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခြားနိုင်ငံများကို ဖိအားပေးခြင်း၊ ပိတ်ဆို့ဒဏ်ခတ်ခြင်းများကို ခွင့်မပြုသင့်ကြောင်းနှင့် ယင်းတို့အစား စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာရန်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဘုံသဘောတူညီချက်ကို ရှာဖွေရန် လိုအပ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ပြဿနာများကို ပိုမိုကြီးထွားအောင် ချဲ့ကားမည်မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အဖြေရှာရန်တိုက်တွန်းမည်ဖြစ်သည်ဟုလည်း ဆိုသည်။ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဘက်မလိုက်သည့် နိုင်ငံတခုဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်နိုင်ငံသည် ဖြစ်ရပ်အသီးသီး၏ အခြေအနေများနှင့် အားသားချက်များအပေါ် အခြေခံ၍ နိုင်ငံ၏ ရပ်တည်ချက်ကို ပုံဖော်မည်ဖြစ်ကြောင်း၊ ထို့ပြင် မျက်နှာသာပေးခြင်းနှင့် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးရှိမည်မဟုတ်ရုံမျှသာမက နိုင်ငံ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားကို အလေးပေးမည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောခဲ့သည်။ စတုတ္ထအချက်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ပြဿနာအရင်းအမြင်ကို ရှာဖွေဖြေရှင်းရန်အတွက် ကတိပြုခဲ့သည်။ ပြဿနာများကို စနစ်တကျဖြေရှင်းရန်နှင့် အငြင်းပွားမှုများကို လျှော့ချရန်အရေးကြီးကြောင်းနှင့် ရေတိုဖြေရှင်းခြင်းသည် ထိရောက်သောဖြေရှင်းနည်းမဟုတ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် ‘ဟိုင်ဂင်သဘောတူညီမှု’ ရရှိခဲ့သည်။ သို့သော်လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 
၂၀၂၄၊ မတ် ၆ 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်မြေရှင်းလင်းရေးအထူးစီမံချက် အကောင်အထည်ဖော်ပြီး တလအကြာ၌ အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့်ဆက်စပ်သူ ၂၆၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ အွန်လိုင်းငွေလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား ၂၀၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၄၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် အွန်လိုင်းငွေလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သံသယရှိသူ ၁၈၄ ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို ဖြိုခွင်းရန် ရည်ရွယ်၍  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ခဲ့သော အထူးစီမံချက်သည် ၂၀၂၄ ခုနှစ် မတ် ၅ ရက်တွင် ပြီးဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ 
၂၀၂၄၊ မတ် ၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းသို့ တပတ်ကဒ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထောက်ခံချက်လက်မှတ်ဖြင့် ဝင်ရောက်ရန် တရုတ်နိုင်ငံ ကျယ်ဂေါင်နိုင်ငံခြားသားဝန်ဆောင်မှုအုပ်ချုပ်ရေးဌာနက ကန့်သတ်ခဲ့ကြောင်း ရှမ်းမြောက်အခြေစိုက် သတင်းဌာနဖြစ်သည့် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ကျယ်ဂေါင်မြို့ရှိ နိုင်ငံခြားသားဝန်ဆောင်မှုရုံးများတွင် နယ်စပ်ဖြတ်သန်းခွင့်ထောက်ခံချက်ပြုလုပ်ပြီးမှသာ ရွှေလီမြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြုပြီး QR Code ပါရှိသည့် စာရွက်ထုတ်ပေးခြင်းဖြစ်သည်။ QR Code စာရွက်အတွက် တရုတ်ယွမ်ငွေ ၉၅ ယွမ် (မြန်မာငွေ လေးသောင်းနီးပါး) ပေးဆောင်ရပြီး အဆိုပါစာရွက်မပါရှိပါက တရုတ်နိုင်ငံဘက်ခြမ်း စစ်ဆေးရေးရုံးက ဖမ်းဆီးကြောင်း ဒေသခံများကပြောခဲ့သည်။ အဆိုပါ ထောက်ခံချက်စာရွက်ပါရှိမှသာလျှင် အလုပ်ရှာခြင်း၊ ဧည့်စာရင်းတိုင်ခြင်း၊ အလုပ်သမားကတ်နှင့် ကျန်းမာရေးကတ်များကို လုပ်ဆောင်ခွင့်ရမည်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရွှေလီမြို့အတွင်းသို့ မြန်မာအလုပ်သမားများ ဝင်ရောက်မှုများပြားသောကြောင့် အလုပ်အကိုင်ရှားပါးခြင်း ပြဿနာများဖြစ်ပေါ်လျက်ရှိသည်။ 
၂၀၂၄၊ မတ် ၅

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃) ဖြင့် ဖော်ဆောင်မည့် ‘လန်ချန်း-မဲခေါင်နိုင်ငံများအကြား စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ရေးစီမံကိန်း’ မိတ်ဆက်ခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်းစစ်ကောင်စီ သတင်းစာ တွင်ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ  အကောင်ထည်ဖော်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်းရရှိထားပြီး ၂၀၂၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် စီမံကိန်းလေးခုကို အကောင်ထည်ဖော်မည်ဖြစ်ကြောင်း အခမ်းအနားတွင် စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် လက်မှတ်ရေးထိုးထားသော အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များအရ စိုက်ပျိုးသီးနှံထုတ်ကုန်များ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ ကျွဲ၊ နွားအရှင်များအပြင် အခြားသောပို့ကုန်များအတွက် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေကြောင်း ပြောဆိုခဲ့သည်။ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ‘အမျိုးသားအရည်အသွေး ထောက်ခံချက်စနစ်’ကို အကောင်ထည်ဖော်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူး မစ္စချောင်လီ (Ms. Qiao Li) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောခဲ့သည်။ 
၂၀၂၄၊ မတ် ၅-၁၀ 

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ငါးရက်ကြာ ကျင်းပခဲ့ကြောင်း CPPCC ၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီ အစီရင်ခံစာနှင့် ၂၀၂၄ ခုနှစ်အတွက် စီမံကိန်း မူကြမ်းတို့ကို ဆွေးနွေးခဲ့သည်။ နိုင်ငံအနေနှင့် အခက်အခဲများရှိနေခဲ့သော်လည်း ၎င်း၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ရည်မှန်းထားသည့်အတိုင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အစိုးရအစီအရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၂ သန်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ပြီး မြို့ပြရှိ အလုပ်လုက်မဲ့နှုန်း ငါးရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတင်ပြခဲ့သည်။ အစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) မှ တာဝန်ရှိသူများ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) မှ တာဝန်ရှိသူများ၊ စစ်ကောင်စီ သံအမတ် ဦးတင်မောင်ဆွေ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း လူ ၂,၉၀၀ တက်ရောက်ခဲ့သည်။
၂၀၂၄၊ မတ် ၅

တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် (ACWF) က နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရုံးသုံးပစ္စည်းများကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ထံ လှူဒါန်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ရုံးသုံးပစ္စည်းများအဖြစ် ကွန်ပျူတာ၊ ပရိုဂျက်တာ (Projector)၊ ပရင်တာ (Printer) များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးရေးရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 
၂၀၂၄၊ မတ် ၄ 

၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးနှစ်ရပ် (Two Sessions) နှင့်ပတ်သက်၍ ‘လေ့လာသုံးသပ် တရုတ်-မြန်မာ စီးပွားရေးအခွင့်အလမ်းသစ်’ စကားဝိုင်းကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သည်။ စကားဝိုင်းတွင် တရုတ်သံရုံး စီးပွားရေးဌာနမှ အတွင်းဝန် မစ္စဖန့်ရီရီ (Ms. Fan Yiyi) က တရုတ်အသွင်ဒီမိုကရေစီနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးသည် အစည်းအဝေးကြီးနှစ်ရပ်မှတဆင့် တရုတ်အသွင်ဒီမိုကရေစီနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းပြည်ပမူဝါဒများကို ပိုမိုနားလည်စေကြောင်း ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အယူဝါဒအသစ်ဖြင့် အခင်းအကျင်းအသစ် တည်ဆောက်ရေးကို အရှိန်မြှင့်တင်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်မည်ဖြစ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေနှင့် ‘ရပ်ဝန်းလမ်းကြောင်းအစီအမံ’ အတူအတကွတည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံစီမံကိန်းတည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးမည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးစသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နှစ်စဥ်ကျင်းပသည့် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရန့် (Chinese People’s Political Consultative Conference) အစည်းအဝေးနှစ်ရပ်ကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေးဖွင့်ပွဲသို့ စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေအပါအဝင် နိုင်ငံတကာသံတမန်များကို ဖိတ်ကြားခဲ့သည်။
၂၀၂၄၊ မတ် ၄ 

ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းကိစ္စသာပါရှိပြီး ရခိုင်ဒေသနှင့် သက်ဆိုင်မှုမရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ်‌ ဒေါက်တာညိုထွန်းအောင်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ဟိုင်ဂင်သဘောတူညီမှုသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာလျှင်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရက္ခိုင့်တပ်တော်နှင့်သာသက်ဆိုင်ပြီး ရခိုင်ပြည်နယ်တွင်းရှိ တိုက်ပွဲများအပေါ်သက်ရောက်မှုမရှိကြောင်း ၎င်းက ဆိုသည်။ ဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအခြေအနေများကို ဆက်လက်ဆွေးနွေးခဲ့ပြီး စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့တဖွဲ့ချင်း ဆွေးနွေးရမည့် ကိစ္စရပ်များနှင့် တရုတ်နိုင်ငံက တောင်းဆိုသည့်အချက်များကို အဓိကဆွေးနွေးခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဆွေးနွေးရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး၊ တရုတ်-မြန်မာစီမံကိန်းများကို ကာကွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှုများ နှိမ်နင်းရေးအတွက် အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၄၊ မတ် ၁-၃ 

စစ်ကောင်စီ တာဝန်ရှိသူများနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်သည်။ ဆွေးနွေးခဲ့သည့် အချက်ခုနစ်ချက်ကို စစ်ကောင်စီသတင်းစာမှတဆင့် ထုတ်ပြန်သည်။ အဆိုပါ အချက်ခုနစ်ချက်မှာ နိုင်ငံပိုင်နယ်နိမိတ်သည် ခိုင်မြဲနေမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်စီမံခန့်ခွဲရေးနှင့် ကုန်သွယ်ရေးတို့သည် နှစ်နိုင်ငံအာဏာပိုင်များ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကျိုးစီးပွားများကို စစ်ကောင်စီက အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ အဓိကရည်မှန်းချက်ဖြစ်သည့် အွန်လိုင်းလိမ်လည်မှုများ (ကျားဖြန့်) တိုက်ဖျက်ရေးအတွက်ကိုလည်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း၊ မြန်မာပိုင်နက်ကိုအသုံးပြု၍ အိမ်နီးချင်းနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်းနှင့် ကြားဝင်စေ့စပ်ပေးသည့် တရုတ်နိုင်ငံကိုကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ခဲ့သည်။  ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်အလက်များကို ထိခိုက်မှုမရှိစေရေးအတွက် ဆွေးနွေးပွဲပါ အချက်အလက်များကို နှစ်ဦးနှစ်ဖက်မှ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးခဲ့ပြီး တရုတ်နိုင်ငံကလည်း လေးကြိမ်မြောက်ဆွေးနွေးပွဲအတွက် တရားဝင်ထုတ်ပြန်ချက်မရှိခဲ့ပေ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီပြီးနောက်တွင် လေးကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လုနီးပါးဖြစ်နေသည့်အချိန်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘိုနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့၏ နယ်မြေပိုင်းခြားမှုကို စစ်ကောင်စီအား သဘောတူစေလိုကြောင်း၊ ရပ်တန့်နေသည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များအား ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း၊ ဆက်ဆံရေးရုံးများကို အပြန်အလှန်ထားရှိစေလိုကြောင်း ကြားဝင်စေ့စပ်ပေးသည့် တရုတ်နိုင်ငံက တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်များကို စစ်ကောင်စီက လိုက်လျောနိုင်ခြင်းမရှိခဲ့ပါ။ အဆိုပါဆွေးနွေးပွဲတွင် ကိုးကန့်ဒေသကို အထူးဒေသ-၁ အဖြစ်သာလက်ခံကြောင်း စစ်ကောင်စီကဆိုခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့အဖွဲ့ဝင်များဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့၏ နယ်မြေပိုင်ဆိုင်မှုကိုလည်း ဆွေးနွေးခြင်းမရှိခဲ့သည့်အပြင် လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် (AA) အတွက် ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ 
၂၀၂၄၊ ဖေဖော်ဝါရီ ၂၉

ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khaosod English သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်-၂ မှ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းအာဏာပိုင်များကတဆင့် တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အခြေတည်ရာနယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park တို့တွင် လုပ်ကိုင်နေကြသူများဖြစ်ပြီး လွှဲပြောင်းခံရသူ အများစုမှာ ငွေကြေးလိမ်လည်ရန် ဖိအားပေးခိုင်းစေခံရသူများဖြစ်သည်။ ယခုအကြိမ်လွှဲပြောင်းမှုသည် မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအကြား ပထမဆုံးအကြိမ် တိုက်ရိုက်လွှဲပြောင်းပေးမှုဖြစ်သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar China Desk ၏ Special Issue တွင်ရှုပါ။)
 ၂၀၂၄၊ ဖေဖော်ဝါရီ ၂၉

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ဆောင်ရွက်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအတွက် လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်း စီမံကိန်းပြီးစီးခြင်း အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ နှစ်နှစ်ခွဲကြာ ပြုလုပ်ခဲ့သော အဆိုပါ ‘နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း’ တွင် လေထုအရည်အသွေးတိုင်းတာသည့် Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာသည့် စက်ပစ္စည်းများကိုဝယ်ယူခြင်း၊ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်းများ၊ စက်ကိရိယာကိုင်တွယ်အသုံးပြုခြင်းသင်တန်းများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးသင်တန်းများကို ပို့ချခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ပွင့်လင်းရာသီ၌ ဖြစ်ပွားတတ်သည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်သည့် မီးခိုးညစ်ညမ်းမှုပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောခဲ့သည်။  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသင်တန်းများနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာကိုင်တွယ်ခြင်း သင်တန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၈

မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့သွားရောက်မှုများ များပြားလာမှုကြောင့် နယ်စပ်ဝင်ခွင့်လက်မှတ် (စာအုပ်အနီ) တိုကင်ရရှိရန် တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အနီ) ရရှိရန် တရက်လျှင် ၅၀၀ ဦးကိုသာ ခွင့်ပြုခြင်း၊ သက်တမ်းတိုးရန် အချိန်ကြာမြင့်ခြင်း၊ စာအုပ်ရရှိရန် တဦးလျှင် တရုတ်ယွမ်ငွေ ၁,၀၀၀ ကျော် (မြန်မာကျပ်ငွေ ငါးသိန်းမှ ရှစ်သိန်းကြား) ပေးဆောင်ရခြင်းတို့ကြောင့် တန်းစီစောင့်ဆိုင်းနေရသည်။ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တွင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP (တပတ်ခံကတ်များ) ဖြင့် ဝင်ရောက်၍ ရက်လွန်နေထိုင်သူများကိုလည်း တရုတ်ရဲများကဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရမည်ကို စိုးရိမ်မှုများကြောင့် တနှစ်သက်တမ်းရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များကို ရရှိရန် လုပ်ဆောင်နေကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၆-၂၈

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Regional Comprehensive Economic Partnership – RCEP) ကို ပိုမိုနားလည်စေရန်နှင့် အသုံးပြုမှုမြင့်မားစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို နေပြည်တော်တွင် သုံးရက်ကြာကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းစာတွင်ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က RCEP ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွက် အကျိုးရှိစေကြောင်း၊ တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများအတွက် အကြီးမားဆုံးစီးပွားဖက်နိုင်ငံဖြစ်ပြီး ‘တံခါးဖွင့်၍ ဖွံ့ဖြိုးတိုးတက်မှု အယူအဆ’ ကို ကိုင်စွဲ၍ RCEP သဘောတူစာချုပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်လှစ်ရေး၊ အကောက်ခွန်လျှော့ချရေးများအပြင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီမြှုပ်နှံမှုအဆင်ပြေချောမွေ့စေရေး၊ ဒေသတွင်းစီးပွားရေးကို အဆက်မပြတ်မြှင့်တင်နိုင်ရေးနှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်နိုင်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်-အာဆီယံအကြား ကုန်သွယ်မှုသည် RCEP သဘောတူစာချုပ်အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် စာချုပ်အသက်ဝင်ပြီး ၂၀၂၃ ခုနှစ် နှင့်နှိုင်းယှဉ်ပါက တရုတ်ယွမ်ငွေ ၁၂ ထရီလီယံကျော် တိုးလာကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် တရုတ်ယွမ်ငွေ ခြောက်ထရီလီယံကျော် ရောက်ရှိလာကြောင်း ဒေါက်တာကျန်းကျိဟုန်က ပြောကြားခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က RCEP သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းများဖြင့် ကုန်သွယ်ရေးစနစ်တခုဖြစ်ပြီး ဒေသတွင်းကုန်သွယ်မှုအခွင့်အလမ်းသစ်များကိုဖန်တီးကာ စီးပွားရေးပြန်လည်ထူထောင်မှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် သဘောတူစာချုပ်တွင်ပါရှိသည့် အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများကို ပိုမိုနားလည်ခြင်းဖြင့် အကောက်ခွန်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ အတွေ့အကြုံများမှတဆင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖွဲ့ဝင်နိုင်ငံများကြား ပြည်သူများနှင့် ပုဂ္ဂလိကဌာနဆိုင်ရာ စွမ်းရည်တည်ဆောက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး  RCEP သဘောတူစာချုပ်ကို လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးသည် RCEP တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆင့်မြင့်ကုန်သွယ်မှုဥပဒေများဖြင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်နိုင်ရန်ရည်ရွယ်၍ တရုတ်-အာဆီယံ ကုန်သွယ်မှုဥပဒေဖိုရမ် (China-ASEAN Commercial Law Forum) နှင့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင်ကျင်းပခဲ့သည်။ RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစဩေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးသည့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံပိုင် Bank of China ရန်ကုန်ဘဏ်ခွဲမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ကို နှစ်စဥ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း (Ms. Cao Jing)၊ မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပညာသင်ထောက်ပံံ့ကြေးရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ Bank of China ရန်ကုန်ဘဏ်ခွဲသည်​ တရုတ်-မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ယွမ်ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဘဏ်တခုဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံ​ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါစီမံကိန်းအရ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် သုံးခုနှင့် ကျေးရွာသုံးရွာအတွက် ဆိုလာရေမော်တာစက်၊ ရေသန့်စင်စက်၊ ရေလောင်ကန်နှင့် ရေပိုက်ကွန်ရက်များကို တည်ဆောက်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူနေမှုဘဝ မြင့်မားရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daoping)က အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၃

တာချီလိတ်မြို့အခြေစိုက်၍ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသား တဦး၊ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ မြန်မာနိုင်ငံသား ၅၄၀ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တာချီလိတ်မြို့အခြေစိုက်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံသားများနှင့် အိမ်နီးချင်းနိုင်ငံများကိုထိခိုက်စေသည့် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာနိုင်ငံများနှင့်အတူ အမြစ်ပြတ်ချေမှုန်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ကတိပြုခဲ့သည်။ ထို့အပြင် နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားများကို ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ရန် တရုတ်နိုင်ငံလုံခြုံရေးဗြူရိုက သတိပေးထားသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၂-၂၃

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့်ဆောင်ရွက်မည့် ‘စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းမိတ်ဆက်အခမ်းအနား’ကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စားသောက်ကုန်လုပ်ငန်းအတွက် စက်ရုံများတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲနိုင်ရေးမှတဆင့် ထုတ်လုပ်မှုစရိတ်လျော့ကျစေရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောခဲ့သည်။ အမျိုးသားအဆင့်စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒအောက်မှတဆင့် စက်မှုကဏ္ဍ၊ အဆောက်အအုံကဏ္ဍ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စွမ်းအင်စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍနှင့် စွမ်းအင်အသုံးချကဏ္ဍ စသည့် ကဏ္ဍလေးခုကို အကောင်အထည်ဖော်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် ယခုစီမံကိန်းသည် စက်မှုကဏ္ဍများတွင် စွမ်းအင်သုံးစွဲမှုနှင့် စက်ရုံ၊ အလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ်များကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်သံရုံးမှ သံမှူး ဒေါက်တာကျန်းကျိဟုန်က စီမံကိန်းများ၏ အခြေအနေများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ စစ်ကောင်စီ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အကြံပေး အသီးသီးက စားသောက်ကုန်လုပ်ငန်းတွင်စွမ်းအင်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဖော်ဆောင်မည့် စီမံကိန်းများကို  ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များ လှူဒါန်းခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ ခေါင်းစဥ်အောက်တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် သာကေတမြို့နယ်ရှိလမ်းများ၌ အသုံးပြုရန် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၄၀ ကို လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။ အခမ်းအနားသို့ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ သည် အိမ်နီးချင်းနိုင်ငံများတွင် ပြည်သူဗဟိုပြုသော အသေးစားစီမံကိန်းများကို ဖော်ဆောင်သည့် အစီအစဥ်တခုဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် စီမံကိန်း ၉၂ ခုကို အကောင်အထည်ဖော်ခဲ့ပြီး အကျိုးသက်ရောက်သည့် ရပ်ကွက်ကျေးရွာ ၄၈ ခု၊ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ပေါင်း ၁၅၃ ခုနှင့် လူဦးရေ ၂ ဒသမ ၆ သန်းရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါအစီအစဥ်ဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများတွင် စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီမှုဖြင့် ယာယီအပစ်ရပ်ဆဲထားသော်လည်း တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အကြီးဆုံးကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်-ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်တွင် ကုမ္ပဏီများနှင့် ကိုယ်စားလှယ်များမရှိတော့သဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး ကုမ္ပဏီအများစုမှာ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းလားမြို့တို့သို့ ရောက်ရှိသွားကြောင်း မူဆယ်ဒေသခံများက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်ရန်ရည်ရွယ်၍ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့်ကွန်မြူနစ်ပါတီဒုတိယအတွင်းရေးမှူး မစ္စတာဝမ်ယူဘို (Mr. Wang Yubo) တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်းစသည့် မြို့ကြီး ငါးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့စသည့် တရုတ်-မြန်မာနယ်စပ်ဂိတ် လေးခုကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တဖက်တွင် စစ်ကောင်စီက မူဆယ်မြို့ ၁၀၅-မိုင် ကုန်သွယ်ရေးစခန်းကို တစိတ်တပိုင်းထိန်းချုပ်ထားလျက်ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းလားနယ်စပ်ဂိတ်များမှတဆင့် တင်ပို့လျက်ရှိသော်လည်း စစ်ဆင်ရေးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။
(ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

တာချီလိတ်မြို့၌အခြေစိုက်၍ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းတွင် ဖော်ပြထားသည်။ ထိုဖမ်းဆီးရမှုသည် တရုတ်အာဏာပိုင်များနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့တို့အကြား ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းတိုက်ဖျက်မှုဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို တိုက်ဖျက်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် China Central Television (CCTV) မှတဆင့် ပြောခဲ့သည်။ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ စုစုပေါင်း ၄၆,၀၀၀ ဦးကို မြန်မာနိုင်ငံမှ လွှဲပြောင်းပေးပြီး နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသားများအနေနှင့် ရာဇဝတ်မှုများကို ရပ်တန့်ပြီး တရုတ်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ခြေကုပ်ယူထားသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် ခေါင်းဆောင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီမှတဆင့် ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
(ISP-Myanmar ၏ Explainer-09 ပယ်မိသားစုကြမ္မာငင်ချိန် ကို၌ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စများအတွက် တရုတ်နိုင်ငံ၊​ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yu Bo) နှင့် စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် ကုန်စည်များအဆင်ပြေစွာစီးဆင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပြင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံဘက်မှ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်ပြီးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။
(ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှူပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀

နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်နိုင်ငံအကူအညီဖြင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်များ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှစ်နိုင်ငံဆက်လက်ပူပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ယူနန်ပြည်နယ်မှ နည်းပညာအကူအညီပေးအပ်ရေးနှင့် တရုတ်-မြန်မာ ရထားလမ်းတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စွမ်းအင်နှင့် ပန်းမန်စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပထမအပတ်တွင် လာရောက်ခဲ့သည့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင် (Mr. Wang Ning) ၏  ခရီးစဥ်ပြီးနောက် မစ္စတာဝမ်ယုဘို၏ ယခုခရီးစဥ်သည် ယူနန်ပြည်နယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တဦး၏ ဒုတိယအကြိမ်မြောက် နေပြည်တော်ခရီးစဥ်ဖြစ်သည်။ ထို့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ပထမဆုံးလာရောက်သည့် ယူနန်ပြည်နယ် ထိပ်တန်းအရာရှိတဦး၏ ခရီးစဥ်လည်းဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများ၏ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနှစ်ကူးအခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်ပြည်သူများနှင့် တကမ္ဘာလုံးရှိ တရုတ်နွယ်ဖွားများအတွက် နှစ်သစ်ဆုတောင်းစကားပြောခဲ့သည်။ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကျယ်ပြန့်လာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးကြောင်း၊ မြန်မာ့အရေးကိစ္စတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့မှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ရပ်တည်ပေးမှုနှင့် တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှတဆင့် ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒနှင့် တရုတ်နိုင်ငံမှ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများ၊ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည်ဖော်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) က နှစ်သစ်တွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတွက် ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ယူနန်ပြည်နယ် တယ်ဟုန်းခရိုင်နှင့် ထိန်ချုံးမြို့တို့မှ အနုပညာအဖွဲ့များ၊ မြန်မာနိုင်ငံမှ အနုပညာအဖွဲ့များက အဆိုအက၊ ဝူရှုး၊ တရုတ်စီချွမ်အော်ပရာပြဇာတ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံတမန်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) နှင့် မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီကကျင်းပသည့် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို တရုတ်နှစ်သစ်ကူးနေ့အပြီး ရှစ်ရက်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၆

တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့် (မူဆယ်) ဂိတ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် သွင်းကုန်ကားများ ပိတ်မိနေသည့် ကုန်သည်များက ကုန်ချမပေးသဖြင့် သွင်းကုန်ယာဉ်ပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း ယာဥ်ပိုင်ရှင်များကို ကိုးကားကာ Voice of Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ဆင်ရေးဖော်ဆောင်နေသည့် လေးလနီးပါးအတွင်း တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများသည် ကုန်တင်ယာဉ်ပေါ်တွင် ပိတ်မိနေပြီး ကုန်သည်များက တာဝန်ခံမှုမရှိခြင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသောကြောင့် ကုန်ကားပိုင်ရှင်များမှာ အခက်အခဲကြုံတွေ့လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ် (၁၀၅-မိုင်) တွင် ပို့ကုန်သွင်းကုန် ကားအစီး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ကုန်တင်ကားများ နယ်စပ်ဂိတ်တွင် ပိတ်မိလျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၅

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာစေရေးနှင့် ထုတ်ကုန်များအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပြန်ရေးစနစ်ကို အကောင်အထည်ဖော်ရေး စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် အမျိုးသားအဆင့် အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရန်၊ ထုတ်ကုန်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှုနည်းစနစ်များတွင် အရည်အသွေးထောက်ခံချက်စနစ်ကို အကောင်အထည်ဖော်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စချောင်လီ (Ms. Qiao Li) က တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အဆိုပြုခဲ့သည့် အေးအတူပူအမျှအသိုက်အဝန်းတွင် အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economy Globalization) ကို အားပေးကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းအတွက် အရေးပါကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံ၏ အဆိုပြုချက်တွင် အပြန်အလှန်ချိတ်ဆက်မှုသည် အရေးပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်အတူ စံချိန်စံညွှန်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးစီမံခန့်ခွဲမှုများကို နိုင်ငံအသီးသီးနှင့် မျှဝေသွားမည်ဖြစ်ကြောင်းနှင့် မဲခေါင်မြစ်တလျှောက်ရှိ နိုင်ငံများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်မှုနည်းစနစ်များအတွက် ‘အမျိုးသားအရည်အသွေးထောက်ခံချက်စနစ်’ ကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုန်ပစ္စည်းများ၏စံချိန်စံညွှန်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ထောက်ခံမှုနှင့် ချိတ်ဆက်မှုကိုမြှင့်တင်ပေးရန်၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မစ္စချောင်လီမှ ထည့်သွင်းပြောကြားခဲ့သည်။
စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့မှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် နယ်စပ်ဖြတ်ကျော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်စွမ်းရည်မြင့်မားလာမှု၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တွန်းအားတခုဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ KNU အနေနှင့် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရားမဝင်ကာစီနိုလုပ်ငန်းများမှ တိုက်ရိုက်အကျိုးအမြတ်ရရှိနေပြီး နောက်ကွယ်မှ အကာအကွယ်ပြုလုပ်ပေးခြင်း၊ ထောက်ခံပေးခြင်းတို့ကြောင့် လူမှုဒုက္ခများနှင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာ နယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park နှင့် ကျောက်ခက်ကာစီနိုများ တည်ရှိနေပြီး အဆိုပါနယ်မြေများကို ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) နှင့် ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) တို့က ထိန်းချုပ်ထားသည်။
(ရွှေကုက္ကိုမြို့သစ်စီမံကိန်း ကို ISP-Myanmar ၏ Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၉

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး​အတွက် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံနှင့်အကောင်အထည်ဖော်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများ၊ ရေနံနှင့် ဓာတုစက်ရုံများ တည်ဆောက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်။ အဆိုပါ စီးပွားရေးဇုန်များတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အရေးရရှိမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးဇုန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်၊ စီမံကိန်းအလိုက် လုပ်ငန်းပြီးစီးမှုများကို ပြန်လည်သုံးသပ်ရန်လည်း ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဦးအောင်နိုင်ဦးနှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးက ဦးဆောင်ကျင်းပကာ ဘေဂျင်းမြို့ အာဆီယံကော်မတီ  (ASEAN Committee in Beijing – ACB) ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ်အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အစည်းအဝေးတွင် ဘေဂျင်းမြို့အခြေစိုက် အာဆီယံသံအမတ်များက တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး မလေးရှားနိုင်ငံသံအမတ် မစ္စတာနော်မန်မူဟာမတ် (Mr. Norman Muhamard) က စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေထံ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးခဲ့သည်။ ဦးတင်မောင်ဆွေက ၎င်းတာဝန်ယူနေသည့်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများကို ပြောကြားခဲ့ပြီး အာဆီယံသံရုံးများအကြား ထိတွေ့ဆက်ဆံရန်နှင့် ပြည်သူများအကြား ဖလှယ်မှုမြှင့်တင်ရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၄ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပြည်သူများအကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် ရည်ရွယ်၍  ‘၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ်  မိတ်ဆက်ပွဲ’ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တရုတ်နိုင်ငံ ဖူကျိုးမြို့၌ကျင်းပခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၈

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင်အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့်အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်သို့လည်း လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်သို့ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ဓညဝတီရေတပ်ဌာနချုပ်သည် တရုတ်စီမံကိန်းဖြစ်သည့် ‘ရွှေ’ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သင်္ဘောများအဝင်အထွက်ပြုလုပ်သည့် လမ်းကြောင်းပေါ်တွင်တည်ရှိပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ငါးမိုင်ခန့်ကွာဝေးသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ပြီးနောက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်းကို ချိတ်ဆက်မည့် ပေါင်းကူးတံတားနှင့် ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ရန် ရည်ရွယ်ထားသည်။
 (ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၈

အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများနှင့် မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား အများဆုံးပါဝင်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁,၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနှင့် လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀,၆၁၉ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအနေနှင့် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်သည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံအတွင်းက အခြေအနေများကို ဟောင်ကောင်ဒေသအခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့ အုပ်ချုပ်ရေးဝန်ကြီး  မစ္စတာအဲရစ်ချန်ကွခ်ကီ (Mr. Eric Chan Kwok-ki) နှင့် တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် ဟောင်ကောင်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးအခြေအနေများ၊ ဆက်ဆံရေးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်ကိစ္စများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် အထည်မှာယူမှုများမရှိခြင်းကြောင့် မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံ ခြောက်ရုံခန့်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ရွှေ့ပြောင်းနေကြောင်း ရွှေလီမြို့ရှိ မြန်မာလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို VOA သတင်းဌာနတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ကုန်ကြမ်းရရှိရန်ခက်ခဲခြင်း၊ အထည်မှာယူမှုမရှိခြင်းနှင့် လုပ်ခလစာတိုးမြှင့်မပေးနိုင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများသည် အဆိုပါစက်ရုံများသို့ ရွှေ့ပြောင်း၍ အလုပ်လုပ်ကိုင်နေကြောင်းလည်း ရေးသားထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ရရှိရန် လျှောက်ထားသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ တရက်လျှင် တသောင်းနီးပါးရှိနေသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်သည်။ ၎င်းတို့ကို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးတွင် ဖမ်းဆီးရမိပြီး နိုင်ငံခြားသားမှုခင်းစုံစမ်းရေးဌာနသို့ လွှဲပြောင်းစစ်ဆေးမည် ဖြစ်သည်ဟု ဆိုသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို ဖမ်းဆီးရရှိရန် အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ MNDAA က အကောင်အထည်ဖော်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ နိုင်ငံခြားသား ၅၀ ဦးကို စိီမံချက်စတင်ပြီး ခြောက်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ အဆိုပါသံသယရှိသူများကို လောက်ကိုင်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်း BP-125 မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို တိုက်ဖျက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများကို အထူးစီမံချက်ဖြင့် MNDAA က လုပ်ဆောင်လျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရှမ်းပြည်နယ် အေးသာယာမြို့တွင် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ယခုစင်တာသည် တိုင်းရင်းသားလူမျိုးစုများအတွက် မြန်မာ့ပထမဆုံး သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သက်မွေးဝမ်းကျောင်းနည်းပညာဆိုင်ရာ လူရည်ချွန်များ မွေးထုတ်ပေးမည့် နေရာဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အရေးပါသော စင်တာဖြစ်လာမည်ဖြစ်ကြောင်း  တရုတ်သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က အမှာစကားပြောကြားခဲ့သည်။ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက သက်မွေးပညာသင်တန်းစင်တာသည် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေနှင့် နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများကို ဆွေးနွေးဖလှယ်ခြင်း၊ အသိပညာမျှဝေခြင်းများကို ဆောင်ရွက်နိုင်ရန်၊ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားများ၏ လူမှုဘဝတိုးတက်စေရန် သက်မွေးပညာသင်တန်းများ၊ ရိုးရာလက်မှုပညာ သင်တန်းများကို ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါစင်တာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ခေါင်းစဥ်အောက်တွင် အစားအစာ၊ စိုက်ပျိုးရေး၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးကဏ္ဍ၊ လူမှုရေးနှင့်ယဥ်ကျေးမှု ကဏ္ဍများနှင့် သက်ဆိုင်သည့် စင်တာပေါင်း ကိုးခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးစိုက်ပျိုးခြင်း၊ မျှစ်ထုတ်ကုန်များလက်တွေ့ပြုလုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းသင်တန်းတွင် စီမံကိန်းဧရိယာမှ ဒေသခံများအား ရေရှည်တည်တံ့သော မျှစ်ထုတ်ယူခြင်း၊ ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်ရောင်းချခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်း ဆိုင်ရာနည်းစနစ်များကို ငါးရက်သင်တန်းပို့ချမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်းသည် လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာရန်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစောင့်ကြည့်လေ့လာခြင်းစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၆၂ ဦးကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည်ဟု သံသယရှိသူ ၃၆ ဦးကို ဖမ်းဆီးထားကြောင်း MNDAA ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ သံသယရှိသူများကို လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်နှင့် စွမ်ဟော့ချိန်ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၃ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းအပါအဝင် လက်နက်များကို MNDAA အထူးရဲဌာနသို့ အပ်နှံထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းတို့သည် မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုများ ပပျောက်စေရန်ရည်ရွယ်၍ MNDAA က အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကိုးကန့်ဒေသအတွင်း တရားဝင်နေထိုင်သည့် နိုင်ငံခြားသားများကိုလည်း မှတ်ပုံတင်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း MNDAA မှကြေညာခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသားများကို တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုသို့ စစ်ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက လွှဲပြောင်းပေးလျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ အသိုက်အဝန်းကို ပူးပေါင်းတည်ထောင်ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကျေးဇူးများကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင်က ကတိပြုခဲ့သည်။​ အခမ်းအနားတွင် တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကများ၊ ဝူရှူးဖျော်ဖြေပွဲများနှင့် အခြားလှုပ်ရှားမှူများပါဝင်သည့် ယဉ်ကျေးမှုပြခန်းကိုပြသခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၏ နှစ်သစ်ကူးစကားဝိုင်းကို တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Pan Feng) က တရုတ်နှစ်ကူးပွဲတော်ကို နိုင်ငံပေါင်း (၂၀၀) ကျော်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများအနေနှင့် နှစ်နိုင်ငံကြား ပြည်သူများအတွက် ပညာတော်သင် အတွေ့အကြုံများနှင့် ချစ်ကြည်ရေးကို အလေးထားပြောစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် စင်ကာပူဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက တရုတ်ပညာတော်သင်အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး ပညာတော်သင် ကျောင်းသားများအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပညာတော်သင်ကျောင်းသားများကလည်း ၎င်းတို့အတွေ့အကြုံများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြန်လည်မျှဝေခဲ့ပြီး တရုတ်ရိုးရာယဥ်ကျေးမှူပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ နှစ်ကူးစကားဝိုင်းသို့ တရုတ်ပညာတော်သင်ကျောင်းသားများ၊ စစ်ကောင်စီ ရန်ကုန် အထက်တန်းကျောင်း၊ အခြေခံပညာရေးကျောင်း၊ တရုတ်ဘာသာပညာရေး အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ နီးပါး တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၃

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ပိုမိုနားလည်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးပိုက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင်ပြုလုပ်ခဲ့သည့် နယ်စပ်ဖြတ်ကျော်စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို ပြန်လည်မျှဝေခဲ့သည်။ RCEP အဖွဲ့ဝင်နိုင်ငံများရှိ ပုဂ္ဂလိက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ််ငန်းများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များအကြား လွတ်လပ်သော စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းနှင့် ကုမ္ပဏီဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်း (Online)၊ အော့ဖ်လိုင်း (Offline) ဖြင့် တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁-၂

တရုတ်နှင့် အာဆီယံပြည်သူများအကြား နားလည်မှုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနားသို့ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည််ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ပြည်သူချင်း အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေးကို ထောက်ခံကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးတမ်းစဉ်လာများနှင့် မတူကွဲပြားမှုများသည် အာဆီယံဒေသ အတွက် အရေးပါကြောင်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ပြည်သူချင်းအပြန်အလှန် နားလည်မှုမြှင့်တင်ရေးကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ဦးတင်ဦးလွင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ်အစီအစဉ်မှတဆင့် မတူကွဲပြားသော လူမှုအဖွဲ့အစည်းများအကြား လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ အခမ်းအနားဖွင့်ပွဲသို့ တရုတ်နိုင်ငံတော်အကြံပေး မစ္စရှန်းရင်ချင် (Shen Yiqin)၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁

တရုတ်-မြန်မာစီးပွားရေးစင်္ကြတွင် ဦးစားပေးအကောင်အထည်ဖော်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ ကျောက်ဖြူမြို့နယ် မလကျွန်း၊ ပြင်ရှည်ရွာသစ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီိ၏ ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ငါးမိုင်ခန့်အကွာရှိ ဂုံးချွိန်တိုက်နယ် အူချေကျေးရွာမှ အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး တောင်ပိုင်းအထိလည်း တိုက်ပွဲများကျယ်ပြန့်လာနေသည်။ တဖက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီနှင့် စစ်ကောင်စီအကြား စီမံကိန်းနောက်ဆက်တွဲစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့အပြင် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးများကို ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ အာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များ၏ ကုန်သွယ်ရေးအခြေအနေများ၊ နယ်စပ်ဒေသကျည်ကျော်ကျရောက်မှုမရှိစေရေး၊ ဒေသခံများထိခိုက်မှုမရှိစေရေး ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများမှတဆင့် စစ်ဆင်ရေးများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ကိုးကန့်ဒေသသည် ယခင်အချိန်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ကာစီနိုဝိုင်းများရှိသည့် နေရာများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာမှတဆင့် နိုင်ငံခြားသားများ တရားမဝင်ရောက်ရှိလာကြောင်းနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းနှိမ်နင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားများကိုလည်း KNU က လုပ်ဆောင်လျက်ရှိကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့သည် နယ်စပ်ဒေသများတွင် တိုက်ပွဲဖော်ဆောင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းလျက်ရှိသည့်အတွက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှိမ်နင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသား ၄၈,၂၁၀ ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ စစ်ကောင်စီက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် လာအိုကောင်စစ်ဝန်ချုပ်ရုံးက ပြုလုပ်သည့် အာဆီယံကောင်စစ်ဝန်ချုပ်များ နေ့လည်စာစားပွဲသို့ ဟောင်ကောင်ဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါ နေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အကောက်ခွန်ဌာန ကော်မရှင်နာ မစ္စလွိစ်ပီအက်စ်ဟို (Ms. Louise P S Ho) လည်း တက်ရောက်ခဲ့ပြီး ဟောင်ကောင်အကောက်ခွန်ဌာနနှင့် အာဆီယံနိုင်ငံများ၏ အကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် မတ်လတွင် ပြုလုပ်မည့် WCO 6th Global Canine Forum နှင့် Regional High-level Conference on Intellectual Property တို့ကို အာဆီယံနိုင်ငံများအနေနှင့် ပါဝင်တက်ရောက်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀ – ၃၁

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daobing) နှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းများရှိ တရုတ်နိုင်ငံသားဝန်ထမ်းများ၏ လုံခြုံရေး၊ ကုန်သွယ်မှုချောမွေ့ရေး၊ ပြည်သူအကျိုးပြု ကူညီထောက်ပံ့ရေးကိစ္စများ၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်သည်ဟု သံသယရှိသည့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ဝရမ်းထုတ်ပြန်ထားသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ချက်ချင်းဖမ်းဆီးရန် UWSA မှ အမိန့်ထုတ်ပြန်ခဲ့သည်။ ရှောင်တိမ်းနေသည့် UWSA မှ မိုင်းလင်းခရိုင်မှူး အိုက်ဟော့နှင့် ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းတို့ကို  သတင်းအချက်အလက်ရရှိသည့် မည်သည့်နေရာမဆို၊ လက်ခံထားသည့် မည်သူ့ကိုမဆို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရှာဖွေစစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ အဆိုပါအရာရှိနှစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ယွမ်ငွေ ငါးသိန်း ဆုငွေထုတ်ခဲ့သည်။ ထို့အပြင်  UWSA ကလည်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ပျက်ပြားစေကြောင်း အကြောင်းပြချက်ဖြင့် အဆိုပါအရာရှိနှစ်ဦးကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအရာရှိနှစ်ဦးသည် ‘ဝ’ ဒေသအတွင်းမှ ထွက်သွားခြင်းမရှိသေးကြောင်းနှင့် စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိလျှင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

အာဆီယံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကြား ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်၍ ဟောင်ကောင်ဒေသအစိုးရအဖွဲ့၊ ကုန်သွယ်ရေးနှင့်စက်မှုဌာနနှင့် Invest Hong Kong တို့ ပူးတွဲ၍ ‘ဟောင်ကောင်ဒေသနှင့် အာဆီယံ ချိတ်ဆက်ခြင်း’ ခေါင်းစဉ်ဖြင့် နေ့လယ်စာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံနှင့်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ဆောင်ရွက်နေမှုများကို ဟောင်ကောင်ဒေသအစိုးရအဖွဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာအလ်ဂါနွန်ယောင် (Mr. Algernon Yau) က အဆိုပါနေ့လည်စာစားပွဲတွင် ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါနေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ အခြားအာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ပြည်ပကုန်သည်ကြီးများအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့် တာဝန်ခံမည်မဟုတ်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်းတို့၏ သဘောထားကို VOA သတင်းဌာနက မေးမြန်းရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပေါ် သဘောထားမှတ်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း NUG က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို တာဝန်ခံမည်မဟုတ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။  ထို့အပြင် မြန်မာ့ပဋိပက္ခအပေါ် တရုတ်နိုင်ငံက ချဥ်းကပ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် ယခင်စစ်အာဏာသိမ်းမှုများနှင့် မတူညီသည့် တုံ့ပြန်မှုများရှိကြောင်းနှင့် အဆိုပါအချက်သည်ပင် တော်လှန်ရေးအင်အားစုများအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် အစဥ်အလာမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ပြီး တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို အားပေးသည့် မည်သည့်နိုင်ငံနှင့်မဆို ဆက်သွယ်ဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုလည်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံအကြား သဘောတူစာချုပ်များကို တာဝန်ယူဆက်ခံမည်ဆိုသည့်အချက် အပါအဝင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးမည်ဟုဆိုသည့် အချက် ၁၀ ချက်ပါ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ကို ဇန်နဝါရီ ၁ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ဒေသတွင်း ဩဇာကြီးမားသည့် မိသားစုကြီးသုံးခုမှ မိသားစုဝင်များအပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ စစ်ကောင်စီနှင့် နီးစပ်သည့် အဆိုပါကိုးကန့်ဒေသခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များကို နေပြည်တော်လေဆိပ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၀ ဦးတွင် ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ပယ်ရင်ချန်၊ အမှတ်-၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝေဆန်း၊ ဝေမိသားစုပိုင် ဟိန်းလီလုပ်ငန်းစုဥက္ကဋ္ဌ ဝေယုံ၊ ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လျိုအားပေါက်အပါအဝင် မြီမိသားစုပိုင် ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝင်းအတွင်း သေနတ်ပစ်ခတ်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ လေးဦးတို့ ပါဝင်ခဲ့သည်။ အဆိုပါ ၁၀ ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့များ၏ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရာတွင် အထင်ကရ အောင်မြင်မှုတခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၄,၀၀၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ငွေကြေးထောက်ပံ့သူနှင့် အဓိကကြိုးကိုင်သူ ၁၇၁ ဦး၊ တရားခံပြေး ၂,၉၀၈ ဦးတို့ ပါဝင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့၏ ဟိုင်ဂင်သဘောတူညီချက် ချုပ်ဆိုပြီးနောက်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အဓိကကြိုးကိုင်သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
(ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ၏ Explainer-09 တွင် ရှုပါ။)
၂၀၂၄၊ ဇန်နဝါရီ ၂၉

စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ‘မုန့်ဖုတ်နည်းလေ့ကျင်ရေး’ စီမံကိန်းသင်တန်းဖွင့်ပွဲနှင့် ဆရာဖြစ်သင်တန်း အမှတ်စဉ်-၆ ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ခရီးသွားပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်သည့် အဆိုပါသင်တန်းတွင် တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Peng Feng) က နိုင်ငံတကာအဆင့်မီစားသောက်ကုန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရည်အသွေးတိုးမြင့်လာစေရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်မှ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း၊ အထူးရန်ပုံငွေများကို အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် အသုံးချမည်ဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျတို့က မိန့်ခွန်းပြောခဲ့သည်။ ထိုစီမံကိန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အကောင်အထည်ဖော်ခဲ့ပြီး အခြေခံသင်တန်း ၁၀ ကြိမ်နှင့် ဆရာဖြစ်သင်တန်း ငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။
၂၀၂၄၊ ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား အပစ်အခတ်ရပ်ဆဲရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ရန်ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သတင်းဌာနများတွင် ရေးသားထားသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာယောင်ဝမ် (Mr. Yao Wen) နှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟက်ဆန်မာမတ် (Dr Hasan Mahmud) တို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် သဘောတူညီချက်များရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အတွက်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိစေလိုကြောင်း မစ္စတာယောင်ဝမ် (Mr. Yao Wen) က ပြောခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် တရုတ်၊ မြန်မာ၊  ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ရပ်တန့်နေသော်လည်း ပိုမိုယုံကြည်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီနှင့် AA အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် AA က ထိုးစစ်ဆင်လျက်ရှိသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၆-၂၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီဘာဟီဒါနူကာရာ (Mr. Parnpree Bahiddha Nukara) တို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပထဝီနိုင်ငံရေးအရ အရေးပါသော ကိစ္စရပ်များ၊ မြန်မာ့အရေးကိစ္စများအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအမံများဖြစ်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအမံအတွက်လည်း သဘောထားအမြင်များ ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၅

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များဆွေးနွေးရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr.Chen Hai) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမျက်နှာစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကိုလည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများအကောင်အထည်ဖော်မှုကို အရှိန်မြှင့်ဖော်ဆောင်သွားရန်ပြောဆိုခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍများမှတဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆက်လက်ထောက်ခံအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhinhong) က တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း Eleven Media News တွင် ရေးသားထားသည်။ ထိုမီဒီယာတွေ့ဆုံပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတရှီကျင့်ဖျင်၏ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သော အမှာစကားများကို ပြန်လည်ပြောကြားသည်။ သမ္မတရှီကျင့်ဖျင်သည် အေးတူပူမျှ အသိုက်အဝန်းတည်ဆောက်ခြင်းဖြင့် တရုတ်သံတမန်ဆက်ဆံရေး တည်ဆောက်လိုကြောင်း၊ တန်းတူညီမျှဖြစ်သော နိုင်ငံအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economic Globalization) ကို တင်ပြခဲ့ကြောင်း ဒေါက်တာကျန်းကျိဟုန်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်ဒေါက်တာကျန်းကျိဟုန်က မြန်မာနိုင်ငံသည် အေးတူပူအမျှ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးပါသော အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးတွင်လည်း တိုးတက်မှုများရှိခဲ့ကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်း အစီအမံခေါင်းစဉ်အောက်မှတဆင့် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများတိုးလာကြောင်း မိန့်ခွန်းပြောခဲ့သည်။ တရုတ်နိုင်ငံသည် ဗဟိုကော်မတီ၏ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေးမှ လမ်းညွှန်ချက်များဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကိုခိုင်မာစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖလှယ်ခဲ့ကြပြီး မီဒီယာများက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပြန့်ပွားစေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ တွေ့ဆုံပွဲသို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ စစ်ကောင်စီ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ စစ်ကောင်စီအာဘော်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ The Global New Light of Myanmar၊ ပြည်တွင်းသတင်းဌာနများဖြစ်သည့် စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များ၊ စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative – GSI) နှင့်ပတ်သက်သော အဆိုပြုချက်များကို ပြန်လည်မျှဝေရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များ တွေ့ဆုံခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၃

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် သောင်းဂဏန်းကျော်သောဒေသခံများ တန်းစီစောင့်ဆိုင်းနေရကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရက်လျှင် လူဦးရေ ၆၀၀ ခန့်ဝင်ခွင့်ပြုခဲ့သော်လည်း ယခုအချိန်တွင် တပတ်လျှင် လူဦးရေ ၁,၀၀၀ ခန့်သာ ဝင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောကြားချက်များကို ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ကတ်များကိုလည်း တပတ်လျှင် တကြိမ် သို့မဟုတ် ဆယ်ရက်လျှင် တကြိမ်သာပေးအပ်သဖြင့် အလုပ်လုပ်ကိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။ ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပါက ယခင်က တရက်လျှင် ယွမ်ငွေ ၈၀ ခန့် (မြန်မာကျပ်ငွေ ၃၇,၅၀၀ ကျပ်ခန့်) ရရှိသော်လည်း  ‘၁၀၂၇ စစ်ဆင်ရေး’နောက်ပိုင်းတွင် လမ်းခရီးအဆက်အသွယ်ပြတ်တောက်မှုများကြောင့် တရက်လျှင် ယွမ်ငွေ ၄၀ ခန့်  (မြန်မာကျပ်ငွေ ၁၉,၀၀၀ ကျပ်ခန့်) အထိ ဝင်ငွေထက်ဝက်လျော့ကျခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဓိက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိပြီး နေ့စဥ် ပျမ်းမျှကုန်သွယ်ရေးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါးရှိနေသည်။
(ISP OnPoint အမှတ် – ၁၈ တွင်ရှုပါ)။
၂၀၂၄၊ ဇန်နဝါရီ ၂၁

ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ် အစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ အစည်းအဝေးတွင် ချုံချင့်မြူနီစီပယ်အစိုးရ မြို့တော်ဝန် မစ္စတဟူဟန်ဟွာ (Mr. Hu Heng Hua) က ချုံချင့် မြူနီစီပယ်အစိုးရ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့သည်။ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များနှင့် ချုံချင့်မြို့နှင့် ချိန်တူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်သည် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ သို့လည်း တက်ရောက်ခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၀

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ ကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မစ္စတာဝမ်ရှင်းချင်း (Mr. Wang Xin Qing) နှင့် မစ္စလီဂျင်း (Ms. Li Jing) တို့က ချုံချင့်မြူနီစပယ်အစိုးရ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက်များကို တင်သွင်းသည်။ ဖွင့်ပွဲသို့ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များအပြင် ချုံချင့်မြို့နှင့် ချိန်တူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအခြေအနေများကို ဆွေးနွေးရန် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရီလီနာ (Mrs. Ye Lina) နှင့် ချုံချင့်မြို့ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်ရန် အတွက် ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

နန်နင်းမြို့ Guangxi Minzu University တွင် မြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါမြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ သို့ စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက မြန်မာဘာသာအထူးပြုကျောင်းသားများကို မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာများဆွေးနွေးခဲ့ပြီး မြန်မာဘာသာဌာနမှ ဧည့်ပါမောက္ခ ဒေါ်ဝတီလွင်က လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။ ပါတီကော်မတီအတွင်းရေးမှူး မစ္စဝေရွေ့ဖန် (Mrs. Wei Xuefang)၊  Guangxi Minzu University  မှ နိုင်ငံတကာဆက်ဆံရေးဌာနမှူး မစ္စတာဖန်ဂေါင်ဟို (Mr. Feng Guanghuo)၊ ဒုတိယဌာနမှူး မစ္စတာကျန်းဇုဟန် (Mr. Zhang Yuzhen)၊ အရှေ့တောင်အာရှဘာသာစကားနှင့် ယဉ်ကျေးမှုကောလိပ် ပါတီအတွင်းရေးမှူး မစ္စတာဟီဘို (Mr. He Bo) နှင့် မြန်မာဘာသာသင်ကျောင်းသားများ စုစုပေါင်း ၃၀ ကျော်တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ်ကျင်းပသော ‘နှလုံးသားမှ ပိုးလမ်းမှ (Care for the future) လှူဒါန်းမှုအစီအစဉ်’ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး မစ္စချောင်လီ (Mrs. Qiao Li) မှ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်မှ နှစ်နိုင်ငံကြားပညာရေးဆွေးနွေးမှုများနှင့် နေအုပ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးနေအုပ်က နှစ်နိုင်ငံကြား လူမှုရေးပူးပေါင်းဆောင်ရွက်မှုများ စသည့် ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့သည်။ China Foundation for Peace and Development မှ အတွင်းရေးမှူး မစ္စတာရွှီးကျင့်ဂေါ်က ရန်ကုန်မြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) အတွက် ကျပ်သိန်းတရာတန်ဖိုးရှိ  စာရေးကိရိယာများ၊ မီးလုံးများနှင့် အားကစားပစ္စည်းများကို လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဗဟို ဥက္ကဋ္ဌ၊ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုနာယက ပြည်ထောင်စုစာရင်းစစ်ချုပ် (ငြိမ်း) ဦးတင်ဦး တို့တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

စီးပွားရေးစင်္ကြံစီမံကိန်းတွင် ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြန်မာဘက်မှ ကြိုတင်ပြင်ဆင်ရမည့်  စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများတည်ဆောက်ရန်နှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂ မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောခဲ့သည်။ အစည်းအဝေးသို့ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုယ်စားလှယ်တို့အကြား နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၆

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်စေရန် ရည်ရွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေးဂုဏ်ပြု ညစာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ‘မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိိတ်ချရသော အိမ်နီးချင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်ကာ  ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲလိုကြောင်းနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို မလိုလားသူများမှ သတင်းမှားများဖြန့်ဝေလျက်ရှိကြောင်း  ညစာစားပွဲတွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မောင်အုန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ ညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးမစ္စချောင်လီ (Mrs. Qiao Li)၊ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မစ္စတာရွီးကျန့်ဂေါ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးနာယက ဦးတင်စိုးတို့တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက်ထောက်ခံကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထွတ်မရသော အစိတ်အပိုင်းအဖြစ် မှတ်ယူကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက  သဘောထားကြေညာချက်ထုတ်ပြန်သည်။ ထိုင်ဝမ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများကို ဆန့်ကျင်ကြောင်း သဘောထားဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄၊ ဇန်နဝါရီ ၁၄

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းနှင့် အအေးခန်းသိုလှောင်ရုံကို မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာတွင်  ဆိုလာဓာတ်အားပေးရေးနှင့် ရေရရှိရေး စီမံကိန်းနှင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ကုန်များအတွက် အအေးခန်းသိုလှောင်ရုံစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။ စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း ယင်းအခမ်းအနားတွင် ပြောသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျေးလက်လူမှုဘဝမြင့်မားရေး၊ ကျေးလက်ထုတ်ကုန်များ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်ဟုလည်း ဆိုသည်။ အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ အဆိုပါ ဆိုလာစီမံကိန်းများသည် အသေးစားဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ပစ္စည်းအတွက် အအေးခန်းစနစ်စီမံကိန်းသည် ရေပေးဝေရေးလုပ်ငန်းများအပြင် ပင်လယ်စာထွက်ကုန်များကို အအေးခန်းသိုလှောင်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်သည်။ ထို့ပြင် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများတွင် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ရည်ရွယ်ကာ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက တရုတ်အာဘော် ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ မိတ်ဆက်ရှင်းလင်းပွဲသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြိမ်မဲတောင်ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဒေသခံများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၂

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင် (Ms. Mao Ning) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ “တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ “နှစ်ဖက်ကြား ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် အဆိုပါသဘောတူညီမှုတွင် ပါဝင်ကြောင်းနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန်” တို့ကိုလည်း တောင်းဆိုခဲ့သည်။ “မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် စေ့စပ်ညှိနှိုင်းပေးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ညှိနှိုင်းပေးမှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေကြောင်း” မစ္စမော်နင်က ရှင်းလင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာရန်နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် မျှော်လင့်ကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် “တရုတ်နိုင်ငံသည် မြန်မာ့ပဋိပက္ခတွင် ဆက်လက်ကူညီထောက်ပံ့ရန် ဆန္ဒရှိကြောင်းနှင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၁

၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရည်မှန်းချက်များဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်လည်း ပြောခဲ့သည်။ အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာနုန်ရုန် (Mr. Nong Rong)၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်ရှန့်ဝေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သံရုံးတာဝန်ခံများ တက်ရောက်ခဲ့သည်။ ထို့ပြင် အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ တာဝန်ရှိသူများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၀-၁၁

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက် (Haigeng Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ကူမင်းမြို့၌ တတိယအကြိမ် ဆွေးနွေးမှုအပြီးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်တပ်ဖွဲ့များအနေနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍ ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်နှင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သဘောတူညီခဲ့သည်။  ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံရေးနှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်နှင့် အခြားကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် ကတိပြုခဲ့ကြသည်။ ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေနှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ရန်နှင့် စစ်ကောင်စီကလည်း ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသောနေရာများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ မပြုလုပ်ရန်အတွက်လည်း အပြန်လှန်သဘောတူခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၉

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်လျက်ရှိသည့် သက်မွေးစီးပွားရေးမြှင့်မားရေးစီမံကိန်းများ အကောင်အထည်ဖော်နေမှုအား စစ်ကောင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ပဲခူးတိုင်း ရွာသစ်ကျေးရွာတွင် အကောင်အထည်ဖော်လျက်ရှိသည့် ကျွဲမွေးမြူရေး၊ ငါးမွေးမြူရေး၊ ဘဲမွေးမြူရေးလုပ်ငန်းများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းများ၏ အခြေအနေကို လေ့လာခဲ့သည်။ ထို့နောက် လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများကိုလည်း စစ်ဆေးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၉

မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သည်ဟု သံသယရှိသူ ၄၁,၀၀၀ ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသားများကို ထိခိုက်စေသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမှ အာဏာပိုင်များ ပူးပေါင်း၍ အကြိမ်ပေါင်းများစွာ ဖြိုခွင်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် တရုတ်-မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပပျောက်ရေးအတွက်ဟုဆိုကာ ဆင်နွှဲသည့် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက တရုတ်နိုင်ငံ အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၇

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် မစ္စတာကျန်းမင်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ၇၆ နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြား မိတ်ဖက်ဆက်ဆံရေး တိုးတက်ပြီး ဒေသတွင်းအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ ခုနစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်တည်ထောင်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံ ဂိုဟာမြို့၌  SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့် စာချွန်လွှာက်ို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၆

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သော ‘မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း’ အတွက် အလုပ်ရုံဖွင့်လှစ်ခြင်း အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြသည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အလုပ်ရုံဖွင့်ပွဲတွင် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ်စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကို အလုပ်ရုံတွင် ထားရှိပေးပြီး လုပ်ငန်းလည်ပတ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းမှတဆင့် ကျေးရွာတရွာ ထုတ်ကုန်တမျိုး ထုတ်လုပ်နိုင်သည်ထိ ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် ဆင်းရဲမှုလျှော့ချရေး၊ ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင်ရေး၊ သစ်တောများ ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက်ပါ ဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောခဲ့သည်။ ထို့နောက် အလုပ်ရုံဖွင့်ပွဲတွင် ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးခဲ့ပြီး စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) က တောင်သူကိုယ်စားလှယ်များနှင့် သမဝါယမအသင်းများအား လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။ ဖွင့်ပွဲသို့  စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) မှ  တောင်သူကိုယ်စားလှယ်များ၊ အလင်းရောင်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမအသင်း၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံတို့ တက်ရောက်ခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သားများသည် ဒေသခံများကို စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်၏ ဖြေကြားချက်ကို RFA သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီအနေနှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းကို တိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှာ ယခုအကြိမ်မှာ ကိုးကြိမ်မြောက် ဖြစ်သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရပ်ဝန်းလမ်းကြောင်းအစီအမံခေါင်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွမ်းဝေတုန်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံတွေ့ဆုံရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်တင်ရန်၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အစီအမံခေါင်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတကာစာမျက်နှာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်ဦးဆောင်သော ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်ရှိ စီမံကိန်းများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရန် တရုတ်နိုင်ငံက ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တွန်းအားပေးလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်တည်ငြိမ်ရေးအတွက် မီဒီယာများမှတဆင့် တိုက်တွန်းလျက်ရှိသည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ထုတ်ပြန်သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံပေးရန်လည်း တောင်းဆိုခဲ့သည်။ နယ်စပ်ဒေသလုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အလွတ်သဘော တွေ့ဆုံခဲ့သေးရာ ယခုတွေ့ဆုံမှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။​
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိိုးမြှင့်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်အာဘော်သတင်းစာဖြစ်သည့် China Daily သတင်းဌာနတွင် ဖော်ပြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု လုပ်ငန်းများဖြစ်သည့် အွန်လိုင်းမှတဆင့်ငွေကြးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရန်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်လည်း ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန်ရှီကျွန်း (Mr. Deng Xijun)၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ မစ္စတာဝမ်ရှောင်ဟုန်နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် တွေ့ဆုံခဲ့ကြပြီး  လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် စစ်ကောင်စီခေါင်းဆောင်နှင့် တရုတ်နိုင်ငံမှ ဝန်ကြီးများနှင့်တွေ့ဆုံမှုသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

စီးပွားရေးစင်္ကြံစီမံကိန်းတွင် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်း စီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း တရုတ်အာဘော် သတင်းဌာနဖြစ်သည့် ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ ရထားလမ်းစီမံကိန်းအတွက် နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (Project Steering Committee) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်ကို အတည်ပြုရေးဆွဲမည်ဖြစ်သည်။ ထို့အပြင် ရထားလမ်းစီမံကိန်းတွင် တံတား ၁၂၄ စင်း၊ ဥမင် ၆၀ ခု ပါဝင်မည်ဖြစ်ပြီး လျှပ်စစ်ရထားလမ်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းကိုလည်း အကောင်အထည်ဖော်မည်ဖြစ်သည်။ မူဆယ်-မန္တလေး အမြန်ရထားလမ်းနှင့် ချိတ်ဆက်မည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် မြေပြင်တိုင်းတာမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာမီးရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများကို အကောင်အထည်ဖော်မှု အရှိန်မြှင့်ရန်အတွက် စစ်ကောင်စီအား တရုတ်နိုင်ငံမှ တွန်းအားပေးလျက်ရှိသည်။
(မူဆယ်-မန္တလေး မီးရထားလမ်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။)
၂၀၂၄၊ ဇန်နဝါရီ ၄

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အထိ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သူ ၃၉၁,၀၀၀ ဦးကို ဖမ်းဆီခဲ့ကြောင်း တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ ရာဇဝတ်မှုကျူးလွန်သူများတွင် ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ဆက်သွယ်ရေးလိမ်လည်မှုတို့အပြင် အခြားသော တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးလိမ်လည်သူများပါဝင်ပြီး ငွေကြေးထောက်ပံ့သူ၊ အဓိကကြိုးကိုင်သူ၊ ခေါင်းဆောင်များ အပါအဝင် ၂၆၃ ဦး နှင့် သံသယရှိသူ ၇၉,၀၀၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အခြားပါဝင်ပတ်သက်နေသည့် နိုင်ငံတွင်းရှိ ရာဇဝတ်မှုကျုးလွန်သူများကိုပါ ဖော်ထုတ်နိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၃,၀၀၀ ဦးကိုပါ ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြည်သူ့လုံခြုံရေးဗျူရိုမှတဆင့် ယူနန်ပြည်နယ်နှင့် အခြားသောပြည်နယ်များတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီများကို နေရာချထားပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေတည်ကာ ငွေကြေးလိမ်လည်မှု ကျုုးလွန်နေသည့် ဂိုဏ်းများနှင့် ကွန်ရက်များကို ဖြိုခွင်းနိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တရုတ်နိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှူတိုက်ဖျက်ရေးဗဟိုဌာနက အွန်လိုင်းလိမ်လည်မှုကိုတားဆီးနိုင်ရန် သတိပေးကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး ငွေကြေးလိမ်လည်သည့် တယ်လီဖုန်းခေါ်ဆိုမှုများနှင့် စာတိုများမှတဆင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ကို ကြားဖြတ်တားဆီးနိုင်ခဲ့သည်။ ထို့ပြင် ပြည်သူ့လုံခြုံရေးဗျူရိုသည် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများကို အထူးစစ်ဆင်ရေးများဖြင့် ဆက်လက်ဖြိုခွင်းမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများ၏ တရားဝင်လူ့အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုအကျိုးစီးပွားများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ငွေကြေးလိမ်လည်မှုကျုးလွန်သည့် ဂိုဏ်းခေါင်းဆောင်များဖြစ်သော မင်မိသားစုခေါင်းဆောင် မင်ရှုကျန်း (ကွယ်လွန်)၊ ပယ်မိသားစု ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ဝေမိသားစုခေါင်းဆောင် ဝေဟွေ့ရန် (ဗိုလ်မှုးကြီး ဝေဆန်း) နှင့် လျိုမိသားစုခေါင်းဆောင် လျိုကျိန်ရှန်း တို့ကိုလည်း ဖမ်းဆီးခဲ့သည်။
(ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ကပြင်ရပ်ဝန်း၏ Explainer 09 တွင် ဖတ်ရှုနိုင်သည်။)
၂၀၂၄၊ ဇန်နဝါရီ ၄

ကိုးကန့်ဒေသ လောက်ကိုင်မြို့နှင့်ကပ်လျက်တွင်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန် (Nansan) ရွာတွင် မြန်မာဘက်မှပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝန်းပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့လည်း အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားထားပြီး တရုတ်နိုင်ငံအနေနှင့် ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေသော ဖြစ်ရပ်များကို ရပ်တန့်ရန်နှင့် ခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များပြုလုပ်ရန် မစ္စတာဝမ်ဝန်းပင်းက တောင်းဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် လိုအပ်သည့်ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံအနေနှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ လက်နက်ကြီး ကျရောက်မှုနှင့်ပတ်သက်၍ AFP သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ယူနန်ပြည်နယ် နန်ဆန်ရွာ၌ မြန်မာဘက်ကပစ်လိုက်သည့် လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ငါးဦး ထိခိုက်ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသားများအနေနှင့် လက်နက်ကြီးကျရောက်မှုကြောင့် မိမိတို့ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်းနှင့် နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအတွက် ဒေသခံများအနေနှင့် ဒုက္ခမရောက်သင့်ကြောင်း ဒေသခံများက တရုတ်သတင်းဌာနများသို့ ပြောခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်ရပ်ရန်နှင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မေလတွင် မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ နန်ဆန်ရွာသို့ လက်နက်ကြီးကျရောက်ခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၄

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံလွှင့်တင်ခြင်းအခမ်းအနားကို တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးသို့ ကွမ်ရှီး(ကျွမ့်)ဒေသ အစိုးရရုံး၊ ကွမ်ရှီး(ကျွမ့်)ဒေသ နိုင်ငံခြားရေးရုံး၊ နန်နင်းမြို့အစိုးရရုံး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (ကွမ်ရှီးကော်မတီ)၊ တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် ဘရူနိုင်း-ကွမ်ရှီးကုန်သည်ကြီးများအသင်းတို့ကလည်း ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁

နှစ်နိုင်ငံကြား စစ်မှန်သည့် ‘ဆွေမျိုး-ပေါက်ဖော်’ ဆက်ဆံရေးကို တည်ဆောက်ပြီး မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏လုံခြုံရေးကို ကာကွယ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံဆိုင်ရာသဘောထားကို ထုတ်ပြန်ကြေညာသည်။ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည့် သဘောထားအပါအဝင် တရုတ်နိုင်ငံဆိုင်ရာ သဘောထား ၁၀ ခုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သဘောထားကြေညာချက်တွင် NUG အနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်သူချင်းဆက်ဆံမှုကို အလေးထား၍ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကိုလည်း ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်  နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များအပါအဝင် နှစ်နိုင်ငံအကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အွန်လိုင်းငွေလိမ်မှု(ကျားဖြန့်)များ၊ လောင်းကစားလုပ်ငန်းများ၊ လူကုန်ကူးမှုလုပ်ငန်းများ၊ မူးယစ်ဆေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း စသည်တို့လည်း ပါဝင်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ချက်ချင်းအပစ်ရပ်ရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို အာမခံပေးရန်အတွက် တောင်းဆိုလျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိပြီး စီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ NUG ၏ ယခုထုတ်ပြန်ချက်သည် အဆိုပါလက်မှတ်ရေးထိုးမှုနှင့်လည်း တိုက်ဆိုင်နေသည်။
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment